← Chapters

အရွတ်များနှင့် အရိုးများကို ဆွဲကျုံ့ခြင်း

Vol. 26 Ch. 386

အရွတ်များနှင့် အရိုးများကို ဆွဲကျုံ့ခြင်း

Vol. 26 Ch. 386

ချွမ်း.. ချွမ်း.. ချွမ်း..

ဆူဇီမိုက သွေးသောက်သူဖြင့် အရိုးဆူးချွန်သုံးချောင်းကို ဆက်တိုက်ရိုက်ထုတ်လိုက်၏။

ထို့နောက် သူသည် အာရုံခံသတိစိတ်ကို အသုံးချပြီး အရိုးဆူးချွန်နှစ်ချောင်းကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။

ရွှစ်ကနဲ မြည်သံနှင့်အတူ ဆူဇီမို၏ နောက်ကျောတွင် စိတ်ဝိညာဉ်တောင်ပံတစ်စုံက ပေါ်လာပြီး ဆူဇီမိုသည် လေထဲသို့ ရုတ်တရတ် ပျံတက်၍ ကျန်ရှိနေသေးသော အရိုးဆူးချွန်လေးချောင်းကို ရှောင်တိမ်းလိုက်နိုင်၏။

ဖြစ်စဉ်တစ်ခုလုံးက ပြောပြရသည်မှာ နှေးသည်ထင်ရသော်လည်း တစ်ခဏလေးအတွင်းမှာ ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်လေသည်။

မဆိုစလောက်လေး နောက်ကျသွားသည်နှင့် ဆူဇီမို၏ ကိုယ်ပေါ်တွင် အပေါက်များ ဖြစ်ပေါ်လာပေမည်။

ဆူဇီမိုသည် သူ၏ ဝှက်ဖဲများစွာ ထုတ်သုံးတာတောင် သီရှင်း၏ အရိုးလှံတံတိုက်ခိုက်မှုကို ရှောင်နို်ငသည်ဆိုရုံပဲ ရှိသည်ကို တွေ့လိုက်ရသောအခါ ကြိတ်ပြီး တုန်လှုပ်သွား၏။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သီရှင်းဆီသို့ ခုန်ဝင်မလို့ လုပ်စဉ်မှာပင် ဆိုးယုတ်စွမ်းအင်နှင့်အတူ အလင်းတစ်စက်က သူ့မြင်ကွင်းထဲသို့ ဝင်လာလေသည်။

ပထမဆုံး သူရိုက်ထုတ်လိုက်သော အရိုးဆူးချွန်က သူ့ထံသို့ နောက်တစ်ဖန် ချဉ်းကပ်လာလေပြီ။

တိုက်ခိုက်မှုက ဆက်တိုက်ချိတ်ဆက်၍ ပြီးပြည့်စုံနေပြီး ဆူဇီမိုမှာ အသက်ရှူဖို့တောင် အချိန်မရှိပေ။

ဆူဇီမိုသည် စိတ်ဝိညာဉ်တောင်ပံများကိုသုံး၍ မြေပြင်နှင့် မျဉ်းပြိုင်ဖြစ်သွားသည့်အထိ နောက်သို့လှန်ချလိုက်၏။

ရွှစ်.. ရွှစ်.. ရွှစ်..

လေခွင်းသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

အရိုးဆူးချွန်းကိုးချောင်းစလုံးက မူလနေရာသို့ ပြန်ရောက်လာပြီး သူ့လမ်းကြောင်းကို တစ်ဖန်ပြန်လည်ပိတ်ဆို့လိုက်ပြန်၏။

ဆူဇီမိုသည် စိတ်ထဲမချင့်မရဲဖြစ်သွားပြီး သွေးသောက်သူကို လွှဲရမ်းကာ ထပ်မံတိုက်ခိုက်ရပြန်၏။

ချွမ်း..ချွမ်း.. ချွမ်း.. ချွမ်း..

သူသည် လေထဲသို့ ပြန်တက်ကာစ ရှိသေးသည်.. အရိုးဆူးချွန်များ၏ ဆက်တိုက်ဖိအားပေးတိုက်ခိုက်မှုအောက်၌ မြေပြင်သို့ ပြန်လည်ဆင်းသက်လိုက်ရ၏။

သူက ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့၏ ပြိုင်ဘက်မဟုတ်ဟု ထန်ယုနှင့် အခြားသူများက ဘာကြောင့်ပြောခဲ့ကြောင်း အခုအခါမှသာ ဆူဇီမို နားလည်လာလေသည်။

ထိုအဖြေကို ယခုသူ့ရှေ့မှ လူနှစ်ယောက်က ပေးပြီးပေပြီ။

အဲ့ဒါသည် ထျန်ဟွမ်ကမ္ဘာ၏ ထိပ်သီးအဖွဲ့အစည်းများရှိ တပည့်များ၏ ခွန်အားအမှန်ပင် ဖြစ်လေသည်။

“ကောင်းကင်ပိုက်ကွန်လက်သီး”

လျှိုယွင်၏ အသံက ထွက်ပေါ်လာ၏။

ဆူဇီမို၏ နောက်ရှိ လေဟာနယ်ထဲမှ စိတ်ဝိညာဉ်ချီများက ရိုင်းစိုင်းစွာ ရုန်းကြွလာ၏။ အဲ့ဒါသည် စိတ်ဝိညာဉ်တိုက်ခိုက်မှုတစ်ခု ဖော်ထုတ်လိုက်ခြင်း၏ လက္ခဏာပင် ဖြစ်လေသည်။

မလှမ်းမကမ်းရှိ လျှိုယွင်သည် လက်ဟန်ချိတ်စည်းတစ်ခုကို ထုတ်ဖော်ပြီး ဆူဇီမိုဆီရာသို့ ပစ်သွင်းထိုးနှက်လိုက်၏။

စိတ်ဝိညာဉ်စွမ်းအင်နှင့် ဆင့်ခေါ်ထားသော လက်သီးက အစစ်အမှန်ကဲ့သို့ စုဖွဲ့နေပြီး သလင်းလိုကြည်လင်နေ၏။ ၎င်းကို ပစ်သွင်းလိုက်သောအခါ ဆူဇီမိုဆင်းသက်မည့်နေရာသို့ ကျဆင်းလာလေသည်။

ဝုန်း..

အခုလေးတင် မြေပြင်သို့ ဆင်းသက်လိုက်သော ဆူဇီမိုသည် ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။

သူ့နောက်မှ ရိုက်ခတ်လာသော လေအဟုန်ကို ခံစားမိရုံနှင့် ထိုလက်သီးက ဘယ်လောက်ကြောက်စရာကောင်းကြောင့် သူလှည့်မကြည့်ဘဲ ခံစားမိလိုက်လေသည်။

လျှိုယွင်က ရောက်ချလာလေပြီ။

ကောင်းကင်ပိုက်ကွန်လက်သီး ထိုးသွင်းပြီးနောက် လျှိုယွင်၏ ခန္ဓာကိုယ်က ဖျတ်ကနဲ လှုပ်ရှားသွားပြီး ရှေ့သို့ ခုန်တက်လိုက်၏။ သူ့လက်ကို ဝေ့ရမ်း၍ တောက်ပလင်းလက်လာသော လက်ချပ်ဝတ်ဖြင့် ဆူဇီမို၏ ဦးခေါင်းကို ရိုက်ချလိုက်၏။

လျှိုယွင်က အင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ယောက်ဆိုတာ ယုံမှားသံသယရှိစရာ မလိုတော့ပေ။ သူ၏ အချိန်ကိုက်တိုက်ခိုက်မှုက အပြစ်ဆိုစရာ မရှိပေ။

ကောင်းကင်ပိုက်ကွန်ချိတ်စည်းလက်သီးက ကျဆင်းလာချိန်မှာပင် သူ့က နောက်ထပ်သတ်ဖြတ်ကွက်ဖြင့် ရောက်ချလာ၏။

အန္တရာယ်..

လက်ရှိအခြေအနေသည် လွန်ခဲ့သည့်ဆယ်ရက် လမ်းမရှည်ထက်က တိုက်ပွဲထက်ပင် များစွာပို၍ အန္တရာယ်များလေသည်။

အခုချိန်၌ ဆူဇီမိုသည် သူ့ရှေ့ရှိ အရိုးဆူးချွန်ဆယ်ချောင်းနှင့်ပင် ပြဿနာတတ်နေပြီးဖြစ်၏။ ယခု ကြောက်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်ရှိသည့် လျှိုယွင်က နောက်ကျောကနေ တိုက်ခိုက်လာပြီဖြစ်၏။ ခြေလှမ်းတစ်ချက်မှားသွားသည်နှင့် ဆူဇီမိုက နေရာမှာတင် အသက်ပျောက်သွားနိုင်လေသည်။

လျှိုယွင်နှင့် သီရှင်းတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာ၏။

သူတို့အတွက်တော့ ဆူဇီမိုက ပြေးစရာနေရာ မရှိတော့သည့် သေလူပင်။

ထိုကဲ့သို့သော တိုက်ခိုက်မှုအောက်၌ ဖေးချွန်ယွီနှင့် ရွှယ်ယန်တို့ပင်လျှင် မထိမခိုက် ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူတို့ကို ဝေခွဲမရ ဖြစ်သွားစေသည်မှာ ဆူဇီမို၏ မျက်နှာပေါ်၌ ကြောက်လန့်မှု တစ်စိုးတစ်စိကိုမျှ သူတို့ မြင်တွေ့ရခြင်း မရှိပေ။

ထိုမျက်လုံးများက ရေပြင်ကဲ့သို့ တည်ငြိမ်နေပြီး သတ်ဖြတ်လိုစိတ်နှင့် နည်းနည်းတော့ လှိုင်းထနေ၏။

ရုတ်တရက်..

ဆူဇီမိုသည် လျှိုယွင်နှင့် သီရှင်းတို့ လုံးဝနားမလည်နိုင်သော တစ်စုံတစ်ရာကို ပြုလုပ်လိုက်လေသည်။

သူက သွေးသောက်သူ သိမ်းလိုက်၏။

ဘာကြောင့် ဆူဇီမို ထိုသို့လုပ်သည်ကို သူတို့မစဉ်းစားနိုင်သေးခင်မှာပင် ဆူဇီမိုက တိုက်ခိုက်လိုက်ပြီဖြစ်လေသည်။

“မိစ္ဆာနှိမ်နင်းချိတ်စည်း”

ဆူဇီမို၏ ဘယ်ဘက်လက်က လှုပ်ရှားသွားပြီး လက်ခလယ်နှင့် လက်မကို ထိဆက်ကာ လက်ဟန်ချိတ်စည်းတစ်ခုကို ဆင့်ခေါ်၍ မနောသုတ္တန်တစ်ခုကို ရွတ်ဖတ်လိုက်၏။

ဝုန်း..

တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် ကောင်းကင်မှ ရွှေရောင်လက်ဝါးကြီးတစ်ဖက်က ကျဆင်းလာလေသည်။ လက်ဝါးပေါ်ရှိ အင်းကွက်များကို ရှင်းလင်းစွာ မြင်နေရပြီး အဲ့ဒါက ကောင်းကင်ပိုက်ကွန်လက်သီးဆီသို့ ကမ္ဘာဖျက်စွမ်းအားနှင့် ပစ်ရိုက်ချလိုက်၏။

လက်ဝါးနှင့်လက်သီးက ထိတွေ့မိသောအခါ နားကွဲလောက်သည့်အသံကြီးက လေထဲမှာ ထွက်ပေါ်လာ၏။

စိတ်ဝိညာဉ်ချီများက လေဟာနယ်ထဲတွင် ချက်ချင်း ဗြောင်းဆန်သွားလေသည်။

ရွှေရောင်အလင်းက ပတ်ဝန်းကျင်တစ်ခွင့် ပြန့်ထွက်သွားပြီး စိတ်ဝိညာဉ်စွမ်းအင်များက ပျက်ပြယ်သွား၏။

စောစောက သီရှင်းနှင့် တိုက်ခိုက်ပြီးနောက် ဆူဇီမို၏ လက်များက စတင်ထုံကျင်နေပြီးဖြစ်၏။

သူ၏ စွမ်းအားကြီးသော မျိုးဆက်သွေးကြောင့်သာ အခုလို ဆက်လက်တိုက်ခိုက်နိုင်နေခြင်း ဖြစ်လေသည်။

ထို့နောက် လျှိုယွင်၏ လက်သီးက ပျံသန်းလာလေပြီ။

“ကောင်းလိုက်တဲ့အကွက်”

ဆူဇီမိုက မျက်စိကို မှေးကျဉ်းပြီး ပြန်လည်ထိုးနှက်လိုက်၏။

သူ့ညာလက်ထဲတွင် မဖျက်ဆီးနိုင်သော သွေးရိုးလက်ဝါးရှိလေသည်။

ခွန်အားအရာမှာ သူ့ဘက်က အရေးနိမ့်နေသည်ကို သိသော်လည်း တစ်ဖက်လူ၏ ထိုးနှက်ချက်ကြောင့် သူ့ညာလက်က ပျက်ဆီးသွားမှာ မဟုတ်ကြောင်း ဆူဇီမိုကောင်းကောင်း သိလေသည်။

ဘုန်း..

လက်သီးနှင့် လက်ဖျံက ရိုက်ခတ်လိုက်ကြ၏။

လျှိုယွင်၏ လက်ချပ်ဝတ်က ဆူဇီမို၏ လက်သီးနှင့် ထိတွေ့မိသွား၏။ သို့သော်လည်း အရိုးကျိုးသံထွက်ရမည့်အစား ခပ်ထိုင်းထိုင်းမြည်သံတစ်ခုသာ ထွက်ပေါ်လာလေသည်။

ဆူဇီမို၏ ညာဘက်လက်က သွေးသံများရဲသွားသော်လည်း သူ့အရိုးများကတော့ အကောင်းအတိုင်းပင်။

ဟမ့်.. သူ့လက်က စုတ်ပြတ်ထွက်မသွားဘူးလား..

လျှိုယွင်၏ သူငယ်အိမ်က တင်းကျပ်သွား၏။

ထိပ်တန်းအဆင့်လက်နက်တစ်ခုကို လက်ဗလာနှင့် ခံယူပြီးတာတောင် တစ်ဖက်လူက အသားများသာ စုတ်ပြဲသွားပြီး သူ့အရိုးများကတော့ အက်သွားသည့်ပုံတောင် မပေါ်ပေ။

ထင်ထားသည့်အတိုင်းပင် ဆူဇီမို၏ ခွန်အားက ထိုရိုက်ချက်ကို တောင့်ခံနိုင်ဖို့ မလုံလောက်ဘဲ နောက်သို့ ဒယီးဒယိုင်နှင့် ထွက်သွားကာ ဝင်ရောက်လာနေသည့် အရိုးဆူးချွန်များဆီသို့ ဦးတည်သွား၏။

“ဟဲဟဲ.. သူက ငါ့လက်ချက်နဲ့ပဲ သေရ...”

သီရှင်းက လှောင်ရယ်မောလိုက်၏။ သို့သော် သူသည် ဆုံးအောင် မလှောင်လိုက်နိုင်ချေ။

ဆူဇီမို၏ ခန္ဓာကိုယ်ကို အရိုးဆူးချွန်များက ဖောက်ဝင်တော့မည့်ဆဲဆဲမှာပင် သူ့အရိုးများနှင့် အရွတ်များက အသံများက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။ သူ့အရိုးများနှင့် အရွတ်များက ရုတ်တရတ် ရွေ့လျားကျုံ့ဝင်သွားပြီး ကလေးတစ်ယောက်၏ အရွယ်အစားလောက် ဖြစ်သွား၏။

ဟင်း...

သူတို့နှစ်ယောက်ကို ပင့်သက်ကို ရှိုက်လိုက်မိ၏။

လျှိုယွင်က ပိုလို့တောင် တုန်လှုပ်သွား၏။

ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..

ဖန်သားနန်းတော်က ခန္ဓာမီးဆေးခြင်းတွင် အထူးပြုသောကြောင့် ဆူဇီမို အခုလုပ်သလိုမျိုးလုပ်ဖို့က ဘယ်လောက်ခဲယဉ်းကြောင်း သူကောင်းကောင်းသိလေသည်။

ထိုအရာသည် အရွတ်အသွင်ပြောင်းလဲခြင်း၏ ပညာရပ်ဖြစ်ပြီး အရွတ်များနှင့် အရိုးများကို အဆုံးစွန်ထိ ကျင့်ကြံလေ့ကျင့်ပြီးမှသာလျှင် ထိုသို့ လုပ်နိုင်ပေမည်။

ဤအဆင့်၌ လူတစ်ယောက်က သူ၏ ရုပ်ရည်ပုံပန်းသွင်ပြင်ကိုတောင် ပြောင်းလဲနိုင်လေသည်။

သူ့ခန္ဓာကိုယ်က ကျုံ့ဝင်သွားသောကြောင့် ဆူဇီမိုကို ထိုးဖောက်တော့မည့် အရိုးဆူးချွန်အချို့သည် ချက်ချင်းလွဲချော်သွားလေသည်။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် အရိုးဆူးချွန်အကုန်လုံးကို မရှောင်နိုင်ခဲ့ပေ။

လေထဲတွင် ကွေးညွှတ်၍ လှိမ့်ထွက်သွားသော သူ့ခန္ဓာကိုယ်ကို အရိုးဆူးချွန်အချို့က ထိုးခွဲသွား၏။

ဖျီး..

သွေးများက ပန်းထွက်လာ၏။

အရိုးဆူးချွန်တစ်ခုက ဆူဇီမို၏ ရင်အုပ်ကို ထိုးခွဲသွားပြီး ဒဏ်ရာတစ်ခုက ဖြစ်ပေါ်လာလေသည်။

ဆူဇီမိုသည် အရိုးဆူးချွန်များအားလုံးကို မရှောင်နိုင်ခဲ့သော်လည်း အရွတ်အသွင်ပြောင်းလဲခြင်းကို အသုံးချ၍ သေရတော့မည့်အခြေအနေမှ ရုန်းထွက်နိုင်ခဲ့လေသည်။

ဖျောက်.. ဖျောက်..

သူတို့နှစ်ယောက်၏ ရှေ့မှာပင် ဆူဇီမို၏ အရိုးများနှင့် အရွတ်များမှ အသံများထွက်လာပြီး သူ့ခန္ဓာကိုယ်က ပုံမှန်အရွယ်အစားသို့ ပြန်လည်ပြောင်းလဲသွား၏။

All Chapters