← Chapters

ပွဲတော်ကိစ္စ ဘာလို့ ဒီလောက် လျှို့ဝှက်ထားတာလဲ

Vol. 21 Ch. 301

ပွဲတော်ကိစ္စ ဘာလို့ ဒီလောက် လျှို့ဝှက်ထားတာလဲ

Vol. 21 Ch. 301

ဖေးချမ့် ၁၀၀,၀၀၀ ယွမ်ကို ပျော်ပျော်ကြီး ယူလိုက်ပြီး ဆုတံဆိပ်ကို သူ့ရုံးခန်းထဲမှာ သိမ်းထားလိုက်ပါသည်။ အခုတော့ အများကြီး စိတ်အေးသွားရပါပြီ။

နောက်ဆုံးတော့ သူစိတ်အေးအေးထားလို့ ရပြီပေါ့။

အမှန်ပင်။ အင်တာဗျူးအဖွဲ့ အပြန်ခရီးအတွက် လေယာဉ်လက်မှတ်ဖိုးကိုလည်း ပြန်ပေးဖို့ ဖေးချမ့် လက်ထောက်ရှင်းကို ညွှန်ကြားဖို့ မမေ့ပါ။ အများကြီး မဟုတ်သော်လည်း ငွေဖြုန်းနိုင်မယ့် အခွင့်အရေးမှန်သမျှကို သူ အသုံးချရပါမည်။

ယခု အင်တာဗျူးအဖွဲ့ကို ပြန်လွှတ်လိုက်ပြီ ဖြစ်သောကြောင့် ဘာမှ စိတ်မထင့်ဘဲ ငွေကို ဖြုန်းလို့ရပါပြီ။

အောက်တိုဘာလ ၂၄ ရက်ရှိပြီဖြစ်ကာ ၁၀၂၄ ဒစ်ဂျစ်တယ်နေ့ ပွဲတော်များကို ကျင်းပမည့် အပတ်၏ ပထမဆုံးနေ့ ဖြစ်ပါသည်။

ဒီ့မတိုင်ခင်ကလည်း ပွဲတော်အကြောင်း မားကတ်တင်းဆင်းခဲ့ကြပါသည်။ ထို့ကြောင့် ပွဲတော်စတင်သည့်အချိန်တွင် လူပေါင်းများစွာ ပါဝင်ဆင်နွှဲခဲ့ကြ၏။

ယွီသရေစာလုပ်ငန်းက ပထမဆုံး ဖြစ်ပါသည်။

ပွဲတော်ကာလအတွင်း ယွီသရေစာလုပ်ငန်းက ၎င်းတို့၏ အစားအသောက်ကို ဒစ်စ်ကောင့်ချကာ အခမဲ့ပို့ဆောင်ပေးမည် ဖြစ်သည်။ သူတို့ များများရောင်းရလေလေ အရှုံးများများပေါ်လေ ဖြစ်လိမ့်မည်။

မနက်ခင်းစောစောအချိန်တွင် အသုံးပြုသူ အသစ်ကော အဟောင်းကော ယွီသရေစာ မိုဘိုင်း App တွင် အစားအသောက်များ မှာယူ ကြပါသည်။ ယွီအင်တာနက်ကဖေးထဲက စားဖိုမှူးတချို့ သူတို့ဘဝမှာ ဒီလောက်ထိ အလုပ်မကြိုးစားခဲ့ရဖူးပါ။ ဝယ်လိုမှုကို ပြည့်မှီဖို့အတွက် ဟင်းလျာတစ်ခုပြီးတစ်ခု ချက်ပြုတ်ပြင်ဆင်နေရပါသည်။

အစားအသောက်များကို လှပသေသပ်သည့် ဇွန်းခွက်ပန်းကန်များနဲ့အတူ အပူခံအိတ်ထဲ အမြန်ထုပ်ပိုးကာ ဒလီဘာရီသမားများ စကူတာများဖြင့် ရောက်ရှိလာကြပြီး အလုပ်သမား ပျားလေးတွေလို ကတ်စတမ်မာတွေဆီ ပို့ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ။

အမှန်ပင်။ ဇွန်းခွက်ပန်းကန်များကို စုဆောင်း၊ ဆေးကြောပြီး ပိုးသတ်ရသည့် ဝန်ထမ်းတွေကလည်း ထိုနည်းလည်းကောင်း အလုပ်များနေကြပါသည်။

ဖေးချမ့်က လူအင်အား မလုံလောက်မည်ကို ကြိုတင် တွေးထားပြီးသား ဖြစ်၏။ ထို့ကြောင့် ယွီသရေစာလုပ်ငန်းကို ဒီကာလအတွင်း ယာယီ နေ့စား အလုပ်သမားများ ခန့်အပ်ခွင့်ပေးလိုက်ပါသည်။ ဒီလိုသာဆို အကူအညီ လုံလုံလောက်လောက်ရှိကာ ဒလီဘာရီများ သေချာပေါက် နှောင့်နှေးမှာ မဟုတ်တော့ပေ။

ဒလီဘာရီတွေ နှောင့်နှေးသွားရင်တောင် ဘာမှလုပ်လို့မရတော့ဘဲ ကတ်စတမ်မာတွေကို ဒစ်စ်ကောင့်ပိုပေးဖို့ သို့မဟုတ် ကုန်ကျစရိတ်များကို လျှော်ပေးဖို့သာ ရှိတော့သည်။ နှောင့်နှေးမှုများက အလွန် ကြာမြင့်သွားပါက ကတ်စတမ်မာတွေကို ၎င်းတို့ရဲ့ အော်ဒါစျေး ၂ ဆနဲ့ ဖေးချမ့် ပြန်လျော်ပေးရလောက်ပါသည်။

အနှစ်ချုပ်အားဖြင့် အရှုံးပေါ်နေပြီးသား ယွီအင်တာနက်ကဖေး ပိုပြီး အရှုံးပေါ်အောင် သူ သေချာ အကွက်ချခဲ့ရပါသည်။

ဒါတွေအပြင် ဖေးချမ့်က ယာယီအလုပ်သမားများကို ဆင်တူ ယူနီဖောင်း ဝတ်နိုင်ကြဖို့နဲ့ တူညီသည့် အပူခံအိတ်များ၊ စကူတာများ စီးနိုင်ဖို့ ငွေတွေ အများကြီး သုံးပေးခဲ့ပါသေးသည်။

ကျင်းကျိုးမြို့တွင် လမ်းပတ်လျှောက်ကြည့်ပါက ယွီသရေစာလုပ်ငန်း၏ အဝါနဲ့အပြာ ယူနီဖောင်းများကို ဝတ်ဆင်ထားသည့် ဒလီဘာရီသမားများ ဆင်တူ စကူတာများစီးကာ အစားအသောက်များ လိုက်လံပို့ဆောင်နေတာကို မြင်ရပါလိမ့်မည်။ သူတို့ပုံစံက တောက်ပြောင်ပြီး ထင်းလွန်းနေသည်ဟု ဆိုနိုင်၏။

ဖေးချမ့် မှတ်မိသည့် လူအုပ်တွေထဲကို အီလက်ထရောနစ် စကူတာများနဲ့ အတင်း တိုးတတ်သော ဒလီဘာရီသမားများနဲ့ ယှဉ်ပါက ယွီသရေစာလုပ်ငန်း၏ ဒလီဘာရီသမားများမှာ ခြားနားပါသည်။ သူတို့က အလောတကြီး မလုပ်ကြပေ။ ထို့အစား အလွန်ယဉ်ကျေးမှုရှိကာ စည်းကမ်း လိုက်နာပြီး တခြားသူတွေကို တွန်းထုတ်ခြင်း၊ လူအုပ်ထဲ အတင်းတိုးခြင်းတို့ မလုပ်ခဲ့ကြပါ။

သူတို့ အော်ဒါများကို အချိန်မှီပို့ဆောင်ဖို့ မအောင်မြင်ရင်တောင် ၎င်းတို့ လစာလျှော့ခံရမှာ မဟုတ်ပေ။ ကတ်စတမ်မာများကို ပေးရမည့် လျော်ကြေးက ယွီသရေစာလုပ်ငန်း၏ အိတ်ကပ်ထဲကသာ ဖြစ်ပါသည်။

ထို့အပြင် ယွီသရေစာလုပ်ငန်းက တခြား ပလက်ဖောင်းတွေနဲ့ယှဉ်ရင် ပိုကျန်းမာသန့်ရှင်းပြီး ပိုရက်ရောပါသည်။ ဒလီဘာရီသမားများက ဒလီဘာရီတစ်ခုစီတိုင်းအတွက် ငွေပိုရသဖြင့် အော်ဒါတတ်နိုင်သမျှ အများဆုံးရဖို့ ကိုယ့်ကိုယ်ကို စွန့်စားပြီး အလောတကြီးလုပ်ဖို့ မလိုတော့ပေ။

အမှန်ပင်။ အခြေခံကျွမ်းကျင်မှုနဲ့ အရည်အသွေးတို့လည်း နိမ့်မသွားပါ။ ဒလီဘာရီသမားများက အလွန်နှေးကွေးလွန်းပြီး ဖေးချမ့်ကို အရှုံးသိပ်မပေါ်အောင် လုပ်ပေးခြင်း သို့မဟုတ် အလွန်ရိုင်းစိုင်းလွန်းပြီး ကတ်စတမ်မာတွေကို စိတ်ပျက်အောင်လုပ်ခြင်း စသည်တို့ ဖြစ်လာပါက သူတို့ကို အလုပ်ထုတ်ပစ်လို့ ရပါသေးသည်။

လေဆန်ပို့ဆောင်ရေးမှာလည်း ထိုနည်းလည်းကောင်း အလုပ်ရှုပ်နေကြပါသည်။ ဒီ့မတိုင်ခင်က ဒီပွဲတော်အကြောင်းကို ဒလီဘာရီ ကုမ္ပဏီများစွာအား အကြောင်းကြားထားသည်။ ပွဲတော်ကာလအတွင်း လေဆန်ပို့ဆောင်ရေးက ပါဆယ်များ ပို့ဆောင်ပေးဖို့အတွက် ဘာအဖိုးအခမှ ယူမှာ မဟုတ်ပါ။ ထို့ကြောင့် ဒလီဘာရီ ကုမ္ပဏီများစွာက ၎င်းတို့၏ ပါဆယ်ထုပ်များကို လေဆန်ပို့ဆောင်ရေး ရုံးတွေမှာ လာပုံထားဖို့ သဘောတူလိုက်ပါသည်။

လေဆန်ပို့ဆောင်ရေးရုံးများတွင် စာပို့ခ ဒစ်စ်ကောင့် သို့မဟုတ် စျေးလျှော်ပေးခြင်းများ ရရှိနိုင်သဖြင့် ဒစ်စ်ကောင့် ရယူလိုသည့် ကတ်စတမ်မာတွေကလည်း ၎င်းတို့၏ စာများကို ပို့ဆောင်ပေးဖို့ လေဆန်ပို့ဆောင်ရေးကို ငှားလို့ရပါသည်။

ကျင်းကျိုးမြို့တစ်ဝန်းရှိ လေဆန်ပို့ဆောင်ရေး ရုံးများအားလုံး အလွန် အလုပ်များလာကြသည်။ ဒလီဘာရီသမားများက ဆက်တိုက်ဆိုသလို ပါဆယ်ထုပ်တွေ၊ စာတွေကို ပို့ဆောင်ပေးနေရသည်။ သူတို့ ဒလီဘာရီ တစ်ခုကို စတင်ခြင်း သို့မဟုတ် ပြီးမြောက်ခြင်းတို့ ရှိပါက စနစ်ရန်ပုံငွေထဲက ကျန်ငွေတွေ အနည်းငယ် လျော့နည်းသွားတာကို ဖေးချမ့် မြင်နိုင်ပါသည်။

ယွီအင်တာနက်ကဖေးရဲ့ ကတ်စတမ်မာတွေက သိသိသာသာ တိုးမလာသော်လည်း ROF ၏ ယူနစ်များကို ဝယ်ယူတဲ့ လူပမာဏတော့ တိုးမြင့်မှု ရှိပါသည်။

ဂိမ်မာပေါင်းများစွာက အင်တာနက်ကဖေး ဆိုင်မဖွင့်ခင်မှာပင် တန်းစီပြီး စောင့်နေကြသည်။ ဖွင့်လှစ်ပြီး သိပ်မကြာလိုက်ဘဲ ပထမဆုံး ယူနစ် ၁၀၀ အကုန်ကုန်သွားပါသည်။ ခပ်ကြာကြာတောင် မခံလိုက်ပါ။

အလွန်တန်လွန်းသောကြောင့် ဖြစ်ပါသည်။

ထိုယူနစ်များကို ၎င်းတို့ရဲ့ အရင်းစျေးနဲ့သာ ပြန်ရောင်းသည်။ ဆိုလိုရင်းက တပ်ဆင်ခ၊ ဒလီဘာရီခ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုကြေးများ အားလုံးကို လျှော်ပေးလိုက်သည်။ အခမဲ့ အဆင့်မြှင့်တင်နိုင်သည့်အပြင် ကတ်စတမ်မာတွေက တစ်ခါဝယ်ရင် ၄,၀၀၀ ယွမ်လောက် သက်သာနိုင်ပါသည်။

ထို့ကြောင့် သူတို့ ကြီးကြီးမားမား စိတ်ဝင်စားသွားကြသည်။

ပထမ ယူနစ် ၁၀၀ က မျက်စိတစ်မှိတ် အချိန်အတွင်း ရောင်းထွက်သွားသော်လည်း ကျန်ကတ်စတမ်မာများက သူတို့ဖာသာ ယူနစ်တွေ ထပ်ဝယ်ဖို့ စိတ်လှုပ်ရှားနေကြပါသည်။

ကျန်းယွမ်ကို ဖေးချမ့် ကြိုတင်ဝယ်ယူခိုင်းထားသည့် ကုန်အပိုအလျှံတွေကလည်း ချက်ချင်း အသုံးဝင်လာခဲ့၏။ အစိတ်အပိုင်း ပေါင်းစုံကို ဂိုထောင်များမှ သိုလှောင်ခန်းများဆီသို့ ဆက်တိုက် ပို့ဆောင်နေရသည်။ ထိုနေရာတွင် ဝန်ထမ်းတွေက စနစ်ယူနစ်များကို အမြန် တပ်ဆင်ကာ တပ်ဆင်ပြီးတာနဲ့ အမြန် ပို့ဆောင်ပေးဖို့ စီစဉ်ကြသည်။ လုပ်ငန်းစဉ် တစ်ခုလုံးက အလွန်လျင်မြန်လွန်းပါသည်။

လူများစွာက မနက်ခင်း အော်ဒါတင်ပြီးနောက် စနစ်ယူနစ်များကို နေ့လည်ခင်းတွေ လက်ခံ ရရှိလေ့ရှိကြသည်။ သူတို့ စကားဖြင့် ဖော်မပြနိုင်လောက်အောင် အံ့အားသင့်သွားကြပါသည်။

နေ့လည်ခင်း၊ ယွီအင်တာနက်ကဖေး၌…

ယုဟန်က သူ့ဖန်သားပြင်ကို စူးစူးစိုက်စိုက် အာရုံစိုက်ထားသည်။ မောက်စ်၏ ဘယ်ဘက် ခလုတ်ကို လက်ခလယ်ဖြင့် ဖွဖွလေး နှိပ်လိုက်၏။ ချက်ချင်းဆိုသလို ဖန်သားပြင်ပေါ်ကသေနက်က အပြာရောင် မီးတောက်များ မှုတ်လိုက်ပြီး သူ့ရှေ့က ဇွန်ဘီးများကို နောက်ဆုတ်သွားစေပါသည်။

သူ ဝန်ခံရမည်။ ယွီအင်တာနက်ကဖေးရဲ့ အဆင့်မြင့် ဟာ့ဒ်ဝဲတွေနဲ့ Refresh Rate မြင့်သော ဂိမ်းမော်နီတာတွေက သူ့ကို ထူးခြားသည့် ဂိမ်းရသမျိုး ပေးစွမ်းနေပါသည်။

ဂိမ်းပြီးဆုံးသွားသောအခါ ယုဟန်က ထိုင်ခုံတွင် မှီလိုက်ပြီး ကော်ဖီ နှစ်ငုံလောက် သောက်လိုက်၏။ ဂိမ်းရဲ့ လှုံ့ဆော်မှုကြောင့် သူရင်တွေ ခုန်နေဆဲဖြသည်။

ထိုအချိန်တွင် အင်တာနက်ကဖေးရဲ့ မန်နေဂျာက သူ့နားကပ်လာပြီး ခါးကုန်းကာ သူ့နားရွက်နား တီးတိုးပြောလိုက်ပါသည်။ “ဂုဏ်ယူပါတယ် ဆရာ။ ခင်ဗျား ဆုမဲတစ်ခု ပေါက်ပါတယ်”

ယုဟန် ထခုန်လိုက်မိ၏။ အနောက်ကို အမြန်လှည့်ကြည့်လိုက်သောအခါ မန်နေဂျာက သူ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတာကို မြင်လိုက်ရပါသည်။ သူ ဆွံ့အသွား၏။

ဒါ ကလိမ်ကျတာများလား။

မဖြစ်နိုင်ပါဘူး။ ဒီမန်နေဂျာ ဒီအင်တာနက်ကဖေးမှာ အလုပ်လုပ်နေတာ တော်တော်ကြာပြီ။ ငါသူ့ကို မှတ်မိတယ်။

ဒီလို လုပ်ငန်းကြီးတစ်ခုက နေ့ခင်းကြောင်တောင်ကြီး ငါ့ကို လိမ်ဖို့ ကြိုးစားနေတာတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား။

တကယ် ငါ့အတွက် ကံကောင်းတဲ့နေ့များလား။

ယုဟန်က မန်နေဂျာကို ယုံတစ်ဝက် မယုံ တစ်ဝက်ဖြင့် ကြည့်လိုက်၏။ “ဘာဆုလဲဗျ။ ကျွန်တော့်အတွက် ဒီနေ့ ဘေလျှော်ပေးမှာလား”

မန်နေဂျာက ပြုံးလိုက်သည်။ “ဆရာ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တို့ကို ထားခဲ့ပေးပါ။ ခင်ဗျားက ကျွန်တော်တို့ အင်တာနက်ကဖေးရဲ့ ပထမဆုံး ကံထူးသူပါ။ ကျွန်တော်တို့ ကွန်ပျူတာ စနစ် ယူနစ်တစ်ခုကို ပို့ဆောင်ပေးလိုက်ပါ့မယ်။ ကျွန်တော်တို့ အင်တာနက်ကဖေးထဲမှာ အခု မြင်ရတဲ့ ဘရန်းမျိုးပါပဲ”

ယုဟန် နားကြားမှားနေသည်ဟုတောင် ထင်မိသွားသည်။ “ဟင် ကွန်ပျူတာ တစ်လုံး ဟုတ်လား။ အလကားလား”

မန်နေဂျာက ဆက်ပြုံးနေပြီး ခေါင်းငြိမ့်လိုက်ပါသည်။ အသံတိုးတိုးဖြင့် သူ ထပ်ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျွန်တော်တို့ ခင်ဗျားကို သီးသန့် ပြုလုပ်ထားတဲ့ ROF စနစ်ယူနစ်တစ်ခု အခမဲ့ ဆုချသွားမှာပါ”

ယုဟန်ချက်ချင်း ခေါင်းမူးသွားသည်။ သူ့ဂုတ်က ဆံပင်မွှေးတွေတောင် ထောင်သွားပါသည်။

ထူးဆန်းလိုက်တာ။

အရင်အင်တာနက်ကဖေးတွေမှာ ပြုလုပ်တဲ့ ပွဲတော်တွေမှာလည်း သူ ပါဝင်ဖူးပါသည်။ သို့သော် ထိုတခြား အင်တာနက်ကဖေးတွေက ထိုပွဲတော်တွေကို ဆောင်ရွက်ပြီး အာရုံစိုက်မှု တတ်နိုင်သလောက် အများဆုံးရရှိအောင် ကြိုးစားကြသည်။

သူတို့တွေက ဝင်ပေါက်မှာ ဆိုင်းဘုတ်ကြီးတွေထောင်၊ နံရံတွေပေါ်မှာ ပိုစတာကြီးတွေ ကပ်ထားကြလိမ့်မည်။ တစ်ယောက်ယောက်သာ တကယ်ဆုမဲပေါက်ပါက အင်တာနက်ကဖေးက လူတိုင်းသိဖို့အတွက် ၃ ရက်ဆက်တိုက်လောက် ကြေညာနေလိမ့်မည်။

ယွီအင်တာနက်ကဖေးကတော့ ဘာလို့ ဒီပွဲတော်ကို အရမ်းလျှို့ဝှက်ထားရတာလဲ။

သူ စနစ်ယူနစ်တစ်ခုလုံး ခုလေးတောင် ပေါက်ခဲ့ပါသည်။ သူတို့ စည်စည်ကားကားနဲ့ ကြေညာချက်တွေ ထုတ်ပြန်သင့်တာမဟုတ်ဘူးလား။ သူတို့ မကောင်းတာ တစ်ခုခု လုပ်မိပြီး သူများတွေ မသိစေချင်တဲ့ပုံစံမျိုးတွေ ဘာလို့ဖြစ်နေကြတာလဲ။ ဘာလို့ သူ့နားရွက်နားထိ လာပြီး တီးတိုးပြောရတာလဲ။

ဘာတွေဖြစ်နေသလဲ ယုဟန်နားမလည်တော့ပါ။ သူသာ ဒီအင်တာနက်ကဖေးရဲ့ ပုံမှန်ဖောက်သည် မဟုတ်ပါက အမြန်ဆုံး ထွက်ပြေးကာ ဒီဆိုင်က အလိမ်အညာဖြစ်ကြောင်း အားလုံး သိအောင် ပြောပြလိမ့်မည်။

သို့သော်လည်း ROF စနစ်ယူနစ်တစ်ခုကို ရရှိမည်ဟု ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှား ပျော်ရွှင်သွားရပါသည်။

ROF အကြောင်း သူသိထားပြီးသား ဖြစ်၏။ အင်တာနက်ကဖေးမှာလည်း မကြာသေးခင်က ROF ပရိုမိုးရှင်းတစ်ခုအကြောင်း ကြေညာထားသေးသည်။ ဟာ့ဒ်ဝဲများက ဆွဲဆောင်မှုရှိပြီး အခမဲ့ အဆင့်မြှင့်တင်ပေးမည့် အစီအစဉ်တွေကလည်း အရမ်းကောင်းမွန်သည်။ ကတ်စတမ်မာတွေက ပရိုမိုးရှင်းတစ်ခုတည်းနဲ့ ယွမ် ၄,၀၀၀ လောက် သက်သာနိုင်သည်။ ကွန်ပျူတာတစ်ခုကို အလကား ရလိုက်သလိုမျိုး ဖြစ်ပါသည်။

သို့သော်လည်း ယုဟန်က သူဌေးမဟုတ်ပေ။ အဆင့်အနိမ့်ဆုံး ROF စနစ်ယူနစ်ကိုတောင် သူ မတတ်နိုင်ပါ။

အခုတော့ ထိုစနစ်ယူနစ်တစ်ခုကို အခမဲ့ ရမယ်တဲ့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မန်နေဂျာထံမှ ဘောပင်ကို ယူလိုက်ပြီး ပို့ဆောင်ရန် လိပ်စာကို ရေးချပေးလိုက်သည်။ အခုဖြစ်ပျက်နေတာတွေကိုလည်း ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေဆဲပင်။ ‘ဟန်တုန်းကျောက်ထုံ တက္ကသိုလ် မိန်းကမ်းပတ်စ် ဘလော့နံပါတ် ၁၄၊ ၄-၀၃’ ဟု ရေးပေးလိုက်သည်။ ထို့နောက် ထို့အောက်မှာ သူ့နာမည်နဲ့ ဖုန်းနံပါတ်ကိုပါ ရေးပေးလိုက်ပါသည်။

မန်နေဂျာက ခေါင်းငြိမ့်လိုက်၏။ “ဟုတ်ပြီ။ ကျွန်တော်တို့ ခုပဲ ပို့ဆောင်ပေးဖို့ စီစဉ်လိုက်ပါမယ်။ ကျေးဇူးပြုပြီး လက်ခံရရှိဖို့ အသင့်ပြင်ထားပေးပါနော်”

မန်နေဂျာက ဘောပင်နဲ့ စာရွက်ကို ပြန်ယူကာ ထွက်သွားပါသည်။

ယုဟန် ခေါင်းကုတ်လိုက်ပြီး ဘာတွေဖြစ်သွားတာလဲဆိုတာ လုံးဝ နားမလည်နိုင်တော့ပေ။

ဘာတွေဖြစ်နေတာလဲဟ။

မန်နေဂျာက ငါ့လိပ်စာ လာမေးပြီး ပြန်ထွက်သွားတယ်။ ဒါပဲလား။

သူတကယ်ကော ဆုတစ်ခုပေါက်ခဲ့တာ ဖြစ်နိုင်ပါ့မလားဟု ယုဟန် သံသယဝင်လာမိသည်။ ဧကန္တ အကုန်လုံးကို သူစိတ်ကူးယဉ်နေတာ ဖြစ်နိုင်သည်။ ဧကန္တ ကော်ဖီအများကြီး သောက်လိုက်တာကြောင့် ဘေးထွက်ဆိုးကျိုးခံစားနေရတာ ဖြစ်နိုင်ပါသည်။

“ထားလိုက်ပါတော့။ သူတို့က ငါ့ဆီက ငွေတောင်းနေတာမှ မဟုတ်တာ။ စောင့်ကြည့်လိုက်ဦးမယ်”

ယုဟန်အများကြီး မစဉ်းစားပေ။ ထို့အစား သမုဒ္ဒရာရဲတိုက်ကိုသာ ဆက်ကစားနေလိုက်ပါတော့သည်။

ငါစောင့်ကြည့်လိုက်ပါ့မယ်။ ရက်ပိုင်းအတွင်း တစ်ခုခု တကယ်ရလာရင်တော့ ဘာလုပ်ရမလဲ ဆုံးဖြတ်မယ်။

နေ့လည် ၁ နာရီလောက်အထိ သူဆက်ကစားခဲ့ပြီး ဆာလောင်မှုကြောင့် သူ့ဗိုက် တုန်ယင်လာတာကို ခံစားမိပါသည်။ စားသောက်ဖို့ အချိန်ကျပြီ။

အိမ်ပြန်ဖို့ အချိန်တန်ပါပြီ။

အပြန်လမ်းတွင် ယွမ်သရေစာမှ အစားအသောက်များကို မှာယူခဲ့သည်။ ဒီလိုဆို သူ့အဆောင်ကို ရောက်တာနဲ့ အော်ဒါတန်းရရှိနိုင်မည်ဖြစ်၏။ စားသောက်ပြီး နေ့လည်နေ့ခင်း အနားယူအိပ်စက်နိုင်ပါသည်။ သူ့ဘဝကြီးက လှပလွန်း၏။

သူ့ကျောင်းတော်ရဲ့ အဓိက ဝင်ပေါက်ကို ရောက်သည့်အခါ သူ့ဖုန်း မြည်လာသည်။

“ဟယ်လို မစ္စတာ ယုဟန်လား မသိဘူး။ ဒလီဘာရီလေး လာပို့တာပါ”

ယုဟန် အမြန်ပြန်ဖြေလိုက်ပါသည်။ “သြော် ဟုတ်ကဲ့ ကျွန်တော် အခုပဲ ရောက်တော့မယ်နော်”

ယုဟန်က ဖုန်းချလိုက်ပြီး တစ်ယောက်တည်း ရေရွတ်လိုက်ပါသည်။ “ငါ့အော်ဒါ ဘာလို့ ဒီလောက်မြန်နေတာပါလိမ့်”

အရင်တုန်းကလည်း သူ ယွီသရေစာမှ အကြိမ်ပေါင်းများစွာ အော်ဒါမှာဖူးပါသည်။ သူ့အချိန်ခန့်မှန်းမှုက အမြဲတမ်း မှန်ကန်လေ့ ရှိသည်။ သူ့ဘလော့ဆီကို ရောက်တာနဲ့ အော်ဒါလည်း ရောက်လာလိမ့်မည်။

သို့သော်လည်း ဒီနေ့တော့ ကျောင်းအပေါက်ဝနားပဲ ရှိသေးတယ်၊ သူတို့က ဖုန်းဆက်လာခဲ့သည်။

ယုဟန်တစ်ယောက် သူ့အဆောင်ဆီကို ခပ်သုတ်သုတ်လေး လျှောက်သွားခဲ့သည်။

သူ့ဘလော့ဆီကို ရောက်ခါနီးတွင် ဖုန်းမြည်လာပြန်သည်။

“ဟယ်လို မစ္စတာယုဟန်လား မသိဘူး။ မှာထားတဲ့ စားစရာတွေ ရောက်ပါပြီ”

ယုဟန် ဆွံ့အသွား၏။ “ဟုတ်ပါပြီ ဟုတ်ပါပြီ ကျွန်တော့်ကို ဇွတ်တွေ မလုပ်ပါနဲ့။ ကျွန်တော် ရောက်ခါနီးနေပါပြီ”

ဒလီဘာရီသမာားက ပြန်ဖြေလိုက်၏။ “ဟမ်”

ယုဟန်ရပ်တန့်သွားသည်။ ရုတ်တရက်ကြီး ဒီလူ့အသံက မတူမှန်း သတိထားမိသွားသည်။ ပြန်စဉ်းစားကြည့်ခါမှ ခုနကလူက ‘ဒလီဘာရီ’ ရောက်ပြီဟု ပြောခဲ့ခြင်းဖြစ်သည်။

ယုဟန် ခပ်မြန်မြန်ပြန်ပြောလိုက်၏။ “သြော် ဆောရီးပါဗျာ။ ကျွန်တော်မှားသွားလို့။ ခဏလောက် စောင့်နော်။ ကျွန်တော် ရောက်တော့မယ်”

အလွန်ဇဝေဇဝါဖြစ်စွာဖြင့် ဖုန်းချလိုက်သည်။

ဒလီဘာရီ ဟုတ်လား။ ငါ အခုတလော ဘာမှလည်း မှာမထားပါဘူး။ အဲ့ဒီ ဒလီဘာရီက ဘယ်ကနေ ရောက်လာတာလဲ။

ထို့အပြင် ပုံမှန်ဆို ပါဆယ်တွေကို သူ့လိပ်စာအထိ လာပို့ပေးမှာ မဟုတ်ပါ။ လူတွေ ကိုယ့်ဖာသာကိုယ်လာယူဖို့ ကွင်းပြင်တစ်ခုပေါ်က မျဉ်းမှာသာ ချထားပေးခဲ့ကြလိမ့်မည်။ ဒီဒလီဘာရီက ဘာလို့ သူ့ဘလော့အထိ လာပို့ပေးတာလဲ။

သူ့ကို ဆက်ဆံပုံက အလွန်သဘောကောင်းလွန်းနေပါသည်။

ယုဟန် ခပ်သုတ်သုတ်ဖြင့် သူ့ဘလော့ ပထမထပ်ကို လျှောက်လာခဲ့ပြီး အဝါနဲ့ အပြာ ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ယွီသရေစာ ဒလီဘာရီသမားကို မြင်လိုက်၏။

သို့သော်လည်း ထိုဒလီဘာရီသမား ဘေးမှာလည်း သုံးဘီးဆိုင်ကယ်တစ်စီး ရှိနေပြီး သူ့ရှေ့မှာ ဧရာမ ပုံးကြီးတစ်ခုကို ချထားပါသည်။

ယုဟန် ကြောင်တောင်တောင် ဖြစ်သွား၏။ ယွီသရေစာ ဒလီဘာရီသမားနားကို သွားလိုက်ပြီး သူ့အစားအသောက်တွေကို ယူလိုက်ပါသည်။ ထို့နောက် တခြား ဝန်ထမ်းဆီကို သွားလိုက်၏။

“ဒါဘာကြီးလဲ” ယုဟန်က ဧရာမ ပုံးကြီးကို စစ်ဆေးကြည့်လိုက်ပြီး မှင်သက်သွားပါသည်။

ဒလီဘာရီသမားက ပြုံးကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ ကွန်ပျူတာ လာပို့ပေးတာပါ။ အပေါ်ထပ်ကို ကူသယ်ပေးရမဦးမလား”

ယုဟန်က အလွန် အံ့အားသင့်သွားသဖြင့် ပါးစပ်မှ ရေရွတ်လိုက်မိပါသည်။ “လခွမ်း”

သူဒီမနက်အစောပိုင်းလောက်မှ ဆုမဲပေါက်ခဲ့ခြင်းဖြစ်ကာ စနစ်ယူနစ်က နေ့လည်ခင်းမှာ ရောက်တောင်လာပြီလား။

ဒုံးပျံတွေတောင် ဒီလောက် မမြန်လောက်ပါ။

ယုဟန်က ဒလီဘာရီအကြောင်း စဉ်းစားနေတုန်းက စနစ်ယူနစ်ကိုတောင် ထည့်မတွေးခဲပါ။ သူ ဆုမဲပေါက်ခဲ့တာ မှန်ကန်ရင်တောင် ၃ ရက် ၅ ရက်လောက်နေမှ ရရှိဖို့ မျှော်လင့်ထားခဲ့သည်။

ROF က ကွန်ပျူတာများ တပ်ဆင်ပေးတယ် ဆိုတာကို သူ သိထားပြီးသား ဖြစ်၏။ ဟာ့ဒ်ဝဲများကို အွန်လိုင်းပေါ်မှာ အော်ဒါမှာနိုင်သည်။ သို့သော်လည်း အပြင်ဆိုင်တွေထက် အများကြီး ပိုမြန်မြန်ဆန်ဆန် ပို့ဆောင်ပေးနိုင်လိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့ပါ။

“ကျေးဇူးပြုပြီး အပေါ်ကို ကူတင်ပေးပါဦး။ ကျေးဇူးတင်ပါတယ်ဗျာ”

ယုဟန် အလွန်ပျော်ရွှင်သွား၏။ ငါအိပ်မက်များ မက်နေတာလား။

သူ့အဆောင်ဆီကို ရောက်လာတော့ သူ့အတန်းဖော်တွေက သက်တောင့်သက်သာ နေနေကြပါသည်။ တချို့က ကုတင်ပေါ်မှာ အိပ်နေပြီး တချို့က လက်ပ်တော့နဲ့ ရှိုးတွေ ကြည့်နေသည်။

ဒလီဘာရီသမားက အလွန်တော်၏။ ပုံးကြီးကို အောက်ချကာ ဖောက်လိုက်ပြီး အထဲက စနစ်ယူနစ်ကို ထုတ်ယူလိုက်ပါသည်။ ထို့နောက် ယုဟန်ရဲ့ စားပွဲပေါ်မှာ တင်ပေးလိုက်၏။

ဟန်တုန်းကျောက်ထုံ တက္ကသိုလ်ရဲ့ အဓိက ကမ်းပတ်စ်တွင် ဟန်တုန်းတက္ကသိုလ်ထက် ပိုကောင်းတဲ့ အဆောက်အအုံတွေ ရှိပါသည်။ နှစ်ထပ် ကုတင်များအစား အပေါ်ဘက်မှာ အိပ်ယာရှိပြီး အောက်ဘက်မှာတော့ အလုပ်လုပ်ဖို့ နေရာရှိသည်။ ထို့ကြောင့် ယုဟန် စနစ်ယူနစ်ကြီးကို ထားဖို့အတွက် နေရာ ရှိပါသည်။

ယုဟန်က သူ့အတန်းဖော်ဘေးကို အပြေးသွားပြီး ပြောလိုက်၏။ “ယောက်ဖလီ မင်းမော်နီတာ ခဏလောက် ငှားစမ်းပါ”

ယောက်ဖလီက ယုဟန်ရဲ့ မျက်နှာချင်းဆိုင်မှာ အိပ်ပြီး Desktop တစ်လုံးပိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ယုဟန်ကလည်း လက်ပ်တော့သုံးရတာကိုပဲ ပိုအသားကျပါသည်။ ထို့ကြောင့် မော်နီတာ တစ်လုံးတောင် မရှိခြင်း ဖြစ်၏။ ထို့အပြင် ဒီစနစ်ယူနစ်မှာ မော်နီတာ မပါပါ။

စနစ်ယူနစ်ကို သူ စမ်းသပ်ချင်ပါက သူများ မော်နီတာ ငှားကြည့်မှရပါမည်။

ယောက်ဖလီက ဂိမ်းကစားနေရင်း လှည့်ကြည့်လိုက်တော့ ယုဟန်ရဲ့ စားပွဲပေါ်က အထင်ကြီးစရာ စနစ်ယူနစ်ကြီးကို မြင်သွားပါသည်။ သူ့မျက်လုံးတွေ ပြူးထွက်သွားပြီး ပြောလိုက်၏။

“ငါ့လခွမ်း ယောက်ဖယု မင်းထီပေါက်လာတာလား”

All Chapters