စည်းစိမ်အလဲအထပ် စနစ် ဗားရှင်း ၂.၀
Vol. 21 Ch. 307
စနစ်ကို ပိုင်ဆိုင်ပြီး ၁ နှစ်အတွင်းမှာ ဒီလောက် အများကြီး ဖေးချမ့် ပထမဆုံး အကြိမ်အဖြစ် ရရှိလိုက်ခြင်းဖြစ်သည်။
ယခင်တုန်းက အများဆုံး အရှုံးပေါ်ဖူးခဲ့သည့် စံချိန်မှု ၂၀,၀၀၀ ယွမ် ကျော်ကျော်လေးသာ ဖြစ်သည်။ သူ အများဆုံး အလဲအထပ် လုပ်နိုင်ခဲ့သည့် ပမာဏက စတုတ္ထအသုတ်မှ ရရှိလိုက်သည့် အမြတ်များ၏ကျေးဇူးကြောင့် ၄၀,၀၀၀ ယွမ် ကျော်ကျော်သာ ဖြစ်သည်။
သို့သော် ဒီတစ်ခေါက်တော့ ဖေးချမ့် ထိုပမာဏ၏ ၃ ဆနီးပါးလောက်ကို ရရှိခဲ့ပါသည်။
ရုတ်တရက် အလုပ်ကြိုးစားခဲ့ရတာ အဓိပ္ပာယ် တစ်ခုရှိလာသည်ဟု ဖေးချမ့် နားလည်လိုက်ရသည်။ သူ ဒုက္ခခံခဲ့သမျှ အားလုံး အကျိုးပြန်ခံစားရပါပြီ။
နောက်တစ်သုတ်ကျရင် ဘာလုပ်ရမလဲ ဆိုတာကတော့…
အချိန်ကျမှ သူစဉ်းစားပါလိမ့်မည်။
မင်ယွမ်ဗီလာတွေကလည်း တန်ဖိုးတက်လာမှန်း ဖေးချမ့် သတိထားမိသည်။ ယခင်တုန်းက ယွမ် ၆ သန်းဝန်းကျင်သာ တန်သော်လည်း အခုတော့ ယွမ် ၈ သန်းလောက် တန်နေပါပြီ။
မင်ယွမ်စားဖိုဆောင်က ဘေးပတ်လည်ရှိ ဗီလာများ၏ စျေးကို တိုးမြှင့်ပေးခဲ့တာကြောင့်ဖြစ်မှန်း သိသာသည်။ ထို့ကြောင့်ပဲ မင်ယွမ်စားဖိုဆောင်ကို ဖွင့်လှစ်ထားသည့် ဗီလာကြီးလည်း တန်ဖိုးတက်လာခဲ့ခြင်း ဖြစ်သည်။
ကောင်းတာတစ်ခုက စနစ်ရန်ပုံငွေတွက်ချက်ရာတွင် စနစ်က ပုံသေပိုင်ဆိုင်မှု တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကိုသာ ထည့်တွက်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် ဗီလာကြီးက ယွမ် ၂ သန်းလောက် စျေးတက်လာတာတောင် စနစ်ရန်ပုံငွေက ၂၀၀,၀၀၀ ယွမ်လောက်ပဲ တက်ခြင်းဖြစ်ပါသည်။ ဒီလောက် အပို ပမာဏကိုတော့ ဖေးချမ့် ကိုင်တွယ်နိုင်၏။
ဘယ်လိုပဲဖြစ်ဖြစ် ဖေးချမ့် ရေငတ်ပြေဖို့ အဆိပ်သောက်ခဲ့ရတာ တန်ခဲ့ပါသည်။
နောက်ဆုံးတော့ စိတ်အေးလက်အေး သက်ပြင်းချနိုင်ခဲ့ပါပြီ။
စနစ်က သူ့အမြင်အာရုံထဲတွင် ထပ်မံ ပေါ်လာခဲ့သည်။
[ ဤရက်သတ္တပတ်အတွက် အထူးတာဝန် : အမြတ်ရရှိခြင်းနဲ့ အရှုံးပေါ်ခြင်းတို့က စီးပွားရေးလုပ်ငန်းတစ်ခုမှာ မဖြစ်မနေ ကြုံတွေ့ရမည့် အရာများ ဖြစ်သည်။ ပိုင်ရှင်က ရရှိနေသည့် အမြတ်များတွင်သာ ပျော်မွေ့နေသည့်ပုံပေါက်ပါသည်။ ဒါက ပါရမီရှင် စီးပွားရေးသမား တစ်ယောက်မှာ ရှိသင့်သည့် စိတ်ဓာတ်မျိုး မဟုတ်ပါ။ နောက်ထပ် ငွေစာရင်းရှင်းချိန်မတိုင်ခင် ပိုင်ရှင် အရှုံးပေါ်အောင် လုပ်ဖို့ စနစ်က အကြံပြုလိုက်ပါသည်။ (အောင်မြင်ပါသည်) ]
[အထူးတာဝန် အောင်မြင်မှု ဆုလာဘ် : စနစ်၏ စည်းမျဉ်းစည်းကမ်းအတွင်းရှိ ဆန်းကြယ်သည့် အံ့အားသင့်ဖွယ် လက်ဆောင် {ရယူနိုင်ပါပြီ} ]
“လာပြီကွ ငါ့ရဲ့ အထူးဆုလာဘ်လေး”
ဖေးချမ့် အတော် ပျော်ရွှင်နေပါသည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်သုတ်အတွင်းမှာ အများကြီး အလုပ်ကြိုးစားခဲ့ရတာ မဟုတ်လား။ ဒစ်ဂျစ်တယ်နေ့ကိုတောင် ကျင်းပခဲ့ပြီး ဖြုန်းနိုင်သမျှ ငွေကို ဖြုန်းခဲ့သည်။ အရှုံးပေါ်ပြီး ကိုယ်ပိုင်စည်းစိမ်များ ရရှိချင်တာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ အထူးဆုလာဘ်ကိုလည်း လိုချင်သောကြောင့် ဖြစ်ပါသည်။
[ စနစ်၏ ဆုလာဘ်ကို ရရှိသွားပါပြီ : စနစ်၏ စည်းမျဉ်းစည်းကမ်း ချိန်ညှိမှု – လှူဒါန်းခြင်း ]
[ ထူးချွန်သည့် စီးပွားရေးသမား တစ်ယောက်က လူထုကောင်းစားရေး အတွက်လည်း စိတ်အားထက်သန်နေရမည်။ မကြာခဏ အလှူအတန်း ပြုလုပ်ပြီး လူမှုဘဝကို ကျေးဇူးပြန်ဆပ်ပါ ]
[ ထူးချွန်သည့် စီးပွားရေးသမားတိုင်းက စည်းစိမ်ကို မှန်ကန်သည့် အမြင်မျိုးဖြင့် ကြည့်ရမည် : ဒီလောက် များပြားသည့် စည်းစိမ်များကို ပိုင်ဆိုင်ထားခြင်းဖြင့် တာဝန်ကလည်း မသေးလှပါ။ ဒီငွေတွေက သူ့အပိုင်မဟုတ်ဘဲ လူမှုဘဝများ၏ ကိုယ်စား စီမံဖို့ ယုံယုံကြည်ကြည် အပ်နှံထားသည့် ငွေတွေသာ ဖြစ်ပါသည်။ ]
[ လှူဒါန်းသည့် လုပ်ရပ်များကို တားမြစ်သည့် စနစ်၏ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပါသည်။ ငွေစာရင်းရှင်းချိန် နောက်တစ်သုတ်က စတင်ပြီး အကန့်အသတ်ဖြင့် အလှူအတန်းများ ပြုလိုက်နိုင်ပါပြီ။ ငွေစာရင်းရှင်းချိန် အသုတ်တိုင်းမှာ စဦး စနစ်ရန်ပုံငွေ၏ ၅၀ ရာခိုင်နှုန်းကို အလှူအတန်း ပြုလုပ်နိုင်ပါသည် ]
[ ဒီဆုလာဘ်က စနစ်အား အဆင့်မြှင့်တင်ပြီးတာနဲ့ အာနိသင်ရှိပါလိမ့်မည် ]
“အမ်”
မက်ဆေ့အားလုံးကို ဖတ်ပြီးနောက် ဖေးချမ့် ဇဝေဇဝါဖြစ်သွား၏။
အစကတော့ အထူးဆုလာဘ်က ‘ကံဆိုးခြင်းဖြန်းဆေး’ စသဖြင့် ရိုးရိုးရှင်းရှင်း ပစ္စည်းလေးတစ်ခု ဖြစ်လိမိ့်မည်ဟု ထင်ထားခဲ့သည်။ တစ်ချက်လောက် ဖြန်းလိုက်တာနဲ့ ကံဆိုးသွားစေမည့် အရာမျိုး ဖြစ်သည်။ နောက်တစ်သုတ်တွင် ဘာမှ လုပ်စရာမလိုဘဲ လှဲနေရုံဖြင့် ငွေတွေ ဆက်တိုက် ဆုံးရှုံးနေပြီး နေရာတိုင်းကနေ သတင်းကောင်းတွေ ကြားရလိမ့်မည်ဟု ထင်ထားခဲ့ပါသည်။
သို့သော်လည်း ဒီလို မဟုတ်ပေ။
ဖေးချမ့် ရရှိလိုက်သည့် အထူးဆုလာဘ်က ရုပ်ဝတ္ထုပစ္စည်းတစ်ခု မဟုတ်ပေ။ ထို့အစား စနစ်က ၎င်း၏ ကိုယ်ပိုင် စည်းမျဉ်းများကို ချိန်ညှိပေးလိုက်ခြင်း ဖြစ်၏။
အစတုန်းက လှူဒါန်းခြင်းကို ‘ရည်ရွယ်ချက် ရှိရှိ’ ငွေဖြုန်းခြင်းဟု စနစ်က သတ်မှတ်ထား၏။ အတော်လေး တင်းကြပ်သည့် စည်းကမ်း ဖြစ်သည်။
သို့သော်လည်း အခုတော့ ထိုစည်းမျဉ်း မရှိတော့ပါ။
“အာ… ဒါဆို တစ်သုတ်စီတိုင်းမှာ လှူဒါန်းဖို့ အတွက် ငွေပမာဏတချို့ ထပ်ရမယ်လို့ ဆိုလိုတာလား။ ကောင်းတာပေါ့”
ငွေသုံးနိုင်မည့် လမ်းကြောင်းတိုင်းက တန်ဖိုးရှိမှန်း ဖေးချမ့် အပြည့်အဝ နားလည်ပါသည်။ အရင် အသုတ်တွေတုန်းက လက်ထဲ အပို ယွမ်သန်းချီရှိနေပြီး သုံးစရာ နေရာမရှိတော့တာမျိုး အများကြီး ကြုံခဲ့ရ၏။ ထို့ကြောင့်လည်း ထိုအချိန်တွေတုန်းက အရှုံးပေါ်အောင်လုပ်ဖို့ မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ယခုတော့ စဦး စနစ်ရန်ပုံငွေ တစ်ဝက်လောက်ကို စနစ်က လှူဒါန်းခွင့် ပြုထားပါသည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် နောက်တစ်သုတ်ကို ယွမ် ၁၀ သန်းဖြင့် စတင်ရမည်ဆိုပါက ယွမ် ၅ သန်းကို လှူဒါန်းဖို့ သုံးစွဲနိုင်ပါသည်။
အတော်လေး များပြားသည့် ပမာဏ ဖြစ်၏။
ဒီလိုနဲ့ ဖေးချမ့် ငွေဖြုန်းတီးနိုင်မည့် နောက်ထပ် လမ်းကြောင်းတစ်ခုကို ရရှိသွားခဲ့ပါသည်။ နောက်တစ်သုတ်ကျရင် ယွမ် ၅ သန်း ဝန်ထုပ်ဝန်ပိုးတော့ သူ့ပခုံးပေါ်က လျော့သွားတော့မည်။
သို့သော်လည်း တခြား စည်းမျဉ်းတွေကတော့ နဂိုအတိုင်းပဲ ကျန်ရှိဆဲ ဖြစ်သည်။ ဖေးချမ့် အရင်းအနှီးကွင်းဆက်ကို ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ပြီး တတ်နိုင်သမျှ အများဆုံး အရှုံးပေါ်အောင် လုပ်ရပါမည်။
ထို့အပြင် ဆုလာဘ်က ချက်ချင်း အာနိသင် ရှိမှာ မဟုတ်ပါ။ စနစ်ကို အဆင့်မြှင့်တင်ပြီးသည့်အချိန်အထိ ဖေးချမ့် စောင့်ရပါမည်။
ထို့နောက် စနစ်မျက်နှာပြင်က ဖေးချမ့်ရဲ့ အမြင်အာရုံထဲမှာ နောက်တစ်ခေါက် ပေါ်လာပြန်ပါသည်။
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၁၅၀ ရက် အလို ]
[ စနစ်ရန်ပုံငွေအား ထည့်သွင်းပေးပါမည်။ သတ်မှတ်ထားသည့် ပမာဏ : ၁၀,၀၀၀,၀၀၀ ]
[ ၄,၀၆၀,၀၀၀ ကို ထည့်သွင်းပေးနေပါပြီ… ]
[ စနစ်ရန်ပုံငွေ ထည့်သွင်းခြင်း ပြီးဆုံးပါပြီ ]
[ စန်ရန်ပုံငွေ : ၁၀,၀၀၀,၀၀၀ + ၈၄၀,၀၀၀ ]
[ ပုံသေပိုင်ဆိုင်မှု : မင်ယွမ်ဗီလာရှိ အသေးစား ကော်မာရှယ် ဗီလာ (၈,၄၆၀,၀၀၀) ]
[ ကိုယ်ပိုင်စည်းစိမ် : ၁,၈၃၀,၀၀၀ ]
[ စနစ်ကို နောက်တစ်သုတ် မစမှီ အဆင့်မြှင့်တင်ပေးပါမည်။ ပိုင်ရှင်က ကျေးဇူးပြုပြီး အဆင့်မြှင့်တင်မှု ရှင်းလင်းချက်ကို ဖတ်ရှုပေးဖို့ တောင်းဆိုပါသည်။ ]
အမှန်ပင်။ ဒါက အတော်လေး တာဝန်သိတတ်သည့် စနစ်မျိုးဖြစ်သည်။
ဖေးချမ့် ‘အဆင့်မြှင့်တင်မှု ရှင်းလင်းချက်’ ဆိုသည့် စာကို ဖတ်ကြည့်လိုက်ပါသည်။
[ စနစ်က ထန်းတာ့ကော်ပိုရေးရှင်း၏ ပိုင်ဆိုင်မှုများ၊ စနစ်ရန်ပုံငွေများ၊ ပိုင်ရှင်၏ ကိုယ်ပိုင်စည်းစိမ် အစရှိသည်တို့ကို ဗားရှင်း ၂.၀ သို့ အဆင့်မြှင့်တင်ပေးနိုင်ပါသည် ]
[ Matthew သက်ရောက်မှုကြောင့် ပုံမှန် အရှုံးအမြတ် အလဲအထပ် အချိုးကို ချိန်ညှိပေးသွားပါမည် ]
[ ယခင်က အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀ : ၁
အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ ပြန်လည် ချိန်ညှိပြီးနောက် အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀၀ : ၁
အရှုံးငွေ အလဲအထပ် အချိုး ၁၀ : ၁ ]
[ ပိုင်ရှင်အတွက် ပြန်လည် အလျော်ပေးရန် စနစ်ဗားရှင်း ၂.၀ မှ အောက်ပါ အကျိုးခံစားခွင့်များကို ပေးလိုက်ပါမည် ]
[ 1. ငွေစာရင်းရှင်းချိန် တစ်သုတ်တွင် ယွမ် ၂၀၀,၀၀၀ ကျော်ကို အလဲအထပ် လုပ်နိုင်တိုင်း စနစ်၏ စည်းမျဉ်းစည်းကမ်း အတွင်းရှိ ဆန်းကြယ်ဆုလာဘ် တစ်ခုကို ရရှိနိုင်ပါသည်။ ]
[ 2. ငွေစာရင်းရှင်းချိန်ရောက်ဖို့ တစ်ပတ် အလိုတွင် မကြေညာထားသည့် ထုတ်ကုန်များ ရှိနေရင်တောင် ငွေစာရင်း ရှင်းခွင့် ရှိသွားပါပြီ။ သို့သော်လည်း ငွေစာရင်း ရှင်းချိန် တစ်သုတ်တွင် မကြေညာထားသည့် ထုတ်ကုန် တစ်ခုသာ ရှိရပါမည်။ နောက်တစ်သုတ် အကုန်ကာလမှာလည်း ထိုထုတ်ကုန်ကို ပြီးအောင် ထုတ်လုပ်ရပါမည်။ ]
“ဟမ်”
ဖေးချမ့် ခေါင်းမူးသွား၏။ သူ ပထမဆုံး မြင်လိုက်ရသည့်အရာက ရင်ကွဲစရာ အလဲအထပ် အချိုးများ ဖြစ်သည်။
ဘာလဲဟ။
ညွှန်ကြားချက် အားလုံးကို ပြန်ဖတ်ကြည့်လိုက်သည်။
အမှန်ပင်။ ဖေးချမ့်လည်း Matthew သက်ရောက်မှု အကြောင်းကို နားလည်ပါသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု သို့မဟုတ် နယ်မြေတစ်ခုက အောင်မြင်မှု တစ်ခုခုကို ရရှိသွားခြင်း သို့မဟုတ် နယ်ပယ် တစ်ခုမှာ တိုးတက်မှုရှိလာခြင်း ( ငွေကြေး၊ ဂုဏ်ဒြပ်၊ အဆင့်အတန်း စသည်) တို့ဖြစ်ပေါ်လာလျှင် ထပ်ဆင့် တိုးပွား အားသာချက်တစ်ခု ဖြစ်လာလိမ့်မည်။ ထို လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ နယ်မြေတစ်ခုက ထပ်ပြီး အောင်မြင် တိုးတက်နိုင်မည့် အခွင့်အလမ်းတွေ ပိုရလာနိုင်ပါသည်။
စီးပွားရေးလောကမှာတော့ ‘နိုင်သူအကုန်ယူ’ ဆိုသည့် ဆိုရိုးစကားနဲ့ ဆင်တူပြီး ဝင်ငွေ မမျှတမှု ဖြစ်စဉ်တွေနဲ့ ဆက်နွယ်နေပါသည်။ Matthew သက်ရောက်မှုကို ပိုမို ရိုးရှင်းအောင် ပြောရမည်ဆိုပါက ‘သူဌေးတွေက ပိုချမ်းသာလာပြီး သူဆင်းရဲတွေက ပိုပြီး ဆင်းရဲသွားကြသည့် ဖြစ်ရပ်မျိုး ဖြစ်၏။
Matthew သက်ရောက်မှုကြောင့် ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ပိုင်ဆိုင်မှုတွေ၊ စနစ်ရန်ပုံငွေတွေ၊ ပိုင်ရှင်ရဲ့ ကိုယ်ပိုင် စည်းစိမ်တွေက အရှုံးပေါ်ဖို့ သို့မဟုတ် အမြတ်ရဖို့ အများကြီး ပိုလွယ်ကူသွားမည်ဟု စနစ်က ထင်သွားခြင်း ဖြစ်သည်။
ထို့ကြောင့် စနစ်က အလဲအထပ် အချိုးများကို ပြောင်းလဲလိုက်ရခြင်း ဖြစ်ပါသည်။
ဖေးချမ့် ဆွံ့အသွားရ၏။
“ယီးပဲ သောက်ကပ်စေးနဲ စနစ်”
“မင်းဆီကနေ ငါအများကြီးရဖူးတာ ဒီတစ်ခါလေးပဲ ရှိပါသေးတယ်ကွာ စုစုပေါင်း ၁ သန်းလေးပဲ ရသွားတာပါ”
“နောက်ထပ် ယွမ် ၁ သန်းလောက်တောင် ထပ်ရှာခွင့် မပေးတော့ဘူးလား။ ကပ်စေးနဲလိုက်တာ”
သို့သော်လည်း ချိန်ညှိမှုတွေ အနှေးနဲ့ အမြန် ရောက်လာတော့မှာကို ဖေးချမ့် ကောင်းကောင်း သိနေခဲ့ပါသည်။ သူ့လုပ်ငန်းကြီးက ပိုပြီး ကျယ်ပြန့်လာလေ အကြွင်းမဲ့ အမြတ်သို့မဟုတ် အရှုံးပမာဏကလည်း သေချာပေါက် အတူတူ တိုးမြင့်လာမှာ ဖြစ်သည်။ ယွမ် ၁၀ သန်းနဲ့ ယှဉ်ရင် ယွမ် ၅၀,၀၀၀ ကနေ ယွမ် ၁ သန်းရှာနိုင်ဖို့က အများကြီး ပိုခက်ခဲ၏။
စနစ်က ဖေးချမ့်ကို အလွယ်လေး လွှတ်ပေးလိုက်မှာ မဟုတ်ပါ။
တကယ်တော့ ဒီစနစ်က အတော်လေး သစ္စာရှိသည်ဟု ဆိုနိုင်ပါသည်။ စည်းစိမ် အလဲအထပ် အချိုးများကို ပြောင်းလဲပြီးနောက် ဖေးချမ့်ကို အကျိုးခံစားခွင့်တချို့တောင် ပေးခဲ့သေး၏။
ဖေးချမ့် ဒီတစ်ခေါက် ရလိုက်သည့် ဆုလာဘ်က ဖေးချမ့်ကို အလှူအတန်း ပြုလုပ်ရင်း ငွေသုံးခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ဒါက အတော်လေး အသုံးဝင်နိုင်ပါသည်။
ထို့အပြင် စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် ဒီလို ဆုလာဘ်မျိုးတွေက ပုံမှန်လို ဖြစ်လာမည်။ ငွေစာရင်းရှင်းချိန် တစ်သုတ်တိုင်းမှာ ဆုတစ်ခု ရနိုင်ပါသည်။
တစ်ချိန်တည်းမှာပဲ စနစ်က ငွေစာရင်း ရှင်းချိန်အတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်သည်။ ယခု ဖေးချမ့်က ထုတ်ကုန်တစ်ခု၏ ဖန်တီးမှုကို ငွေစာရင်းရှင်းချိန် နှစ်သုတ်အထိ အချိန်ယူနိုင်ပါပြီ။
အများကြီးဟု မထင်ရသော်လည်း တကယ်တမ်းက အသုံးဝင်သည်။
လက်ရှိ ငွေစာရင်းရှင်းချိန် အသုတ်က ၄ လမှ ၅ လအထိ ကြာနိုင်သည်။ မကြေညာထားသည့် ထုတ်ကုန်တစ်ခုက ငွေစာရင်းရှင်းချိန်အပေါ် သက်ရောက်မှု မရှိပါက နောက်လာမယ့် ငွေစာရင်းရှင်းချိန် မတိုင်ခင် ထုတ်လုပ်နိုင်သရွေ့ ထို ထုတ်ကုန်ကို အသုံးပြုပြီး ဖေးချမ့် ကြိုက်သလိုက် ငွေဖြုန်းတီးနိုင်ပါသည်။
နောက်တစ်သုတ်အတွင်း နောက်ထပ် ထုတ်ကုန်တစ်ခုကို အာရုံပြောင်းစိုက်လိုက်လို့ ရသည်။
အရှုံးပေါ်ဖို့က အများကြီး ပိုလွယ်ကူလိမ့်မည်ဟု ဆိုနိုင်၏။
ဖေးချမ့် မိနစ်အနည်းငယ်လောက် စဉ်းစားကြည့်လိုက်ပြီး ဆုံးဖြတ်လိုက်၏။
“အဆင့်မြှင့်တင်မယ်။ ငါ့ကို စည်းမျဉ်းစည်းကမ်းတွေ ပြောပြပေမယ့် ငါ့ကို ရွေးချယ်ခွင့်တောင် ပေးတဲ့ပုံမပေါ်ဘူး…”
ဖေးချမ့် ဆွံ့အသွားခဲ့ပါသည်။ အပေါ်ယံက ကြည့်ရင်တော့ စနစ်ကို အဆင့်မြှင့်တင်မလား မတင်ဘူးလား ရွေးချယ်လို့ ရသည့်ပုံပေါက်ပါသည်။
သို့သော်လည်း အဆင့်မြှင့်တင်ဖို့ မရွေးချယ်ပါက စနစ်က နောက်ထပ် တစ်သုတ်ကို စတင်မှာ မဟုတ်ပါ။ ဆိုလိုရင်းက ဖေးချမ့် သူ့ရဲ့ ‘အလှူအတန်းပြုလုပ်ခွင့်’ ဆုလာဘ်ကို သုံးနိုင်တော့မှာ မဟုတ်ပေ။
စနစ်ထံမှ ငွေတွေအများကြီးရဖို့လည်း ဖေးချမ့် နောက်တစ်ခေါက် အခွင့်အရေး ရှိမှာ မဟုတ်တော့ပါ။
အမှန်ပင်။ သူရရှိထားသည့် ၁.၈ သန်းယွမ်ကို ရင်းနှီးမြှုပ်နှံပြီး ငွေထပ်ရှာလို့ ရပါသေးသည်။
သို့သော်… ဖေးချမ့် ဒီလိုလုပ်ဖို့ စိတ်ကူး မရှိပါ။
ယခင် ၄ လကြာ တစ်သုတ်တုန်းက ဖေးချမ့် စနစ်ထံမှ ယွမ် ၁.၄ သန်းကျော်ကို ရရှိနိုင်ခဲ့သည်။ စနစ်ထံကနေ အကျိုးခံစားခွင့်ရအောင် နည်းလမ်းမှန် ရှာဖို့က သူ့အတွက် မလွယ်ကူခဲ့ပေ။
အခုကျမှ စနစ်ကို ဘေးဖယ်ပြီး ငွေရှာဖို့ အလုပ်ကြိုးစားမည်ဟု စဉ်းစားနိုင်ပါတော့မလား။
သူ့ကိုယ်သူ နှိပ်စက်ရာ ကျပါလိမ့်မည်။
ထို့အပြင် ဆိုရိုးစကားရှိသည်။ ဒုတိယမျိုးဆက် သူဌေးသားများက အစားအသောက်၊ အပျော်အပါးများအတွက် ငွေကို စိတ်ကြိုက် သုံးစွဲနိုင်၏။ သူတို့ မိသားစုရဲ့ ကြွယ်ဝမှုကို သုံးကုန်နိုင်မှာ မဟုတ်တာကြောင့် ဖြစ်ပါသည်။ ပိုကြောက်ဖို့ ကောင်းတာက သူတို့ကိုယ်ပိုင် ဥစ္စာကို ရင်းနှီးမြှုပ်နှံထားပြီးမှ အကုန် ဆုံးရှုံးသွားမည့် အတွေးမျိုး ဖြစ်၏။
ဖေးချမ့် ဒီလောက်ငွေတွေ အများကြီး ရဖို့ဆိုတာ မလွယ်ခဲ့ပါ။ သူသာ လုပ်ငန်း တစ်ခုကို တည်ထောင်လိုက်ပြီး မအောင်မြင်ခဲ့ပါက သေသွားနိုင်ပါသည်။
ထို့ကြောင့် စနစ်ဆီက ဆက်ပြီး နှိုက်ထုတ်ဖိို့က ပိုပြီး တန်ပါသည်။
အဆင့်မြှင့်တင်မှု ပြီးဆုံးသွားသောအခါ ဖေးချမ့် စနစ်ဖန်သားပြင်ကို နောက်တစ်ခေါက် ကြည့်လိုက်ပါသည်။
[ စည်းစိမ်အလဲအထပ် စနစ် ၂.၀ ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး ၁၀၀၀ : ၁
အရှုံးငွေ အလဲအထပ် အချိုး ၁၀ : ၁ ]
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၁၅၀ ရက် အလို ]
[ စနစ်ရန်ပုံငွေ : ၁၀,၀၀၀,၀၀၀ + ၈၄၀,၀၀၀ ]
[ ပုံသေပိုင်ဆိုင်မှု : မင်ယွမ်ဗီလာရှိ အသေးစား ကော်မာရှယ် ဗီလာ (၈,၄၆၀,၀၀၀) ]
[ ကိုယ်ပိုင်စည်းစိမ် : ၁,၈၃၀,၀၀၀ ]
[ ဤတစ်သုတ်ကာလ အကုန်တွင် ယွမ် ၂၀၀,၀၀၀ ကျော်ကို အလဲအထပ် ပြုလုပ်နိုင်ပါက စနစ်၏ စည်းမျဉ်းအတွင်းရှိ ဆန်းကြယ်ဆုလာဘ်တစ်ခုကို ရရှိပါမည် ]
[ ငွေစာရင်းရှင်းချိန်ရောက်ဖို့ ၁ ပတ်အလိုမှာ မကြေညာထားသည့် ထုတ်ကုန်များ ရှိနေရင်တောင် ငွေစာရင်းရှင်းလို့ ရပါပြီ။ သို့သော် အများဆုံး မကြေညာထားသည့် ထုတ်ကုန် ၁ ခုသာ ရှိရမည်။ နောက်ထပ် ငွေစာရင်းရှင်းချိန်ကာလ မကုန်ခင် ထုတ်လုပ်ရပါမည် ]
ဖေးချမ့် သူ့ထိုင်ခုံမှာ မှီထိုင်လိုက်ကာ သက်ပြင်း အရှည်ကြီး ချလိုက်ပါသည်။
နောက်ဆုံးတော့ ဒီတစ်သုတ်ပြီးသွားပြီပဲ။
အတက်အကျများစွာ ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးမှာတော့ အရှုံးပေါ်အောင် လုပ်နိုင်ခဲ့ပါသည်။
အရှုံးငွေမှ အလဲအထပ် တစ်ခေါက် လုပ်ခြင်းက အမြတ်ငွေမှ အလဲအထပ်လုပ်ခြင်းထက် ၁၀ ဆလောက် ပိုကောင်းပါသည်။
အဆင့်မြှင့်တင်ပြီးနောက် အရှုံးငွေ အလဲအထပ်အချိုးကတော့ ပိုနည်းသွားသည်။ သို့သော်လည်း စနစ် ရန်ပုံငွေက ဆက်လက် တိုးမြင့်နေဦးမည် ဖြစ်၏။ စဦးပမာဏသာ သန်း ၂၀ - ၃၀ လောက်အထိ တိုးသွားပါက သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ၁ သန်းထည့်နိုင်ဖို့ ယွမ် ၁၀ သန်းသာ အရှုံးပေါ်အောင် လုပ်ဖို့ လိုပါသည်။
ထို့အပြင် စနစ်က သူ့ကို ငွေစာရင်း ရှင်းချိန် အသုတ်တိုင်းမှာ မကြေညာထားသည့် ထုန်ကုန် တစ်ခုစီ ထားခွင့် ပြုပါသည်။ အလှူအတန်းလုပ်ဖို့ သုံးနိုင်သည့် ယွမ် ၅ သန်းအပြင် အခုချိန်ကစပြီး ဖေးချမ့် အရှုံးပေါ်အောင် လုပ်ဖို့ အများကြီး ပိုလွယ်ကူသွားပါလိမ့်မည်။
ဟုတ်တယ်။ ပြဿနာမရှိတော့ဘူး။ အနာဂတ်က တောက်ပနေတုန်းပဲ။