ပြဿနာပဲ
Vol. 26 Ch. 385
ဝျစ်...
ဆူဇီမိုသည် သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ သူ့အရိုးများနှင့် အရွတ်များမှ အသံများမြည်လာပြီး ဆူနာမီနှင့် မိုးကြိုးသံများ ရောနေသောအသံများလည်း ထွက်ပေါ်လာလေသည်။
သွေးသောက်သူထံမှ စိတ်ဝိညာဉ်အလင်းငါးခုက တောက်ပလာပြီး မျက်စိကျိန်းလောက်သည့် တဖျတ်ဖျတ်တလက်လက် အလင်းများက ထွက်ပေါ်လာလေသည်။ ထက်ရှသော ဓါးသွားနှင့်အတူ ထိုအလင်းရောင်က လေဟာနယ်ကို ဖြတ်သန်း၍ ပျံသန်းလာလေသည်။
ထိုခုတ်ချက်၏ စွမ်းအားက အလွန်တရာ အားကောင်းပြီး မြန်ဆန်လေသည်။ အခြားသော သာမန် မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ကျင့်ကြံသူများဆိုလျှင် တုန်လှုပ်ချောက်ချားသွားပေလိမ့်မည်။
သို့သော်လည်း လျှိုယွင်နှင့် သီရှင်းတို့ကတော့ သိပ်ပြီး အလေးအနက်ထားဟန် မရှိဘဲ သူတို့၏ မျက်နှာပေါ်တွင် လှောင်ရိပ်တောင် သန်းနေသေး၏။
“ဖန်သားလိုခန္ဓာ.. အတွင်းအပြင် ကြည်လင်.. အညစ်အကြေးများကို ဖယ်ခွာ.. မဖျက်ဆီးနိုင်သောအသွင်.. ...”
လျှိုယွင်က နေရာမှာတင် မတ်တပ်ရပ်၍ သုတ္တန်တစ်ခုကို ရွတ်ဆိုနေ၏။ သူနှုတ်က စကားသံတစ်ခု ထွက်လာတိုင်း သူ့ခန္ဓာကိုယ်၏ အော်ရာကလည်း နည်းနည်းစီ မြင့်တက်လာ၏။
နောက်ဆုံးမှာတော့ လျှိုယွင်၏ ကြွက်သားများက ဆန်းကြယ်လင်းလက်တောက်ပသော ဖန်သားများနှင့် ပုံသွင်းလောင်းထားသလို အညစ်အကြေးများကင်းစင်၍ ကြည်လင်တောက်ပလာ၏။
တစ်ချိန်တည်းမှာပင် လျှိုယွင်၏ လက်နှစ်ဖက်က စိတ်ဝိညာဉ်အလင်းလေးခုနှင့် လင်းလက်လာ၏။
ထိုလက်အိတ်အစုံက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်ပင်..
ဖန်သားနန်းတော်က ခန္ဓာမီးဆေးခြင်းနည်းစနစ်တွင် အထူးပြုပြီး.. အဲ့ဒါကို သူတို့ဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော ဖန်သားနုလုံးသားသုတ္တန်နှင့် ပေါင်းစပ်လိုက်ပါက.. ထိုသူ၏ ခန္ဓာ၊ မျက်လုံးနှင့် နုလုံးတို့က ဖန်သားကဲ့သို့ ဖြစ်လာမည် ဖြစ်လေသည်။ သူတို့သည် မပျက်စီးနိုင်၊ အပြစ်ဆိုစရာမရှိ၊ ထာဝရ၊ သိပ်သည်းသောခွန်အားတို့ကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး သူတို့၏ လက်ဗလာနှင့် ကြမ်းကြုတ်တောကောင်များကိုပင် ယှဉ်တိုက်ခိုက်နိုင်လေသည်။
ထို့ကြောင့် ဖန်သားနန်းတော်မှ ကျင့်ကြံသူအများစုက လက်အိတ် သို့မဟုတ် လက်ချပ်ဝတ်တို့လိုမျိုး လက်နက်တွေကိုသာ အသုံးပြုများကြလေသည်။
လျှိုယွင်က နောက်လည်းမဆုတ်၊ ရှောင်လည်းမရှောင်ပေ။ သူက ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးညွှတ်၍ မြေဆွဲအားအတိုင်း အလိုက်သင့်ရွှေ့ကာ လက်နှစ်ဖက်ကိုမြှောက်ပြီး ဝင်ရောက်လာသော သွေးသောက်သူကို လက်ခံယူလိုက်၏။
ချွမ်း..
သတ္တုချင်းထိခတ်သံက ထွက်ပေါ်လာ၏။
လျှိုယွင်၏ အရပ်က တိုသွားသည်ဟု ထင်ရပြီး သူ့ခြေဖဝါးက မြေကြီးထဲသို့ နစ်ဝင်သွားလေသည်။ သို့သော်လည်း သူက အနောက်ကို လန်ကျမသွားသလို သူ့အမူအယာကလည်း ပြောင်းလဲမှု မရှိပေ။
သွေးသောက်သူကတော့ ကြီးမားသော အားအင်နှင့် ရင်ဆိုင်လိုက်ရပြီး ပြင်းထန်စွာ ပြန်ကန်ထွက်လာ၏။
ဆူဇီမိုသည် ရင်ထိတ်သွားပြီး သူ့မျက်စိကို မှေးကျဉ်းလိုက်၏။
အပေါ်ယံကြည့်မည်ဆိုလျှင် အဲ့ဒါက လက်ရည်ညီမျှနေသလိုပင်။
သို့သော် တစ်ကယ်တော့ သူက လက်ဦးမှုရယူကာ စတင်တိုက်ခိုက်ခဲ့သလို သူ၏ သွေးသောက်သူက လျှိုယွင်၏ လက်အိတ်ထက် အဆင့်တစ်ဆင့်တောင် ပိုမြင့်လေသည်။
ဒါတောင်မှ သူက အသာစီး မရခဲ့ပေ။
“ခွာရခက်မယ့် အခွံမာသီးပဲ”
ဤလူကို အလျှင်အမြန်သတ်ဖို့ ရနိုင်လိမ့်မည် မဟုတ်ကြောင်း ဆူဇီမို နားလည်သွားပြီး သူ့အကြည့်က မလှမ်းမကမ်းရှိ သီရှင်းပေါ်သို့ ရောက်သွားလေသည်။
ထိုခုတ်ချက်ပြီးနောက် ဆူဇီမိုသည် သွေးသောက်သူ၏ ကျန်ရှိနေသေးသော ပြန်ကန်အားကိုသုံးပြီး ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ သီရှင်းဆီသို့ ဆေဘာဦးတည်ဘက်ကို ပြောင်းလိုက်၏။ သွေးရောင်အလင်းတန်းက ပြိုးပြိုးပြက်ပြက် လက်သွားပြီး သွေးညှီနံ့က ထွက်ပေါ်လာ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ဆူဇီမိုသည် မြေအောက်အက်ကွဲကြောင်းတစ်ခုထဲတွင် မိစ္ဆာအမွေခံသူအချို့နှင့် ရင်ဆိုင်ခဲ့ဖူးသောကြောင့် မိစ္ဆာဂိုဏ်းများနှင့် ပတ်သတ်၍ သူသည် အတန်အတင့် နားလည်မှု ရှိလေသည်။
မိစ္ဆာဂိုဏ်းများထဲတွင် ပဒေသရာဇ်နန်းတော်က ခန္ဓာမီးဆေးခြင်းတွင် အသန်မာဆုံးဖြစ်ပြီး သူ့နောက်တွင် အထွတ်အထိပ်ဂိုဏ်းရှိလေသည်။ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းမှ မိစ္ဆာအမွေခံသူ၏ ခန္ဓာကိုယ်ကတော့ သိပ်ပြီး သန်မာကြံ့ခိုင်မှု မရှိပေ။
ထို့ကြောင့် ဆူဇီမိုသည် လျှိုယွင်နှင့် စိတ်ရှိလက်ရှိ ရင်ဆိုင်တိုက်ခိုက်ဖို့အတွက် အရင်ဦးစွာ သီရှင်းကို အပြင်းအထန် တရကြမ်းသုံးတိုက်ခိုက်၍ သတ်ဖြတ်နိုင်ဖို့ လုပ်ရပေမည်။
“ဟီးဟီး..”
ဆူဇီမို၏ သတ်ဖြတ်လိုစိတ်ကို ကြိုတင် အာရုံခံမိထားသလို သီရှင်းက အထူးတဆန်း ရယ်မောလိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ်မရီးဒန်ခုနှစ်ခုက တောက်ပလာလေသည်။ သူ့ပါးစပ်ကို ဟလိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်များက တစ်ရှိန်ထိုး ထွက်လာပြီး ဝေဝေဝါးဝါး မကောင်းဆိုးဝါးဆန်ဆန်ပုံစံနှင့် အနက်ရောင်မီးခိုးများအဖြစ် ပျံ့နှံ့ကာ ပန်းထွက်လာလေသည်။
ဆူဇီမိုသည် အခုချိန်ထိ သူ့မျက်လုံးဒွာရကို မရှင်းလင်းရသေးသော်လည်း သူ့အမြင်အာရုံက အလွန်ထက်လေသည်။
သို့သော်လည်း အခုအခါမှာတော့ အနက်ရောင်မြူခိုးများနှင့် ရင်ဆိုင်ရချိန်တွင် သူ့အမြင်အာရုံက မည်းမှောင်သွားပြီး သီရှင်းကို ရှာလို့ မရတော့ပေ။
သွေးသောက်သူက နွံတောထဲကို နစ်မြုပ်သွားသလို ရွေ့လျားမှုက လေးကန်သွားပြီး လှုပ်သည်ဆိုရုံမျှသာ ရှိတော့လေသည်။
ဆိုးယုတ်သောစွမ်းအင်များက လွှမ်းခြုံလာပြီး ဓါးသွားကို တိုက်စားကာ စိတ်ဝိညာဉ်အလင်းများကို မှေးမှိန်လာစေ၏။ ဓါးသွားပေါ်ရှိ သွေးနီရောင်အလင်းက ဖျော့တော့လာလေသည်။
“ဟမ့်”
ဆူဇီမိုက နှာတစ်ချက်မှုတ်ပြီး သွေးသောက်သူက သူ့ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ထားလိုက်၏။ သူ့မျိုးဆက်သွေးကို လှည့်ပတ်လိုက်သောအခါ တဖျတ်ဖျတ်လက်တောက်ပနေသော လျှပ်စီးလုံးတစ်လုံးက သူ့လက်ဝါးထဲတွင် ပေါ်လာပြီး သွေးသောက်သူပေါ်သို့ ခုန်ဆင်းသွား၏။
မိုးကြိုးစွမ်းအားက အဖိုသဘာဝအဆန်ဆုံးဖြစ်ပြီး မကောင်းဆိုးဝါးများကို တွန်းလှန်နှိမ်နင်းနိုင်လေသည်။ အဲ့ဒါက ဆိုးယုတ်စွမ်းအင်များကို ရင်ဆိုင်ရာတွင် အထိရောက်ဆုံး ဖြစ်လေသည်။
ဖျိုးဖျိုးဖျစ်ဖျစ် မြည်သံများနှင့်အတူ သွေးသောက်သူ၏ ဘေးပတ်ပတ်လည်ရှိ ဆိုးယုတ်စွမ်းအင်များကို မိုးကြိုးလျှပ်စီးလုံး၏အစွမ်းက လုံးဝတွန်းဖယ်ထုတ်ပစ်လိုက်လေသည်။
ဓါးသွားပေါ်ရှိ စိတ်ဝိညာဉ်အင်းကွက်ငါးခုက တစ်ဖန်ပြန်လည် တောက်ပလာ၏။
“မိုးကြိုး”
သီရှင်းက သတိကြီးကြီးထားသည့်ပုံ ပေါ်သွား၏။
တစ်ကယ်တော့ သူ့ထွေးထုတ်လိုက်သော မီးခိုးများက သာမန်မဟုတ်ပေ။ အဲ့ဒါက ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ လျှို့ဝှက်ပညာရပ်ဖြစ်သော စိတ်ဝိညာဉ်ဝါးမျိုခြင်းဆိုးယုတ်စွမ်းအင် ဖြစ်လေသည်။
စိတ်ဝိညာဉ်ဝါးမျိုခြင်းဆိုးယုတ်စွမ်းအင်က အလွန်တရာ အားကောင်းပြီး စိတ်ဝိညာဉ်လက်နက်များကို ဘာမှသုံးစားမရတော့အောင် တိုက်စားနိုင်လေသည်။
စိတ်ဝိညာဉ်ဝါးမျိုခြင်းဆိုးယုတ်စွမ်းအင်နှင့် ထိတွေ့မိသော မည်သည့်စိတ်ဝိညာဉ်လက်နက်မဆို ၎င်းလက်နက်ထဲရှိ စိတ်ဝိညာဉ်ချီများသည် စုပ်ယူခြင်းခံလိုက်ရမည်ဖြစ်ပြီး စိတ်ဝိညာဉ်အင်းကွက်များတောင်မှ ပျက်စီးသွားပေလိမ့်မည်။ ထိုအခါ ထိုလက်နက်က သုံးစားလို့ ရတော့မည် မဟုတ်ပေ။
ရွှစ်..
ထိုအချိန်မှာပင် လျှိုယွင်က ပြေးဝင်ချလာ၏။ သူ့မျိုးဆက်သွေးက ခဲပြဒါးလို ရုန်းကြွနေပြီး သူ့လက်များကို လွှဲရမ်း၍ ရိုက်ချလိုက်သောအခါ ကြောက်မက်ဖွယ်ရာ လေခွင်းသံက ထွက်ပေါ်လာ၏။
ဆူဇီမိုက ခြေတစ်လှမ်း လှမ်း၍ သူ့ကိုယ်ကို လှည့်ကာ ပြန်လှန်ခုတ်ပိုင်းလိုက်၏။
ချွမ်း..
မီးပွားများက အဘက်ဘက်သို့ လွင့်စင်သွား၏။
ဆူဇီမိုက ကိုယ်က ယိမ်းထိုးသွားပြီး ရိုက်ချက်၏ ကန်အားကိုသုံးကာ နတ်မြင်းလျှပ်တစ်ပြက် ပြေးထွက်ခြင်းဖြင့် မလှမ်းမကမ်းရှိ သီရှင်းဆီသို့ ရူးသွပ်သော သတ်ဖြတ်လိုစိတ်နှင့် ပြေးတက်သွား၏။
သီရှင်းက လျှိုယွင်နှင့် မတူပေ။
သူ့ခန္ဓာကိုယ်က သာမန်သာဖြစ်ပြီး အနီးကပ်တိုက်ခိုက်ရည်မှာ အားမသန်ပေ။ ထိုလူ့အနားကို ကပ်လုံးနိုင်သည်နှင့် ဆူဇီမိုက သူ့ကို သတ်ဖြတ်နိုင်ဖို့ အခွင့်များလေသည်။
ဆူဇီမို၏ ရည်ရွယ်ချက်ကို သိနေသည့်အလား သီရှင်းက အေးစက်စက် သရော်ရယ်လိုက်၏။
“သွား”
သူက သူ့လက်ထဲက အရိုးလှံတံကို ရုတ်တရတ် လေထဲသို့ ပစ်တင်လိုက်၏။ သူ့လက်ချောင်းထိပ်မှ နက်မှောင်နေသော မီးခိုးတစ်ခုက ရုန်းကန်ထွက်လာပြီး လေထဲရှိ အရိုးလှံတံထဲသို့ ဝင်ရောက်သွားလေသည်။
အဆစ်ဆယ်ခုပါသော အရိုးလှံတံက စိတ်ဝိညာဉ်အင်းကွက်လေးခုနှင့်အတူ လင်းလက်တောက်ပလာ၏။
သီရှင်း၏ လက်ချောင်းများက ဆက်တိုက်လှုပ်ရှားနေပြီး သူက လက်ဟန်ချိတ်စည်းတစ်ခုကို ပုံဖော်ကာ အော်လိုက်၏။ “သွား”
ထိုသို့ သူပြောလိုက်သောအခါ အရိုးလှံတံရှိ အဆစ်ဆယ်ခုက ပြုတ်ထွက်သွားပြီး အရိုးဆူးချွန်ဆယ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုဆူးချွန်တစ်ခုချင်းစီက ဆိုးယုတ်စွမ်းအင်များ လွှမ်းခြုံနေပြီး ဆူဇီမိုရှိရာသို့ လျှပ်စီးလို လျှင်မြန်စွာ ပျံသန်းလာ၏။
အခုတင် နတ်မြင်းလျှပ်တစ်ပြက် ပြေးထွက်ခြင်းတွင် ဝင်ရောက်လာသော ဆူဇီမို၏ စိတ်အာရုံထဲ သတိပေးချက်က မြည်လာ၏။
သူနှင့် အရိုးဆူးချွန်ဆယ်ခုက ဘွားကနဲ တွေ့ကြရလေပြီ။
အရိုးဆူးချွန်များက အေးစက်စက်တောက်ပပြီး အလွန်တရာ ထက်ရှနေ၏။ သူတို့နှင့် ထိတွေ့မိသည်နှင့် လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် အပေါက်များစွာ ဖြစ်ပေါ်လာနိုင်လေသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ အရိုးဆူးချွန်ဆယ်ခု၏ လှုပ်ရှားမှုက အလွန်တရာ တိကျသေသပ်နေပြီး ဆူဇီမို၏ ထွက်လမ်းအားလုံးကို ပိတ်ဆို့ထား၏။
အရိုးဆူးချွန်ရှစ်ခုက အရပ်မျက်နှာရှစ်ဖက်ကနေ ဝိုင်းရံထားပြီး ကျန်နှစ်ခုက အပေါ်နှင့်အောက်ကို ချိန်ရွယ်ထား၏။
အရပ်ဆယ်မျက်နှာစလုံးက လုံးဝ ပိတ်ဆို့သွားလေပြီ။
ထိုအချိန်၌ ဆူဇီမိုက အနာကွန်ဒါလမ်းကြောင်းကို သုံးလျှင်တောင် ထိုအရိုးဆူးချွန်များကို ရှောင်နိုင်ဖို့ ခက်လေသည်။
“ကောင်းလိုက်တဲ့ နည်းစနစ်”
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
ဆန်းကြယ်တောင်ထွတ်၏ လျှို့ဝှက်ပညာရပ်သုံးခုထဲမှတစ်ခု ဆန်းကြယ်ဓါးသိုင်းက တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်ပြီး အဆင့်သုံးဆင့် ပါဝင်လေသည်။
သို့သော်လည်း ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ လက်နက်နည်းစနစ်နှင့်ယှဉ်လျှင် ဆန်းကြယ်ဓါးသိုင်းက ပိုအဆင့်နိမ့်သည်မှာ သိသာလေသည်။
ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ စတင်ခြေချခဲ့ကတည်းက တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ရပြီးဖြစ်၏။ သို့သော် လက်နက်နည်းစနစ်တစ်ခုလေးနှင့် သူ၏ လှုပ်ရှားမှုလမ်းကြောင်းများကို ပိတ်ဆို့နိုင်သည့် ကျင့်ကြံသူတစ်ယောက်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်လေသည်။
အခုချိန်ပြန်တွေးကြည့်လျှင် အဲ့ဒီအချိန်တုန်းက ဆိုယုတ်မြေကမ္ဘာဂိုဏ်းမှ အမွေခံသူကို သူသတ်ဖြတ်နိုင်ခဲ့သည်မှာ အတော်လေး ကံကောင်းလေသည်။
ရှေးဟောင်းစိတ်ဝိညာဉ်သော့ခတ်အစီအရင်က ထိုဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေခံသူ၏ စွမ်းအားထက်ဝက်လောက်ကို အနည်းဆုံး လျှော့ချပစ်ခဲ့လေသည်။
တခြားအရာများကို အသာထား.. အဲ့တုန်းက မိစ္ဆာအမွေခံသူက ဤလက်နက်နည်းစနစ်ကို ထုတ်သုံးနိုင်ခဲ့လျှင်ပင် သူက ပြိုင်ဘက်ကင်းနေလောက်လေသည်။
ဆူဇီမိုသည် များစွာစဉ်းစားနေဖို့ အချိန်မရဘဲ သူ့မျိုးဆက်သွေးကို လှည့်ပတ်ကာ သွေးသောက်သူကို လွှဲရမ်းလိုက်၏။ သူက ကျယ်လောင်စွာ ဟိန်းဟောက်၍ ပြင်းထန်သိပ်သည်းသော ပေါက်ကွဲအားကို သုံးကာ ဝင်ရောက်လာသော အရိုးဆူးချွန်တစ်ချောင်းကို ခုတ်ပိုင်းချလိုက်လေသည်။
ချွမ်း..
အရိုးဆူးချွန်တစ်ချောင်းက လွင့်စင်ထွက်သွားပြီး တစ်ဘက်က ဟသွားလေသည်။
သီရှင်းက မလှမ်းမကမ်းမှာ ရှိနေ၏။
ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွား၏။ လှစ်ဟာသွားသော ထိုဘက်မှ သူက ခုန်ထွက်မလို့ လုပ်လိုက်စဉ်မှာပင်.. သူ၏ နောက်ကျော၊ အထက်၊ အောက်နှင့် ဘေးဘက်များမှ လေများက ပြင်းထန်စွာ တုန်ခါလာ၏။
အခြားသော အရိုးဆူးချွန်ကိုးချောင်းကို ဆူဇီမိုကို မည်သည့်အခွင့်အရေးမှ မပေးဘဲ ဆင်းသက်လာကြလေသည်။
သီရှင်းနှင့် သူနှင့် ဘယ်လောက်မှ မဝေးတော့သော်လည်း ဆူဇီမိုသည် ရွေးချယ်စရာမရှိ၊ အရိုးဆူးချွန်းကိုးချောင်းကိုသာ ကိုင်တွယ်ဖြေရှင်းရပေတော့မည်။
သူက ဘယ်လောက်ပဲမြန်မြန်.. အရိုးဆူးချွန်များ၏ အမြန်နှုန်းကို မယှဉ်နိုင် ဖြစ်ရလေသည်။