← Chapters

တစ်ကယ်ပဲ မင်းရောက်လာသားပဲ

Vol. 26 Ch. 389

တစ်ကယ်ပဲ မင်းရောက်လာသားပဲ

Vol. 26 Ch. 389

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ဓါးကသာ လွှမ်းမိုးခြယ်လှယ်ထားပြီး အစစ်အမှန်ဆေဘာကျင့်ကြံသူများက အလွန်တရာ ရှားပါးလေသည်။

ဤအပျက်အစီးနေရာက ဆေဘာဧကရာဇ်ချန်ထားခဲ့တာ ဖြစ်သော်လည်း ဤနေရာမှာ စုဝေးနေသော ကျင့်ကြံသူ သိပ်အများကြီး မရှိပေ။ လမ်းရိုးတန်းတစ်လျှောက် ရေတွက်ကြည့်လျှင် ကျင့်ကြံသူသုံးလေးထောင်လောက်တော့ ရှိပေမည်။

ထူးဆန်းသည့်အချက်မှာ ကျင့်ကြံသူအများစုသည် စိတ်ဝိညာဉ်ပင်လယ်ကို ကြောက်လန့်နေကြသလို ခပ်လှမ်းလှမ်းမှာသာရပ်၍ တိုးတိုး တိုးတိုးနှင့် ဆွေးနွေးစကားပြောနေကြ၏။

ဆူဇီမိုသည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်နှင့် ပတ်သတ်၍ ဘာမှသိပ်မသိထားသောကြောင့် လူအုပ်ကြီးဘေး ဝင်ရောကာ သူတို့ပြောနေကြသည့်ကို အာရုံစိုက်နားထောင်ကြည့်လိုက်၏။

“ဆေဘာဧကရာဇ်ရဲ့ နည်းလမ်းတွေက တစ်ကယ့်အံ့မခန်းနော်.. သူက ချီတွေကိုတောင် ပင်လယ်ဖြစ်အောင် စုဖွဲ့နိုင်တယ်ဆိုတော့.. ဒီစိတ်ဝိညာဉ်ပင်လယ်ထဲမှာသာ ကျင့်ကြံမယ်ဆိုရင် တော်တော်အကျိုးရှိမယ်ဆိုတာ ငါပြောရဲတယ်” ပိန်ပိန်းပါးပါးကျင့်ကြံသူတစ်ယောက်က တောက်ပသော မျက်လုံးများနှင့် လေးနက်စွာ တီးတိုးရေရွတ်လိုက်၏။

“ဟဟ”

“တော်တော် တုံးတဲ့ကောင်”

ပိန်ပိန်ပါးပါးလူကို လူအုပ်ကြီးက စတင်လှောင်ရယ်လိုက်ကြ၏။

ပထမဆုံးပြောလိုက်သည့်သူက ရှက်စိတ်နှင့် မျက်နှာထူပူသွားပြီး လည်ပင်းကိုဆန့်၍ ပြန်လှန်ငြင်းဆန်လိုက်၏။

“ငါပြောတာ ဘာမှားနေလို့လဲ”

“စိတ်ဝိညာဉ်ပင်လယ်ထဲက စိတ်ဝိညာဉ်ချီတွေက အရမ်းကို ကြွယ်ဝသန့်စင်တယ်ဆိုတာတော့ ဟုတ်တာပေါ့ကွ.. ဒါပေမယ့် အဲ့ထဲကို အရမ်းကို ထက်ရှတဲ့ ဆေဘာချီတွေကလဲ အပြည့်ပဲ.. စိတ်ဝိညာဉ်ပင်လယ်ထဲကို မင်းခုန်ဆင်းလိုက်တာနဲ့ ဆေဘာချီတွေကလဲ မင်းတစ်ကိုယ်လုံးကို လာပြီးထိုးဆွလိမ့်မယ်”

“မင်းပုံစံနဲ့ဆိုလို့ကတော့ စိတ်ဝိညာဉ်ပင်လယ်ထဲ ရောက်ပြီး ဘယ်လောက်မှမကြာဘူး.. ပေါက်ကွဲထွက်သွားလိမ့်မယ်”

“ဟီးဟီး.. ဒီစိတ်ဝိညာဉ်ပင်လယ်ထဲမှာ အသက်ပျောက်ပြီး မြှုပ်နှံခံလိုက်ရတဲ့ လူတော်တွေဆိုတာ ရေလို့တောင် မရတော့ဘူး.. မင်းက သေမှာ မကြောက်ဘူးဆိုရင်လဲ စမ်းချင်ရင် စမ်းကြည့်လိုက်ပေါ့”

ဆူဇီမို နားလည်သဘောပေါက်သွား၏။

ထို့ကြောင့်ပင် ကျောက်တန်းများပေါ်၌ ထက်ရှသည့်လက်နက်ရာများက ရှိနေခြင်း ဖြစ်လေသည်။

စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အတောမသတ်နိုင်သော ဆေဘာချီများက ရောနှောပါဝင်နေသောကြောင့် ကိုယ်ကာယ လုံလောက်အောင် ကြံ့ခိုင်မှုမရှိသော ကျင့်ကြံသူများသည် အဲ့ဒါကို လုံးဝထိန်းချုပ်ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

သူတို့သည် ကမ်းခြေနှင့် အရမ်းနီးကပ်စွာ သွားရပ်မိလျှင် ကြီးမားသည့် လှိုင်းလုံးကြီးက လာရောက်ရိုက်ခတ်လိုက်သည်နှင့် နောက်ဆုတ်ချင်လျှင်တောင် မလွတ်နိုင် ဖြစ်သွားရနိုင်လေသည်။

ကျင်ကြံသူတစ်ယောက်က အလေးအနက် ပြောလိုက်၏။

“အဲ့ဒါက ဆေဘာဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ စမ်းသပ်ချက်ပဲ.. သူတို့က သူ့ရဲ့ အမွေအနှစ်ကို လက်ခံရယူချင်တယ်ဆိုရင်.. စိတ်ဝိညာဉ်ပင်လယ်ကိုဖြတ်ပြီး ဆေဘာတောင်ပေါ်ကို တက်ရလိမ့်မယ်”

ဆူဇီမိုသည် ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်၏။ စိတ်ဝိညာဉ်ပင်လယ်၏ အဆုံး၌ မတက်ရောက်နိုင်လောက်အောင် မြင့်မားသည့် ဆေဘာတောင်က ငွားငွားစွင့်စွင့် ထောင်မတ်နေလေသည်။

“ဒါက လွယ်ပါတယ်”

ပိန်ပိန်ပါးပါးကျင့်ကြံသူက ဆေဘာတောင်ကို လက်ညိုးထိုးပြီး ဝင့်ကြွားစွာ ပြောလိုက်၏။

“ငါတို့ ဓါးပျံတွေကို စီးနင်းသွားလိုက်ရင် ရတာပဲကို.. ဆေဘာတောင်က အတော်လေး လှမ်းသေးတယ်ဆိုပေမယ့် ငါတို့ အခုနေ ပျံသန်းသွားရင် မိုးမချုပ်ခင်တော့ ရောက်မှာပဲ”

“ဟ ဟ ဟားဟား...”

လူအုပ်ကြီးက နောက်တစ်ကြိမ် ထပ်မံရယ်မောလိုက်ကြ၏။

တစ်ယောက်က ခေါင်းခါလိုက်၏။

“ဆေဘာဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ စမ်းသပ်ချက်က အဲ့လောက်ထိ ရိုးရှင်းနေမှတော့ ရှေးဟောင်းခေတ်ကထဲက အခုချိန်ထိ သူ့အမွေအနှစ်ကို လက်ခံရယူနိုင်ခဲ့တဲ့သူက တစ်ယောက်ပဲရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား”

သူပြောလို့ မဆုံးသေးခင်မှာပင် ခပ်လှမ်းလှမ်းရှိ ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားတက်ကြွလာလေသည်။

သူက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်ဆေဘာတစ်လက်ကို ထုတ်ယူပြီး စိတ်ဝိညာဉ်ချီကို ၎င်းထဲသို့ ထိုးသွင်း၍ ခုန်တက်ကာ အော်လိုက်၏။

“သွား”

ဝှစ်..

ထိုသူက အလင်းတန်းတစ်ခုအသွင် ပြောင်းသွားပြီး စိတ်ဝိညာဉ်ပင်လယ်ပြင်ကိုဖြတ်၍ ဆေဘာတောင်ဆီသို့ ပျံသန်းသွားလေသည်။

လူအုပ်ကြီးထဲရှိ ကျင့်ကြံသူအများစု၏ မျက်နှာပေါ်တွင် လှောင်ပြုံးက ရှိနေကြပြီး သူတို့က ဟာသတစ်ခုကို မြင်ရဖို့အတွက် စောင့်ဆိုင်းနေကြ၏။

ကိစ္စက ထိုမျှလောက် မရိုးရှင်းနိုင်ကြောင်း ဆူဇီမိုလည်း သိလေသည်။

သူ့အတွေး မဆုံးသေးခင်မှာပင်.. စိတ်ဝိညာဉ်ပင်လယ်အထက် ရောက်နေသော ထိုလူက တောင့်ခဲသွား၍ ခဏမျှ ရပ်တန့်နေပြီးနောက် အောက်သို့ ပြုတ်ကျလာလေသည်။

လေထဲတွင် သူ့စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်၍ မည်သို့ပင် ရုန်းကန်ပါစေ.. အချည်းနှီးပင်။

လှိုင်းလုံးတစ်လုံးက သူ့ကို လှမ်း၍ ပုတ်မိသွားပြီး သူသည် စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ပြုတ်ကျသွားလေသည်။

“အား...အ”

သူသည် စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ခဏပေါ်၍ အော်ဟစ်နေပြီးနောက် နစ်မြှုပ်ပျောက်ကွယ်သွားလေသည်။

ရေမျက်နှာပြင်က သွေးများစွန်းထင်းပြီးနောက် တဖြည်းဖြည်းနှင့် ဖျော့တော့သွားလေသည်။

စိတ်ဝိညာဉ်ပင်လယ်ပြင်ကို ဓါးပျံစီး ဖြတ်သန်းသွားမည်ဟု ကြွေးကြော်ခဲ့သော ပိန်ပိန်ပါးပါးကျင့်ကြံသူသည် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး သူ့နဖူးမှ ချွေးများက ပေါက်ပေါက်ကျလာလေသည်။

ဆူဇီမိုသည်လည်း ကြိတ်ပြီး တုန်လှုပ်သွားရ၏။

စိတ်ဝိညာဉ်ပင်လယ်က တစ်ကယ်ကို ကြောက်ဖို့ကောင်းလေသည်။

ထို့ကြောင့်ပင် ဒီနေရာမှာ ကျင့်ကြံသူများ ထောင်နှင့်ချီ၍ စုဝေးနေကြသော်လည်း မည်သူမှ စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်သန်းဖို့ မကြိုးစားကြခြင်းပင်။

ဘေးက ကျင့်ကြံသူတစ်ယောက်က ရှင်းပြလိုက်၏။

“စိတ်ဝိညာဉ်ပင်လယ်အထက်မှာ ပျံသန်းတာကို ပိတ်ပင်ထားတယ်.. မင်းဘယ်လိုပဲကြိုးစားကြိုးစား ရေထဲကို ပြုတ်ကျမှာပဲ”

“ဧကရာဇ်တစ်ပါး စီမံထားခဲ့တဲ့အရာကို ကလေးကလားအကွက်လေးတွေနဲ့ သွားနောက်ဖို့ကြိုးစားရင်တော့ မင်းက သက်သက်ပြဿနာရှာနေတာပဲ ဖြစ်မှာပေါ့”

ပိန်ပိန်ပါးပါးကျင့်ကြံသူက ဣန္ဒြေပြန်ဆယ်လိုက်ပြီး တစ်ဖန်ပြန်မေးကြည့်လိုက်၏။

“အဲ့လိုဆို.. ဖန်သားနန်းတော်တို့၊ ပဒေသရာဇ်နန်းတော်တို့လိုမျိုး ခန္ဓာမီးဆေးထိပ်သီးဂိုဏ်းတွေက တပည့်တွေပဲ စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်နိုင်တော့မှာပေါ့နော်”

“အဲ့ဒါက မင်းဘယ်ဂိုဏ်းကဆိုတာက အရေးမကြီးဘူး”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ရှင်းပြလိုက်၏။

“ဆေဘာကျင့်ကြံသူတွေပဲ စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်သန်းဖို့ အဆင့်မီတယ်.. တခြားဘယ်လိုကျင့်ကြံသူပဲဖြစ်ဖြစ် သူတို့က အတင်းအားသုံးပြီး ဖြတ်သန်းဖို့လုပ်မယ်ဆိုရင်တောင် နုတ်နုတ်စင်းခံရပြီး သေမှာပဲ”

“ဟုတ်တယ်.. ငါကြားဖူးတာ ဓါးဂိုဏ်းက ပြိုင်စံရှားတစ်ယောက်က ဆေဘာဧကရာဇ်ရဲ့ စွမ်းပကားကို အကဲစမ်းပြီး စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်သန်းဖို့ ကြိုးစားခဲ့တယ်တဲ့.. သူက မီတာတစ်ရာတောင် မရောက်လိုက်ဘူး.. ဆေဘာချီနဲ့ လှီးဖြတ်ခံရပြီး စိတ်ဝိညာဉ်ပင်လယ်ထဲ ကျသေသွားတော့တာပဲတဲ့”

ထိုသို့ဖြင့် ဆူဇီမိုသည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို အကြမ်းဖျင်းတော့ နားလည်လာလေသည်။

ပထမတစ်ချက်.. ပျံသန်းလို့မရ။

ဒုတိယတစ်ချက်.. ဆေဘာကျင့်ကြံသူတစ်ယောက် ဖြစ်ရမည်။

တတိယတစ်ချက်.. အလွန်တရာကြံ့ခိုင်သော ကိုယ်ကာယရှိသည့် သူများသာလျှင် ဆေဘာချီများ၏ လွှမ်းခြုံမှုဒဏ်ကို ခံနိုင်ရည်ရှိမည်ဖြစ်ပြီး စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်သန်းနိုင်မည် ဖြစ်လေသည်။

ထိုသို့ဆိုမှတော့ သူက အမှန်တစ်ကယ်ပင် စမ်းကြည့်သင့်လေသည်။

ထို့နောက်.. ဆူဇီမို၏ အကြည့်က ကမ်းခြေနားရှိ နက်မှောင်နေသော ကျောက်တန်းတစ်ခုပေါ်သို့ ရွေ့လျားသွား၏။

အဲ့ဒီမှာ သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ထိုင်နေပြီး သူ့ဒူးနှစ်ဖက်ပေါ်တွင် ဆေဘာရှည်တစ်လက်ကို ကန့်လန့်ဖြတ်တင်ထားလေသည်။ သူ့မျက်လုံးများကို မှိတ်ထားပြီး သူ၏ မည်းနက်နေသော ဆံပင်များက ဖွာလန်ကြဲ၍ သူ့မျက်နှာကို ဖုံးအုပ်သွား၏။

ကျင့်ကြံသူထောင်ကျော်ထဲတွင်.. လှိုင်းလုံးများကို ဂရုမစိုက်ဘဲ ကမ်းခြေဘေး ကျောက်တန်းပေါ်တွင် ထိုင်ရဲသောလူက သူတစ်ယောက်သာလျှင် ရှိလေသည်။ သူ့အဝတ်များက ရေများစိုရွှဲနေသော်လည်း အဲ့ဒါကို သူက လျစ်လျူရှူထားလေသည်။

ထိုလူ၏ နောက်တွင် အလောင်းဆယ်လောင်းကျော်ရှိပြီး အချို့က သေသွားသည်မှာ ကြာသေးပုံ မရပေ။

ထိုလူ၏ နောက်ကျောကို မြင်လိုက်ရသောအခါ ဆီူဇီမိုသည် တစ်နေရာရာမှာ မြင်တွေ့ဖူးခဲ့သလို ခံစားလိုက်ရသော်လည်း ဘယ်နေရာမှာလဲ ပြန်စဉ်းစားလို့ မရပေ။

ခဏမျှစဉ်းစားတွေးတောပြီးနောက် သူ့ဘေးက ကျင့်ကြံသူတစ်ယောက်ကို ကြည့်ကာ တိုးတိတ်စွာ မေးလိုက်၏။

“အဲ့ဒီသွေးနီရောင်ဝတ်ထားတဲ့ကျင့်ကြံသူက ဘယ်သူလဲသိလား”

“သူက အရမ်းရက်စက်တဲ့လူပေါ့”

ထိုကျင့်ကြံသူက စိုးရိမ်တကြီး ပြောလိုက်၏။

“သူ့နောက်က အလောင်းတွေကို မင်းမမြင်ဘူးလား.. အဲ့လူတွေက စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်သန်းဖို့ လုပ်ခဲ့ကြတဲ့လူတွေပဲ.. ဒါပေမယ့် သူတို့က ဟိုလူနဲ့ နီးကပ်လွန်းသွားတဲ့အတွက် အသတ်ခံလိုက်ကြရတာပဲ”

“အဲ့ဒါလေးအတွက်နဲ့လား”

ဆူဇီမိုက မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ကျုံ့လိုက်၏။

ထိုအကြောင်းပြချက်ကလေးမျှနှင့် ဒီလူက အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်သည်ဆိုတော့ သူက ရက်စက်သည်ဆိုရုံမျှ မကတော့ပေ။

ထိုကျင့်ကြံသူက နှုတ်ခမ်းကိုထော်ပြီး ပြောလိုက်၏။

“သူက အထွတ်အထိပ်ဂိုဏ်းက မိစ္ဆာအမွေခံသူလေ.. သတ်ဖို့အတွက် အကြောင်းပြချက် မလိုဘူး”

သူကိုး..

ဆူဇီမို၏ နုလုံးက တစ်ချက်ခုန်သွား၏။

သူ့ဘေးက ကျင့်ကြံသူက ဆက်ပြောလိုက်၏။

“သူက စိတ်ဝိညာဉ်ပင်လယ်ကိုဖြတ်ပြီး အမွေအနှစ်ကို ရဖို့ အခွင့်အရေးများတယ်.. ကျုပ်ကြားတာ‌တော့ ပြီးခဲ့တဲ့ နှစ်တစ်ထောင်က ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရယူခဲ့တဲ့ ကျင့်ကြံသူကလဲ အထွတ်အထိပ်ဂိုဏ်းကပဲတဲ့”

ရုတ်တရက်..

မျက်လုံးနှစ်ဖက်ကိုမှိတ်၍ ကျောက်တန်းပေါ်တွင် ထိုင်နေသော သွေးနီရောင်ဝတ်ကျင့်ကြံသူက မတ်တပ်ထရပ်၍ ဆူဇီမိုဘက်ကို ဖြည်းဖြည်းချင်းလှည့်ပြီး ကြည့်လိုက်၏။

ထိုကဲ့သို့သော ထိပ်သီးအဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကို တစ်ယောက်ယောက်က အတန်ကြာ စိုက်ကြည့်နေလျှင် သေချာပေါက် အာရုံခံမိပေလိမ့်မည်။

ဒါ့အပြင် ထိုအခိုက်အတန့်တုန်းက ဆူဇီမို၏ စိတ်အခြေအနေက လှိုင်းအတက်အကျ အနည်းငယ်ရှိပြီး သူ့မျက်လုံးထဲတွင် ရန်လိုစိတ်တစွန်းတစကပါ ဖြစ်ပေါ်ခဲ့၏။

ထိုလူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ဆူဇီမိုသည် ယုံမှားသံသယများ ရှိမနေတော့ပေ။

ထိုသွေးနီရောင်ဝတ်ကျင့်ကြံသူသည် မြေအောက်အက်ကွဲကြောင်းထဲမှာတုန်းက သူနှင့် တိုက်ခိုက်ခဲ့ဖူးသော အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေဆက်ခံသူပင် ဖြစ်လေသည်။

“ဟဲဟဲ.. ဟီးဟီး”

သွေးနီရောင်ဝတ်ကျင့်ကြံသူက ဆူဇီမိုကို စိုက်ကြည့်ပြီး ရယ်မောလိုက်၏။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် တောက်ပပြင်းပြနေပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တစ်ကယ်ပဲ မင်းရောက်လာတာပဲ.. ငါစောင့်နေရတာ တော်တော်တောင် ကြာသွားခဲ့ပြီ”

All Chapters