ငါဘယ်သူလဲဆိုတာ မသိရပေမယ့် ငါ့ရဲ့သမိုင်းဝင်လုပ်ရပ်က ထာဝရ ရှင်သန်သွားလိမ့်မယ်
Vol. 21 Ch. 305
“ဟွမ်းစစ်ပေါ်က ဘက်စုံတော်တဲ့ ဝန်ထမ်း တစ်ယောက်ပဲ။ ပရောဂျက်တစ်ခုလုံးကို စီစဉ်နိုင်သလို တခြားသူတွေကိုလည်း ကောင်းကောင်း ဦးဆောင်နိုင်တယ်။ ပရော်ဖက်ရှင်နယ်လည်း ကျတယ်။ သူက ထူးချွန်တဲ့ စံပြဝန်ထမ်းတစ်ယောက်လို့ ဆိုလို့ ရပါတယ်”
“ပေါင်ရှုမှာ အရမ်းအားကောင်းတဲ့ စရိုက် ရှိတယ်။ သူက ဂိမ်းတွေအပေါ်မှာ အရမ်း စိတ်အားထက်သန်မှု ရှိတယ်။ သူ့စွမ်းရည်တွေကို အမြဲ သွေးနေတယ်ဆိုပေမယ့် အရမ်းကြီးတော့ လူမှုဆက်ဆံရေးမကောင်းဘူး။ သူက ရည်မှန်းချက်ကြီးကြီးကို မြင်နိုင်တဲ့နေရာမှာကော သူများတွေကို ဦးဆောင်တဲ့နေရာမှာကော သိပ်မတော်ဘူး”
“လင်းဝမ်ကတော့ အတွေးအခေါ်သမား။ သူက အရမ်းကြီး အသေးစိတ်မကျတတ်ပေမယ့် တစ်ခုခုကို ပစ်မှတ်ထားလိုက်ပြီဆိုတာနဲ့ မတုန်မလှုပ်ဘဲ အဆုံးထိ သည်းခံသွားနိုင်တယ်”
“လုမင်လျန်က အထင်အမြင်တွေ သိပ်မကောင်းဘဲ သူ့စိတ်ဆုံးဖြတ်ချက် ချတဲ့နေရာမှာလည်း နည်းနည်းပြဿနာ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် သူက ထူးချွန်တဲ့ နောက်လိုက်တစ်ယောက်ပဲ။ တာဝန်တစ်ခုကို လက်ခံရရှိတာနဲ့ အပြစ်အနာအဆာကင်းကင်း ပြီးမြောက်အောင် သေချာ လိုက်နာနိုင်တယ်”
“ဒီဝန်ထမ်း ၄ ယောက်က အရမ်းခြားနားတဲ့ နောက်ကြောင်းတွေကနေ လာခဲ့ပေမယ့် သူတို့မှာ တူညီတဲ့အချက်တစ်ခုတော့ ရှိကြတယ်။ အဲ့တာက သူတို့အကုန်လုံး တစ်ချိန်က လမ်းပျောက်ပြီး ဦးတည်ရာ မဲ့ခဲ့ကြပါတယ်”
“ဒါပေမယ့် ထန်းတာ့မှာ သူတို့ရဲ့ အရည်အချင်း အမြင့်ဆုံးအထိ ရောက်ရှိနိုင်ခဲ့တယ်”
“ဘက်စုံတော်တဲ့ ဟွမ်းစစ်ပေါ်က ဖေးဟွမ် လုပ်ငန်းကို ဦးဆောင်ပြီး သူ့လုပ်ငန်း အစောပိုင်းမှာတောင် မှီခိုစရာမလိုတဲ့ ခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ပြီ”
“ဂိမ်းတွေကို ပိုကောင်းအောင် အမြဲတမ်း လုပ်ဆောင်နေခဲ့တဲ့ ပေါင်ရှုက ထန်းတာ့ဂိမ်းမှာ ဆက်ရှိနေပြီး သူ့ရဲ့ ကျယ်ပြန့်တဲ့ ဂိမ်းလောက အတွေ့အကြုံတွေနဲ့ အောင်မြင်မှုတွေဆီကို ရောက်ဖို့ ပဲ့ကိုင်ပေးတယ်”
“အတွေးအခေါ်သမား လင်းဝမ်ကတော့ ရှန်းယန်ဂိမ်းဆီ လွှဲပြောင်းပေးခံခဲ့ရတယ်။ Paywall တွေနဲ့ ပြည့်နေတဲ့ ဂိမ်းတစ်ခုကို စေတနာပါတဲ့ ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲခဲ့တယ်။ ဝက်ဘ်ဆိုက်ဂိမ်မာတွေနဲ့ မိုဘိုင်းဂိမ်မာတွေ နှစ်စုစလုံးအတွက် နယ်မြေကို ရှင်းလင်းပေးခဲ့တယ်”
“ထူးချွန်တဲ့ နောက်လိုက် လုမင်လျန်က Game Designer အောင်မြင်မှု ရရှိပြီးတဲ့နောက် နောက်ဆုတ်ခဲ့တယ်။ အခုတော့ ထန်းတာ့ကိုယ်စား စိတ်ရှည်ဖို့ကော အသေးစိတ်တိုင်းကို ဂရုစိုက်ဖို့ကော လိုအပ်တဲ့ လေဆန်ပို့ဆောင်ရေး လုပ်ငန်းရဲ့ ဦးဆောင်သူ ဖြစ်နေပါပြီ။”
“ဒီပါရမီရှင်လေးတွေက စရိုက်လက္ခဏာတွေ အရမ်းကွာခြားကြပေမယ့် သူတို့ရဲ့ အစွမ်းအစတွေကို အမြင့်ဆုံး ပေါ်ထွက်လာစေဖို့ အသင့်တော်ဆုံး ရာထူးတွေ ပေးအပ်ခြင်းခံခဲ့ရတယ်”
“ဧကန္တ ထန်းတာ့ အခုလို အောင်မြင်မှုတွေ ဆက်တိုက် ရခဲ့တဲ့ အဓိက အကြောင်းအရင်းက ဒါကြောင့်ပဲ ဖြစ်နိုင်ပါတယ်”
မာယန်က ဘော့စ်ဖေးရဲ့ ညာလက်ရုံး ဖြစ်ကာ ယုံကြည်ရသည့် စစ်သူကြီး ဖြစ်သော်လည်း သူ့ကို အင်တာမဗျူးခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူတို့ လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ဖို့ မာယန် ဉာဏ်မမှီမှာကို ဖေးချမ့် စိတ်ပူသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် မာယန်နဲ့ ဖေးချမ့်တို့က အခန်းဖော်တွေ ဖြစ်ခဲ့ကြမှန်း သိသွားကြပါက ဘော့စ်ဖေးရဲ့ သရုပ်မှန် ပေါ်လာဖို့ ပိုပြီး နီးစပ်သွားနိုင်သည်။
ဒါတောင် ဒီဝန်ထမ်း ၄ ယောက်ရဲ့ အင်တာဗျူးနဲ့ ဘော့စ်ဖေးကို တော်တော် ခေါင်းကိုက်စေနေပါပြီ။
နောက်ဆုံးတော့ ရှားကျန်းရဲ့ အကြံအစည်ကို ဖေးချမ့် အနည်းနဲ့အများ နားလည်သွားသည်။
အင်တာဗျုူး ၄ ခုစလုံးမှာ ဘော့စ်ဖေး ဆိုတဲ့ စကားကို ထည့်ပြောမသွားပါ။ သို့သော်လည်း ဒီအင်တာဗျူးတွေကို သေချာနားထောင်တဲ့ လူတိုင်းက စကားလုံးတွေကြားမှာ ကိုယ်ပျောက်လူ တစ်ယောက် ရှိနေမှန်း သိကြလိမ့်မည်။
ဒီထူးချွန်ဝန်ထမ်းတွေကို လမ်းမှန်ရောက်အောင် လမ်းညွှန်ပေးခဲ့တဲ့လူက ဘယ်သူလဲ။
ဒီထူးချွန်ဝန်ထမ်းတွေကို ရာထူးမှန် ပေးအပ်ခဲ့တာ ဘယ်သူလဲ။
ဒီလောက် ရက်ရောပြီး လွတ်လပ်တဲ့ အလုပ် ပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့ ဘယ်သူလဲ။
ထန်းတာ့ရဲ့ ယေဘုယျဦးတည်ချက်နဲ့ တိုက်ပွဲ ဗျူဟာကို ချမှတ်ပေးခဲ့တာ ဘယ်သူလဲ။
အမှန်ပင်။ ထန်းတာ့ရဲ့ ဘော့စ်သာ ဖြစ်သည်။
ထို့ကြောင့် အင်တာဗျူးတွေက အပေါ်ယံမှာ ထန်းတာ့ရဲ့ ဝန်ထမ်းတွေကို ချီးကျူးနေသယောင် ဖြစ်သော်လည်း တကယ်တမ်း ထန်းတာ့ရဲ့ ဘော့စ်ကို ချီးကျူးနေခြင်းသာ ဖြစ်သည်။
မင်းဆက်ပေါင်းစုံက ပါရမီရှင်များစွာနဲ့ ပတ်သတ်သည့် သမိုင်းဝင် ဇာတ်လမ်းတွေလိုပင်။ သူများတွေကို သွန်သင်ဆုံးမရဲသည့် ပါရမီရှိသော ဝန်ကြီးချုပ်များကို နန်းတော် တရားရုံးတွင် သူများထက်သာအောင် အဆင့်သတ်မှတ်ပေးထားသည်။ စစ်သူကြီးတွေကလည်း ရဲရင့်၊ စွမ်းရည်မြင့်ကာ၊ လူတိုင်း လေးစားရသူများ ဖြစ်၏။
ဒါက ပါရမီရှိတဲ့ ဝန်ကြီးချုပ်တွေနဲ့ စစ်သူကြီးကောင်းတွေကိုပဲ ထင်ဟပ်စေတာလား။
မှန်လည်းမှန် မှားလည်းမှားပါသည်။
နောက်ဆုံးတော့ ဒီလိုတွေ ဖြစ်လာနိုင်ခြင်းက အမြောက်အမြင်ရှိတဲ့ ဧကရာဇ်တစ်ယောက် တည်ရှိနေခြင်းကြောင့်သာဖြစ်၏။
ပါရမီရှိတဲ့ ဝန်ကြီးချုပ်တွေနဲ့ စစ်သူကြီးကောင်းတွေကို အဆင့်မြှင်တင်ပြီး သက်ဆိုင်ရာ ရာထူးအပ်နှင်းခဲ့ကာ တိုင်းပြည်ကို အမှုထမ်းလျက် အကျိုးပြုစေခဲ့တာ အမြော်အမြင်ရှိတဲ့ ဧကရာဇ်ကြီးသာ ဖြစ်သည်။
ဧကရာဇ်မင်းကြီးကသာ စဉ်းစား ဆုံးဖြတ်နိုင်စွမ်း မရှိပါက တိုင်းပြည်ထဲမှာ ပါရမီရှိတဲ့လူ ဘယ်နှယောက်ပဲရှိရှိ ဘာမှ မထူးပေ။ ဉာဏ်နီဉာဏ်နက်များပြီး ရက်စက်တဲ့လူတွေကြောင့် ဘေးထုတ်ခံကြရပါလိမ့်မည်။ အချိန်တိုအတွင်း ခမ်းနားတဲ့ မင်းဆက်ကြီးလည်း မြေလှန်ခံရနိုင်သည်။
အင်တာဗျူးမှတ်တမ်းက ဒီလောက်နဲ့ သူတို့ ရည်ရွယ်ချက်ကို ဖော်ပြပြီးပါပြီ။
သို့သော်လည်း မပြီးသေးပေ။
ဗီဒီယိုက အပိုစကားလုံးတချို့နဲ့ အဆုံးသတ်သွားပါသည်။
“ဒီနေ့ စာရေးသူက ကျွန်မတို့ရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဆယ်လီဖန်တီးသူကြီးကို စာဖတ်သူတွေ စိတ်ကူးယဉ်ပုံဖော်နိုင်ဖို့အတွက် ‘နေရာလွတ်စနစ်’ကို အသုံးပြုခဲ့ပါတယ်”
“အခုလောက်ဆို စာဖတ်သူတွေလည်း သူ့ရဲ့ ယေဘုယျ ပုံရိပ်ကို ပုံဖော်နိုင်ကြလောက်ပြီပေါ့”
“သူ့ရဲ့ စိတ်ဓာတ်ကို ဖော်ပြနိုင်ဖို့အတွက် စာရေးသူက သူ့ကို အသေးစိတ်အင်တာဗျူး လုပ်ဖို့ တွေးခဲ့ပါသေးတယ်”
“ဒါပေမယ့် သူကတော့ ထန်းတာ့ရဲ့ ဝန်ထမ်းတွေက ပိုပြီး ချီးကျူးခံထိုက်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူကက ထန်းတာ့ရဲ့ အောင်မြင်မှုတွေအတွက် ပါရမီရှိပြီး အလုပ်ကြိုးစားတဲ့ သူ့ရဲ့ ဝန်ထမ်းတွေကိုပဲ ချီးကျူးတယ်။ သူကတော့ သူ့တာဝန်သူ ကျေပွန်အောင် လုပ်တာလောက်ပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်”
“သူ့အတွေးအမြင်ကို ပိုပြီး တိတိကျကျ ပုံဖော်ပြရမယ်ဆိုရင် အင်တာဗျူးအတွင်းမှာ သူပြောခဲ့တဲ့ စကားအစိတ်အပိုင်းတစ်ခုကို ပြန်ဖော်ပြပါ့မယ်။ စာဖတ်သူတွေ သူ့ရဲ့ ပုံရိပ်ကို အရောင်အသွေးပါ ထပ်ခြယ်နိုင်ဖို့ မျှော်လင့်ပါတယ်”
“ဂိမ်းလောကထဲ ဝင်ရောက်ခဲ့တာက ကျွန်တော် အလောတကြီးချလိုက်မိတဲ့ ဆုံးဖြတ်ချက် တစ်ခုပဲ။ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို တကယ် နောင်တ ရမိတယ်။ တခြား လုပ်ငန်းတွေကိုသာ ရွေးခဲ့မိရင် ပိုကောင်းမှာ”
“တကယ်တော့ ကျွန်တော်က အကျိုးအမြတ်ရဖို့ အဲ့လောက်ကြီး စိတ်မဝင်စားဘူးဗျ။ ဂုဏ်သတင်းမွှေးဖို့နဲ့ အကျိုးအမြတ်ရဖို့နှစ်ခုကို ဘယ်လိုမျှချေညီအောင် လုပ်ရမယ်ဆိုပြီးတော့လည်း တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမယ့် ဘာကြောင့်မှန်းမ သိဘဲ ထန်းတာ့ရဲ့ ဂုဏ်သတင်းတွေက တက်တက်လာတယ်။ ရောင်းအားတွေလည်း တိုးလာတယ် အမြတ်အစွန်းတွေလည်း အများကြီး ပိုရလာတယ်။ အခုဆို အရမ်း အမြတ်အစွန်းဝင်လွန်းလို့ မွန်းကြပ်ဖို့တောင် ကောင်းလာပြီ”
“ကျွန်တော့် ပန်းတိုင်က အမြဲတမ်း အရှုံးပေါ်တဲ့ ဂိမ်းတစ်ခုကို ဖန်တီးဖို့ပဲ”
“လူတွေက အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းရဲ့ ဇာတ်လမ်းကို အကဲခတ်လွန်နေကြတာ။ ကျွန်တော်က ဒီဂိမ်းနဲ့ ကစားသမားတွေကို နှိပ်စက်ချင်ရုံသက်သက်ပဲ။ ကစားသမားတွေနာကျင်တာကို မြင်ရတာ ကျွန်တော် သာယာတယ်လေ”
“အဲ့တာတွေက အင်တာဗျူးနေစဉ် သူ့ရင်ထဲက ထွက်လာတဲ့ စကားလုံးအစစ်အမှန်တွေပါပဲ”
“ဒါပေမယ့် သူလည်း အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းကို ပြီးအောင် ကစားခဲ့မှန်း ကျွန်မတို့အားလုံး သတိထားမိကြတယ် မဟုတ်လား။ သူ့ရဲ့ ဂရုမစိုက်ဘဲ ဟာသဉာဏ်ရွှင်တဲ့ အပြောအဆို နောက်ကွယ်မှာ တိတ်တဆိတ် စတေးခံပြီး အလုပ်ကြိုးစားတဲ့ စိတ်ဓာတ်လည်း ရှိနေတယ် ဆိုတာ သက်သေပြလိုက်တာပဲ”
“အဲ့တာတွေအကုန်လုံးအပြင် သူက အရမ်းကို အလုပ်များတဲ့ လူတစ်ယောက်ပဲ။ နေ့တိုင်း အချိန်စာရင်းက ပြည့်နေတယ်။ ဒါတောင် အလုပ်ဆက်ပြီး ကြိုးစားဖို့အတွက် အားအင်တွေ တစ်နည်းနည်းနဲ့ ရှာနေတုန်းပဲ”
“ဧကန္တ ဒါတွေအားလုံးက သူ့ရဲ့အစွန်းရောက် အပြောအဆိုတွေကနေ ဖြစ်တည်လာတာ ဖြစ်နိုင်တယ်”
“သူ့ရဲ့ ကိုယ်ပိုင် အောင်မြင်မှုတွေကို ဘယ်တော့မှ ဂုဏ်ယူမှုမရှိသလို ကြွားဝါခြင်းလည်း မရှိခဲ့ဘူး။ အဲ့ဒီအစား သူ့ကိုယ်သူ အမြဲတမ်း စိန်ခေါ်မှုတွေ ဆက်ပြီးခဲ့ပြီး အနားမယူဘဲ သူ့ရဲ့အကန့်အသတ်တွေကို တွန်းအားပေး ကျော်လွန်ခဲ့တယ်”
“အဆုံးသတ်အနေနဲ့ စာရေးသူက စာသား တစ်ခုတည်းနဲ့ အကျဉ်းချုပ်လိုက်ချင်ပါတယ်”
“သူ့လို ပါရမီရှိတဲ့ ဒီဇိုင်နာတစ်ယောက်၊ ထူးချွန်တဲ့ စီးပွားရေး ပညာရှင်တစ်ယောက်၊ စေတနာကောင်းတဲ့ ဘော့စ်တစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ကျင်းကျိုးမြို့နဲ့ ပြည်တွင်း ဂိမ်းလောကကြီးရဲ့ အခွင့်ထူးတစ်ခုပါပဲ”
ဖေးချမ့် ရေတစ်ငုံသောက်လိုက်ပြီး အကြာကြီး တိတ်ဆိတ်သွားပြီးမှ သက်ပြင်းအရှည်ကြီး ချလိုက်မိပါသည်။ သူ့ကို အဆုံးမရှိ ချီးကျူးသွားကြသည်။
အင်တာဗျူး ဒီလိုဖြစ်လာလိမ့်မည်ဟု ဖေးချမ့် မထင်ထားခဲ့ပါ။
သောက်ရမ်း အဓိပ္ပာယ်မရှိလိုက်တာ။
ဖေးချမ့် ထင်ခဲ့တယ် ဆိုရင်တောင် ရှားကျန်း ဒီလိုမျိုး ရေးသားလိမ့်မည်ဟု မတွေးခဲ့မိလောက်ပေ။
ဗီဒီယိုကို တရားဝင်ပလက်ဖောင်း၏ ပင်မစာမျက်နှာပေါ်မှာ တင်ထားပါသည်။ အိုင်လီကျွန်း မဟုတ်သဖြင့် Bullet ကောမန့်တွေတော့ မရှိပါ။
သို့သော်လည်း အောက်မှာ သာမန် ကောမန့် တချို့တော့ ရှိနေပါသေးသည်။
“တရားဝင် ပလက်ဖောင်းက ကျင်းကျိုးမြို့ကို ရောက်လာသေးတာလား”
“ဒီတစ်ခေါက် တကယ်ကြီး ထန်းတာ့ကို အင်တာဗျူးသွားတာပဲ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းဖန်တီးသူက ဘယ်လိုပုံစံမျိုးလဲ ကြည်ဦးမယ်”
“လခွမ်း ထန်းတာ့ရဲ့ ဝန်ထမ်းအားလုံးက ပါရမီ ရှိလွန်းပါတယ်ကွာ။ တချို့က တခြား ကုမ္ပဏီတွေကနေ ပြောင်းလာတာ။ တချို့က ကိုယ့်ဆန္ဒနဲ့ကိုယ် ချဉ်းကပ်လာခဲ့ကြတာ။ အင်တာနက်ကဖေးတစ်ခုကနေ အင်တာနက် စွဲလမ်းနေတဲ့ လူတစ်ယောက်ကိုတောင် ခေါ်ထားသေးတယ်”
“အဲ့လို အင်တာနက်စွဲလမ်းနေတဲ့ လူငယ်ကို သူတို့ရဲ့ ဂိမ်း Concept ဒီဇိုင်နာ လုပ်ဖို့ တာဝန် ပေးလိုက်တာလား။ တော်တော်ထူးဆန်းတဲ့ ပါရမီရှင်စုနည်းပါလား”
“လခွမ်း ဟွမ်းစစ်ပေါ်ရဲ့ အခြေခံလစာကို ၂ ဆတောင် တိုးပြီး ကမ်းလှမ်းခဲ့တာလား။ အင်တာဗျူးမှာတင် လစာကို သူတို့ဘက်ကနေ တိုးပေးတဲ့ ကုမ္ပဏီမျိုး ကမ္ဘာပေါ်မှာ ရှိလို့လား။ ငါနားကြားမှားတာတော့ မဟုတ်ပါဘူးနော်”
“ဒီလောက် အရမ်းအောင်မြင်ထားတဲ့ ဂိမ်းတစ်ခုရဲ့ အစီစဉ်ဆွဲသူချုပ်က ကိုယ်ပိုင် လုပ်ငန်း လုပ်နေပြီ ဟုတ်လား။ သူ့ကို အမြန်ဆုံး နောက် ဂိမ်းသစ်တစ်ခု ဖန်တီးဖို့ ခိုင်းသင့်တာ မဟုတ်ဘူးလား”
“ထန်းတာ့ရဲ့ အထူးချွန်ဆုံး ဝန်ထမ်းတွေက အိပ်မက်ရန်ပုံငွေ ၁ သန်းနဲ့ လစာမပြတ် ခွင့်ရက်ရတယ် ဟုတ်လား။ လခွမ်း ဘယ်လို နတ်မျိုးနတ်နွယ် ကုမ္ပဏီမျိုးလဲ။ တရားဝင် ပလက်ဖောင်းတင်ပြတာသာ မဟုတ်ရင် လိမ်နေတာလို့ ငါထင်မိမှာ အမှန်ပဲ”
“ဒီလောက်ဆိုးရွားခဲ့တဲ့ မိုဘိုင်းဂိမ်း Bloody Battle Song ကိုလည်း ထန်းတာ့ဂိမ်းက ဖန်တီးခဲ့တာလား။ ဒီဂိမ်းက စေတနာပါပါတယ်လို့ ငါထင်သားပဲ။ တစ္ဆေစစ်သူကြီးလိုမျိုးပဲ”
“အဲ့ဒီ ကျားကျုထျစ် ကြော်ငြာလည်း ထန်းတာ့ဂိမ်းနဲ့ ပတ်သတ်နေမှာ ဟုတ်တယ်မလား လခွမ်း အစပိုင်းကတော့ ငါဂိမ်းကို လှောင်နေခဲ့တာ။ ထန်းတာ့ လုပ်ထားမှန်း မသိခဲ့ဘူး”
“Bloody Battle Song ကို အသက်ပြန်သွင်းခဲ့တာ ထန်းတာ့ပေါ့ ဟုတ်လား သာမန်ဂိမ်းဒီဇိုင်နာတွေ ဒီလောက်မတော်ပါဘူးလို့ ငါမပြောခဲ့ဘူးလား”
“ထန်းတာ့ဂိမ်းရဲ့ နောက်ကွယ်က ဘော့စ်ကြီးက အခုဆို ပိုပြီးတောင် ဆန်းကြယ်သွားပြီ။ ဂိမ်းတွေနဲ့ လုပ်ငန်းသစ်တွေကို သူလမ်းညွှန်ပေးခဲ့တယ်ဆိုတာ သိကြတယ် မလား။ အရမ်းကောင်းတဲ့ ဝန်ထမ်း သက်သာ ချောင်ချိရေးနဲ့ အကျိုးခံစားခွင့်တွေကိုလည်း ပေးခဲ့သေးတယ်။ ထန်းတာ့ရဲ့ ဘော့စ်က ကုမ္ပဏီရဲ့ အသက်ဝိညာဉ်ပဲ”
“ငါအခုပဲ ထန်းတာ့မှာ အလုပ်သွားလျှောက်တော့မယ် ဘယ်သူမှ မတားကြနဲ့”
“ကျင်းကျိုးမြို့လို ဒုတိယအဆင့်မှီ မြို့တစ်ခုမှာ ဒီလောက် စေတနာကောင်းတဲ့ လုပ်ငန်းမျိုး ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒုတိယ အဆင့်မှီ မြို့လေးတွေမှာ ရှိတဲ့ လုပ်ငန်း အသေးစားတွေက သူများတွေကို လိမ်ဖို့လို့ပဲ ထင်ခဲ့မိတယ်”
“ကျင်းကျိုးမြို့မှာ နေတဲ့သူတွေကို ငါတကယ် အားကျနေပြီကွာ။ လေဆန်ပို့ဆောင်ရေးက ပါဆယ်တွေကို အိမ်ရှေ့ထိ ပို့ပေးကြတယ်။ ဇိမ်ခံဖို့ ယွီအင်တာနက်ကဖေးဆီသွားပြီး အဆင့်မြင့် ကွန်ပျူတာတွေနဲ့လည်း ဂိမ်း ကစားလို့ရတယ်။ ယွီသရေစာကနေပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို မှာစားလို့တောင် ရတယ်… ဟာကွာ… အခုမှ ကျင်းကျိုးမြို့ကို ပြောင်းမယ်ဆို နောက်ကျသွားပြီလား”
“ဂိမ်းတွေအပေါ်မှာပဲ အာရုံစိုက်မယ့်အစား ဒီဂိမ်းကုမ္ပဏီက အပြင်ဆိုင် လုပ်ငန်းတွေဆီကိုပါ ခြေချနေတာပဲ။ သူတို့ ငွေပိုငွေလျှံတွေကို ဖြုန်းဖို့ ကြံနေတာလား။ သူတို့ အရှုံးပေါ်မှာ မကြောက်ကြဘူးလား”
“အရှုံးပေါ်တဲ့ဂိမ်းလုပ်ဖို့က သူ့ပန်းတိုင်လို့ ပြောသွားပြီးသားပဲကို ဟီးဟီး”
“ပေါင်ရှုရဲ့ အင်တာဗျူးကို နားထောင်ပြီးတော့ သူဟန်ဆောင်ပြောနေတာလို့ ထင်ခဲ့တာ။ ‘ကျွန်တော် လစာမပြတ်ခွင့်ရက် မလိုချင်ဘူး’ ဆိုတာ ဘာကို ပြောချင်တာလဲ။ ဒါပေမယ့် ထန်းတာ့ရဲ့ ဘော့စ်အကြောင်းကို နားထောင်ပြီးတော့ ဒီစိတ်ဓာတ်ကို ဘယ်က ရလာတာလဲဆိုတာ သိလိုက်ရတယ်။ ဟန်ဆောင် ရှိုးထုတ်တဲ့နေရာမှာ ပေါင်ရှု ၁၀ ယောက်လောက် ရှိနေရင်တောင် သူ့ဘော့စ်ကို မယှဉ်နိုင်လောက်ဘူး”
“သူက ဂိမ်းလောကထဲ ဝင်မိတာတောင် နောင်တရတယ်ဆိုပဲ။ ရောင်းအားတွေက အမြဲတမ်း ဘာကြောင့်မှန်း မသိဘဲ တက်သွားတယ်တဲ့။ ဂိမ်မာတွေကို နှိပ်စက်ရတာ သူသာယာတယ်တဲ့…။ လခွမ်း ဒီကောင်က တကယ့် စက်ရုပ်ကြီးလိုပဲ။ တစ်ရက်ကို ၂၄ နာရီလောက် ရှိုးထုတ်နေလောက်တယ်”
“နောက်ဆုံးထိတောင် ရှိုးထုတ်သူကြီးရဲ့ မျက်နှာကို မမြင်လိုက်ရတာ နှမြောစရာပဲ”
“သြော်… ဒါက အမြင့်ဆုံး ရှိုးထုတ်နိုင်တဲ့ ပုံစံပါလား။ ‘ငါဘယ်သူလဲဆိုတာ မသိရပေမယ့် ငါ့ရဲ့သမိုင်းဝင်လုပ်ရပ်က ထာဝရ ရှင်သန်သွားမှာ’ ဆိုတဲ့အတိုင်းပဲ”
“ဟုတ်တယ် အရင်တုန်းကလည်း Amusement Times ဆိုလားဘာဆိုလားကနေ အဲ့လို အင်တာဗျူးတစ်ခု လုပ်ဖူးတယ်မလား။ ဒီကုမ္ပဏီရဲ့ဘော့စ်နာမည်က ဘော့စ်ဖေးထင်တယ်။ ဘော့စ်ဖေးရဲ့ နေ့စဉ်ဘဝထဲက နာမည်နဲ့ တူတူပဲ။ အဲ့ဒီဗီဒီယိုအတိုတွေက သူ့ကို မှီငြမ်းထားတာ ဖြစ်မယ်”
“ဟုတ်တယ်နော် ဒီအင်တာဗျူးက အဲ့တုန်းကဟာနဲ့ ဆင်တူတယ်။ အကြောင်းအရာက တူတူလောက်ပဲ။ ဒါပေမယ့် အခုတစ်ခေါက်က ပိုအသေးစိတ်ကျပြီး တိကျတယ်”
“အဲ့တုန်းက Amusement Times ကို ဒီကုမ္ပဏိ လာဘ်ထိုးထားတာလို့ ထင်ခဲ့တာ။ အခု တရားဝင် ပလက်ဖောင်းကတောင် ဒီလိုမျိုးပဲ လုပ်လာပြီလား။ ဧကန္တ တကယ်ကြီးလား”
“အနှစ်ချုပ်ပြောရရင် အတော်ဆုံး ပြည်တွင်းဂိမ်းဒီဇိုင်နာ ဘယ်သူလဲဆိုတာ အငြင်းပွားချင် ပွားလို့ရပေမယ့် ဟန်ဆောင်အကောင်းဆုံး ဂိမ်းဒီဇိုင်နာက ဘယ်သူလဲဆိုတာကိုတော့ ဆွေးနွေးဖို့ မလိုတော့ဘူး။ သံသယ ဖြစ်စရာမလိုဘဲ ဘော့စ်ဖေးကို ဆုချရမှာပဲ”
အောက်က ကောမန့်တွေကို ဖတ်ကြည့်ပြီးနောက်် ဖေးချမ့် ဆွံ့အသွားသည်။
ငါ့ကို အထင်လွဲကုန်ကြပြီ။
သူ့ကို ဟန်ဆောင်ကောင်းတဲ့လူလို နာမည်တပ်ကြလိမ့်မည်ဟု ဖေးချမ့် တစ်ခါမှ မတွေးခဲ့ဖူးပါ။
လူမသိအောင်နေဖို့ ငါဒီလောက်ထိ အကောင်းဆုံးကြိုးစားထားတာ။ ဘာလို့လူတွေက ငါ့ကို နားလည်မှု လွဲနေသေးတာလဲ။
ပြီးတော့ ငါက အမှန်တရားတွေပဲ ပြောသွားတာ။ စကားလုံးတိုင်းက ငါ့ရင်ထဲက လာတာ။ ရှားကျန်း ငါ့ကို မယုံတာက အဆင်ပြေသေးတယ်။ ဒါပေမယ့် မင်းတို့ကပါဘာလို့ ငါ့ကို သံသယဖြစ်နေကြတာလဲ။ အရင်တုန်းက ဒီလိုဆောင်းပါးမျိုး ထုတ်ဖူးတယ်ဆိုပေမယ့် အဲ့ချိန်တုန်းက ငါ့အခြေအနေက အရမ်း ခြားနားနေတာလေ Amusement Times ကလည်း အဲ့လောက်ကြီး ရေပန်းမစားသေးဘူး။
ယခင်ဆောင်းပါးတုန်းက ဘာဓာတ်ပုံ၊ ဗီဒီယိုမှ မပါပေ။ ယုံကြည်လို့တောင် မရပါ။ ထိုဆောင်းပါးထဲက အကြောင်းအရာအားလုံးက အတည်မပြုနိုင်သည့် သတင်းရင်းမြစ်မှဖြစ်သည်။
ထို့ကြောင့် မီဒီယာများစွာက ထိုဆောင်းပါးကို သယ်ဆောင်ပေးခဲ့သော်လည်း အကြီးအကျယ် မပေါက်သွားခဲ့ပေ။ လူအများစုက ဆောင်ပါးကိုဖတ်ပြီး ရယ်မောကာ မေ့လိုက်ကြပါသည်။ ဘယ်သူမှ အတည်ပေါက် မယူကြပါ။
သို့သော် ဒီတစ်ခေါက်ကတော့ ခြားနားပါသည်။
ပရော်ဖက်ရှင်နယ် အင်တာဗျူးအဖွဲ့မှာ ကျောထောက်နောက်ခံ ကောင်းကောင်းရှိကြပြီး တရားဝင် ပလက်ဖောင်းရဲ့ ထောက်ပံ့မှုလည်း ရှိသေးသည်။ ဆိုလိုရင်းက ဒီဆောင်းပါးမှာ အလွန့်အလွန်ကို ယုံလို့ ရနိုင်ပါသည်။
ထို့အပြင် ဒီဆောင်းပါးထဲမှာ ဓာတ်ပုံတွေ ဗီဒီယိုတွေလည်း အများကြီး ပါဝင်ကြသည်။ ဗီဒီယိုတွေက သက်သေဖြစ်ပြီး ဒီတင်ပြချက်၏ ယုံကြည်ရမှုကို မြှင့်တင်ပေးပါသည်။
ဒီအင်တာဗျူးတွေ တောမီးလို ပြန့်နှံ့သွားတော့မှာကို ဖေးချမ့် မြင်ယောင်လာ၏။ သူပြဿနာ အကြီးကြီး တက်ပါတော့မည်။ သူ့ထိုင်ခုံမှာ ကျောမှီထိုင်လိုက်ပြီး နဖူးပေါ် လက်တင်လိုက်ပါသည်။
“ငါ ဘာတွေ လုပ်လိုက်ပြီလဲ…”