ကိုယ်ပျောက်လူသား
Vol. 21 Ch. 304
ရှားကျန်းက ထပ်မေးလိုက်သည်။ “ဒါဆို အိပ်မက်ရန်ပုံငွေရခဲ့လို့ ထန်းတာ့ကနေ ထွက်ခဲ့တာပေါ့နော်”
ဟွမ်းစစ်ပေါ်လည်း ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ပါတယ်”
“ကျွန်တော် ဒီငွေတွေကို ပထမဆုံး ရရချင်းတုန်းက အရမ်းဇဝေဇဝါဖြစ်ခဲ့တာ။ ကျွန်တော် ဒီလောက် ပိုက်ဆံတွေအများကြီး ကိုင်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဒီငွေတွေနဲ့ ဘာလုပ်ရမလဲဆိုတာ ကျွန်တော် အကြာကြီး စဉ်းစားခဲ့ရတယ်”
“နောက်ဆုံးတော့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုက ဂိမ်းလောကထဲမှာ မရှိဘူးလို့ ဆုံးဖြတ်ခဲ့တယ်”
“သမုဒ္ဒရာရဲတိုက် ရေပန်းစားလာခဲ့တုန်းက ဂိမ်းလောကအတွက် ကျွန်တော့်ဘဝကို ပေးဆပ်ဖို့ တကယ် တွေးခဲ့မိပါတယ်။ ဒါပေမယ့် ငွေတွေကို ရလိုက်တော့ ကျွန်တော်တကယ်လုပ်ချင်တာက ရုပ်ရှင်လောကထဲ ဝင်ရောက်ချင်တာဆိုတာ သိလိုက်ရတယ်။ အဲ့ဒီလိုနဲ့ ကျွန်တော် အဲ့ဒီငွေတွေကို သုံးပြီး ဖေးဟွမ်လုပ်ငန်းကို တည်ထောင်ခဲ့တယ်။ ကျွန်တော်နဲ့ ရည်မှန်းချက်ချင်းတူတဲ့ မိတ်ဆွေ ကျူးရှောင်စဲနဲ့လည်း ဆုံခဲ့ရတယ်။ အဲ့ဒီနောက်တော့ ကျွန်တော် ခရီးလမ်း အသက်စက်စက် တစ်ခုကို စတင်ခဲ့တယ်”
ရှားကျန်းက ပြန်ပြောလိုက်သည်။ “ဒါဆို ဒီငွေတွေက ရှင့်ရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တာပေါ့နော်”
ဟွမ်းစစ်ပေါ် ထပ်ပြီး ခေါင်းငြိမ့်လိုက်သည်။ “လုံးဝ မှန်ပါတယ်။ ဒီငွေတွေက ကျွန်တော့်ရဲ့ ပုံစံအစစ်အမှန်ကို မြင်နိုင်အောင် အကူအညီပေးခဲ့တယ်။ ကျွန်တော် တကယ်တမ်း ဘာလိုချင်သလဲဆိုတာကို သိလာဖို့ အကူအညီပေးခဲ့တယ်။ ကျွန်တော့်ရဲ့ ဘဝရည်မှန်းချက်ကိုလည်း တွေ့ခဲ့တယ်။ အခုတော့ ကျွန်တော် အထူးချွန်ဆုံး ဝန်ထမ်းအဖြစ် ရွေးချယ်ခံခဲ့ရပြီး အိပ်မက်ရန်ပုံငွေ ပေးအပ်ခံခဲ့ရတာကို အရမ်း ကျေးဇူး တင်နေမိပါပြီ။”
“အဲ့ဒီငွေတွေက ကျွန်တော့်ရဲ့ ကိုယ်ပိုင် လုပ်ငန်းတည်ထောင်ဖို့ သက်သက် ပေးအပ်ခဲ့တာ မဟုတ်ဘူး။ ကျွန်တော် တကယ်တမ်း ဘယ်သူဆိုတာကို မြင်နိုင်ဖို့အတွက် ကူညီပေးခဲ့တဲ့ ငွေတွေပဲ။ ကျွန်တော်သာ ထူးချွန်ဝန်ထမ်းအဖြစ် ရွေးချယ်မခံခဲ့ရဘူးဆိုရင် ဒီနေ့ဒီအချိန်မှာ အခုလိုပုံစံဖြစ်နေမှာ မဟုတ်ဘူး။ ဖေးဟွမ် လုပ်ငန်းဆိုတာလည်း ရှိလာမှာ မဟုတ်ဘူး။ ဘော့စ်ဖေးရဲ့ နေ့စဉ်ဘဝ၊ ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် မွေးဖွားလာခြင်းနဲ့ တခြား လက်ရာကောင်းတွေလည်း ရှိလာမှာ မဟုတ်ဘူး”
ဖေးချမ့် ပိုပြီး နားထောင်မိလေလေ အင်တာဗျူးက တစ်ခုခုလွဲနေသလို ပိုခံစားလာရလေလေဖြစ်သည်။
အမှန်ပင်။ သူ့နာမည်ကိုတော့ ဗီဒီယို တစ်ခုလုံးမှာ ဖော်ပြမသွားပါ။ ဘော့စ်ဖေးရဲ့ နေ့စဉ်ဘဝကတော့ ခြွင်းချက် ဖြစ်၏။
သို့သော် ဟွမ်းစစ်ပေါ်က ‘ကိုယ်ပျောက်လူ’ တစ်ယောက်အကြောင်းကို ဖော်ပြနေမှန်း သိသာလှပါသည်။
ဟွမ်းစစ်ပေါ်ကို အတွေ့အကြုံ ပိုများတဲ့ လျို့ကြီးအစား ရွေးခဲ့တာ ဘယ်သူလဲ။
ဟွမ်းစစ်ပေါ်ကို လစာ တိုးပေးခဲ့တာ ဘယ်သူလဲ။
ထန်းတာ့မှာ ပြောင်မြောက်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးခဲ့တာ ဘယ်သူလဲ။
ဟွမ်းစစ်ပေါ်က သမုဒ္ဒရာရဲတိုက်အတွက် လိုအပ်ချက် ၃ ရပ်ကို နားမလည်ခဲ့ပေမယ့် အဲ့ဒီအကြံတွေကို ထုတ်ခဲ့တာ ဘယ်သူလဲ။
အိပ်မက်ရန်ပုံငွေ အစီအစဉ်ကို ပြုလုပ်ပြီး ဟွမ်းစစ်ပေါ်ကို ထန်းတာ့ဂိမ်းက ထွက်သွားစေကာ ဖေးဟွမ် လုပ်ငန်းကို တည်ထောင်စေခဲ့တာ ဘယ်သူလဲ။
ဒီမေးခွန်းတွေ အားလုံးက လူတစ်ဦးတစ်ယောက်တည်းကိုပဲ ညွှန်ပြနေတာ သိသာလှပါသည်။
ထန်းတာ့ရဲ့ ဘော့စ်ဖြစ်သည်။
တစ်နည်းအားဖြင့် ဖေးချမ့်ပဲ ဖြစ်ပါသည်။
အင်တာဗျူး အစမှ အဆုံးအထိ ဖေးချမ့်နာမည် ထည့်ပြောမသွားသော်လည်း ‘နေရာလွတ်’ နည်းလမ်းကြောင့် စာဖတ်သူတွေကလည်း ဟွမ်းစစ်ပေါ် အပေါ်တွင် တစ်စုံတစ်ယောက်၏ လွှမ်းမိုးမှု ရှိနေမှန်း ခံစားမိကြသည်။ ဒီလူက ဟွမ်းစစ်ပေါ်ရဲ့ တိုးတက်မှုအတွက် အရေးပါတဲ့ ကဏ္ဍမှ ပါဝင်နေပုံရ၏။
ဟွမ်းစစ်ပေါ်ကို သူပဲ လမ်းမှန်ပြသပေးခဲ့တာ ဖြစ်သည်။
အင်တာဗျူးကို နားထောင်လိုက်သူတိုင်း ဒီလိုတွေးမိကြလိမ့်မည်။
ဟွမ်းစစ်ပေါ်ကလည်း တကယ်ပဲ ပါရမီရှိပါသည်။ သူက ငယ်ရွယ်သေးသော်လည်း အောင်မြင်သည့် ပရောဂျက်များစွာကို ဖန်တီးနိုင်ခဲ့၏။ ဂိမ်းဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် ဟွမ်းစစ်ပေါ်ရဲ့ လက်ရာတွေက အလွန် ပြောင်မြောက်လွန်းပါသည်။
သို့သော်လည်း မူလအစတုန်းက သူ့ပါရမီမှာ ပုန်းကွယ်နေခဲ့သည်။
ဒီ ‘ကိုယ်ပျောက်လူ’ကသာ ဟွမ်းစစ်ပေါ်ရဲ့ ပါရမီကို မဖော်ထုတ်ဘဲ လမ်းမှန်ပြသမှု မရှိခဲ့ပါက ဟွမ်းစစ်ပေါ်ရဲ့ ပါရမီလည်း ဆက်လက် ပုန်းကွယ်နေလောက်ဦးမည်။ အနည်းဆုံး ၁ နှစ်ကျော်ကျော်လေးအတွင်းမှာ ဒီလောက် အောင်မြင်မှုတွေ ရနိုင်မှာ မဟုတ်ပါ။
ကျွန်ပိုင်ရှင်တစ်ယောက်ရဲ့ လက်ထဲက မြင်းကောင်းတစ်ကောင်မှာ အသေအလဲ အလုပ်လုပ်ရခြင်းနဲ့ မြင်းဇောင်းထဲတွင်နေထိုင်ရခြင်းတို့တွင်သာ သံသရာလည်နေလိမ့်မည်။ ထိုမြင်းကောင်းကို ဘယ်သူမှ အသိအမှတ်ပြုကြမှာ မဟုတ်ပေ။
မြင်းကောင်းများစွာရှိသော်လည်း ပေါ်လဲ့လိုလူမျိုးတွေကတော့ ရှားပါးသည်ဟု ဆိုကြသည်။ [မြင်းတစ်ကောင်ကို ကြည့်ပြီး အလားအလာရှိမရှိ အကဲခတ်နိုင်သောကြောင့် တရုတ်တွင် နာမည်ကြီးခဲ့သူ]
ဟွမ်းစစ်ပေါ် ဒီလောက်အောင်မြင်မှုများစွာ ရရှိခဲ့ခြင်းက သူ့ကိုယ်သူ မြင်းကောင်းတစ်ကောင် ဖြစ်မှန်း သက်သေပြနိုင်ခဲ့ပါသည်။ သို့သော်လည်း အင်တာဗျူးကတော့ ပေါ်လဲ့လိုလူမျိုးတွေရဲ့ အရေးပါမှုကိုသာ အလေးပေးထားသည်။
ဖေးချမ့် နဖူးပေါ်က ချွေးစေးများ ကျလာခဲ့ပါသည်။
အခြေအနေတွေ မကောင်းတော့ပေ။
နှစ်ယောက်စလုံးက တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက် ထင်ဟပ်စေနေသည်။ သူတို့နှစ်ယောက်က အတော်လေး လိုက်ဖက်မှုရှိကြ၏။
ဟွမ်းစစ်ပေါ်က ဗီဒီယိုမှာ ပါဝင်ခွင့်ရသည့်အခါ အပျော်လွန်ပြီး သူ့အောင်မြင်မှုတွေကိုသူ ကြွားလိမ့်မည်ဟု ဖေးချမ့် ထင်ခဲ့မိသည်။ ဖေးချမ့်ကို ဟွမ်းစစ်ပေါ် လုံးဝ စကားထဲက ထုတ်ပစ်လိုက်လိမ့်မည်ဟု ထင်ခဲ့၏။
သို့သော်လည်း ဖေးချမ့် တစ်ဝက်သာ မှန်ပါသည်။
ဟွမ်းစစ်ပေါ်က ဖေးချမ့်ကို စကာထဲကတော့ ထုတ်ထားသည်။ သို့သော် သူကြွားနေသည့် အောင်မြင်မှုတွေက ဘော့စ်ဖေးအတွက်သာ ဖြစ်သည်။
ဒါက ဘော့စ်ဖေးကို တိုက်ရိုက်ချီးကျူးတာထက်တောင် ပိုပြီး သက်ရောက်မှုရှိပါသည်။
ဖေးချမ့် ခပ်မြန်မြန်ပဲ အောက်ကို ထပ်ဆွဲကြည့်လိုက်၏။
ဒုတိယ အင်တာဗျူးက ပေါင်ရှုဖြစ်သည်။
ပေါင်ရှု၏ ကိုယ်ရေးအကျဉ်းကိုလည်း သူ့ဗီဒီယိုအပေါ်မှာ ရေးသားထားပါသည်။ အင်တာနက် စွဲလမ်းသူ တစ်ယောက်ဖြစ်ခဲ့သည့် သူ့သမိုင်းကြောင်း၊ သမုဒ္ဒရာရဲတိုက်ရဲ့ Concept ဒီဇိုင်နာလုပ်ခဲ့ရတဲ့ သူ့အတွေ့အကြုံ၊ ထို့နောက် ဂိမ်းပေါင်းများစွာကို ချိန်ညှိပေးရသည့် အတွေ့အကြုံ စသည်တို့ ပါဝင်သည်။ ပေါင်ရှုက အခု ထန်းတာ့ဂိမ်းမှာ တည်ငြိမ်နေသည့် အားတစ်ခု ဖြစ်နေပါပြီ။
သူ့အင်တာဗျူးက ဟွမ်းစစ်ပေါ်နဲ့ ရှုထောင့်ချင်း လုံးဝ ကွဲပြားနေသော်လည်း ဖေးချမ့်ခံစားရသည့် ခံစားချက်ကတော့ အတူတူပဲ ဖြစ်သည်။
“ရှင်က လူတွေပြောကြတဲ့ ‘အင်တာနက်စွဲလမ်းသူ’ ဆိုတာမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ကြားတယ်။ ရှင်က အင်တာနက်ကဖေးတွေထဲမှာပဲ နေခဲ့တာတဲ့။ အဲ့တာက ပုံကြီးချဲ့ပြီး ပြောတာလား ဒါမှမဟုတ်…” ရှားကျန်းက မေးလိုက်၏။
ပေါင်ရှုက ရှက်ရွံ့စွာဖြင့် ရယ်မောလိုက်ပါသည်။ “တကယ်ပါ။ ချဲ့ကားပြောထားတာ မဟုတ်ပါဘူး။ ကျွန်တော်က ဆောင်းရာသီအကုန်ကနေ နွေရာသီအထိ လေးလ ငါးလလောက် အင်တာနက်ကဖေးဆိုင် တစ်ခုမှာပဲ နေလေ့ရှိတယ်။ ကျွန်တော့် အဆောင်ကိုတောင် ကျွန်တော် မပြန်ဘူး”
“အင်တာနက်ကဖေးထဲက လူတိုင်းက အင်္ကျီလက်တိုတွေ ဝတ်ထားကြပေမယ့် ကျွန်တော်ကတော့ ဆောင်းရာသီ အဝတ်အစားတွေ မလဲရသေးဘူး”
ရှားကျန်းရဲ့ မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။ “ဒါဆို ဘယ်လိုများ ရေချိုးလဲ”
ပေါင်ရှု ခေါင်းခါလိုက်သည်။ “မချိုးဘူး”
“သွားကော ဘယ်လိုတိုက်လဲ”
“သွားလည်း မတိုက်ဘူး။ အလွန်ဆုံး အင်တာနက်ကဖေးရဲ့ သန့်စင်ခန်းမှာ မျက်နှာသစ် ပလုတ်ကျင်းရုံပဲ ရှိတယ်။”
“ဒါဆို ပင်ပန်းလာတဲ့အခါ ဘာလုပ်လဲ”
“ညဘက်ကျရင် ကျွန်တော် အင်တာနက်ကဖေးထဲက ထိုင်ခုံတွေကို တန်းစီလိုက်တယ်။ နေ့ဘက် အိပ်ငိုက်လာရင်တော့ ကျွန်တော့်ထိုင်ခုံမှာ မှီပြီး အနားယူလိုက်တာပဲ”
“ရှင့်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ဖို့နဲ့ အခွန်အခတွေဆောင်ဖို့ကော ပိုက်ဆံ လုံလုံလောက်လောက် ရှိခဲ့ရဲ့လား”
“ကျွန်တော် အင်တာနက်ကဖေးမှာနေတုန်း ဂိမ်းထဲက ပစ္စည်းတွေ ရောင်းတယ်။ Boost လုပ်ပြီး Grind လုပ်ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပေးတယ်။ အင်တာနက်ကဖေးဖိုးကလွဲပြီး တခြားနေရာတွေမှာ ကျွန်တော်မှ ပိုက်ဆံအများကြီး မသုံးဘူး။ ကျွန်တော် ဗိုက်ဆာလာရင် ခေါက်ဆွဲဗူးတွေ စားတယ်။ လုံးဝ ငတ်နေရင်တော့ အပြင်စာကို မှာစားတယ်။ ကျွန်တော် ငွေလုံလောက်ခဲ့တယ် ထင်တာပဲ”
ရှားကျန်း အံ့အားသင့်သွားရ၏။ သူ့ခံစားချက်တွေကို စကားနဲ့တောင် ဖော်မပြနိုင်လောက်အောင် ဖြစ်သွားပါသည်။ “ရှင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးက…”
ပေါင်ရှု ရယ်မောလိုက်ပါသည်။ “တော်တော် ဆိုးဆိုးဝါးဝါးပဲ။ ဒါပေမယ့် အဲ့ချိန်တုန်းက အဲ့ကိစ္စတွေ ကျွန်တော် သိပ်ပြီး ဂရုမစိုက်ပါဘူး”
“ခုတလော အင်တာနက်ကဖေးမှာ လူတွေ ရုတ်တရက်သေသေနေတဲ့အကြောင်း သတင်း ဖတ်မိတယ်။ ပြန်တွေးကြည့်မှ ကျွန်တော်လည်း အဲ့လို မသေခဲ့တာ ကံကောင်းတယ်လို့ ပြောရမယ်”
ရှားကျန်းက ဆက်မေးသည်။ “အဲ့လိုဘဝမျိုးကို ဘာလို့ နေဖြစ်ခဲ့တယ်လို့ ထင်လဲ။ လူတွေခေါ်တဲ့ အင်တာနက် စွဲလမ်းမှုဆိုတာ ဒါမျိုးလား”
ပေါင်ရှုက ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်၏။ “ကျွန်တော် ဝေခွဲမရဖြစ်ခဲ့ပြီး အနာဂတ်ပျောက်ခဲ့တာ ထင်တာပဲ”
“အဲ့အချိန်တုန်းက ဂိမ်းဆော့ဖို့ကလွဲပြီး ကျွန်တော့်ကို ပျော်ရွှင်စေတဲ့အရာ ဘာမှ မရှိခဲ့ဘူး။ တခြား ဘာကိုမှလည်း စိတ်မဝင်စားဘူး။ ကျွန်တော် အင်တာနက်ကဖေးထဲက ထွက်လာရင် သွားစရာ နေရာမရှိတော့ဘူး။ အချိန်တွေ ကုန်လွန်လာတာနဲ့ ကျွန်တော်လည်း ဒီလိုပဲ သံသရာလည်ခဲ့တာပဲ”
“အခုပြန်တွေးကြည့်မှ အဲ့တိုင်းသာ ဆက်သွားခဲ့ရင် ကျွန်တော် ဘာမှ ကျန်မှာ မဟုတ်တော့ဘူး”
ထိုအချိန်တွင် ရှားကျန်းက မေးလိုက်၏။ “ဒါဆို ရှင့်ကို ဘာက ပြောင်းလဲသွားစေခဲ့တာလဲ”
ပေါင်ရှုက ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်လိုက်ပါသည်။ “လူတစ်ယောက်က ကျွန်တော့်ကို အင်တာနက်ကဖေးမှာ လာတွေ့ပြီး ဂိမ်းတစ်ခုကို ဒီဇိုင်းဆွဲဖို့ အလုပ်ခန့်ခဲ့တယ်”
“ပထမတော့ သူ့ကို ကျွန်တော် မယုံဘူး။ ဒါပေမယ့် သူ့ပုံစံက အရမ်းရိုးသားတဲ့ပုံပေါက်တယ်။ ကျွန်တော့်ကို စရန်ငွေ ယွမ် ၅၀၀ တောင်ပေးပြီး သူ့ရုံးမှာ မော်နီတာ ၂ လုံးနဲ့ အဆင့်မြင့် ကွန်ပျူတာ ရှိတယ်လို့တောင်ပြောခဲ့တာ။ အဲ့မှာ ကျွန်တော် ကစားချင်တဲ့ ဂိမ်း ကစားလို့ရတယ်တဲ့”
“ယွမ် ၅၀၀ ကဘယ်လောက်မှ မများပေမယ့်… ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ အရေးပါတဲ့လူတစ်ယောက်အဖြစ် အသိအမှတ်ပြုခံရတဲ့ လူတစ်ယောက်အဖြစ် ခံစားလိုက်ရတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က ဂိမ်းကစားဖို့ကလွဲပြီး ဘာမှ မဟုတ်တဲ့ အမှိုက်လိုကောင် မဟုတ်မှန်း နားလည်ခဲ့ရတယ်”
“အဲ့ဒီလိုနဲ့ ကျွန်တော် အင်တာနက်ကဖေးထဲက လျှောက်ထွက်လာခဲ့တာပဲ”
“အဲ့ဒီတုန်းက ကျွန်တော့်ဘဝကြီး လုံးဝ ပြောင်းလဲသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး”
ရှားကျန်းက ပြောလိုက်၏။ “ရှင်က ထန်းတာ့ဂိမ်းမှာ တော်တော်လေး ထူးချွန်တဲ့ ဝန်ထမ်းပဲနော်။ ထူးချွန်ဝန်ထမ်း ရွေးချယ်ပွဲမှာ ဒုတိယနေရာ ၂ ခေါက်တောင် ရခဲ့တယ်လို့ ပြောကြတယ်။ ၂ ခေါက်စလုံးလည်း လစာမပြတ် ခွင့်ရက်တွေ ရခဲ့တယ်။ အဲ့ဒါကို ဘယ်လို ခံစားရလဲ”
ပေါင်ရှုက မဲ့ပြုံးပြုံးလိုက်ပါသည်။ “နောင်တရတယ်”
ရှားကျန်း အံ့သြသွား၏။ “နောင်တရတယ် ဟုတ်လား။”
ပေါင်ရှု ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ အရွေးခံခဲ့ရတာကို နောင်တရတယ်”
ရှားကျန်း ပြုံးလိုက်မိသည်။ “ဒါဆိုရင်တော့ အရမ်းနားလည်ရခက်သွားပြီ။ လူအများစုသာ ဒီလို လစာမပြတ် ခွင့်ရက်တွေရရင် အပျော်ကြီး ပျော်သွားကြမှာ မဟုတ်ဘူးလား”
ပေါင်ရှုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပါသည်။ “ကျွန်တော် မသွားချင်ဘူး။ ကျွန်တော်က အပြင်မှာ နေ့တိုင်း လျှောက်လည်ဖို့ထက် ရုံးထဲမှာပဲ ပိုပြီး အလုပ်လုပ်ချင်တယ်”
ရှားကျန်းက ပြောလိုက်၏။
“ဒါပေမယ့် နောက်ဆုံးတော့လည်း သွားခဲ့ရတာပဲလား”
ပေါင်ရှုက ခေါင်းငြိမ့်၏။ “ဟုတ်တယ်။ ကျွန်တော် လက်မခံဘဲ အဆင့် ၃ ရတဲ့လူကို လစာမပြတ်ခွင့်ရက် ပေးလိုက်ဖို့ ပြောပါသေးတယ်။ ဒါပေမယ့်… စည်းမျဉ်းက စည်းမျဉ်းတဲ့လေ။ ပြောင်းလဲလို့မှ မရတာ”
ရှားကျန်း စိတ်ဝင်စားလာခဲ့သည်။ “ကျွန်မ ဒါမျိုးကြားဖူးတာ ပထမဆုံးပဲ”
“ကုမ္ပဏီက အတော်ဆုံး ဝန်ထမ်း တစ်ယောက်ကို လစာမပြတ် ခွင့်ရက် ၁ လ ပေးခဲ့တယ်။ လစာလည်း မဖြတ်တဲ့အပြင် အားလပ်ရက်အတွက် ကုန်ကျစရိတ်တွေ အကုန်လုံးကိုလည်း တာဝန်ယူပေးတယ်။ ဒါပေမယ့် ဝန်ထမ်းကတော့ အဲ့ဒီဆုကို မလိုချင်ဘဲ သူများကို အစားပေးလိုက်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် ကုမ္ပဏီက ခွင့်မပြုဘူးတဲ့”
“ကျွန်မ နားနဲ့ ကိုယ်တိုင် ကြားနေရတာသာ မဟုတ်ရင် အလိမ်အညာလို့ ထင်မိမှာပဲ”
ပေါင်ရှုလည်း စိတ်ပျက်လက်ပျက်ဖြင့် ပခုံး တွန့်လိုက်ပါသည်။ သူလည်း ဘာမှ မတတ်နိုင်ပါ။ ဒီစကားလုံးတွေက သူ့ရင်ထဲက လာခြင်း ဖြစ်သည်။
“လိုအပ်မယ်လို့တော့ မထင်ဘူးနော်။ ရှင်ကိုယ်တိုင်က ဆုကို အစားပေးချင်တာကို ဘာလို့ ခွင့်မပြုခဲ့တာလဲ” ရှားကျန်း မေးလိုက်ပါသည်။
ပေါင်ရှုက ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်၏။ “ကုမ္ပဏီက ကျွန်တော့်အပေါ် ကောင်းနေတာလို့ပဲ ထင်တယ်။ အစောပိုင်းက ကျွန်တော် မသွားချင်ခဲ့ဘူး။ ဒါပေမယ့် ၂ ခေါက်လောက် ခရီးသွားပြီးတော့ ကျွန်တော့် ပုံစံ အများကြီး ပိုကြည့်ကောင်းလာတယ်လို့ အားလုံးက ဝိုင်းပြောကြတယ်။ ကျွန်တော့် ကျန်းမာရေးလည်း တိုးတက်လာခဲ့တယ်”
“ကျွန်တော် လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်လို့ ဆုကို အစားပေးခွင့် မပြုခဲ့တာ ဖြစ်မယ်”
“အဲ့တာ ဒီမှာ ဝန်ထမ်းတွေကို ဆက်ဆံတဲ့ ပုံစံပဲ ဖြစ်မယ်။ ကျွန်တော် မသေချာပေမယ့် ရင်ထဲမှာတော့ မှန်တယ်ဆိုတာကို သိနေခဲ့တယ်။”
ထို့နောက် လင်းဝမ်နဲ့ လုမင်လျန်တို့ရဲ့ အင်တာဗျူး ရောက်လာပါသည်။
နှစ်ယောက်စလုံးမှာ အထင်ကြီးစရာ ကိုယ်ရေးအကျဉ်းနဲ့ တောက်ပနေကြသည့်ပုံစံပင်။
လင်းဝမ်က Bloody Battle Song : အကြမ်းစား ဗားရှင်း၏ ဖန်တီးမှုတွေ ပါဝင်ခဲ့ရသည့် ဒါရိုက်တာ ဖြစ်သည်။ ထိုဂိမ်းကို မိုဘိုင်းဂိမ်းအဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့သူလည်းဖြစ်၏။
လုမင်လျန်က Game Designer ဂိမ်းနဲ့ ထိုဂိမ်းထဲက လှောင်ပြောင်သည့် နောက်ခံ အသံများ၏ ဖန်တီးရှင်ဖြစ်သည်။ အခုတော့ လေဆန်ပို့ဆောင်ရေး လုပ်ငန်းကို တာဝန်ယူထားပါသည်။
အင်တာဗျူးနှစ်ခုစလုံးက ဟွမ်းစစ်ပေါ်နဲ့ အတူတူနီးပါး ဖြစ်၏။ သူတို့ စကားပြောရင်း ‘ကိုယ်ပျောက်လူ’ တစ်ယောက်က သူတို့ရဲ့ သက်ဆိုင်ရာဂိမ်းတွေကို ဖန်တီးဖို့ လမ်းညွှန်ပေးခဲ့ကြောင်း အရိပ်အမြွက်များ ထည့်ပြောသွားသည်။
ထိုအင်တာဗျူးများ ပြီးသွားသည့်နောက်တွင် ရှားကျန်း အကျဉ်းချုပ်လိုက်ပါသည်။
“ထန်းတာ့ရဲ့ ဒီထူးချွန်ဝန်ထမ်း လေးယောက်က ကုမ္ပဏီထဲက ဝန်ထမ်းရာကျော်ရဲ့ ကိုယ်စားလှယ်တွေလိုပါပဲ”
“အားလုံးက စရိုက်ချင်းမတူ၊ အတွေ့အကြုံ မတူကြဘူး။ ဦးဆောင်ရတဲ့ ကဏ္ဍနဲ့ ယူရတဲ့ တာဝန်တွေလည်း မတူကြဘူး”
“ဒါပေမယ့် သံသယဖြစ်စရာ မရှိအောင် သူတို့ အားလုံးက အထင်ကြီးစရာ ပါရမီရှင်လေးတွေပါပဲ “