← Chapters

ဂိုဏ်းနှစ်ဂိုဏ်း၏ အမဲလိုက်ခြင်း

Vol. 26 Ch. 384

ဂိုဏ်းနှစ်ဂိုဏ်း၏ အမဲလိုက်ခြင်း

Vol. 26 Ch. 384

လမ့်ရိုနှင့် အခြားသူများသည် ဆူဇီမိုကို အလိုလို ကြည့်လိုက်ကြ၏။

ဤအခွင့်အရေးက လမ်းမထက်က တိုက်ပွဲမှာ သူတို့၏ တိုက်ရည်ခိုက်ရည်များကြောင့် ရောက်ရှိလာတာ ဖြစ်သော်လည်း.. အဓိကကတော့ ဆူဇီမိုကြောင့် ဖြစ်လေသည်။

ဆူဇီမိုကြောင့်သာ မဟုတ်လျှင် ရွှမ်ထျန်းမြို့သို့ မရောက်ခင်မှာပင် သူတို့က သေပြီးနေလောက်ပေပြီ။

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

ကြိုးကြာတစ်ထောင်ဂိုဏ်းမှဖြစ်စေ၊ ရုပ်သေးဂိုဏ်းမှဖြစ်စေ၊ အုတ်ဂူဂိုဏ်းမှဖြစ်စေ.. ရောက်လာကျသူများမှာ သက်ဆိုင်ရာဂိုဏ်းအဖွဲ့များ၏ ခေါင်းဆောင်များ ဖြစ်ကြလေသည်။

ထိုအချက်ကတင် သူတို့၏ စိတ်ရင်းအမှန်နှင့် ရိုးသားမှုကို ဖော်ပြနေလေသည်။

“ကျုပ်တို့အကုန်လုံးက ရွှမ်ထျန်းမြို့ထဲမှာ ရှိနေဦးမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အချိန်မရွေး တွေ့နိုင်နေတာပဲ” ဖက်တီးလေးက အုတ်ဂူဂိုဏ်းမှ စွန်းတန်နှင့် ဆွေးနွေးစျာန်ဝင်နေရာမှ တစ်ဖက်သို့လှည့်၍ နှုတ်ဆက်စကား ပြောလိုက်၏။

“ကျုပ်လဲ သွားတော့မယ်”

ရှစ်ကျန့်က ခေါင်းကိုကုတ်၍ ရုပ်သေးဂိုဏ်းမှ ရင်ဇီနောက်သို့ လိုက်ချသွားလေသည်။

လမ့်ရိုကလည်း နှုတ်ဆက်သည့်အနေဖြင့် ဆူဇီမိုကို ခေါင်းညိတ်ပြပြီး ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ဖုန်မန်းမန်နှင့်အတူ လိုက်ပါသွားလေသည်။

ထန်ယုက ကျိချန်းရှန်ကို လှမ်းကြည့်ပြီး မျက်တောင်ခတ်ကာ ရွှတ်နောက်နောက်လေသံနှင့် ပြောလိုက်၏။

“ကြည့်ရတာတော့ ငါလဲ အခုပဲ မင်းကို ဖိတ်ခေါ်ထားမှ ရတော့မယ်.. တော်ကြာ နောက်ထပ်ဂိုဏ်းတစ်ဂိုဏ်းက ရောက်လာပြီး ဖိတ်ခေါ်လာရင် သူများနောက် ပါသွားရော့မယ်”

“အဆင်ပြေမယ်ဆိုရင် ကျုပ်က ယန်ဆေးဂိုဏ်းထဲကို ဝင်ရောက်ချင်ပါတယ်” ကျိချန်းရှန်က ပြုံး၍ ပြောလိုက်၏။

ထန်ယု၏ အကြည့်က ဆူဇီမိုဆီသို့ ရောက်သွားပြီး မျှော်တလင့်လင့်နှင့် မေးလိုက်၏။

“ရှင်ကရော”

ဆူဇီမိုက ယန်ဆေးဂိုဏ်းကို ကူညီပေးမည်ဟု သဘောတူထားသော်လည်း သူက ဂိုဏ်းသို့ ဝင်ရောက်မည့်အကြောင်းနှင့် ပတ်သတ်၍ တစ်ခွန်းမျှ မဟခဲ့ပေ။

“ကျုပ်က သူတို့နဲ့ မတူဘူး”

ဆူဇီမိုက အထူးတလည် ရှင်းပြမနေတော့ဘဲ ခေါင်းခါ၍ လိမ်မာပါးနပ်စွာ ငြင်းလိုက်လေသည်။

သူမသည် ထိုရလဒ်ကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း ဆူဇီမို၏ တုံ့ပြန်ပုံကို မြင်လိုက်ရချိန်တွင် စိတ်ပျက်လက်ပျက် ဖြစ်သွားရသေး၏။

ဆူဇီမိုက လက်သီးဆုပ် လေးစားဟန် ပြလိုက်၏။

“ကဲ အချိန်တွေ ဖြုန်းမနေတော့ဘူး.. ကျုပ်အခုပဲ ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ဆီကို သွားတော့မယ်.. တတ်နိုင်သမျှ စောစောပြန်ရောက်အောင် ကြိုးစားပါ့မယ်”

“ဂရုစိုက်ဦးနော်”

ထန်ယုက သတိပေးလိုက်၏။

ဆူဇီမိုက ချာကနဲ လှည့်ထွက်သွားပြီးနောက် လူတိုင်း၏ မျက်စိအောက်မှ လျှင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။

. . .

လမ်းမရှည်ထက်က တိုက်ပွဲပြီး၍ ဆယ်ရက်ကြာပြီးနောက် ဆူဇီမိုသည် ရွှမ်းထျန်းမြို့ထဲတွင် မျက်နှာပြလာသည်မှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ချက်ချင်းပင် လူတိုင်း၏ အာရုံကို ဆွဲဆောင်မိသွား၏။

တချို့က အထင်ကြီးလေးစား၊ တချို့က အားကျ၊ တချို့က စူးစမ်းချင်စိတ်တို့ဖြင့်...

“ဟိုမှာ မင်းတွေ့လား.. အဲ့ဒီအစိမ်းရောင်ဝတ်ထားတဲ့ ကျင့်ကြံသူက ဆူဇီမိုပေါ့”

“အို့ သူလား.. ငါက သူ့ကို ခြေထောက်တွေ၊ ခေါင်းတွေ အများကြီးပါမယ် ထင်နေတာ”

သည့်အရင်က ဆူဇီမိုကို မမြင်ဖူးသူများ ရွှမ်ထျန်းမြို့ထဲတွင် ရှိနေသေးလေသည်။ သို့သော်လည်း သူ့နာမည်ကို မကြားဖူးသည့်သူကတော့ မရှိသလောက်ပင်။

ဆူဇီမိုသည် လမ်းမရှည်တွင် လျှောက်လှမ်းလာရင်း လမ်းကြားများ၊ အဆောက်အဦများဆီမှ သူ့အကြောင်း ဆွေးနွေးပြောကြားသံများကို နားရွက်အနည်းငယ်လှုပ်လိုက်ရုံနှင့် ကြားနေရ၏။

အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး သူက အရေးလုပ်မနေပေ။

သို့သော်လည်း သိပ်ပြီးဝေးဝေး မလျှောက်ရသေးခင်မှာပင် သူ့နုလုံးက တစ်ချက်ခုန်သွား၏။

သူ့ကို ကြည့်နေသည့် အကြည့်များကြားမှ လျှပ်တစ်ပြက် ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို သူခံစားမိလိုက်၏။

သားရဲစီးဓါးပြလေးယောက်အဖွဲ့က ရှင်သန်ကျန်ရစ်သူ တစ်ယောက်ယောက်များလား..

ဒါမှမဟုတ်...

သစ်ပင်က ငြိမ်သက်ချင်လျှင်တောင် လေက ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

လမ်းမရှည်ထက်မှာ သွေးလွှမ်းတိုက်ပွဲ ဖြစ်ပွားသွားခဲ့ပြီးတာတောင် သူ့အပေါ် မကောင်းကြံမည့် တစ်ယောကက်ယောက် ရှိနေသေးသည်ဆိုတော့..

ဆူဇီမိုသည် ဟန်မပျက်နေ၍ ရင်ထဲက‌နေ ကျိတ်ပြီးလှောင်ရယ်ကာ ရွှမ်ထျန်းမြို့၏ အရှေ့ဘက်ဂိတ်တံခါးဆီသို့ လျှောက်သွားလိုက်၏။

သတ်ဖြတ်လိုစိတ်က သူ့နောက်ကနေ တစ်ချိန်လုံး ကပ်ပါလာ၏။

မြို့ထဲကနေ ထွက်လာခဲ့ပြီး မကြာမီ ဆူဇီမိုသည် နောက်ထပ်သတ်ဖြတ်လိုစိတ်တစ်ခုကို ထပ်မံအာရုံခံမိလိုက်ပြန်၏။

သူသည် မနှေးလွန်း မမြန်လွန်းသော အရှိန်ဖြင့် ဆက်သွားနေ၏။

နှစ်နာရီလောက် ကြာပြီးနောက် ဆူဇီမိုသည် ရွှမ်ထျန်းမြို့မှ အတော်ဝေးဝေးသို့ ရောက်လာခဲ့ပြီဖြစ်ပြီး သူ၏ ဘေးပတ်ဝန်းကျင်တွင် လူသူတစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

ထိုအချိန်မှာပင် သူ့အနောက်ဘက်မှ အဝတ်စလေတိုးသံများကို ကြားလိုက်ရ၏။

ဆူဇီမိုက သွားနေရာမှ ရပ်တန့်၍ လှည့်ကြည့်လိုက်၏။

ခပ်လှမ်းလှမ်းတွင် ပုံရိပ်နှစ်ခုကလေထဲကနေ အားကောင်းသော သတ်လိုဖြတ်လိုအော်ရာနှင့် အလွန်တရာ လျှင်မြန်စွာ ပျံသန်းလာနေ၏။

ဆူဇီမိုက မျက်စိကိုမှေးကာ သူတို့၏ ခါးပေါ်က ဂိုဏ်းတံဆိပ်ပြားများကို အာရုံစိုက်ကြည့်လိုက်ပြီးနောက် အေးစက်စက် သရော်ရယ်လိုက်၏။

“တစ်ကယ်ပဲ သူတို့ကိုး”

ဖန်သားနန်းတော်နှင့်.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်း..

သူသည် ဖေးချွန်းယွီနှင့် ရွှယ်ယန်တို့ကို ငြင်းပယ်၍ လူ့ရှေ့သူရှေ့ အားလုံး၏ရှေ့မှာ အရှက်ရစေခဲ့၏။

သူတို့၏ အဆင့်အတန်းနှင့် မာန်မာနအရ ထိုကိစ္စကို ထိုနေရာမှာပဲ ပြီးလိုက်စရာ အကြောင်းမရှိပေ။

ဖန်သားနန်းတော်ရော၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းရောက ကျင့်ကြံသူတစ်ယောက်စီသာ စေလွှတ်ခဲ့၏။ ထို့ကြောင့် ယခုရောက်လာသော လူနှစ်ယောက်က ဘယ်လောက်သန်မာမလဲ စဉ်းစားကြည့်နိုင်လေသည်။

အကယ်၍ ထန်ယုသာ ဤနေရာမှာ ရှိနေလျှင် သူမက သူတို့နှစ်ယောက်ကို သိပေလိမ့်မည်။

ဖန်သားနန်းတော်မှ ကျင့်ကြံသူက လျှိုယွင်ဖြစ်ပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ တစ်ယောက်ကတော့ သီရှင်းဖြစ်လေသည်။ သူတို့နှစ်ယောက်စလုံးက မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်များ ဖြစ်ကြ၍ ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့၏ ညာလက်ရုံးများ ဖြစ်ကြကာ ကြောက်စရာကောင်းလောက်အောင် သန်မာလေသည်။

တစ်ခဏအတွင်းမှာပင် လျှိုယွင်နှင့် သီရှင်းတို့က သူ့ရှေ့သို့ ရောက်လာပြီ ဖြစ်လေသည်။ သူတို့က ဓါးပျံများဖြင့် လေထဲမှာ ရပ်နေကြပြီး ဆူဇီမိုကို ဘယ်တစ်ယောက်၊ ညာတစ်ယောက် ငုံ့ကြည့်နေကြ၏။

“ဟဲဟဲဟဲ”

လျှိုယွင်က လှောင်ပြောင်သလိုကြည့်၍ ပေါ့ပါးစွာ ရယ်လိုက်၏။

“ဆူဇီမို.. မင်းဘာလို့ ဆက်မပြေးတော့တာလဲကွ”

“မင်းကိုယ်မင်း မပြေးနိုင်တော့မှန်းသိလို့ လက်လျှော့လိုက်တာလား” သီရှင်း၏ အကြည့်က ရေခဲလို အေးစက်နေ၏။

ဆူဇီမိုက ပြုံးလိုက်လေသည်။

သူသာ သူ့မျိုးဆက်သွေးကို အသက်သွင်းပြီး နတ်မြင်းလျှပ်တစ်ပြက် ပြေးထွက်ခြင်းကို ထုတ်သုံးလိုက်လျှင် သူတို့နှစ်ယောက်က သူ့ကို မီအောင်လိုက်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်က လေထဲကနေ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက်အကြား အကွာအဝေးတစ်ခု ဟထားကာ တစ်ယောက်ကိုတစ်ယောက် သတိထားနေကြ၏။

လျှိုယွင်က ဆူဇီမိုကို လက်ညိုးထိုးပြီး သီရှင်းကို စကားအရင်စပြောလိုက်၏။

“တာအိုရောင်းရင်း.. ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်.. ဒီလူသေသွားတာနဲ့ သူ့သိုလှောင်အိတ်ထဲက ရတနာတွေကို ငါတို့ အညီအမျှ ခွဲယူကြမယ်”

“ရတယ်လေ ကိစ္စမရှိဘူး” သီရှင်းက ခေါင်းညိတ်လိုက်၏။

လျှိုယွင်က မျက်လုံးကစားပြီး ဆက်ပြောလိုက်၏။

“ကျုပ်ကတော့ သူ့ပိုင်တဲ့အထဲက သွေးနီရောင်ဆေဘာရှည်ကို လိုချင်တယ်”

“အဲ့ဒါဆိုရင် ကျုပ်က ဟိုဧရာမငွေလရောင်လေးကြီးကိုယူမယ်” သီရှင်းက ပြန်ပြောလိုက်၏။

ဆူဇီမို၏ မျက်လုံးများက လှောင်ပြောင်လိုရိပ်နှင့် လက်သွားပြီး အသာအယာ ခေါင်းခါရမ်းလိုက်၏။

အင်မော်တယ်နှင့် မိစ္ဆာများက ကွဲပြားခြားနားကြလေသည်။

ရှေးခေတ်ကတည်းက အင်မော်တယ်တစ်‌ယောက်၏ တာဝန်မှာ နတ်ဆိုးများနှင့် မိစ္ဆာများကို ဖမ်းဆီးနှိမ်နင်းသတ်ဖြတ်ဖို့ပင် ဖြစ်လေသည်။

သို့သော်လည်း အခုအခါမှာတော့ သူ့ရှေ့က အင်မော်တယ်ဂိုဏ်းသားသည် မိစ္ဆာဂိုဏ်းမှ လူများနှင့် အပေးအယူလုပ်နေလေသည်။

“မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ”

ဆူဇီမိုက ခပ်ပေါ့ပေါ့ မေးလိုက်၏။

“အို့ မင်းပြောမှပဲ ငါသတိရတော့တယ်.. တော်သေးတယ် မေ့တော့မလို့.. စီနီယာအစ်ကိုဖေးက မင်းအတွက် သတင်းစကားတစ်ခု ပါးလိုက်တယ်”

လျှိုယွင်က လှည့်ကြည့်ပြီး မကောင်းဆိုးဝါးတစ်ကောင်လို ပြုံးကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ငါလူတစ်ယောက်ကို သတ်ချင်တယ်ဆိုရင် အဲ့လူက သေကိုသေရမယ်တဲ့”

သီရှင်း၏ အကြည့်က အေးစက်နေပြီး အလိုမကျအငြိုးထားဟန်နှင့် ပြောလိုက်၏။

“စီနီယာအစ်ကိုရွှယ်ရဲ့ ကိုယ်ရံတော် ဖြစ်ရဖို့ဆိုတာ မင်းအတွက် ဂုဏ်ယူစရာလေ တောသားရဲ့.. ဒါတောင် မင်းက မလုပ်ချင်ဘူးဆိုမှတော့ သေလိုက်တော့”

“ဟဲဟဲ..”

ဆူဇီမိုက ရယ်မော၍ ပြန်မေးလိုက်၏။

“ဖေးချွန်ယွီနဲ့ ရွှယ်ယန်တို့က ငါ့အသက်ကို လိုချင်တယ်ဆိုလဲ ဘာလို့ သူတို့ကိုယ်တိုင် မလာခဲ့ရတာလဲ”

“ပုရွက်ဆိတ်ကို ပုစိန်နဲ့ သတ်စရာ မလိုလို့ပေါ့ကွ” သီရှင်းက အထင်သေးသည့်ပုံစံနှင့် ပြောလိုက်၏။

လျှိုယွင်က လှောင်ရယ်လိုက်လေသည်။

“မင်လိုမျိုး ဘာမဟုတ်တဲ့ကောင်ကို သတ်ဖို့အတွက်နဲ့ စီနီယာအစ်ကိုဖေးက ကိုယ်တိုင်တောင် လာရဦးမတဲ့လား”

“ဟဟ ဟဟား..”

ဆူဇီမိုက ကောင်းကင်ကိုမော့၍ ရယ်မောလိုက်၏။

သူ့ရယ်သံက အလွန်စူးရှနေပြီး မဟာခေါင်းလောင်းကြီး မြည်ဟည်းသကဲ့သို့ လေဟာနယ်ကို တုန်ခါသွားစေ၏။

လျှိုယွင်နှင့် သီရှင်းတို့၏ နားများသည့် စပ်ဖျဉ်းဖျဉ်းနှင့် အနည်းငယ် နာကျင်လာလေသည်။

ဆူဇီမိုက ရုတ်တရတ် ရယ်နေတာကို ရပ်တန့်လိုက်၏။ သူ့မျက်လုံးများက တောက်ပနေပြီး သတ်ဖြတ်လိုစိတ်နှင့် ပြည့်နှက်နေကာ အော်ဟစ်လိုက်၏။

“မင်းတို့လိုမျိုး နှစ်ကောင်က ငါ့အသက်ကို ယူနိုင်မယ်လို့ တစ်ကယ်ကြီး ထင်နေကြတာလား”

“ဆူဇီမို.. မင်းတော်တော် ဘဝင်မြင့်တဲ့ကောင်ပဲ.. ဟူမုန့်နဲ့ ချိုင်လီတို့ကို သတ်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီ ထင်နေတာလား”

ဖန်သားနန်းတော်၏ တပည့်တစ်ယောက်အနေနှင့် လျှိုယွင်က အကြောက်အလန့်မရှိဘဲ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်၏။ ချက်ချင်းပင် သူ့ဝတ်ရုံအောက်ရှိ မရီးဒါန်ခုနှစ်ခုက တောက်ပလာပြီး စွမ်းအားကြီးနှင့် အော်ရာနှင့်အတူ အရူးအမူး ရုန်းကြွလာလေသည်။

“အပိုစကားတွေ ပြောမနေဲ့ ဟေ့ကောင်.. သေပေတော့”

ဆူဇီမိုက ရှေ့တက်ခုန်တက်ပြီး သွေးသောက်သူကို ဆုပ်ကိုင်ကာ ဝေ့ရမ်းလိုက်၏။ သွေးအလင်းတန်းက ပြန့်ကားသွားပြီး လျှိုယွင်နှင့် သီရှင်းတို့အပေါ် လွှမ်းခြုံလာလေသည်။

All Chapters