← Chapters

မင်းလက်စားချေချင်လား

Vol. 41 Ch. 619

မင်းလက်စားချေချင်လား

Vol. 41 Ch. 619

ချူထျန်းချွင်သည် ခါးသီးစွာ မျက်လုံးပိတ်လိုက်သည်။

“ ပြီးဆုံးသွားပြီ… ”

သို့သော်လည်း သူစိတ်ကူးထားသော အဆုံးသတ်က အလွန်နှေးကွေးစွာ ကျရောက်လာနေဟန်တူသည်။ အကြိမ်ရေအနည်းငယ် အသက်ရှူချိန်ကြာပြီးနောက် ရွှီချင်း၏ အက်ရှရှအသံက ချူထျန်းချွင်၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

“ ကျစ်လွီဆဲ့အိမ်ရှေ့စံနဲ့ ညဉ့်ငှက်အဖွဲ့ကို မင်းမုန်းလား ”

ရွှီချင်းသည် ချူထျန်းချွင်ကိုကြည့်ပြီး ဦးခေါင်းအပေါ် နင်းခြေတော့မည့် သူ့ခြေဖဝါးကို ပြန်ရုပ်သိမ်းလိုက်သည်။

ချူထျန်းချွင်သည် သူ့စကားကိုမကြားဟန်တူပြီး ဆက်လက် မျက်လုံးပိတ်ထားသည်။

“ မင်းက သေတော့မယ်… ငါ့ကိုလည်း မသတ်နိုင်ဘူးဆိုတော့ သူတို့ကို ငါရှာတွေ့အောင် မင်းမကူညီချင်ဘူးလား ”

ရွှီချင်းသည် တည်ငြိမ်စွာ ပြောသည်။

“ ဒါမှ သူတို့သေတာပဲဖြစ်ဖြစ် ငါသေတာပဲဖြစ်ဖြစ် မင်းရဲ့ လက်စားချေချင်တဲ့ဆန္ဒက ဖြစ်မြောက်လိမ့်မယ် ”

ချူထျန်းချွင်သည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ရွှီချင်းကိုကြည့်သည်။ ဤအခိုက်အတန့်မှာ သူ၏ အသက်က အဆုံးသတ်ကို ရောက်ရှိနေပြီ ဖြစ်၏။ ရွှီချင်းက သူ၏ ဦးခေါင်းကို မဖျက်ဆီးလျှင်ပင် သူက အချိန်ကြာကြာ အသက်ရှင်နိုင်တော့မည် မဟုတ်ချေ။ သူ၏ အသက်မီးတောက်က စတင်ငြိမ်းသက်နေပြီ ဖြစ်၏။

“ ဒါဆို ကျစ်လွီဆဲ့အိမ်ရှေ့စံနဲ့ ညဉ့်ငှက်အဖွဲ့ဘယ်မှာရှိလဲ မင်းပြောပြမလား ”

ရွှီချင်းသည် အဝေးမှ ဟင်းလင်းပြင်ကိုကြည့်လျက် တည်ငြိမ်စွာ မေးသည်။

ချူထျန်းချွင်သည် စကားမပြောပေ။ သူ၏ မျက်လုံးထဲမှ အလင်းသည် နှေးကွေးစွာ မှိန်ဖျော့လာနေသည်။ သူ၏ ဦးခေါင်းသည် မြန်မြန်ဆန်ဆန် ပိုပြီးခြောက်သွေ့လာပြီး တစ်စတစ်စ လွင့်ပြယ်လာနေသည်။

တစ်ခဏအကြာမှာ ရွှီချင်းက ခေါင်းခါလိုက်သည်။ တဖက်လူက မည်သည့်စကားမှ မပြောသောကြောင့် ဆက်မေးနေရန် အသုံးမဝင်တော့ပေ။ သူက အမြန်အဆုံးသတ်ပေးတော့မည့်အချိန် ချူထျန်းချွင်က ရုတ်တရက် အသံတိုးတိုးဖြင့် ပြောသည်။

“ ရွှီချင်း… ပင်လယ်ရဲ့အရောင်ကို ဘယ်လိုပြောင်းရမလဲ မင်းသိလား ”

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး ချူထျန်းချွင်ကိုကြည့်သည်။

ချူထျန်းချွင်သည် ရွှီချင်းကို ကြည့်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်နှာပေါ်မှ အစိတ်အပိုင်းအများစုသည် လွင့်ပြယ်သွားကြပြီ ဖြစ်၏။ သူ၏ အသံက တဖြည်းဖြည်း တိုးညင်းလာသည်။

“ ဘယ်လိုလုပ်ရမလဲ မင်းသိတဲ့အခါ အဖြေကို မင်းရလိမ့်မယ် ”

ချူထျန်းချွင်သည် စကားဆုံးအောင်ပြောပြီးနောက် မျက်လုံးပိတ်လိုက်သည်။ သူ၏ ဦးခေါင်းသည် ဖုန်မှုန့်သို့ ပြောင်းလဲသွားပြီး ရွှီချင်း၏ အရှေ့မှာ လွင့်ပြယ်သွားသည်။ သူက လုံးလုံးလျားလျား သေဆုံးသွားပြီ ဖြစ်၏။

သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် အရာအားလုံးက ဖုန်မှုန်သို့ ပြောင်းသွားကြပြီး ဤကမ္ဘာအပိုင်းအစထဲမှာ ပြန့်ကျဲသွားကြသည်။

ချူထျန်းချွင်၏ သေဆုံးမှုကြောင့် ဤကမ္ဘာသည် ပုံပျက်တွန့်လိမ်လာပြီး တဖြည်းဖြည်း မှုန်ဝါးလာကာ ပျောက်ကွယ်သွားသည်။ ရွှီချင်း၏ ဘေးပတ်ဝန်းကျင်၌ လွင်တီးခေါင်မြေ ပြန်ပေါ်လာသည်။ ပူပြင်းသော အပူလှိုင်းနှင့် ရင်းနှီးသော ကောင်းကင်မြေပြင် အရှိန်အဝါကို သူခံစားရလိုက်သည်။

ဝမ်ကူးကုန်းမြေ …

ချူထျန်းချွင်သည် သူ၏ နတ်သွေးစက်တစ်ရာနှင့် မီးခိုးမျိုးနွယ်၏ ကမ္ဘာအပိုင်းအစအား တစ်ကြိမ်ဖွင့်လှစ်ရန် အခွင့်အရေးကို လဲလှယ်ခဲ့သည်။ ဤကမ္ဘာမှ ထွက်ခွာနိုင်မည့် နည်းလမ်းသည် အလွန်ရိုးရှင်းသည်။ သူနှင့် ရွှီချင်း နှစ်ယောက်အနက် တစ်ယောက်သေဆုံးရန် ဖြစ်သည်။

ဤကမ္ဘာထဲ၌ လူတစ်ယောက်တည်းကျန်ရှိတော့မှသာ ထွက်ခွာနိုင်လိမ့်မည်။

ရွှီချင်းသည် သူ့ခြေဖဝါးအောက်မှ သဲပြင်ကို ကြည့်လိုက်သည်။ တစ်ခဏအကြာမှာ သူက ခေါင်းလှည့်လိုက်ပြီး မီးခိုးမျိုးနွယ်၏ ဦးတည်ရာသို့ ကြည့်လိုက်သည်။ သူ၏ အမြင်အဆုံးမှာ မီးခိုးသည် အလိပ်လိပ်ရစ်ခွေသွားပြီး မီးခိုးမျိုးနွယ်မှ သန်မာထွားကြိုင်းသော လူတစ်ယောက်အသွင် ဝိုးတိုးဝါးတား ဖြစ်ပေါ်လာသည်။

ရွှီချင်းသည် ထိုလူကို အေးတိအေးစက်ကြည့်လိုက်သည်။

တစ်ခဏအကြာမှာ မီးခိုးမျိုးနွယ်မှ ပုံရိပ်သည် မည်သည့်စကားမှ မပြောဘဲ ပျောက်သွားသည်။

ရွှီချင်းသည် ခေါင်းလှည့်လိုက်သည်။ သူ၏ အေးတိအေးစက် အမူအရာက ပြောင်းလဲမသွားပေ။ သူက အရှိန်တင်လိုက်ပြီး ခြေလှမ်းကျဲများဖြင့် အရှေ့သို့ဆက်လျှောက်သွားသည်။ နှစ်နာရီကြာပြီးနောက် သူသည် နောက်ဆုံးမှာတော့ လွင်တီးခေါင်မြေမှ ထွက်လာနိုင်ခဲ့ပြီး ဒေသငယ်မြို့တော်၏ နယ်နိမိတ်ထဲသို့ ခြေချနိုင်ခဲ့သည်။

စိမ်းစိုစိုတောင်တန်းများနှင့် ပင်လယ်မြစ်ချောင်းများပေါ်သို့ သူ့အကြည့်ကျရောက်သွားသည့်အခါ ဒဏ်ရာများမှ နာကျင်မှုကို သူ မဖိနှိပ်ထားနိုင်တော့ကြောင်း ရွှီချင်း သိလိုက်သည်။ သူက အကြိမ်ကြိမ် သွေးအန်လိုက်ရသည်။ သူ၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ် အစရှိသည်တို့က အလွန်အားအင်ကုန်ခမ်းနေကြသည်။ သူက ယိုင်တိယိုင်တိုင် လှုပ်ရှားပြီး မှော်ယာဉ်ပျံကို ထုတ်လိုက်သည်။ ထို့နောက် ယာဉ်ပျံပေါ်သို့ ကျားကုတ်ကျားခဲ တတ်လိုက်သည်။ သူက ဘေးသို့ ပစ်လှဲချလိုက်ပြီး ယာဉ်ပျံကို အသက်သွင်းကာ မြန်နိုင်သမျှမြန်မြန် အရှိန်ကုန်မောင်းနှင်စေ၏။

ယာဉ်ပျံသည် တဖြည်းဖြည်း လွင်တီးခေါင်မြေနှင့် ဝေးလာသည်။

ရွှီချင်းသည် စောစောတုန်းက မီးခိုးမျိုးနွယ်မှ ကျင့်ကြံသူတစ်ဦးကို မြင်တွေ့ခဲ့သောကြောင့် မည်သည့်အားနည်းချက်မှ မထုတ်ဖော်မိအောင် သူ၏ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။

သူ၏ ဒဏ်ရာများသည် အလွန်ဆိုးဝါးပြင်းထန်သည်။ ချူထျန်းချွင်နှင့် တိုက်ပွဲတွင် သူ၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ဖြစ်စေ စွမ်းအင်အများအပြား ကုန်ဆုံးခဲ့သည်။ အဆုံးမှာ သူက ကြောက်မက်ဖွယ်ရာ ကျောက်စိမ်းလက်ဖြူ၏ လေပြေရိုက်ခတ်မှုကိုပင် ထိမှန်ခဲ့သည်။

အသက်အစားထိုး ကျောက်စိမ်းပြားသည် ကြေမွပျက်စီးသွားပြီ ဖြစ်၏။ အကယ်၍ သူ၏ လက်ကောက်ဝတ်မှ ရွှေရောင်အလင်းကြောင့်သာမဟုတ်လျှင် သူသေဆုံးသွားလိမ့်မည်။

“ ငါဒေသငယ်မြို့တော်ကို အမြန်ပြန်သွားမှ ဖြစ်မယ် ”

ရွှီချင်းသည် သူ၏ နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ပစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အားနည်းမှုကို အာရုံခံမိသည်။ စောစောက ချူထျန်းချွင်နှင့် တိုက်ပွဲကို ပြန်တွေးမိသောအခါ ကြောက်ရွံ့စိတ် အနည်းငယ် ဖြစ်လာသည်။

“ အဲ့ရွှေရောင်အလင်းက တကယ်ပဲ ဘာလဲ ”

တစ်ခဏကြာ အနားယူပြီးနောက် ရွှီချင်းသည် သူ၏ လက်ကောက်ဝတ်ကို မိန်းမောစွာ ကြည့်လိုက်သည်။

သူ၏ လက်ကောက်ဝတ်မှ ရွှေချည်မျှင်သည် သူ့ကို နှစ်ကြိမ်တိုင်အောင် ကူညီပေးခဲ့သည်။ ထိုနှစ်ကြိမ်စလုံးသည် သေခြင်းရှင်ခြင်းအခြေအနေမှာ ဖြစ်သည်။ အကယ်၍ ယင်းက အကူအညီဆိုလျှင် ထိုအကူအညီက အလွန်ကြီးမားပေသည်။

ဒေသငယ်မြို့တော်သို့ သူပြန်ရောက်သည့်အခါ ရွှေချည်မျှင်ကို စစ်ဆေးမည်ဟု ရွှီချင်း ဆုံးဖြတ်လိုက်သည်။

“ ပြီးတော့ မီးခိုးမျိုးနွယ်… ”

ရွှီချင်းသည် လွင်တီးခေါင်မြေ၏ ဦးတည်ရာသို့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ဤကိစ္စက အဓိပ္ပာယ်မရှိပေ။

“ ဖုန်းဟိုင်ဒေသငယ်အတွင်းမှာတောင် မီးခိုးမျိုးနွယ်က ချူထျန်းချွင်ကို ကူညီပေးခဲ့တယ်… ဓားကိုင်တစ်ဦးကို သူသတ်လို့ရအောင် စစ်မြေပြင်တစ်ခုထောက်ပံ့ပြီး ကူညီပေးခဲ့တယ်… သူတို့ ဒီလိုမလုပ်နိုင်တာတော့ မဟုတ်ဘူးဆိုပေမဲ့ အဲ့ဒါက စွန့်စားရာမကျဘူးလား ”

“ အဲ့လိုလုပ်ရတာ တန်လို့လား ”

ရွှီချင်းသည် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။ သူ၏ ဒဏ်ရာများက နောက်တစ်ကြိမ် ပြန်ထလာသောကြောင့် သူက နောက်ထပ် သွေးတစ်လုပ်ကို အန်ထုတ်လိုက်ရပြန်သည်။ အားအင်ကုန်ခမ်းမှုသည် သူ့တစ်ကိုယ်လုံးမှာ ပျံ့နှံ့နေသောကြောင့် သူက မျက်လုံးပိတ်လိုက်ပြီး ပြန်လည်ကုသရန်သာ အာရုံစိုက်လိုက်တော့သည်။

လေးနာရီအကြာမှာ သူက မြို့တစ်မြို့၏ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ရောက်ရှိသွားသည်။ သူ၏ အသားအရေသည် ဖြူဖျော့နေပြီး အားအင်ကုန်ခမ်းနေသော်လည်း မျက်လုံးဖွင့်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်ပြီး ယာဉ်ပျံမှ ဆင်းလိုက်သည်။ ထို့နောက် ယာဉ်ပျံကို သိမ်းဆည်းလိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲသို့ လျှောက်သွားသည်။

အစီအရင်ထဲမှ တည်နေရာပြောင်းရွှေ့မည့် အားလှိုင်းများက ပျံ့နှံ့ထွက်လာကြသောအခါ ရွှီချင်း၏ ပုံရိပ်သည် အလင်းတစ်ခု ဖျတ်ခနဲလင်းသွားသည်နှင့် ရုတ်ချည်း ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာ ဖုန်းဟိုင်ဒေသငယ်မြို့တော်၏ နယ်နိမိတ်အတွင်းဝယ် စိမ်းနက်နက်တောင်တန်းထဲမှ အဆုံးမဲ့ရှေးဟောင်းတောအုပ်တစ်ခုတွင် အလွန်ကြီးမားကျယ်ပြောသော မြစ်ဝှမ်းဒေသတစ်ခု ရှိ၏။

ကောင်းကင်ယံမှကြည့်လျှင် မြစ်ဝှမ်းဒေသထဲမှာ မရေမတွက်နိုင်သော သစ်ပင်ကြီးများကို မြင်တွေ့ရလိမ့်မည်။ သစ်ပင်တစ်ပင်နှင့်တစ်ပင်ကို နွယ်ကြိုးတံတားဖြင့် ဆက်သွယ်ထားသည်။

ထိုသစ်ပင်များ၏ အပေါ်မှာ မရေမတွက်နိုင်သော သစ်သားအိမ်ငယ်ကလေးများ ရှိကြလေရာ ရွာကြီးတစ်ရွာတည်ထားသလိုပင်။

လက်ဖဝါးအရွယ်ခန့်ရှိသော သလင်းကျောက်ပမာခန္ဓာကိုယ်နှင့် လူစုများသည် အထဲမှာ ပြေးလွှားသွားလာနေကြလေရာ အချင်းချင်း ဆော့ကစားနေကြသည့်အလားပင်။

နေရောင်အောက်မှာ သူတို့၏ ခန္ဓာကိုယ်များထံမှ ရောင်ဝါများ ထွက်ပေါ်နေကြသည်။ သူတို့လှုပ်ရှားနေကြသည့်အခါ အလင်းရောင်တစ်ခု မျောလွင့်နေသည်ဟူသော ခံစားမှုအား ပေး၏။

ရယ်မောသံများ ပျံ့လွင့်လာသည့်အခါ သစ်ပင်ကြီးအများအပြားပေါ်၌ မျက်နှာများ ထွက်ပေါ်လာကြသည်ကို ဝိုးတိုးဝါးတား မြင်တွေ့နိုင်လိမ့်မည်။ သူတို့ထံမှ သိမ်မွေ့သော အရှိန်အဝါများ ထွက်ပေါ်နေကြပြီး ဤနယ်မြေထဲသို့ စိမ့်ဝင်နေကြလေရာ မြူခိုးအလွှာသေးတစ်ခု ဖြစ်ပေါ်စေသည်။

တချို့မျက်နှာများသည် နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။ တချို့မျက်နှာများသည် မျက်လုံးဖွင့်လျက် လူပုကလေးများကို နူးညံ့ညင်သာစွာ ကြည့်နေကြသည်။

သစ်ပင်ကြီးတစ်ပင် မျက်လုံးဖွင့်လိုက်သည့်အခါတိုင်း ယင်းက သလင်းကျောက်ပုံရိပ်အများအပြား ရောက်ရှိလာအောင် ဆွဲဆောင်လိမ့်မည်။ သူတို့က သစ်ပင်ကြီးများဘေးမှာ ပျော်ရွှင်စွာ မြူးတူးခုန်ပေါက်ကြလိမ့်မည်။ သူတို့၏ အမူအရာအများစုသည် လေးစားနှစ်လိုမှုဖြင့် ပြည့်နှက်နေသည်။

ဤနေရာသည် ဖုန်းဟိုင်ဒေသငယ်မှ သစ်ဝိညာဉ်မျိုးနွယ်၏ တည်နေရာဖြစ်ပေသည်။

သစ်ဝိညာဉ်မျိုးနွယ်သည် အလွန်ထူးခြားသော မျိုးနွယ်တစ်ခုဖြစ်၏။

သူတို့၏ မျိုးနွယ်ဝင်များကို ပုံစံနှစ်မျိုးခွဲထားကြသည်။ ငယ်ရွယ်သေးစဉ် သူတို့၏ ခန္ဓာကိုယ်သည် လက်ဖဝါးအရွယ်ခန့်သာ ရှိကြမည်ဖြစ်ပြီး သူတို့၏ တစ်ကိုယ်လုံးသည် သလင်းကျောက်ပမာ ကြည်လင်နေကြလိမ့်မည်။ ထိုပုံစံသစ်ဝိညာဉ်မျိုးနွယ်သည် အလွန်တန်ဖိုးကြီးမားသော ဆေးဖက်ဝင်ပစ္စည်းတစ်မျိုး ဖြစ်ပေသည်။

သူတို့အရွယ်ရောက်သည့်အခါ သစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ပြီး ယင်းထဲသို့ ပေါင်းစပ်ကြလိမ့်မည်။ ထိုအခါ ၎င်းက သစ်ပင်လူသားသို့ အသွင်ပြောင်းလဲသွားလိမ့်မည်။

သစ်ဝိညာဉ်မျိုးနွယ်မှ မျိုးနွယ်ဝင်အများစုသည် နူးညံ့ကြင်နာသော အကျင့်စရိုက်ရှိကြသော်လည်း တခြားမျိုးနွယ်စုအများအပြားသည် သူတို့၏ ကလေးပုံစံကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် သတ်မှတ်ကြသောကြောင့် သစ်ဝိညာဉ်မျိုးနွယ်သည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် သိပ်မလုပ်ခြင်းဖြစ်သည်။ ယင်းက သူတို့၏ ကလေးငယ်များကို ကာကွယ်ရန် နည်းလမ်းဖြစ်ပေသည်။

သစ်ဝိညာဉ်မျိုးနွယ်၏ ရွာလယ်ခေါင်တွင် ကောင်းကင်ထိ ထိုးတတ်နေသော သစ်ပင်ကြီးတစ်ပင် ရှိသည်။ ၎င်းက အင်မော်တယ်အူခွေသစ်ပင်များနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သစ်ပင်၏ အကိုင်းအခတ်များနှင့် သစ်ရွက်များသည် အလွန်ကြီးမားကြလေရာ ပေတစ်သောင်းဧရိယာတစ်ခုကို ဖုံးလွှမ်းထားနိုင်၏။

ထိုသစ်ပင်ကြီး၏ အထဲမှာ ဘုံကျောင်းတစ်ခု ရှိသည်။

အတိအကျဆိုရသော် ထိုသစ်ပင်က ဘုံကျောင်းအပေါ်မှာ ပေါက်ရောက်ရှင်သန်နေခြင်းဖြစ်ပြီး ဘုံကျောင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ခြင်း ဖြစ်၏။

ဘုံကျောင်းထဲမှာ ဌာပနာတည်ထားသည့် ရုပ်တုတစ်ခု ရှိသည်။

ထိုရုပ်တုသည် နဂါးများနှင့် မြွေများ၏ ဝိုင်းရံခြင်းခံထားရပြီး စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မိန်းမလှတစ်ဦးပုံ ဖြစ်ပေသည်။ သူက လက်ထဲမှာ လှံကိုကိုင်ဆောင်ထားပြီး သူ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော တိုက်ပွဲဆန္ဒလှိုင်းများကို ထုတ်လွှတ်နေသည်။

ရုပ်တု၏ အနောက်မှာ လျှို့ဝှက်လျှောက်လမ်းတစ်ခု ရှိသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုလျှောက်လမ်းအတိုင်း အောက်သို့ ဆင်းသွားလျှင် မြေအောက်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။

လမ်းအဆုံးရှိ မြေအောက်ထဲမှ အနက်ရှိုင်းဆုံးပိုင်းမှာ ရှေးဟောင်းယဇ်ပလ္လင်တစ်ခု ရှိသည်။

ယဇ်ပလ္လင်သည် အဌဂံပုံစံ ထောင့်ရှစ်ထောင့်ရှိပြီး အနက်ရောင်ဖြစ်၏။ ယင်းက ချောက်နက်တစ်ခု၏ အပေါ်မှာ တည်ရှိနေခြင်းဖြစ်ပြီး ယင်းနှင့်ဆက်သွယ်ထားသော လှေကားမှတဆင့်သာ တတ်ရောက်နိုင်သည်။ အဝေးမှကြည့်လျှင် ယင်းက လေထဲမှာ ပေါလောပေါ်နေသည်ဟု ထင်ရလိမ့်မည်။

ယဇ်ပလ္လင်၏ အပေါ်မှာ ဖန်ချွန်လမ်းအဖိုးအိုသည် တစ်ခါမှမဖြစ်စဖူး စိုးရိမ်ပူပန်သောအမူအရာဖြင့် အစွန်းဖျားမှာ မတ်တတ်ရပ်နေသည်။ သူ၏ မျက်လုံးသည် ရဲတွတ်နေပြီး မျက်ရည်စတွဲခိုနေသည်။ သူက အလွန်စိတ်ပူပန်နေသဖြင့် ခန္ဓာကိုယ်ပင် တုန်ရီနေသည်။

“ လင်းအာ ”

“ လင်းအာ… သတိရပါတော့… ”

“ အဖေ့ကို ထိတ်လန့်အောင် မလုပ်ပါနဲ့… သတိရပါတော့ ”

သူကြည့်နေသော နေရာသည် သူ့ဘေးမှ ယဇ်ပလ္လင်မဟုတ်ပေ။ ယဇ်ပလ္လင်နှင့် ပေတစ်ထောင်ကွာဝေးသော ချောက်ကမ်းပါး၏ အစွန်းဖျားပေါ်သို့ ဖြစ်၏။။

ချောက်ကမ်းပါး၏ အပေါ်မှာ မရေမတွက်နိုင်သော ဂူများသည် မှိုများကဲ့သို့ ရှိနေကြသည်။ ထို့အပြင် ဂူများသာမက တင်ပျဉ်ခွေလျက် တရားထိုင်နေကြသော အရိုးစုများလည်း အများအပြား ရှိကြသည်။ သူတို့၏ ပိန်ခြောက်ကပ်အရိုးစုများက သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့ကြကြောင်း ဖော်ပြနေလေ၏။

ဂူအများအပြားအနက် ဂူတစ်ဂူတွင် ဝတ်ရုံဖြူကို ဝတ်ဆင်ထားသော လင်းအာသည် တင်ပျဉ်ခွေလျက် တရားထိုင်နေသည်။

သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး ပါးစပ်ထောင့်မှ သွေးစီးကြောင်းတစ်ခု စီးကျနေသည်။ သူ၏ ဝတ်ရုံဖြူပေါ်မှာလည်း ထိတ်လန့်ဖွယ်ကောင်းစွာ သွေးအစွန်းအကွက်များ စွန်းထင်နေကြသည်။

သူက မျက်လုံးကို တင်းတင်းမှိတ်ထားပြီး လုံးဝမလှုပ်ရှားပေ။

“ လင်းအာ ”

ဖန်ချွန်လမ်းအဖိုး၏ စိုးရိမ်ပူပန်သော အသံသည် ထပ်မံထွက်ပေါ်လာသည်။ သူ့အသံက ဆက်လက်ပဲ့တင်ထပ်သွားသောအခါ လင်းအာ၏ မျက်တောင်သည် ခပ်ရေးရေးမျှ လှုပ်ရှားသွားသည်။ ထို့နောက် သူက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

သူ့အတွက် မျက်လုံးဖွင့်ရသည်ကပင် အလွန်ခက်ခဲသောကိစ္စတစ်ခု ဖြစ်နေ၏။ ဤအခိုက်အတန့်မှာ သူက အဝေးမှ သူ့ဖခင်ကို လှမ်းကြည့်နိုင်ရုံမျှသာ မျက်လုံးဖွင့်နိုင်၏။ အချိန်တစ်ခဏကြာပြီးနောက် သူက ပြုံးလိုက်ပြီး ပြောသည်။

“ အဖေ… သမီးအဆင်ပြေပါတယ်… ”

ဖန်ချွန်လမ်းအဖိုးအို၏ နှလုံးသည် တုန်ယင်သွားသည်။ သူက လင်းအာကို ဝမ်းနည်းပူဆွေးသော မျက်လုံးဖြင့် ကြည့်လိုက်သည်။

“ အဲ့ဒါ ရွှီချင်းကြောင့်ဖြစ်မယ် ”

သူက လင်းအာကို အမွေအနှစ်ဆက်ခံနိုင်ရန် ဤနေရာသို့ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဤနေရာသည် လင်းအာ၏ မျိုးနွယ်စု သေချာပေါက်တွေ့ကြုံရမည့် အတွေ့အကြုံတစ်ခုဖြစ်သည်။ အောင်မြင်သွားလျှင် အသက်ရှည်စေမည်ဖြစ်ပြီး ကျရှုံးသွားလျှင်တော့ ကျိန်စာကမ္ဘာက ပေါ်ထွက်လာပြီး အသက်ဆုံးရှုံးရလိမ့်မည်။

အမွေဆက်ခံခြင်းလုပ်ငန်းစဉ်သည် အလွန်ကြာရှည်ပြီး သိမ်မွေ့၏။ အဖိုးအိုသည် လင်းအာကို ကာကွယ်ရန် သတိကြီးစွာထား၍ စောင့်ကြည့်ပေးနေသည်။ အရာအားလုံးသည် မနေ့ကမတိုင်ခင်အထိ အဆင်ပြေပြေသွားနေခဲ့သည်။ မနေ့က လင်းအာသည် ရုတ်တရက် သွေးအန်လိုက်ပြီး ပြင်းထန်သော ဒဏ်ရာများက သူ့ကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။

“ အဖေကလည်း ပေါက်ကရတွေမပြောပါနဲ့… အဲ့ဒါ အကိုရွှီချင်းနဲ့ ဘာမှမဆိုင်ပါဘူး ”

“ သမီးအသုံးမကျတာပါ ”

သူ့ဖခင်၏ စကားကိုကြားသောအခါ လင်းအာသည် ခက်ခက်ခဲခဲ အသက်ရှူလိုက်ပြီး စိုးရိမ်ကြောင့်ကြစွာ ပြောသည်။

“ ငါ့သမီးမှန်တယ်… ငါ့သမီးမှန်တယ်… အဲ့ဒါ ရွှီချင်းနဲ့ဘာမှမဆိုင်ဘူး… အဖေ သမီးရဲ့ အကိုရွှီချင်းကို အထင်မှားမိတာပါ… ဘာမှမစိုးရိမ်နဲ့… အချိန်ယူပြီး ဒဏ်ရာတွေကိုကုသပါ… ကိစ္စမရှိဘူး… ကိစ္စမရှိဘူး… သမီး အမွေအနှစ်ဆက်ခံပြီးတာနဲ့ သမီးရဲ့ အကိုရွှီချင်းကိုတွေ့လို့ရအောင် အဖေခေါ်သွားပေးမယ် ”

ဖန်ချွန်လမ်းအဖိုးအိုသည် အလျှင်စလို ပြောသည်။ သူ၏ အသံက ပိုပြီးပင် တုန်ယင်နေသည်။

သူ့ဖခင်၏ စကားကိုကြားသောအခါ လင်းအာ၏ ဖျော့တော့နေသော မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်သောအပြုံး ထွက်ပေါ်လာသည်။

“ တကယ်နော်… အဖေ ”

“ တကယ်ပေါ့… တကယ်ပေါ့… အဖေ ကျိန်ပြောရဲတယ် ”

ဖန်ချွန်လမ်းအဖိုးအိုသည် အားတတ်သရော ခေါင်းညိတ်လိုက်သည်။

ထိုအခါ လင်းအာ၏ အပြုံးသည် ပိုပြီးတောက်ပလာပြီး တိုးညင်းစွာ ပြောသည်။

“ အဖေ… ဘာမှမပူနဲ့… သမီးကြိုးစားမယ်… သမီးကြိုးစားမယ်… သမီးရဲ့ အမွေအနှစ်က သေချာပေါက် အောင်မြင်ရမယ် ”

All Chapters