ရှားပါးမှုကို မကြောက်သော်လည်း ညီညွှတ်မှုမရှိခြင်းကို ကြောက်ရွံ့ခြင်း
Vol. 38 Ch. 558
ဒင်
ကြည်လင် ပြတ်သားသော အသံနှင့်အတူ အလင်းရောင်က လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အလယ်အလတ် အဆင့်) ၌ ရပ်သွားလေသည်။
*မိုက်တယ်ဟ*
ရဲ့လင်းချန်၏ စိုးရိမ်နေသော နှလုံးသားက နောက်ဆုံး၌ တည်ငြိမ်လာသည်။ သားရဲ ယဉ်ပါးခြင်း စွမ်းရည် မဟုတ်သရွေ့ အခြားအရာအားလုံးက အဆင်ပြေပါသည်။
ပြောရမည်ဆိုလျင် သားရဲ ယဉ်ပါးခြင်းစွမ်းရည်က အားနည်းသော စွမ်းရည် မဟုတ်ပါ။ သို့သော် ၎င်း၏ အသုံးဝင်မှုက ရဲ့လင်းချန်၏ ခွန်အားအပေါ် တိုက်ရိုက် သက်ရောက်နိုင်သော ကျန်စွမ်းရည် သုံးခုနှင့် ယှဉ်လိုက်လျင် သိပ်မကောင်းချေ။
ရှစ်ဆ ပြင်းထန် သားရဲလေ့ကျင့်ခန်းက ရဲ့လင်းချန်၏ ကိုယ်ခန္ဓာကို ကြီးမားစွာ တိုးတက်စေနိုင်သည်။ ၎င်းသည် အလယ်အလတ်အဆင့်သာ ရှိသေးသော်လည်း ကျည်ဆံကို ဟန့်တားနိုင်၏။ အဆင့်မြင့်အဆင့်သို့သာ ရောက်သွားပါက ရဲ့လင်းချန် ဘာကိုမှ ကြောက်စရာ မလိုလောက်ပါ။
အရဟာ လက်သီးစွမ်းရည်၌ ပြောင်မြောက်သော တိုက်ခိုက်မှု စွမ်းရည် ရှိပြီး သူ့အား လူသားသဏ္ဍာန် ဗုံးတစ်လုံး အဖြစ် ပြောင်းလဲစေနိုင်သည်။
တစ်ဖက်တွင်မူ လျင်မြန်စွာ ပြေးခြင်းစွမ်းရည်သည် အရှောင်အတိမ်း စွမ်းရည် ဖြစ်သည်။
၎င်းတို့ တစ်ခုချင်းစီက ခံစစ်၊ တိုက်စစ်နှင့် လွတ်မြောက်ခြင်းတို့ကို အဓိက ထားလေသည်။ ၎င်းသည် ရဲ့လင်းချန် အသည်းအသန် လိုအပ်သော အရာများပင်။
အလင်းရောင် လွင့်ပြယ်သွားသည်နှင့် လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အလယ်အလတ် အဆင့်) က လျင်မြန်စွာ ပြေးခြင်း စွမ်းရည် (အဆင့်မြင့် အဆင့်) သို့ အဆင့်တက်သွားသည်။
[လျင်မြန်စွာ ပြေးခြင်းစွမ်းရည် (အဆင့်မြင့် အဆင့်): ဤအဆင့်၌ သင်သည် လေပေါ်သို့ တက်လှမ်းနိုင်ပြီး ပြေးလွှား နိုင်၏။]
ဖော်ပြချက်က ယခင်အတိုင်း တိုတောင်းသော်လည်း ရဲ့လင်းချန်အား ၎င်း၏ အစွမ်းကို သတိမပြုနိုင်အောင် မတားဆီးနိုင်ပေ။
အလယ်အလတ်အဆင့်က သူ့အား ရေပေါ် လျှောက်လှမ်းခွင့် ပေးထားပြီး ယခုအခါ၌ သူ့အား လေပေါ်သို့ တက်လှမ်းခွင့် ပြုလာသည်။
*ဒါက ငါ အခု ပျံနိုင်ပြီလို့ ပြောချင်တာလား*
ယင်းက ထင်ယောင်ထင်မှား ဖြစ်ခြင်းလေလား မသိသော်လည်း ဘေးပတ်လည်မှ လေထုက ပို၍ ကျစ်လျစ် လာသယောင် ရှိသည်ဟု ရဲ့လင်းချန် ခံစားမိသည်။ လေထုအပေါ် သူ၏ အာရုံခံစားချက်က တိုးတက်လာခြင်း ဖြစ်နိုင်ပြီး ငှက်တစ်ကောင်က လေကို အသုံးပြု၍ ဦးတည်ပျံသန်းသကဲ့သို့ ခံစားနားလည်လာလေသည်။
သူ၏ စူးစမ်းချင်စိတ်အား အတည်ပြုနိုင်ရန် ရဲ့လင်းချန်သည် အသာခုန်၍ ညာခြေပေါ် ဘယ်ခြေနင်းလိုက်၊ ဘယ်ခြေပေါ် ညာခြေ နင်းလိုက်ဖြင့် လှမ်းလိုက်သည်။ သူ၏ ခြေလှမ်းများ ပြောင်းခြင်းနှင့်အတူ လေပေါ်သို့ အံ့ဩစရာ ကောင်းသော အရှိန်ဖြင့် တစ်လှမ်းခြင်း တက်လှမ်းသွားနိုင်လေသည်။
ဒုန်း
အမြင့် သုံးမီတာအရောက်တွင် သူ့ဦးခေါင်းက မျက်နှာကျက်နှင့် ဆောင့်မိသဖြင့် ကြမ်းပြင်ပေါ် ပြန်ပြုတ်ကျ လာသည်။
ရဲ့လင်းချန် ရယ်၍ ခေါင်းကို ပွတ်နေမိသည်။ ဤသည်နှင့်ဆိုလျင် သူသည် တကယ့် စူပါမန်း ဖြစ်လာပေတော့မည်။ စူပါမန်းက ပျံနိုင်သည် မဟုတ်ပါလော။
*မိုက်တယ်*
*ငါ ဒီတစ်ခေါက် တော်တော်လေး အကျိုးရှိသွားပြီ*
ပထဆုံး အဆင့်မြင့် စွမ်းရည်ကို ရရှိပြီးနောက် ရဲ့လင်းချန်သည် ကျေနပ်အားရစွာ အိပ်ယာဝင်လိုက်သည်။
နတ်ဆေးဆရာဝိုင်နှင့် ပတ်သက်သော ကိစ္စက အင်တာနက်တစ်ခွင်၌ ပျံ့နှံ့ဆဲ ဖြစ်သည်ကို သူ မသိလိုက်ပေ။ ယနေ့ညက လူတော်တော်များများအတွက် အိပ်မရသောည ဖြစ်ခဲ့လေသည်။
ရဲ့လင်းချန်သည် ဆေးပညာ၏ လူအများပေါ် သက်ရောက်နိုင်စွမ်းကို အထင်သေးခဲ့မိသည်။ မနက်ခင်း အစောပိုင်းအချိန်၌ လူတိုင်းက နတ်ဆေးဆရာဝိုင်၏ အစွမ်းနှင့် ပတ်သက်၍ ပျော်ရွှင်စွာ ပြောဆိုနေချိန်တွင် ရေပန်းစားနေသော ရှာဖွေမှုတစ်ခုက သူတို့ရှေ့မှောက်၌ ပေါ်လာသည်။
[လီကျားဟွာက ညတွင်းချင်း မြို့တော်ကို အပြေးလာပြီး နတ်ဆေးဆရာဝိုင်ကို သူ့ရဲ့ အဆစ်ရောင်ရောဂါ ကုသပေးဖို့ သန်းငါးဆယ် ပေးမယ်လို့ ကမ်းလှမ်းလာခြင်း]
ထိုရေပန်းစားသော ရှာဖွေမှုက ဝေ့ပေါ်တွင်သာ ပေါ်လာခြင်း မဟုတ်ဘဲ အခြားသော အဓိက သတင်းချန်နယ် များတွင်လည်း ပေါ်လာသည်။ လီကျားဟွာသည် နတ်ဆေးဆရာဝိုင်က သူ့အား သတိထားမိလာစေရန် ရေပန်းစားသော ရှာဖွေမှုအတွက် ပိုက်ဆံပေးထားပုံ ရသည်။
[မြတ်စွာဘုရား၊ သန်းငါးဆယ်ဆိုပါလား၊ တရုတ်နိုင်ငံရဲ့ ထိပ်တန်း လူချမ်းသာ ဆယ်ယောက်ထဲကလို့ မပြောရဘူး၊ ရက်ရောလိုက်တာ]
[ကျစ်၊ သန်းငါးဆယ်လေးပဲကို၊ အဲ့ဒီလူတွေအတွက် သူတို့ ကျန်းမာရေးက ပိုက်ဆံထက် ပိုပြီး အဖိုးတန်တယ်]
[သူဌေးလီရဲ့ အဆစ်ရောင်ရောဂါက ပြီးခဲ့တဲ့နှစ်တွေကတည်းက ဆိုးရွားတဲ့အဆင့်ကို ရောက်နေပြီလို့ ငါ ကြားထားတယ်၊ သူ တစ်ညလုံး ကောင်းကောင်း အိပ်မရဘဲ ညဉ့်နက်တဲ့အထိ အမြဲ နိုးနေတယ်တဲ့၊ သူက သန်းငါးဆယ် မပြောနဲ့ သန်းတစ်ရာတောင် ပေးချင်တဲ့ပုံပဲ]
[ဒီပိုက်ဆံလောက်လေးက နတ်ဆေးဆရာဝိုင်အတွက် ဘာအဓိပ္ပာယ် ရှိမှာလဲ၊ မင်းတို့ လေပူလက္ခဏာ တုပ်ကွေးရောဂါတုန်းက အဖြစ်ကို မေ့နေပြီလား၊ သူသာ ပိုက်ဆံလိုချင်ရင် အချမ်းသာဆုံးလူ ဖြစ်နေလောက်ပြီ]
[ငါ သိနေတယ်၊ နတ်ဆေးဆရာဝိုင်က လူချမ်းသာတွေရဲ့ အာရုံစိုက်တာကို ခံရလိမ့်မယ်လို့ ငါ သိနေတယ်၊ အဲ့လူတွေက ဘာမှ လိုအပ်နေတာ မရှိပင်မယ့် သူတို့အားလုံးက သေမှာကို ကြောက်ကြတာပဲလေ]
…
ရေပန်းစားသော ရှာဖွေမှု ပေါ်လာပြီး ဆယ်မိနစ်အတွင်းမှာပင် ရေပန်းစားသော ရှာဖွေမှုများက တစ်ခုပြီး တစ်ခု ထပ်ပေါ်လာသည်။
[ဟောင်ကောင်ရဲ့ ပထမဆုံး အချမ်းသာဆုံး အမျိုးသမီးက သူ့ရဲ့ မေ့မြောနေတဲ့ ခင်ပွန်းသည် သတိရလာအောင် ကုသပေးဖို့ နတ်ဆေးဆရာဝိုင်ကို သန်းတစ်ရာ ပေးချင်နေတယ်]
[မြို့တော်ရဲ့ အချမ်းသာဆုံး မိသားစုက ဝမ်ကျန်းက သူ့ရဲ့ ပြောမပြနိုင်တဲ့ ရောဂါကို ကုသပေးဖို့ နတ်ဆေးဆရာဝိုင်ကို သန်းတစ်ရာ ပေးချင်နေတယ်]
…
တစ်ခုပြီး တစ်ခု တက်လာသော သတင်းများက အများပြည်သူကို မှင်တက်သွားစေသည်။ နာမည်ကြီး လူချမ်းသာ များအပြင် အခြားသော လူချမ်းသာများလည်း ပေါ်လာပြီး မျက်လုံးပြူးစရာ တန်ကြေးများ ကမ်းလှမ်း လာကြသည်။
[မြတ်စွာဘုရား၊ ဒီကမ္ဘာပေါ်မှာ ချမ်းသာတဲ့သူတွေ အများကြီး ရှိနေတာပဲ]
[လခွမ်း၊ ငါ ဆေးပညာ သင်တော့မယ်ကွာ၊ ဒါက လမ်းပေါ်ကနေ ပိုက်ဆံကောက်နေသလိုပဲ]
[ရူးချင်စရာပဲ၊ ဆယ်သန်းအောက်ပဲ ကမ်းလှမ်းတဲ့သူတွေ နာမည်တောင် ထုတ်ပြောဖို့ ရှက်သင့်တယ်]
[နတ်ဆေးဆရာဝိုင်၊ တောင့်ထားနော်၊ ပိုက်ဆံက အနိုင်ယူသွားတာကို မခံနဲ့၊ မင်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း နေပါ]
…
နောက်တစ်နေ့၌။
ရဲ့လင်းချန်သည် ပုံမှန်အတိုင်း စောစော နိုးလာ၏။ လုံလုံလောက်လောက် အနားယူပြီးနောက် သူ လန်းဆန်းတက်ကြွသလို ခံစားနေရသည်။ ထို့နောက် သူသည် မနက်ခင်း လေ့ကျင့်ခန်းအတွက် ရှောင်ချင်နှင့် ရှောင်ဟွေကို ခေါ်သွားသည်။
သူတို့၏ မနက်ခင်း လေ့ကျင့်ခန်းက အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့လေပြီ။
သူ၏ လေ့ကျင့်မှုအောက်၌ ရှောင်ချင်နှင့် ရှောင်ဟွေသည် ကြောက်စရာ ကောင်းလာ၏။ သူတို့သည် အခြား ဝံပုလွေများထက် အနည်းငယ် အကောင် ပိုကြီးသည်။ သူတို့၏ အမွေးများက လှပစွာ တောက်ပြောင်နေပြီး မျက်လုံးများက စူးရှသည်။ သူတို့သည် ဝံပုလွေလောက၌ သိုင်းပညာရှင် အကျော်အမော်များ ဖြစ်ပေသည်။
ထို့အပြင် သူတို့၏ ခွန်အားက ကုန်းမြေပေါ်တွင်သာ မဟုတ်ချေ။ ရဲ့လင်းချန်သည် သူတို့အား အမြဲတမ်း လိပ်အိုကြီးနှင့် ဆော့ကစားစေသောကြောင့် သူတို့အား ရေထဲ၌ ရွေ့လျားနိုင်စွမ်းအား အတော်လေး တိုးတက်လာအောင် အထောက်အကူ ဖြစ်စေသည်။
လိပ်အိုကြီးမှာမူ ၎င်း၏ နာလန်ထူခြင်းက အတော်လေး ကောင်းမွန်ပေသည်။ ရဲ့လင်းချန်နောက် လိုက်လာပြီး ချီသန့်စင်ခြင်းကို လိုက်ပါ ကျင့်ကြံပြီးကတည်းက ၎င်း၏ အသိဉာဏ်က မြင့်တက်လာသည်။ အသိသာဆုံး ပြောင်းလဲမှုမှာ ၎င်း၏ ရေဖောက်ခွဲနိုင်စွမ်းက နှစ်ဆဖြစ်လာသည်။ ၎င်းသာ ဈေးဝယ်စင်တာသို့ ရေနှင့် ဖောက်ခွဲပါက ထိုနေရာတစ်ခုလုံး ရေလွှမ်းသွားလောက်သည်ဟု ရဲ့လင်းချန် ခန့်မှန်းမိသည်။ လိပ်အိုကြီးသည် ဒဏ္ဍာရီလာ သားရဲအဖြစ် တိုးတက်သွားမည့် လက္ခဏာများ ပြသနေသည်။
ရဲ့လင်းချန်၏ ခွေးဘာသာစကား စွမ်းရည်က အလယ်အလတ်အဆင့်သို့ မရောက်သေးသည်က နှမြောစရာပင်။ သို့မဟုတ်ပါက သူတို့ မကြာခင် နေရာပြောင်းရတော့မည်ဟု သူ ပြောနိုင်လောက်သည်။
မနက်စာ စားပြီးနောက် ရဲ့လင်းချန်သည် မမျှော်လင့်ဘဲ ချင်ပိုင်ချွမ်းထံမှ ဖုန်းလက်ခံ ရရှိလာသည်။ အကြောင်းအရာက ရိုးရှင်းပါသည်။ သူ့အား ဆရာဟောင်၏အိမ်သို့ သွား၍ အနားယူခြင်းမှ ထွက်လာပေးရန် ဖိတ်ကြားခြင်း၌ အတူ လိုက်ခဲ့ရန် ခေါ်ဆိုခြင်း ဖြစ်သည်။
စစ်သည်တော်ဌာနမှာ တကယ်ပင် အစွမ်းအစ ရှိပေသည်။ မနေ့ကမှ အကြောင်းအရာကို ဆွေးနွေးခဲ့ပြီး ၎င်းကို အကောင်အထည် ဖော်ပြီးနေလေသည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်နှင့်ယှဉ်လျင် ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး စက်ရုံက သူတို့အတွက် မည်မျှ အရေးပါသလဲ ပြသနေ၏။
တုန်းမြောင်မြောင်ကို ပြောပြီးနောက် ရဲ့လင်းချန်သည် ချင်ပိုင်ချွမ်းနှင့်အတူ ထွက်ခွာသွားသည်။
ထိုကားသည် စစ်သည်တော်ဌာနက အသုံးပြုသည့် SUV ကားပင်။ ကားအား ယာဉ်မောင်းတစ်ယောက်က မောင်းပြီး ရဲ့လင်းချန်နှင့် ချင်ပိုင်ချွမ်းက နောက်ခုံ၌ ထိုင်နေကြသည်။
“နည်းပြချုပ်ချင်၊ ဘာလို့ အလျင်လိုနေတာလဲ”
ရဲ့လင်းချန်က ပြုံးပြီး ချင်ပိုင်ချွမ်းကို ကြည့်လိုက်သည်။
“ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်တဲ့ မင်းကြောင့်လေ”
ချင်ပိုင်ချွမ်းက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလေသည်။
“ငါတို့ မြန်မြန် မလုပ်ရင် အားလုံးက အထိန်းအကွပ် မဲ့သွားလိမ့်မယ်”
ရဲ့လင်းချန် မျက်ခုံးလှုပ်သွားသည်။
“ဘာတွေ ဖြစ်နေလို့လဲ”
“အင်တာနက်ပေါ်မှာ ကြည့်ကြည့်လိုက်”
ချင်ပိုင်ချွမ်း၏ အသံ၌ လေးနက်မှုတို့ ပါဝင်နေသည်။
ရဲ့လင်းချန်က ဖုန်းဖွင့်ကြည့်လိုက်သည်။ သူ အထူးတလည် လိုက်ရှာစရာပင် မလိုဘဲ တက်လာသော အသိပေးချက် အားလုံးက နတ်ဆေးဆရာဝိုင်နှင့် ပတ်သက်သော အကြောင်းအရာများပင်။
ရဲ့လင်းချန် နှုတ်ခမ်းစေ့သွားပြီး အကြောင်းအရာ၏ ပြင်းထန်မှုကို ခပ်မြန်မြန် သဘောပေါက်သွားသည်။
သူသည် တကယ်ပင် ပိုက်ဆံ လိုအပ်နေ၏။ လျှို့ဝှက်၍ ပိုက်ဆံရှာဖွေရန် အဆင်ပြေသော်လည်း ဤသို့ ပေါ်ပေါ်တင်တင် လုပ်သည်က မကောင်းပေ။
နတ်ဆေးဆရာဝိုင်သည် သေစေနိုင်သော အခြေအနေများကို ကုသနိုင်စွမ်း ရှိသည်။ အခြားသူများအတွက် လုံခြုံမှုပင်။ ရဲ့လင်းချန်က ပိုက်ဆံကြောင့် ဆင်းရဲသားကို ကုသရန် ငြင်းပယ်ပါက မူလက ဖြစ်ပေါ်နေသော မျှော်လင့်ချက်က ဆောက်တည်ရာမရ ဖြစ်ခြင်းသို့ ပြောင်းလဲသွားနိုင်ပြီး အမုန်းတရားအဖြစ်သို့ပင် ပြောင်းလဲ သွားနိုင်သည်။
သို့သော် ပြဿနာ၏ အဓိကမှာ ရဲ့လင်းချန်က လူတစ်ယောက်တည်းသာ ဖြစ်သည်။ သူ့အချိန်က အကန့်အသတ်နှင့်သာ ဖြစ်ပြီး ကမ္ဘာပေါ်၌ နာမကျန်းဖြစ်သော လူများက များပြားလှသည်။ သူတို့အားလုံးကို ကုသရန် သူ့အတွက် မဖြစ်နိုင်ပေ။
ဤသို့သာ ဆက်ဖြစ်နေပါက သူသည် အခြားသူများကို မကုသချင်သည့် တစ်စုံတစ်ယောက်အဖြစ် တံဆိပ်ကပ် ခံရပြီး အများရန်သူအဖြစ်သို့ ပြောင်းလဲသွားနိုင်လောက်သည်။
ရှားပါးမှုကို မကြောက်သော်လည်း ညီညွတ်မှု မရှိခြင်းကို ကြောက်သင့်ပေသည်။ လူချမ်းသာများက ကုသမှုလုပ်ပြီး ဆင်းရဲသားများ သေသွားပါက လူအများအတွက် သည်းမခံနိုင်စရာ ဖြစ်လာပေလိမ့်မည်။