← Chapters

ဘော့စ်ဖေးရဲ့ ကုမ္ပဏီတွင်း ပေးစာ

Vol. 21 Ch. 308

ဘော့စ်ဖေးရဲ့ ကုမ္ပဏီတွင်း ပေးစာ

Vol. 21 Ch. 308

ဖေးချမ့် TPDb ကိုဖွင့်လိုက်ပြီး သူ့လုပ်ငန်း ပေါင်းစုံရှိ ကောမန့်များကို လိုက်ဖတ် ကြည့်လိုက်ပါသည်။

၁၀၂၄ ဒစ်ဂျစ်တယ်နေ့ ကျေးဇူးကြောင့် ယခု ယွီသရေစာလုပ်ငန်း၊ ROF ကွန်ပျူတာတပ်ဆင်ခြင်းလုပ်ငန်း၊ လေဆန်ပို့ဆောင်ရေးလုပ်ငန်းတို့တွင် ကောမန့်များ ပိုများပြားနေသည်။ လောလောဆယ် ၎င်းတို့ အကုန်လုံးတွင် အနှစ်ချုပ် အဆင့်သတ်မှတ်ချက် ၉.၅ ဝန်းကျင် ရှိကြပြီး မကောင်းသည့် ကောမန့် မရှိသလောက် နည်းပါသည်။

လောလောဆယ့် သူ့လုပ်ငန်းအနည်းငယ်က အမြတ်ရရှိနေသေးသည်။ ထန်းတာ့ရဲ့ အောင်မြင်တဲ့ ဂိမ်းများ၊ ရှန်းယန်ဂိမ်း၊ ယွီအင်တာနက်ကဖေး၊ မင်ယွမ်စားဖိုဆောင် စသည်တို့ ဖြစ်ကြသည်။ ၎င်းတို့ရဲ့ အဆင့်သတ်မှတ်ချက်ကလည်း အတော်လေး ကောင်းမွန်ပါသည်။

ဒီတစ်သုတ်ရဲ့ အခြေအနေက အတော်လေး ပြင်းထန်ခဲ့သည်။ သို့သော်လည်း ဖေးချမ့် ဗျူဟာချဖို့အတွက် အချိန်တွေ အများကြီး စဉ်းစားခွင့်ရခဲ့ပါသည်။

ဖေးချမ့် TPDb ၏ အချက်အလက် နက်ဝေါ့ခ် စာမျက်နှာထဲ ဝင်လိုက်ပြီး စစ်ဆေးကြည့်လိုက်သသည်။ ထိုအခါမှ သူ့ဝန်ထမ်းတွေ ပို့စ်တင်ထားကြမှန်း ဖေးချမ့် မြင်လိုက်ရပါသည်။

ကုမ္ပဏီအများစုမှာ ဝန်ထမ်းတွေ အချင်းချင်း ဆက်သွယ်သည့် ကုမ္ပဏီတွင်း Forum များရှိတတ်ကြသည်။ ထန်းတာ့ကလည်း ထိုနည်းလည်းကောင်းပဲ ဖြစ်၏။ TPDb ကို မာယိချွမ်ဆီ လွှဲအပ်ပြီးနောက် ကုမ္ပဏီတွင်း Forum တစ်ခုပါ ဖန်တီးဖို့ ဖေးချမ့် ညွှန်ကြားခဲ့ပါသည်။

ဖေးချမ့် ကုမ္ပဏီတွင်း Forum ထဲ စစ်ဆေးကြည့်လိုက်သော်လည်း ထန်းတာ့အကြောင်း မကောင်းတာတစ်ခုမှ မတွေ့ခဲ့ရပါ။ ထို့ကြောင့် သူ့ကို အတော်လေး စိတ်ပျက်သွားစေခဲ့၏။ ထန်းတာ့ရဲ့ ကုမ္ပဏီတွင်း Fourm က တခြား ကုမ္ပဏီတွေနဲ့ အတော်လေး ခြားနားပါသည်။

တခြား ကုမ္ပဏီအများစုရဲ့ Forum တွေမှာ တောင်းဆိုချက် အစစ်အမှန်များ၊ အဆင့်မြှင့်တင်ဖို့အတွက် အကြံပြုချက်များ ရှိနေတတ်သည်။ သို့သော်လည်း ထို Forum များကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်လည်း ထားသေးသည်။

ကုမ္ပဏီတွင်း Chat ဆော့ဖ်ဝဲပဲ ဖြစ်ဖြစ်၊ Forum ပဲ ဖြစ်ဖြစ် နည်းပညာ ဝန်ထမ်း သို့မဟုတ် ရာထူးမြင့် စီမံရေးများက စစ်ဆေးချင်ပါက စကားဝိုင်၏ မန်ဘာများနဲ့ ၎င်းတို့၏ ပိုစ့်အကြောင်းအရာများကို စစ်ဆေးကြည့်လို့ရသည်။

ထို့ကြောင့် ဝန်ထမ်းတွေက ကုမ္ပဏီအကြောင်း မကောင်းပြောချင်ရင်တောင် သူတို့ ကုမ္ပဏီတွင်း Chat ဆော့ဖ်ဝဲထဲမှာ ပြောလို့ မရကြပေ။ သူတို့ ဆိုရှယ်မီဒီယာ ပေါ်မှာသာ မကောင်းပြောလို့ ရပါသည်။

ကုမ္ပဏီတွင်း Forum တွေလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ဝန်ထမ်းတွေက သာမန် ရေပန်းစား အကြောင်းအရာများကို ဆွေးနွေးနိုင်၏။ သို့သော် ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီကို မကောင်းပြောဆိုခြင်း သို့မဟုတ် ‘မသင့်တော်သည့် စကားများ’ ပြောဆိုနေခြင်းတို့ ရှိလာလျှင် ပို့စ်တစ်ခုလုံးကို ဖျက်ပစ်လို့ရသည်။ ရာထူးမြင့် စီမံခန့်ခွဲရေးတွေက ဝန်ထမ်းကို စကားခေါ်ပြောပြီး အလုပ်တောင် ထုတ်ပစ်လို့ ရပါသည်။

ဒါက သာမန်ပဲ ဖြစ်၏။ ကုမ္ပဏီအားလုံးမှာ လူထုရဲ့အထင်အမြင်များကို တာဝန်ယူ နားထောင်ပေးရသည့် လူထုဆက်နွယ်ရေးဌာနများ ရှိကြသည်။

လူထုဆက်နွယ်ရေးဌာနများက ကုမ္ပဏီကို အပြင်လူတွေ ပြောဆိုတာကို ထိန်းချုပ်လို့ မရနိုင်ပါ။ သို့သော်လည်း သူတို့ ဝန်ထမ်းတွေ ပြောဆိုတာကိုတော့ ထိန်းချုပ်လို့ ရပြီး သူတို့ ရှင်းချင်သလို ရှင်းလို့ ရပါသည်။

သို့သော် ထန်းတာ့ရဲ့ ကုမ္ပဏီတွင်း Forum ကတော့ လုံးဝ ခြားနားနေ၏။

ဖေးချမ့်က မကောင်းတဲ့ ကောမန့်တွေ ပေါ်လာဖို့ ရှာဖွေနေသည်။ သူ့ဝန်ထမ်းတွေက အတော်လေးရှက်တတ်ပြီး ကုမ္ပဏီနဲ့ပတ်သတ်သည့် အနုတ်သဘောဆောင် Feedback များကို တိုက်ရိုက် မပေးရဲဘူးဟု ထင်ခဲ့မိ၏။

သို့သော်လည်း အနည်းဆုံးတော့ အွန်လိုင်းပေါ်မှာ ပို့စ်တင်ရဲကြမည် မဟုတ်လား။

သူ့ဝန်ထမ်းတွေက သူ့ကို အနုတ်သဘောဆောင် Feedback များ မပေးရဲကြမှာကို စိုးရိမ်သဖြင့် ဖေးချမ့် Forum ကို အမည်မသိ ပုံစံမျိုး ဖန်တီးဖို့ အထူးတလည် တောင်းဆိုခဲ့သည်။

ဝန်ထမ်းတိုင်းက အမည်မသိလူတစ်ယောက် အဖြစ် ပို့်စ်များ ဖန်တီးနိုင်ပြီး ဘယ်သူမှ သူ့သရုပ်မှန်ကို ရှာတွေ့မှာ မဟုတ်ပါ။

ဖေးချမ့်က စီမံခန့်ခွဲရေးဌာနကိုလည်း ဒီအချက်အလက် ပေါက်ကြားစေခဲ့ပြီး ကုမ္ပဏီတွင်း Forum ထဲက အမည်မသိစနစ်က အမှန်တကယ်ဖြစ်မှန်း ဝန်ထမ်းတွေကို သိစေခဲ့ပါသည်။ ဘယ်သူမှ သရုပ်မှန် ပြစရာမလိုသဖြင့် ကုမ္ပဏီတွင်း Forum မှာ ကုမ္ပဏီကို ကြိုက်သလောက် မကောင်းပြောလို့ရနိုင်လိမ့်မည်။

ကုမ္ပဏီတွင်း Forum က မကြာသေးခင်က ပိုပို ရေပန်းစားလာပြီး ဝန်ထမ်းတွေကလည်း ပို့စ်တွေ ပိုတင်လာကြပါသည်။

သို့သော်လည်း ဘယ်သူမှ ကုမ္ပဏီကို မကောင်း မပြောကြပါ။ ဒါက ဖေးချမ့်ကို စိတ်ပျက်သွားစေသည့် ကိစ္စဖြစ်သည်။

ရုတ်တရက် ကုမ္ပဏီ၏ ဘော့စ်တစ်ယောက်အဖြစ် ကုမ္ပဏီတွင်း Forum မှာ ပို့စ်တစ်ခုခုတင်သင့်သည်ဟု ဖေးချမ့် ခံစားလိုက်ရပါသည်။

ဝန်ထမ်းတွေကို ဦးနှောက်ကျင်းဖို့ သို့မဟုတ် အားပေးဖို့အတွက် ကုမ္ပဏီဘော့စ် အများစုက ကုမ္ပဏီတွင်း Forum တွေမှာ မက်ဆေ့တွေ တင်ရတာကို သဘောကျကြသည်။ ထိုမက်ဆေ့များက ပုံမှန်ဆို အတော်လေး အာနိသင်ရှိကြပါသည်။

ထို့ကြောင့် ထန်းတာ့ရဲ့ ဝန်ထမ်းတွေကို စုစည်းဖို့ ဖေးချမ့် စဉ်းစားလိုက်၏။ မဟုတ်ပါက လူတွေက အလုပ်ကြိုးစားပြီး သူ့နောက်ကျောကို ဓားနဲ့ထိုးဖို့သာ ကြံနေကြပါလိမ့်မည်။ သူကိုင်တွယ်နိုင်မှာ မဟုတ်ပါ။

ဘော့စ်ဖေးက အားလုံးကို အလုပ်လျှော့လုပ်ပြီး များများ အနားယူဖို့ အကြိမ်ကြိမ် အမိန့်ပေးခဲ့သည်။ သို့သော် အားလုံးက သူ့ကို လုံးဝ လျစ်လျူရှုထား၏။

တရားလွန်လွန်းပါသည်။ သူ ကုမ္ပဏီတွင်းစာ တစ်စောင်ရေးပြီး ကုမ္ပဏီတွင်း Forum မှာ တင်ထားပေးလိုက်မည်။ ဒီလိုသာဆို သူ့ဝန်ထမ်းတွေက ကုမ္ပဏီတွင်း Forum ကို ဖွင့်လိုက်တိုင်း ကုမ္ပဏီတွင်းစာကို မြင်နိုင်ကြပါလိမ့်မည်။ ကုမ္ပဏီတွင်းစာမှာ ဘော့စ်ဖေးရဲ့ မျှော်လင့်ချက်တွေပါဝင်မည် ဖြစ်ပြီး သူ့ဝန်ထမ်းတွေအတွက် သတိပေးချက်နဲ့ အားပေးမှုအဖြစ် ဆောင်ရွက်ပေးပါလိမ့်မည်။

ဖေးချမ့် စာဖိုင်အသစ်တစ်ခုကို ဖွင့်လိုက်ပြီး စရေးလေသည်။

နာရီဝက်ခန့်ကြာသောအခါ ၃ ကြောင်း ရေးပြီးသွားခဲ့ပါသည်။

“... အခြေအနေမကောင်းဘူး။ ငါနမူနာ တစ်ခုခု ရှာမှပဲ”

သူ့အရေးအသား စွမ်းရည်က အတော်လေး စုတ်ချာလွန်းသည်ဟု ဖေးချမ့် ခံစားလိုက်ရသည်။ ရွေးချယ်စရာမရှိတော့ဘဲ မှီငြမ်းရေးသားဖို့အတွက် ကုမ္ပဏီကြီးတွေရဲ့ ကုမ္ပဏီတွင်းပေးစာ နမူနာများကို Qiandu မှာ ရှာလိုက်ရပါသည်။

မကြာခင် ဖေးချမ့် ကုမ္ပဏီတွင်းပေးစာများစွာကို တွေ့ရှိလိုက်ရသည်။ အားလုံးက အားတက်စေမည့် စကားလုံးများနဲ့ ပြည့်ဝလျက်ရှိ၏။

သူ ရက်စွဲကို လှမ်းကြည့်လိုက်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ဖြစ်သည်။

လွန်ခဲ့သည့် ၁ နှစ်၊ ဒီလိုရက်မှာပဲ ဖေးချမ့် ရုံးတစ်ခု ငှားရမ်းဖို့၊ ဝန်ထမ်းတွေ ခန့်အပ်ဖို့၊ လုပ်ငန်းတိုးချဲ့ဖို့နဲ့ အရှုံးပိုပေါ်ဖို့ ဆုံးဖြတ်ခဲ့သည်။ ထန်းတာ့ လမ်းမှန်ရောက်ပြီး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာခြင်း ၁ နှစ်ပြည့်ဟု ဆိုနိုင်၏။

ဒါကို အသုံးချပြီး သူ့စာအတွက် နိဒါန်းအဖြစ် ရေးသားနိုင်ပါသည်။

ဖေးချမ့်တွေ့ထားသည့် ကုမ္ပဏီတွင်း အားပေးစာ တစ်စောင်၏ နာမည်က ‘ဘဝကောင်းရဖို့ အလုပ်ကြိုးစားရမယ်’ ဟူ၍ ဖြစ်သည်။

အကြောင်းအရာတွေကတော့ ရိုးရှင်းပါသည်။ သူတို့ရဲ့ နေထိုင်မှုစံနှုန်းကို အဆင့်မြှင့်တင်ပြီး ဘဝရဲ့အဓိပ္ပာယ်ကို နားလည်ကာ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားရဖို့အတွက် အလုပ်ကြိုးစားပြီး ငွေရှာရမည်ဟုသာ အလေးပေး ရေးသားထားခြင်း ဖြစ်၏။

အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသည့် အောင်မြင်မှုဘဝတစ်ခုအတွက် သာမန် အားပေးစာတစ်စောင်ပင်။

ဖေးချမ့်က ခေတ္တ စဉ်းစားချင့်ချိန်လိုက်ပြီး စာသားများကို တစ်ပိုဒ်ချင်း အဓိပ္ပာယ် ပြန်ဆိုပါတော့သည်။

‘အလုပ်ကောင်းကောင်းလုပ်ဖို့ ဘဝကို ကြိုးစားနေထိုင်ရမယ်’

ထန်းတာ့နက်ဝေါ့ခ် ကုမ္ပဏီလီမိတက်ရဲ့ ဝန်ထမ်း အားလုံးထံသို့ : လွန်ခဲ့တဲ့ ၄၀၉ ရက်တုန်းက ထန်းတာ့ မွေးဖွားလာခဲ့တယ်။ ဒီနေ့က ထန်းတာ့ ရှန်းဟွာဗျူးဆီ ပြောင်းရွှေ့ပြီး အချက်အချာ ဝန်ထမ်းတွေကို ခန့်အပ်ပြီးတော့ လမ်းမှန်ပေါ် အခြေချခဲ့တာ ၁ နှစ်ပြည့်တဲ့ နေ့ပါ။

လွန်ခဲ့တဲ့ ၁ နှစ်အတွင်းမှာ ထန်းတာ့က အလွန့်အလွန် အောင်မြင်ခဲ့တယ်။ ဒါက အရေးကြီးတဲ့ ပြဿနာတစ်ခုရှိနေမှန်း ပြသလိုက်သလိုပဲ။

ငါ့နှလုံးသား နက်နက်ရှိုင်းရှိုင်းကနေ ထန်းတာ့ရဲ့ ဝန်ထမ်းအားလုံးကို ပြောချင်ပါတယ်။ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ ဘဝကို ကောင်းကောင်းနေထိုင်ကြပါ ထန်းတာ့က တခြား ကုမ္ပဏီတွေထက် အများကြီး ပိုရက်ရောတယ်လို့ မင်းတို့ အများစု ထင်နေကြတာ ငါသိတယ်။

ဒါပေမယ့် ဒီကမ္ဘာကြီးထဲမှာ ထန်းတာ့ထက် အများကြီး ပိုကောင်းတဲ့ ကုမ္ပဏီတွေ ရှိနေသေးတာကို ဘယ်တော့မှ မေ့လိုက်လို့ မဖြစ်ဘူးနော်။

လက်ရှိ အလုပ်ပတ်ဝန်းကျင်လောက်နဲ့ အားရကျေနပ်မနေကြနဲ့။ မင်းတို့အားလုံးမှာ ကုမ္ပဏီဆီကနေ ပိုပြီးတောင်းဆိုခွင့် ရှိကြတယ်။

ခေတ်က ပြောင်းလဲနေပြီ။ လုပ်ငန်း လောကကလည်း ဖွံ့ဖြိုးတိုးတက်နေပြီ။

မင်းတို့ဘယ်လောက်ပဲ အလုပ် ကြိုးစားနေကြပါစေ ခေတ်အပြောင်းအလဲကို ဘယ်တော့မှ လိုက်မှီမှာ မဟုတ်ဘူး။ အဲ့တာကြောင့် မင်းတို့ အလုပ်အတွက် မင်းတို့ရဲ့ ကျန်းမာရေးကို စတေးတာဟာ အဓိပ္ပာယ်ကင်းမဲ့လွန်းတယ်။

ငါ ထန်းတာ့ကို စတည်ထောင်ကတည်းက ဆက်တိုက် ငွေကို အလုံးအရင်း သုံးစွဲခဲ့တာ။ အကောင်းဆုံး ရုံးခန်းကို ဝယ်ယူပြီး အကောင်းဆုံး ပရိဘောဂတွေကို ဝယ်ယူဖို့ တိုက်တွန်းခဲ့တယ်။ ငါပင်ပန်းလာတိုင်း အနားယူလိုက်တယ်။ အလုပ်ဆင်းချိန်ရောက်ရင်လည်း ဘယ်တော့မှ နောက်မကျစေရဘူး။

ငါ့နှိုးစက်နာရီ မြည်နေရင်တောင် ဆက်အိပ်နေလိုက်တာပဲ။ အလုပ်တွေ ဘယ်လောက်ပဲ လုပ်စရာ ရှိနေပါစေ အမြဲတမ်း အိပ်ရေးဝအောင် အိပ်ခဲ့တယ်။

ဒါပေမယ့် ဘာဖြစ်လဲ။

ထန်းတာ့က ဂိမ်းတွေ တစ်ခုပြီးတစ်ခု ဆက်ထုတ်နေတုန်းပဲ။ ငါ့ရဲ့ အလေ့အထတွေက ကုမ္ပဏီရဲ့ တိုးတက်မှုကို အဟန့်အတား မဖြစ်စေခဲ့ဘူး။ အဲ့ဒီအစား ကုမ္ပဏီက အခုလို အဆင့်ကို ရောက်လာတဲ့ အထိ ဆက်တိုက် ကျယ်ပြန့်လာခဲ့တာပဲ။ အလုပ်ကြိုးစားမှုနဲ့ ကုမ္ပဏီဖွံ့ဖြိုးတိုးတက်မှု ကြားထဲမှာ ဆက်နွယ်မှု သိပ်မရှိဘူးဆိုတာ အမှန်တရားပဲ။

ထန်းတာ့ရဲ့ ထူးချွန်ဝန်ထမ်းတွေကလည်း အမြောက်အများ ထွက်ပေါ်လာခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တည်းမှာတင် အနည်းဆုံး ဝန်ထမ်း ၄ ယောက် ၅ ယောက်လောက်က အိပ်မက်ရန်ပုံငွေကို ရရှိခဲ့ကြပြီး ကိုယ်ပိုင် လုပ်ငန်းတွေ အသီးသီး စတင်ခဲ့ကြတယ်။

ကုမ္ပဏီကလည်း ဝန်ထမ်းသစ်တွေကို ဆက်တိုက် ခန့်အပ်နေပါတယ်။ ဒါပေမယ့် ကိုယ့်အလုပ်အတွက် ဘဝကို စတေးတဲ့ လူတွေလည်း ပိုများလာတယ်။ အနားယူရကောင်းမှန်း သိတဲ့လူက သိပ်မရှိတော့ဘူး။ ဒီတိုင်းသာ ဆက်သွားနေရင် အရူးမျက်ကန်းလို အလုပ်လုပ်နေတဲ့ လူတွေကြောင့်ပဲ ကုမ္ပဏီကြီး ကျဆုံးရလိမ့်မမယ်။ ငါတို့ ပြန်လမ်းမရှိတဲ့ လမ်းကို ရောက်သွားကြလိမ့်မယ်။

ကိုယ့်ကျန်းမာရေးကို စတေးပြီး အချိန်ပို အလုပ်လုပ်တဲ့ ဝန်ထမ်းတွေက ဝန်ထမ်းကောင်း မဟုတ်ဘူး။

ကုမ္ပဏီထဲမှာ လူတွေ အများကြီးရှိတယ်။ လူတိုင်းမှာလည်း ကိုယ်ပိုင် တာဝန်ရှိကြတယ်။ အဖွဲ့အစည်းတစ်ခုအနေနဲ့ အတူတူ ပေါင်းစည်း လုပ်ကိုင်မှသာ အလုပ်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်။ တစ်ယောက်တည်း အချိန်ပိုတွေ လုပ်နေစရာ မလိုဘူး။

မင်းတို့ အချိန်ပိုလုပ်ရင် မင်းတို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစွမ်းအစကို အယုံအကြည်မရှိဘူး၊ မင်းတို့ ခေါင်းဆောင်ရဲ့ တာဝန်ပေးအပ်မှုကို အယုံအကြည်မရှိဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ။ မင်းတို့က ထန်းတာ့ရဲ့ ခံယူချက်ကို တွန်းလှန်နေသလို ဖြစ်သွားမယ်။

တကယ် တော်တဲ့ ဝန်ထမ်းတွေက ကိုယ့်ဘဝနဲ့ အလုပ်ကြားမှာ ဘယ်လို မျှချေညီအောင် လုပ်ရမလဲ သိကြတယ်။ အလုပ်ကောင်းကောင်း မလုပ်ခင်မှာ ဘဝကို ဘယ်လို ကြိုးစားနေထိုင်ရမလဲဆိုတာကို သင်ယူရမယ်။

မင်းတို့ အလုပ်ကိုပဲ စိတ်ပူနေပြီး ကိုယ့်ဘဝကိုယ် လျစ်လျူရှုနေဦးမယ်ဆိုရင် မင်းရဲ့ မိသားစုဆက်ဆံရေး ယိုယွင်းလာမယ။ မင်းမှာ အနားယူဖို့ အချိန်မရှိတော့ဘူး။ သင်ယူလေ့လာဖို့၊ အဆင့်မြှင့်တင်ဖို့၊ တိုးတက်ဖို့ အချိန် မရှိတော့ဘူး။ အဲ့လိုဝန်ထမ်းတွေကို ငယ်ရွယ်တဲ့ ဝန်ထမ်းတွေနဲ့ အလွယ်လေး အစားထိုးလိုက်မှာပဲ။ အဲ့တာတွေက ထန်းတာ့ ရှာဖွေနေတဲ့ ပါရမီတွေ မဟုတ်ဘူး။

ထန်းတာ့က အရမ်း အောင်မြင်နေပြီးသားပါ။ မင်းတို့ အလုပ်ကြိုးစားခြင်း မကြိုးစားခြင်းက ကုမ္ပဏီအတွက် အများကြီး ခြားနားသွားစေမှာ မဟုတ်ဘူး။

ထန်းတာ့က ဝန်ထမ်းတွေကို အချိန်ပို အလုပ်လုပ်ဖို့ မပိတ်ပင်ပါဘူး။ မင်းတို့ အချိန်မရွေး အချိန်ပို လုပ်ခွင့်ရှိတယ်။ ဒါပေမယ့် ထန်းတာ့ရဲ့ ဝန်ထမ်းတိုင်းက အလုပ်နဲ့ အနားယူမှုအကြားမှာ မျှခြေညီအောင် ထိန်းသိမ်းတတ်ရမယ်။ မင်းတို့ ဘဝကို ပျော်ပျော်နေတတ်ရမယ်။

ငါနေ့တိုင်း မနက် ၁၀ နာရီမှ အိပ်ရာထပြီး ၃ နာရီ ၄ နာရီလောက်ပဲ အလုပ်လုပ်တယ်။ ဒါတောင် ကုမ္ပဏီက နေ့တိုင်း ပိုပိုပြီး ကြွယ်ဝလာတာပဲ မဟုတ်လား။ အဲ့တာကြောင့် မင်းတို့ စိတ်ပူပြီး ကိုယ့်ကိုယ်ကို နှိပ်စက်နေစရာ မလိုတော့ပါဘူး။ ကုမ္ပဏီမှာ အားလုံး အဆင်ပြေတယ်။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ငါ့ဝန်ထမ်းတွေနဲ့ ညီအစ်ကိုတွေအကုန်လုံး ထန်းတာ့ရဲ့ ခံယူချက်ကို လေးလေးနက်နက် နားလည်ကြလိမ့်မယ်လို့ မျှော်လင့်တယ်။

တစ်ရက်ကို ၈ နာရီ အလုပ်လုပ်ရဖို့ဆိုတာ အခုခေတ် ငါတို့လို အလုပ်သမားတွေ အကျိုးခံစားခွင့်ရဖို့အတွက် အရင်ခေတ်က မျိုးဆက်ပေါင်းများစွာ တိုက်ခိုက်ရယူခဲ့ရတဲ့ အခွင့်ထူးပဲ။ ၉၉၆စနစ် က ကျေးဇူးပြန်ဆပ်တဲ့ ပုံစံ မဟုတ်ဘူး။ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်တာကသာ သူတို့ကို ကျေးဇူးဆပ်ရာ ကျလိမ့်မယ်။

အလုပ်ဆိုတာ မင်းတို့ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခုသာသာပါပဲ။ တစ်ရက်ကို ၁ နာရီ ၂ နာရီလောက် အချိန်ပို လုပ်ရင် ဆုချခံရမယ်လို့ အာမခံရှိလို့လား။ ဘယ်ဟုတ်ပါ့မလဲ။

အချိန်ပို အလုပ်လုပ်ခြင်းက မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို ထိခိုက်လာစေမယ်။ ကုမ္ပဏီက မင်းတို့ကို အချိန်ပိုလစာနဲ့ ကျန်းမာရေးစရိတ်တွေ တာဝန်ယူထားပေးတယ်ဆိုပေမယ့် ခံစားရမှာ မင်းတို့ကိုယ်တိုင်ပဲနော်။

အဲ့လိုဆိုမှတော့ မင်းတို့အတွက်မင်းတို့ အချိန်ပေးပြီး မင်းတို့ မိသားစုနဲ့ ကုန်ဆုံးတာပဲဖြစ်ဖြစ် မင်းတို့ စိတ်ဝင်စားတာတွေကို ကြိုးစားအားထုတ်ရင်းနဲ့ ကုန်ဆုံးစေတာပဲဖြစ်ဖြစ် လုပ်ကြပါလား။

ထန်းတာ့က ဝန်ထမ်းအားလုံးကို နယ်ပယ်စုံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ကို အားပေးတယ်။ တကယ်တော့ ထန်းတာ့က ပါရမီရှင်တွေ စုစည်းရာဖြစ်နေတာက ထူးချွန်တဲ့ ဝန်ထမ်းတွေ အများကြီးရှိနေလို့ပဲ။

အချိန်ပို အလုပ်လုပ်ခြင်းက လူသားဆန်မှုကို ယိုယွင်းစေတဲ့အရာ၊ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အရာ၊ လူမှုနေထိုင်မှုဘဝရဲ့ စိတ်ပျက် အားလျော့စရာ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ပျက်စီးရာပဲ။

ထန်းတာ့ရဲ့ ဝန်ထမ်းတွေအားလုံး ငါနဲ့အတူတူ ကိုယ့်အတွက်ကိုယ် အရင်ဆုံး အလုပ်လုပ်ပေးနိုင်ကြဖို့ မျှော်လင့်မိပါတယ်။ အခုချိန်ကစပြီး အချိန်ပို အလုပ်လုပ်တာကို ဆန့်ကျင်ပြီး ပျော်ရွှင်စရာ ဘဝတစ်ခုကိုပဲ ဖက်တွယ်ထားကြစို့။

အလုပ်ဆင်းချိန်ရောက်ပြီ။ ကျေးဇူးပြုပြီး အိမ်ကို ချက်ချင်း ပြန်ကြပါ။

စာရေးပြီးတာနဲ့ ဖေးချမ့် အထက်မှ အောက် နောက်တစ်ခေါက် အစအဆုံး ပြန်ဖတ်လိုက်သည်။ သူ အလွန် ကျေနပ်သွားပါသည်။

‘ဘဝကောင်းကောင်းရဖို့ အလုပ်ကြိုးစားရမယ်’ ဟူသည့် ခေါင်းစဉ်နဲ့ ကုမ္ပဏီတွင်းစာကို လုံးဝ အဓိပ္ပာယ် ပြန်ဆိုလိုက်သည်။ အခုတော့ အားပေးစာက အားမပေးစာ ဖြစ်သွားပါပြီ။ ဖေးချမ့်ရဲ့ ရင်ထဲက မက်ဆေ့ကို ပြီးပြည့်စုံစွာ ဖော်ပြနေသည်။

သူ့ဝန်ထမ်းတွေသာ အလုပ်ကြိုးစားလျှင် သူတို့ဖာသာသူတို့ ထိခိုက်စေရုံသာမကဘဲ သူများကိုလည်း ထိခိုက်စေပါသည်။

သူ့ဝန်ထမ်းတွေ ရေသာခိုလိုက်ပါက အားလုံးအတွက် အကျိုးမယုတ်သည့် အခြေအနေ ဖြစ်သွားလိမ့်မည်။

ဒီတစ်သုတ်က စတင်ပြီး ပိုမို ခက်ခဲလာတော့မာ်။

အရှုံးငွေများကို ၁၀ : ၁ အချိုးဖြင့်သာ ကိုယ်ပိုင်စည်းစိမ်အဖြစ် အလဲအထပ် လုပ်ပေးတော့မည်။ သူ့ဝန်ထမ်းတွေ အကုန်လုံး စာမျက်နှာတစ်ခုတည်းမှ ရှိစေဖို့ ဘော့စ်ဖေး သေချာလုပ်ရမည်။ ဒါမှ အတူတူ အဟန့်အတားများကို ကျော်လွန်နိုင်မှာ ဖြစ်ပါသည်။ သူ့ဝန်ထမ်းတွေ အချိန်ပို မလုပ်တဲ့ နေ့ရက်တိုင်းအတွက် ဘော့စ်ဖေး ပိုပျော်ရွှင်ရပါမည်။

စာကို စစ်ဆေးပြီး ပြဿနာ မရှိကြောင်း အတည်ပြုပြီးတာနဲ့ ဖေးချမ့် သူ့ရဲ့ ပထမဆုံး အိတ်ဖွင့်ပေးစာကို ကုမ္ပဏီတွင်း Forum မှာ တင်လိုက်ပါသည်။ ထို့နောက် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် Pin ထောက်ထားလိုက်တော့သည်။

All Chapters