စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကူးခြင်း
Vol. 26 Ch. 390
ထိုသို့သူပြောပြီးသည်နှင့် သူ့ရှေ့တွင် မျောလွင့်နေသောဆေဘာက ကျယ်လောင်စွာ အသံမြည်လာပြီး လူတစ်ယောက်ကို ကျောချမ်းသွားစေလောက်သည့် အလွန်တရာ ပြင်းထန်အားကောင်းသော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာ၏။
မူလက ဆူဇီမို၏ ဘေးနားတွင် ရပ်နေကြသော ကျင့်ကြံသူများသည် တုန်လှုပ်ကာ ခွဲထွက်လိုက်ကြ၏။
သွေးနီရောင်ဝတ်ကျင့်ကြံသူ၏ နာမည်က ပိုင်ယုဖြစ်လေသည်။
“အဲ့တုန်းက ငါတို့က ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ကြတယ်.. မင်းကိုတော့ အောက်မှာပိကျန်ခဲ့ပြီလို့ ငါတို့က ထင်ထားခဲ့ကြတာ”
ပိုင်ယု၏ အကြည့်က တောက်လောင်ပြင်းပြလာပြီး မကောင်းဆိုးဝါးဆန်ဆန် သွားဖြဲရယ်ကာ ပြောလိုက်၏။
“ဒါပေမယ့် နတ်ဆိုးမကျိက မသေဘူးလို့ ငါကြားလိုက်တော့ မင်းလဲ မသေနိုင်ဘူးဆိုတာ ငါသိလိုက်ပါတယ်”
ဆူဇီမိုက လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်မေးလိုက်၏။
“ငါလာမယ်ဆိုတာ မင်းသိတယ်ပေါ့”
“ဟဟ..”
ပိုင်ယုက အားရပါးရ ပြန်ပြောလိုက်၏။
“မင်းရဲ့ အလားအလာနဲ့ ပါရမီအရဆို.. မင်းက ရှေးဟောင်းတိုက်ပွဲမြေကို ဝင်လာမယ်ဆိုတာ သံသယရှိစရာမှ မလိုတာ.. နောက်ပြီး မင်းက ဆေဘာကို သုံးတယ်လေ.. မင်းက ဆေဘာကျင့်ကြံသူတစ်ယောက်ဆိုမှတော့ ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်ကို သေချာပေါက် လာရမှာပေါ့”
အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူတစ်ယောက်အနေနှင့် သူက အဲ့တုန်းက မြေအောက်အက်ကွဲကြောင်းထဲမှာ လူမသိသူမသိ ကျင့်ကြံသူတစ်ယောက်ကို ရှုံးနိမ့်ခဲ့ရခြင်းအား ဒီအတိုင်းမျိုချချေဖျက်လိုက်နိုင်စရာ အကြောင်းမရှိပေ။
“ကြည့်ရတာ သူတို့က ရန်ငြိုးရန်စ ရှိခဲ့ပုံပဲ”
“ဒီလူ့ရဲ့ နောက်ခံက ဘာပါလိမ့်.. အထွတ်အထိပ်ဂိုဏ်းက မိစ္ဆာအမွေခံသူနဲ့ ရန်ငြိုးရှိတာတောင် သူက အသက်ရှင်နိုင်နေတုန်းပါလား”
ခပ်လှမ်းလှမ်းတွင် ကျင့်ကြံသူများက တီးတိုးဆွေးနွေးနေကြ၏။
ပိုင်ယု၏ အကြည့်က ဆူဇီမို၏ ခါးပေါ် ရောက်သွားပြီး မည်သည့်ဂိုဏ်းတံဆိပ်တစ်ခုကိုမှ မတွေ့ရသောအခါ သူက အေးစက်စက် သရော်ရယ်လိုက်၏။
“မင်းနောက်ခံက ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. ဒီနေ့.. မင်းအသက်ကို ငါကိုယ်တိုင်ယူပြီး ငါ့ရဲ့တာအိုအစီအရင်ကို တည်ဆောက်ရလိမ့်မယ်”
“မင်းစိတ်တိုင်းကျ ဖြစ်မလာမှာပဲ ငါအားနာမိတယ်”
ဆူဇီမိုက ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်၏။
“ငါ မင်းကို တစ်ခု နိုင်ထားဖူးမှတော့ နောက်တစ်ခါလဲ အနိုင်ယူနိုင်တာပေါ့”
ထိုသို့ သူပြောလိုက်ချိန်တွင် လူအုပ်ကြီးက ပွက်လောရိုက်သွားကြ၏။
“အဲ့လူက အထွတ်အထိပ်ဂိုဏ်းရဲ့ မိစ္ဆာအမွေခံသူကိုတောင် အနိုင်ရခဲ့တာလား”
“သူ့ရဲ့နောက်ခံက ဘာပါလိမ့်”
“မေးနေစရာ လိုသေးလို့လားဟ.. သူက ကျိန်းသေပေါက် အင်မော်တယ်ဂိုဏ်းကိုးဂိုဏ်းထဲက ပြိုင်စံရှားပါရမီရှင်တစ်ယောက်ပဲ နေမှာပေါ့”
ချွမ်း.. ချွမ်း..
ဆူဇီမိုက ဘာစကားမှ ပြောမနေတော့ဘဲ သိုလှောင်အိတ်ထဲကနေ သွေးသောက်သူကို ထုတ်ယူလိုက်၏။ သူ့စိတ်ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သောအခါ ဆေဘာက ကြောက်စရာကောင်းသော သွေးနေတစ်စင်းလို လင်းလက်တောက်ပလာလေသည်။
မြောက်များလှစွာသော သွေးချီနှင့်အတူ ပြီးပြည့်စုံလှသော စိတ်ဝိညာဉ်အင်းကွက်ငါးခု..
သွေးသောက်သူကနေ ထွက်ပေါ်လာသော သွေးရနံ့က ပိုင်ယု၏ အော်ရာနှင့် အတော်လေး သွားဆင်နေ၏။
“ကောင်းလိုက်တဲ့ဆေဘာ.. တော်တော်ကောင်းကွာ”
ပိုင်ယု၏ မျက်လုံးများက ဝင်းလက်သွားပြီး အားပါးတရ ရယ်လိုက်၏။
“အဲ့ဆေဘာက ငါ့အတွက် သေချာတိုင်းပြီး ပြုလုပ်ထားသလိုပါပဲလားကွ ဟေး”
“သူ့ကိုကိုင်ဖို့ မင်းကိုယ်မင်း ထိုက်တန်တယ် ထင်လို့လား”
ဆူဇီမိုက မှင်သေသေနှင့် ပြန်ပြောလိုက်၏။
ဆူဇီမိုက နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းကို သုံး၍ ရှေ့သို့ခုန်တက်ပြီးနောက် ကောင်းကင်ထယ်သွားခြေလှမ်းကို ထုတ်ဖော်လိုက်၏။ သူက ပိုင်ယုရှေ့ရှိ ကျောက်တန်းတစ်ခုပေါ်သို့ ခုန်တက်ပြီး ရပ်လိုက်၏။
ဝုန်း..
ကျောက်တန်းက ပေါက်ကွဲထွက်သွား၏။
သွေးသောက်သူက ကောင်းကင်ထက်ကနေ ဆင်းသက်လာပြီး သွေးနီရောင်အလင်းက ပေါက်ကွဲထွက်ပေါ်လာကာ ပိုင်ယုပေါ်သို့ အုပ်မိုးလာ၏။
“ဟမ်.. သူက မရီးဒါန်ငါးခု အခြေတည်အဆင့်ပဲ ရှိသေးတာလား”
“မရီးဒါန်ငါးခု အခြေတည်အဆင့်တစ်ယောက်က အထွတ်အထိပ်ဂိုဏ်က မိစ္ဆာအမွေခံသူကို တစ်ကယ်ကြီး စိန်ခေါ်နေတာလားဟ”
“သူ့ကျင့်ကြံမှုအဆင့်က ဒီလောက်နိမ့်နေတာကို သူက ဘယ်လိုလုပ်ပြီး အခုချိန်ထိ မသေသေးတာလဲ မသိဘူး”
လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ထွက်ပေါ်လာလေသည်။
ချွမ်း..
ပိုင်ယုက ရှောင်လဲမရှောင်၊ နောက်လဲမဆုတ်ပေ။ သူ၏ ထိပ်တန်းအဆင့်ဆေဘာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ပင့်မြှောက်ကာ ခုခံလိုက်၏။
သတ္တုချင်းထိခတ်သည့်အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လူအုပ်ကြီး၏ အာမေဋိတ်သံများကို အုပ်သွားလေသည်။
ပိုင်ယု၏ သွေးရောင်ဝတ်စုံအောက်မှ မရီးဒါန်ခုနှစ်ခုက တောက်ပလာပြီး စိတ်ဝိညာဉ်စွမ်းအင်များက ရန်းကန်ထွက်လာ၏။ သိပ်သည်းသော သွေးရနံ့က ထွက်ပေါ်လာပြီး သူ၏ သတ်ဖြတ်လိုစိတ်နှင့် ရောနှောသွားလေသည်။
သို့သော်လည်း ဆူဇီမို၏ ခုတ်ချက်အောက်၌ ပိုင်ယုက အရေးသာမနေပေ။
“ကြောက်ဖို့ကောင်းလိုက်တဲ့ အနီးကပ်တိုက်ခိုက်အားကွာ”
“အဲ့လူရဲ့ မျိုးဆက်သွေးက... အဲ့ထဲမှာ ဆူနာမီသံကို ငါကြားနေရတယ်ထင်တယ်”
“မင်းထင်ယောင်ထင်မှားဖြစ်နေတာနေမှာ.. အဲ့အသံက စိတ်ဝိညာဉ်ပင်လယ်က လာတာနေမှာပေါ့”
“ဆူနာမီသွေးလား.. လူတစ်ယောက်က သူမျိုးဆက်သွေးကို အဲ့အဆင့်ထိရောက်အောင် ဘယ်လိုလုပ်ပြီး လေ့ကျင့်နိုင်မှာလဲ”
ပိုင်ယု၏ မျက်လုံးများက အေးစက်စက်သတ်ဖြတ်လိုစိတ်နှင့် လက်လာ၏။
ပိုင်ယုက သူ့ဘယ်ဘက်လက်ထဲက ဆေဘာကို လွှတ်ပေးလိုက်ကာ သွေးသောက်သူကို လှည့်ပတ်စေ၍ ဆူဇီမို၏ မျက်နှာကို တန်းပြီးချိန်ရွယ်လိုက်၏။
ထိုတိုက်ခိုက်မှုက အလွန်တရာ ထူးဆန်းပြီး ဆူဇီမို၏ အသိသညာနှင့် မျှော်လင့်နိုင်သည်ထက်ကို ကျော်လွန်သွားလေပြီ။
ဆူဇီမိုသည် တုန်လှုပ်သွားပြီး နောက်ကို ကပျာကယာဆုတ်လိုက်ရ၏။
ဗျီး..
သူက အချိန်မီရှောင်လိုက်နိုင်သော်လည်း သူ့ရင်ဘတ်ရှေ့ဝတ်ရုံစက ပြဲသွားသေး၏။
သူ့ရင်အုပ်က ချမ်းသွားပြီး အနည်းငယ် ကျိန်းစပ်သွား၏။
ပိုင်ယုက အေးစက်စက်သရော်လိုက်၏။ သူက ဆူဇီမိုနှင့် ထိပ်တိုက်ရင်မဆိုင်တော့ပေ။ သူက ရှေ့သို့တက်၍ သူ့ဆေဘာကို ပြန်ဆုပ်ကိုင်လိုက်ပြီး သူ့ပုံရိပ်က ဖျတ်ကနဲ လှုပ်ရှားသွား၏။ နောက်ခဏ၌ သူ့ဆေဘာဓါးသွားဖြင့် ဆူဇီမို၏ နံရိုးကို ခုတ်ပိုင်းလိုက်လေသည်။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။
ပိုင်ယု၏ ဆေဘာနည်းစနစ်က အလွန်ပါးနပ်ပြီး သေကွင်းသေကွက်များကိုသာ ဦးတည်လေသည်။
ဆေဘာဓါးသွားက အရမ်းထက်ရှ၍ မှန်းဆရခက်ပြီး ကိုင်တွယ်ရ ခက်ခဲလေသည်။
ဆူဇီမိုသည် တစ်ဖန်ထပ်၍ နောက်ဆုတ်ရပြန်၏။
အရင်တုန်းကဆိုလျှင် ဆူဇီမိုသည် သူ၏ ကြောက်စရာကောင်းသော မျိုးဆက်သွေးနှင့် အာရုံခံသတိစိတ်ကို ပေါင်းစပ်အသုံးချကာ ပြိုင်ဘက်ကို သွေးသောက်သူနှင့် ရိုးရိုးရှင်းရှင်းပင် ခုတ်ပိုင်း၍ လှဲချနိုင်ခဲ့၏။
သို့သော်လည်း ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးအဖွဲ့အစည်းများမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်ဖလှယ်ရင်း သူ၏ အားနည်းချက်များကို သိမြင်နားလည်လာခဲ့၏။
သူသည် မည်သည့်ဆေဘာနည်းစနစ်ကိုမှ မသိသောကြောင့် သူ၏ လှုပ်ရှားမှုက ဟာကွက်များနှင့် ပြည့်နေ၏။ သူတိုက်ခိုက်လိုက်သည်နှင့် သူ့ပြိုင်ဘက်က သူ့ဟာကွက်ကို အလွယ်တကူ ရှာနိုင်ပြီး သူ့သေကွင်းသေကွက်ကို တန်ပြန်တိုက်ခိုက်နိုင်လေသည်။
ပိုင်ယုက ဆူဇီမိုကို ထိပ်တိုက်ရင်မဆိုင်ဘဲ.. သူ၏ အဆင့်မြင့်ဆေဘာနည်းစနစ်ကိုသုံးကာ ဆူဇီမိုကို နောက်ဆုတ်အောင် ဖိအားပေးထားနိုင်၏။
ဆူဇီမိုက သူ့ဆေဘာနှင့်တောင် ပြန်လှန်မခုခံရဲတော့ပေ။
ထိုသို့လုပ်သည်နှင့် သူအမှားလုပ်မိပေလိမ့်မည်။
ထိုအခါ သူ့ဟာကွက်များက ပိုစိပ်လာပြီး ပို၍ပို၍ အန္တရာယ်များလာပေလိမ့်မည်။
ပိုင်ယုက တိုက်ခိုက်မှုများက အညှတာမဲ့လာပြီး စုပြုံကျရောက်လာ၏။
ခုတ်ချက်တစ်ချက်စီတိုင်းက သတ်ဖြတ်ကွက်များဖြစ်ပြီး သွေးရနံ့က ဖြာထွက်နေ၏။
သတိတစ်ချက်လွတ်သွားသည်နှင့် ဆူဇီမိုက အသက်ပျောက်သွားနိုင်လေသည်။
သူ၏ အာရုံခံသတိစိတ် အကူအညီနှင့် ဆူဇီမိုသည် အန္တာရယ်များသော အခြေအနေများမှ ရှောင်းရှားထွက်နိုင်ခဲ့၏။
တစ်ချိန်တုန်းကတော့ ဆူဇီမိုသည် ငါးယောက်-တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ခဲ့ရတာတောင် မိစ္ဆာအမွေခံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သေး၏။
သို့သော် ယခု.. ရှေးဟောင်းသော့ခတ်အစီအရင်က မရှိသောအခါ.. အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူက သူ၏ တိကျ၍ ကြောက်စရာကောင်းသော ဆေဘာနည်းစနစ်နှင့် ဆူဇီမိုကို လုံးဝဖိအားပေးထားနိုင်လေသည်။
ထိုသို့ဆိုလျှင်တောင် ဆူဇီမို၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုအရိပ်အယောင်များက ရှိမနေပေ။
သူ့အနေနှင့် လက်ရှိအကျပ်အတည်းမှ ရုန်းထွက်ချင်လျှင် ရိုးရှင်းလေသည်။
သူ၏ သားရဲသွင်ပြင်ကိုပြောင်းပြီး သွေးချီစွမ်းအားကို ပေါက်ကွဲထုတ်ဖော်လိုက်ဖို့ပင်။
ထိုအခါ ဆူဇီမို၏ ခွန်အားက နောက်ထပ်အဆင့်တစ်ခုသို့ တိုးတက်ပြောင်းလဲသွားမည်ဖြစ်ပြီး တစ်ဖက်လူ၏ ဆေဘာနည်းစနစ်က ဘယ်လိုပင်ကောင်းနေပါစေ.. သူက အနီးကပ်ဝင်လုံးနိုင်မည် ဖြစ်လေသည်။
သို့သော်လည်း ဤနေရာ၌ လူပေါင်းများစွာ ရှိနေ၏။ သူသာ သားရဲသွင်ပြင်ကို ပြောင်းလိုက်လျှင် သူသည် အခုမှစ၍ ရှေးဟောင်းတိုက်ပွဲမြေတွင်သာမက၊ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၌ပါ အပယ်ခံတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
သူ၏ ဒုတိယရွေးချယ်စရာက စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကူးဖို့ပင် ဖြစ်လေသည်။
ထိုသို့တွေးနေရင်း ဆူဇီမိုသည် စိတ်ထဲကနေ အစီအစဉ်တစ်ခု ဆွဲလိုက်ပြီးသားဖြစ်၏။ သူသည် အသံရှည်ရှည်တစ်ချက်ဟိန်းဟောက်၍ နောက်သို့ခုတ်ဆုတ်လိုက်ပြီး စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဒုန်းစိုင်းပြေးချသွား၏။
“ဘာလဲဟ”
“အဲ့လူက စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကူးချင်တာလား”
“သူက သက်သက် သေချင်နေတာပဲ”
အခုချိန် သူ၏ တိုက်ခိုက်မှုက အရှိန်ရနေပြီဖြစ်တာကြောင့် ပိုင်ယုက ဆူဇီမိုကို ဒီတိုင်းလွှတ်ပေးလိုက်စရာ အကြောင်းမရှိပေ။ သူက ဟိန်းဟောက်လိုက်၏။
“မင်းပြေးစရာနေရာ မရှိတော့ပါဘူးကွာ”
နောက်ခဏ၌ သူတို့နှစ်ယောက်သည် တစ်ယောက်ပြီးတစ်ယောက် စိတ်ဝိညာဉ်ပင်လယ်ထက်၌ ပေါ်လာလေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ လှိုင်းလုံးများပေါ်ကနေ သွက်လက်ပေါ့ပါးစွာ တစ်စွေ့ချင်း ခုန်ပြေးသွားလေသည်။ တစ်ခဏအတွင်းမှာပင် သူသည် ငါးကီလိုမီတာလောက်ကို အဝေးရောက်သွား၏။
ပိုင်ယုက သူ့ဆေဘာကို ပါးစပ်မှာကိုက်ကာ ရေပြင်ပေါ်တွင် ရေနဂါးတစ်ကောင်လို ခြေလက်များကို ယက်ကန်၍ ပြေးတက်သွား၏။ သူ့အမြန်နှုန်းကလည်း ဆူဇီမိုထက် အောက်မကျပေ။