← Chapters

လူသားမျိုးနွယ်အတွက် လူတစ်ယောက်ရဲ့ မဟာအလေးထားမှု

Vol. 21 Ch. 309

လူသားမျိုးနွယ်အတွက် လူတစ်ယောက်ရဲ့ မဟာအလေးထားမှု

Vol. 21 Ch. 309

ရှန်းယန်ဂိမ်းတွင်…

Bloody Battle Song မိုဘိုင်းဗားရှင်း နာမည်ရလာကတည်းက ရှန်းယန်ဂိမ်း၏ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။

အကြီးမားဆုံး ပြောင်းလဲမှုက လုပ်ငန်း ပတ်ဝန်းကျင် ဖြစ်၏။

ယခင်တုန်းက ရှန်းယန်ဂိမ်းမှာ တခြား အစောပိုင်း ဂိမ်းကုမ္ပဏီလေးတွေလိုပင်။ လူတွေက လုပ်ငန်းပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု မရှိပါ။ ဝန်ထမ်းတွေကို ရုံးထဲမှာ ဖိသိပ်ထားပြီး ထိုင်ခုံတွေ စားပွဲတွေကလည်း စျေးပေါလှ၏။ ရုံးသန့်ရှင်းရေးကိုလည်း ဝန်ထမ်းတွေ ကိုယ်တိုင်ကပဲ တာဝန်ယူရပါသည်။ သန့်ရှင်းရေး အဒေါ်ကြီးတွေကို ငှားရမ်း မထားပေ။

သို့သော် အခုတော့ အားလုံး ခြားနားသွားပါပြီ။

ရှန်းယန်ဂိမ်းက သူတို့ရဲ့ ယခင် ရုံးနေရာကို ငှားလိုက်ပြီး အနီးအနားရှိ အဆင့်မြင့် ရုံးအဆောက်အဦးတစ်ခုဆီသို့ ပြောင်းရွှေ့လိုက်ပါသည်။

အလုပ်စားပွဲတွေ၊ ထိုင်ခုံတွေ၊ ကွန်ပျူတာတွေ အားလုံးကိုလည်း သူတို့ရဲ့ ခေါင်းဆောင်ကုမ္ပဏီ ထန်းတာ့အတိုင်းပဲ ဝယ်ယူလိုက်ပါသည်။

အလုပ်စားပွဲတိုင်းက အများကြီး ပိုကျယ်ပြန့်သွားသည်။ ကွန်ပျူတာတွေက အဆင့်မြင့်တွေချည်းသာ ဖြစ်သည်။

မီးဖိုဆောင်ခန်း၊ မုန့်ပဲသရေစာစားရာ နေရာ၊ ကိုယ်လက်ကာယလေ့ကျင့်ရေး ကိရိယာများ၊ ဂိမ်းအခန်းတစ်ခု စသည်ဖြင့် ရှိကြသည်။

လင်းဝမ်က ဒါကို ကြည့်ပြီး အလွန် ဂုဏ်ယူ ဝံ့ကြွားနေပါသည်။

ရှန်းယန်ဂိမ်းက ဒီလိုဖြစ်လာဖို့အတွက် ၎င်းတို့ ကြိုးစားပမ်းစား ရှာဖွေထားသည့် ကိုယ်ပိုင်ငွေကိုသာ သုံးစွဲခဲ့သည်။

Bloody Battle Song မိုဘိုင်းဗားရှင်းကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်လုပ်ခဲ့၏။ ထိုအချိန်မှ ယခုဆို ၁ လလောက် ကုန်လွန်သွားပြီ ဖြစ်သည်။ ရှန်းယန်ဂိမ်းက ဂိမ်းထံမှ ၅ သန်း ၆ သန်းလောက် ရရှိထားပြီ ဖြစ်သည်။

ဂိမ်းထဲမှာ ဝယ်ယူနိုင်သည့် ပစ္စည်းက အများကြီး မရှိသော်လည်း ကစားသမား အများကြီး ရှိပါသည်။ ထို့အပြင် ကစားသမားတွေက Item များကို ဆက်တိုက် ဝယ်ယူနေနိုင်သည်။ ထို့အပြင် ရှန်းဟွာဂိမ်းပလက်ဖောင်းကလည်း ရှန်းယန်ဂိမ်းကို အကျိုးခံစားခွင့်များ အတော်လေး ပေးထားပါသည်။ ရှန်းယန်ဂိမ်းက ဝင်ငွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းကို ရရှိခဲ့သည်။

ထို့ကြောင့် အခွန်အခများ၊ နေ့စဉ် လည်ပတ်မှု စရိတ်များ၊ လစာများ၊ Cloud Server ငှားရမ်းစရိတ်များ၊ တခြား ကုန်ကျစရိတ်များကို နုတ်လိုက်ရင်တောင် ရှန်းယန်ဂိမ်းက တစ်ပတ်ကို ၁ သန်း ၂ သန်းလောက် ပုံမှန် ရရှိနေဆဲ ဖြစ်သည်။

ပထမတော့ လင်းဝမ်က ထိုငွေများကို ထန်းတာ့ဂိမ်းဆီသို့ ပြန်လွှဲပေးချင်မိ၏။ ဒါမှ ရှန်းယန်ဂိမ်းဝန်ထမ်းတွေလည်း ထန်းတာ့ကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းတွေရှေ့မှာ ခေါင်းမော့ ရင်ကော့နိုင်မှာ ဖြစ်ပါသည်။ သို့သော်လည်း ဘော့စ်ဖေးက သူမကို ချက်ချင်း ကန့်ကွက်လိုက်ပါသည်။

“ရှန်းယန်ဂိမ်းက အခု အဲ့ဒီငွေတွေကို လိုအပ်နေတယ်လေ။ နင်တို့မှာ ရေရှည်အတွက် ပန်းတိုင်တွေ မရှိကြဘူးလား”

“အခု ရုံးနေရာက အဆင်ပြေနေလား”

“ဝန်ထမ်းတွေကကော ထန်းတာ့ရဲ့ ဝန်ထမ်းတွေလောက် အကျိုးခံစားခွင့်များများ ရကြရဲ့လား။”

“အားလုံးက အကြာကြီး အလုပ်ကြိုးစားခဲ့ရတာ။ သူတို့ရဲ့ အလုပ်ကြိုးစားမှုအတွက် ဆုချဖို့ ဘောနပ်စ်လေး ဘာလေး မပေးသင့်ဘူးလား”

“ငွေအမြတ်အစွန်းတွေကို ပြန်လွှဲဖို့ မစဉ်းစားခင် ရှန်းယန်ဂိမ်းအတွက် လိုအပ်သမျှကို ဖြည့်ဆည်းဖို့သာ ငွေကို အရင်သုံး”

ဒါက ဘော့စ်ဖေးရဲ့ မူလစကားလုံးများ ဖြစ်ကြသည်။

လင်းဝမ်မှာ တခြားရွေးချယ်စရာ မရှိပေ။ ယခင်လတစ်လလုံး ရုံးနေရာကို ဘယ်လို အဆင့်မြှင့်တင်ရမလဲဆိုတာသာ သူမ စဉ်းစားနေခဲ့သည်။

ပထမတော့ လင်းဝမ် ထိန်းသိမ်းထားမှာကို ဖေးချမ့် စိုးရိမ်နေခဲ့၏။ သို့သော်လည်း ခဏလောက် လျှို့ဝှက် စုံစမ်းကြည့်ပြီးနောက် သူ အတွေးလွန်နေခြင်းသာ ဖြစ်မှန်း သိလိုက်ရပါသည်။

တခြားသူတွေ ချွေတာနေမှာကို စိုးရိမ်တာက ဖြစ်သင့်သော်လည်း လင်းဝမ်ကို ဒီလိုပဲ လုပ်မည်ဟု စိုးရိမ်စရာတော့ မလိုပါ။ သူက ဘာမဟုတ်တာအတွက် စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ လင်းဝမ်က ထန်းတာ့ကုမ္ပဏီကို စံနမူနာအဖြစ် ထားကာ အလုံးစုံ သုံးစွဲလိုက်ပါသည်။

ဖေးချမ့် အလွန်ကျေနပ်သွား၏။

တကယ်ပါပဲ။ ဒုတိယမျိုးဆက် သူဌေးသမီးတွေကတော့ တကယ်ခြားနားတယ်။

ယခု လင်းဝမ် သူမကိုယ်သူမအလွန် ဂုဏ်ယူနေဦးမည်ဆိုတာကို ဖေးချမ့် အပြည့်အဝသိပါသည်။ ကုမ္ပဏီကို တစ်လ ယွမ် ၅ သန်းလောက် ရှာပေးနေသည့် ဂိမ်းတစ်ခုကို သူမ ထုတ်လုပ်ထားခြင်းဖြစ်၏။ ထန်းတာ့အတွက် သူမ ငွေဝင်ပေါက်ကြီးတစ်ခုကို ဖန်တီးပေးခဲ့သည်ဟုပင် ဆိုနိုင်ပါသည်။

တခြားသူတွေကတော့ ထိုအမြတ်အစွန်းများကို ချွေတာကာ စုထားဖို့ ကြိုးစားကြလိမ့်မည်။ သို့သော်လည်း လင်းဝမ်ကတော့ ဒီလို မဟုတ်မှန်း သိသာပါသည်။

သူမက ငွေကို ပျော်ပျော်ကြီး သုံးစွဲလိုက်ပြီး ဝန်ထမ်းများကို ရှန်းယန်ဂိမ်းမှ ပေးအပ်မည့် အကျိုးခံစားခွင့်များကိုလည်း အမြင့်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ထိုငွေတွေကို ပြန်ရမှာပဲ မဟုတ်လား။

လင်းဝမ်က ထိုသို့ စဉ်းစားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ရှန်းယန်ဂိမ်းရဲ့ ဝန်ထမ်း အကျိုးခံစားခွင့်များက ထန်းတာ့ဂိမ်းနဲ့ ရင်ဘောင်တန်းနိုင်ပါပြီ။

ရှန်းယန်ဂိမ်းရဲ့ ဝန်ထမ်းတွေကိုလည်း ထန်းတာ့ဂိမ်းလိုပဲ နောက်ဆုံးတော့ သားအရင်းသမီးအရင်းတွေလို ဆက်ဆံနိုင်ပါပြီ။

ထိုအချိန်တွင် ဟောက်ချုံးက ဘာရည်ရွယ်ချက်မှ မရှိဘဲ သူ့ရဲ့ တန်ဖိုးကြီး ထိုင်ခုံမှာ ကျောမှီထိုင်နေပြီး အင်တာနက် သုံးနေပါသည်။

သူ့မှာ ဘာမှ လုပ်စရာ မရှိပေ။

ရှန်းယန်ဂိမ်းက မကြာသေးခင်ကမှ ဂိမ်းတစ်ခုကို ထုတ်လုပ်ထားခြင်း ဖြစ်၏။ ဟောက်ချုံး ကုမ္ပဏီဝန်ထမ်း တစ်ယောက်အနေနဲ့ အားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့ပြီးပြီဟု ဆိုနိုင်ပါသည်။ သူအလုပ်စဝင်တာနဲ့ Bloody Battle Song မိုဘိုင်းဗားရှင်း ထုတ်လုပ်မှုနဲ့ ကြုံခဲ့ရသည်။ ထို့နောက် ဂိမ်းက အတော်လေး အောင်မြင်မှုရခဲ့၏။ ဘော့စ်ဖေးက သူတို့ကို ညစာလိုက်ကျွေးခဲ့သည်။ ထို့နောက် သူတို့ ရုံးနေရာအသစ်တစ်ခု ပြောင်းလဲလိုက်ကြ၏။

လွန်ခဲ့သည့် လပိုင်းလောက်ကမှ ဟောက်ချင်း အလုပ်တစ်ခု ကြိုးစားပမ်းစား ရှာခဲ့ရသည်။ သို့သော် ယခုကျတော့ သူ့ကျန်းမာရေး ထိန်းသိမ်းဖို့ နည်းလမ်းများကို ရှာရင်း အင်တာနက် သုံးနေပါသည်။

နေ့တိုင်း အပြစ်ရှိသလိုလည်း ခံစားနေရ၏။

အမည်မဲ့စားသောက်ဆိုင်ထဲက ဘော့စ်ဖေးရဲ့ ပုံရိပ်ကို မကြာခဏ သူတွေးမိသည်။ ထိုအချိန်တုန်းက ထူးထူးဆန်းဆန်း အရသာရှိသည့် ကောက်ညှင်းနဲ့ ကဏန်းဥတွေကို စားခဲ့ရသေးသည်။ ထို့နောက်မှ ထိုကောက်ညှင်းကို ‘ငါးဥဆားနယ်’ဟု ခေါ်မှန်း သိလိုက်ရခြင်း ဖြစ်သည်။

သူ ရေသာခိုမိတိုင်း ဘော့စ်ဖေးကို စိတ်ပျက်အောင် လုပ်နေသည်ဟု ဟောက်ချုံး ခံစားမိသည်။ သို့သော်လည်း လေးလေးနက်နက် အလုပ်တစ်ခုလုပ်ဖို့ စိတ်ဆုံးဖြတ်လိုက်တိုင်းလည်း… ဘာမှ လုပ်စရာ လုံးဝ မရှိပါ။

အတော်ကို ဆိုးရွားလွန်းပါသည်။

ဒါရိုက်တာလင်းရဲ့ ပြောစကား အရဆို နောက်ထပ် ပရောဂျက်တစ်ခု မစမှီ ရှန်းယန်ဂိမ်းက ဘော့စ်လင်းရဲ့ ညွှန်ကြားချက်ကို စောင့်ရမည်ဖြစ်သည်။ အလွန်ဆုံး နိုဝင်ဘာလလယ်လောက်မှ တိကျသေချာသည့် ပလန်တစ်ခုကို ရပါလိမ့်မည်။

လဝက်လောက် ရေသာခိုနေရမည်ဟူသည့် အတွေးနဲ့တင် ဟောက်ချုံး အပြစ်ရှိသလို ခံစားမိနေပါပြီ။

Bloody Battle Song ရဲ့ အဆင့်သတ်မှတ်ချက်တွေကို ကြည့်ဖို့အတွက် TPDb ထဲ ဝင်လိုက်သည်။

အစက ဂိမ်းရဲ့ အနှစ်ချုပ် အဆင့်သတ်မျတ်ချက်မှာ ၇.၂ သာ ရှိသည်။ နောက်တော့ ၈.၄ ပြောင်းလဲသွား၏။ အခု ၈.၉ ဖြစ်နေပါပြီ။ ဂိမ်းရဲ့ အဆင့်သတ်မှတ်ချက် တစ်ခုချင်းစီတိုင်းကလည်း ပုံမှန် တိုးမြင့်နေသည်။ ဒီတိုင်းသာဆို နောက်လထဲ ဂိမ်းရဲ့ အဆင့်သတ်မှတ်ချက်က အလွယ်တကူ ၉.၀ ရောက်သွားပါလိမ့်မည်။

အဆင့်သတ်မှတ်ချက် ပိုမြင့်လေလေ သူတို့ရဲ့ ဘောနပ်စ် ပိုများလေလေ ဖြစ်သည်။ နောက်လထဲ ဘောနပ်စ်ပိုများများ ရလိမ့်မည်ဟူသည့် အတွေးကြောင့် ဟောက်ချုံး ပိုပြီးတောင် လိပ်ပြာမလုံ ဖြစ်သွားရပါသည်။

သူ ဘာအလုပ်မှ မလုပ်ရဘဲ ငွေတွေသာ ထိုင်ယူနေရ၏။

ကြည့်ရတာ အဆင်ပြေသလို ပုံပေါက်သော်လည်း… ဟောက်ချုံးက အသုံးမကျတဲ့လူတစ်ယောက်လို သတ်မှတ်ခံလိုက်ရမှာကို စိုးရိမ်နေသည်။ ထို့ကြောင့် သူ့ကိုယ်သူ သက်သေပြနိုင်ဖို့ အလုပ်ပြန်သွားဖို့ မစောင့်နိုင်တော့ပါ။

ထို့နောက် ကုမ္ပဏီတွင်း Forum ထဲ ဘာရယ် မဟုတ်ဘဲ ဝင်လိုက်သည်။

“အလုပ်မလုပ်ခင် ပို့စ် ၂ ခုလောက် ဖတ်လိုက်ပါဦးမယ်” ဟောက်ချုံး စိတ်ဆုံးဖြတ်ချက် ချလိုက်ပါသည်။

“ဟမ် ဒီ Pin ထောက်ထားတဲ့ ပို့စ်က ဘာကြီးလဲ။ ဘော့စ်ဖေးဆီက ဝန်ထမ်းတွေကို အိတ်ဖွင့်ပေးစာလား”

ဟောက်ချုံး ရင်ထဲ ဒုံးကနဲ မြည်သွားပြီး လိပ်ပြာမလုံမှုများက သူ့ကို လွှမ်းမိုးလာပါသည်။

ဒီလို အိတ်ဖွင့်ပေးစာမှာ ဘာတွေရေးထားမလဲ လူတိုင်း ခန့်မှန်းကြည့်လို့ရပါသည်။ ကုမ္ပဏီရဲ့ အချက်အလက် ကွန်ရက်မှာ တင်ထားသည့် အိတ်ဖွင့်ပေးစာ တစ်စောင်မှာ ရည်ရွယ်ချက် တစ်ခုသာ ရှိပါသည်။ ဝန်ထမ်းတိုင်းကို စာမျက်နှာတစ်ခုတည်း ရောက်အောင် စုစည်းပြီး အလုပ်ကြိုးစားကြဖို့ အားပေးခြင်းသာ ဖြစ်လိမ့်မည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် ဒီစာတွေက ကုမ္ပဏီခေါင်းဆောင် တစ်ယောက်ထံမှ ဝန်ထမ်းအားလုံးကို အားပေးသည့် ပုံစံ တစ်မျိုး ဖြစ်၏။

တခြား ကုမ္ပဏီတစ်ခုသာဆို ဝန်ထမ်းတွေက စာကို အဖတ်လုပ်ပြီး ဖတ်နေမှာတောင် မဟုတ်ပါ။ အဓိပ္ပာယ်လည်း မရှိလောက်ပါ။

သူတို့က နဂိုကတည်းက ပင်ပန်းနေပြီးသား ဖြစ်သည်။ သူတို့ကို အလုပ်ပိုကြိုးစားဖို့ တွန်းအားပေးထားတဲ့စာကို ဖတ်ပြီး ဘာလို့ ကိုယ့်ကိုယ်ကို ထပ်ပင်ပန်းအောင် လုပ်ကြမှာလဲ။

သို့သော်လည်း ဟောက်ချုံးကတော့ ဘော့စ်ဖေးထံမှ ပေးစာကို နှိပ်ကြည့်လိုက်မိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဟောက်ချုံးက အားပေးမှု လိုအပ်နေသည်ဟု ခံစားနေရခြင်းကြောင့် ဖြစ်ပါသည်။ သူ နေ့တိုင်း ဘာမှ မလုပ်ဘဲ ထိုင်နေလို့ မရပါ။ ဒီလိုဆို ရိုင်းစိုင်းရာ ကျလွန်းပါမည်။

ကုမ္ပဏီအကျိုးခံစားခွင့်တွေကို ထိုင်စားရင်း ရေသာခိုပြီး ပျော်နေကြသည့် ဝန်ထမ်းများကို ဘော့စ်ဖေး ဝေဖန်တော့မှာကိုတောင် ဟောက်ချုံး စိတ်ကူးယဉ်ကြည့်လို့ ရနေပါပြီ။ သူ့အိတ်ဖွင့်ပေးစာက ရေသာခိုနေသည့် ဝန်ထမ်းများကို ကြိုးစားလိုသည့် စိတ်ဓာတ် ရိုက်သွင်းကာ ‘ဝံပုလွေလို ကျင့်ကြံဖို့’ အသိပေးစာ ဖြစ်လောက်မည်။

ဟောက်ချုံး ဒီစာကို အသုံးချပြီး ကိုယ့်ကိုယ်ကို နိုးထအောင် လုပ်လို့ရလိမ့်မည်ဟု ခံစားမိပါသည်။

ထိုမျှော်လင့်ချက်များဖြင့် Pin ပို့စ်ကို နှိပ်လိုက်ပြီး အနီးကပ် ဖတ်ကြည့်လိုက်သည်။

ဖတ်ပြီးသွားသောအခါ ဟောက်ချုံး မျက်မှောင်ကြုတ်သွားရ၏။ သူလုံးဝ ဇဝေဇဝါ ဖြစ်နေပါသည်။ ဘာလို့ ဒီအိတ်ဖွင့်ပေးစာက သူ ထင်ထားတာနဲ့ အရမ်း ခြားနားနေရတာလဲ။

လုံးဝ… ဆန့်ကျင်ဘက်လိုပင်။ ဟောက်ချုံးက စာထဲက ‘ရွှေစကားလုံးများ’ကို ပြန်မှတ်သားဖို့အတွက် အစမှ အဆုံးအထိ အိတ်ဖွင့်ပေးစာကို ပြန်ဖတ်လိုက်ပါသည်။

သူ့နှိုးစက်နာရီ မြည်လာတိုင်း ဆက်အိပ်နေတတ်သည်။ အလုပ်တွေ ဘယ်လောက်လုပ်စရာ များနေပါစေ အမြဲတမ်း အိပ်ရေးဝဝ အိပ်တတ်ရမယ် ဆိုပါလား။

ဝန်ထမ်း တစ်ယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့အကြား ဆက်နွယ်မှုက နည်းပါးလွန်းတယ် ဆိုပါလား။

အချိန်ပို အလုပ်လုပ်တာက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အစွမ်းအစကို မယုံကြည်တာ ဖြစ်ပြီး ထန်းတာ့ရဲ့ ခံယူချက်ကို ဆန့်ကျင်ရာ ရောက်တယ် ဆိုပါလား။

အခုချိန်ကစပြီး အချိန်ပိုလုပ်ခြင်းကို ကန့်ကွက်ရမယ် ဆိုပါလား။

ဟောက်ချုံး အိတ်ဖွင့်ပေးစာကို အစအဆုံး အနီးကပ် ထပ်ဖတ်ကြည့်လိုက်ပြန်သည်။ စာကြောင်းတွေကြားထဲမှာ ဒီစကားလုံးများကိုပင် မြင်လာရသည်။ ‘အချိန်ပိုလုပ်တာ မှားယွင်းပြီး ရေသာခိုတာ မှန်ကန်ပါသည်’

ဒီအမှောင်ဟာသက အားကောင်းလွန်းသဖြင့် ဟောက်ချုံး အိပ်မက်မက်နေသည်ဟုတောင် ထင်ခဲ့မိ၏။ ဒီ့မတိုင်ခင်က လိပ်ပြာမလုံဖြစ်ခဲ့ရသည်။ သို့သော်လည်း ဒါတွေအားလုံး အခုတော့ အူကြောင်ကြောင်ဖြစ်မှုတွေနဲ့ အစားထိုးခံလိုက်ရပါပြီ။

ဘော့စ်က ငါ့ကို ဒီ့ထက် ရေသာခိုစေချင်တာလား။

အဲ…

ဟောက်ချုံး လမ်းပျောက်သွား၏။ ရက်စွဲကိုလည်း လှမ်းကြည့်လိုက်သည်။ ဒီနေ့က April Fool နေ့ မို့လို့လား။

ဇဝေဇဝါ ဖြစ်စွာဖြင့် ဟောက်ချုံး စာမျက်နှာကို Refresh လုပ်ကြည့်လိုက်သည်။ ချက်ချင်းဆိုသလို ပြန်စာ ၇ စောင် ၈ စောင်လောက် ပေါ်လာ၏။

ဟောက်ချုံးလို ဘာမှ လုပ်စရာမရှိကြသည့် တခြားဝန်ထမ်းတွေလည်း အများကြီး ရှိလောက်ပါသည်။ ထို့ကြောင့် အားလုံး ကုမ္ပဏီတွင်း Forum ကို ဝင်ကြည့်နေကြတာ ဖြစ်မည်။ ထို့ကြောင့် Pin ပို့စ်ကို တင်တင်လိုက်ချင်း ကောမန့်ရေးနိုင်ကြတာ ဖြစ်ပါသည်။ ပထမဆုံး စာပြန်သူ ဖြစ်ဖို့အတွက်တောင် ပြိုင်ဆိုင်နေလောက်သည်။

“ဘော့စ်ဖေးကို ဖမ်းဖို့ ပထမ စာမျက်နှာမှာ ကောမန့်ရေးကြ”

“ဘော့စ်ဖေးက အရမ်းရှိန်ဖို့ ကောင်းတာပဲ”

“ဒီအိတ်ဖွင့်ပေးစာက ဘာကြီးလဲ။ ပို့စ်တင်စနစ်ကို စမ်းနေတာလား ဟာသ လာလုပ်နေတာလား”

လူအများစုကလည်း ဟောက်ချုံးလိုပဲ ကြောင်စီစီဖြစ်နေကြမှန်း သိသာပါသည်။

ဘာလို့ ဘော့စ်တစ်ယောက်က သူ့ဝန်ထမ်းတွေကိုသူ ရေသာခိုခိုင်းမှာလဲ။ ပြောင်းပြန်စိတ်ပညာ သုံးနေတာများလား။

ထိုဇဝေဇဝါ ဖြစ်မှုများအကြား ပို့စ်အောက်မှာ ပြန်စာတွေ ပိုပိုပြီး ပေါ်လာခဲ့ပါသည်။

“နားလည်ပါပြီ ဘော့စ်ဖေး ကျွန်တော်တို့ ကောင်းကောင်းအနားယူပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ပါ့မယ်”

“အရမ်း နွေးထွေးဖို့ ကောင်းတာပဲ။ ဟာသလို ရေးထားတာ ဆိုပေမယ့် စာသားတွေအကြားမှာ ဘော့စ်ဖေးရဲ့ ဂရုစိုက်မှုနဲ့ ပူပန်မှုတွေကို ခံစားမိတယ်”

“ဒီ Pin ပို့စ်ကြောင့် ငါအတွေးပိုနက်နဲသွားပြီ။ တခြားကုမ္ပဏီတွေက ဝံပုလွေလိုကျင့်ကြံခိုင်းပြီး ကြိုးစားချင်စိတ် ရှိဖို့ တွန်းအားပေးကြမှာ။ သူတို့ ဝန်ထမ်းတွေဆီက အမြတ်ထုတ်နိုင်မယ့် နည်းလမ်းတွေကိုပဲ စဉ်းစားနေကြမှာ။ ဒါပေမယ့် ဘော့စ်ဖေးကတော့ လုံးဝ ခြားနားတယ်။ ဒါ အဲ့ဒီကုမ္ပဏီတွေကို ဘော့စ်ဖေး ရက်ရက်စက်စက် ထုတ်ဖော်ပြီး ရှုတ်ချလိုက်တာ ဖြစ်မယ်”

“ငါ ကြည်နူးသွားပြီ။ ဒါ ငါတို့အားလုံး ဂုဏ်ယူရတဲ့ ထန်းတာ့ရဲ့ ခံယူချက်ပဲ”

“ဘော့စ်ဖေးရဲ့ သတိပေးချက်က တကယ်မှန်တယ်သိလား။ စကားလုံးတိုင်းက ငါ့ရင်ထဲ တန်းဝင်သွားတယ်။ ဘော့စ်တွေ အများစုက ကုမ္ပဏီနဲ့ သူတို့ ကိုယ်ကျိုးစီးပွား အတွက်ပဲ စဉ်းစားလေ့ရှိကြတယ်။ သူတို့တွေးတာဆိုလို့ ‘ငါ့ဝန်ထမ်းတွေ အလုပ်ပိုကြိုးစားရင် နှစ်ကုန် ငါကားဝယ်စီးနိုင်ပြီ’ ဆိုတာမျိုးပဲ။ သူတို့ ဝန်ထမ်းတွေကောင်းဖို့အတွက်ပဲဆိုပြီး ဝန်ထမ်းတွေကို အလုပ်ကြိုးစားဖို့ တွန်းအားပေးကြတယ်။ တကယ်တမ်းက သူတို့ ကိုယ်ကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်း ဆန်ဆန်လုပ်နေကြတာပဲ”

“ဒါပေမယ့် ဘော့စ်ဖေးကတော့ လုံးဝ ခြားနားတယ်။ သူက သူ့ဝန်ထမ်းတွေ၊ သူတို့ရဲ့ ကျန်းမာရေး၊ သူတို့ရဲ့ မိသားစု၊ သူတို့ရဲ့ အနာဂတ်တွေအကြောင်းပဲ တွေးနေတာ။ သူ့လို ခေါင်းဆောင်မျိုးရှိရင် ငါတို့ ဘာလိုသေးလဲ”

“စိတ်ချပါ ဘော့စ်ဖေး။ ကျွန်တော်တို့ အချိန်ပို အလုပ်မလုပ်ဘဲ ခန္ဓာကိုယ်ကို ဖိအား မပေးရဘူးဆိုရင်တောင် ကုမ္ပဏီကို ဒီ့ထက် ပိုမြင့်မားလာအောင် အလုပ်တွေကို ပြီးမြောက်အောင် သေချာပေါက် ကြိုးစားပေးသွားမှာပါ”

“ဟုတ်တယ် ဘော့စ်ဖေး ဘော့စ်ဖေးက ကျွန်တော်တို့ကို ဒီလောက်ကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခု ပေးထားပြီး ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဝန်ထုပ်ဝန်ပိုးတွေကိုတော့ သူကိုယ်တိုင်ပဲ ပခုံးထမ်းတင်ထားတယ်။ ငါတို့ ဘော့စ်ဖေးကို စိတ်ပျက်စေလို့ မဖြစ်ဘူး။ ငါတို့ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်ကြရမယ်။ ဒါမှ ကုမ္ပဏီအတွက် ပိုကြိုးစားပေးလို့ရမှာ။ ဒါမှ ရလဒ်ကောင်းတွေ ရရှိနိုင်ပြီး ဘော့စ်ဖေးကို ကျေးဇူးပြန်ဆပ်နိုင်လိမ့်မယ်”

လူတွေကလည်း ကောမန့်ပေါင်းစုံကို ဆက်တိုက် Like လုပ်နေသဖြင့် ခပ်မြန်မြန်ပဲ ထိပ်ဆုံးကို ရောက်လာကြသည်။ ဟောက်ချုံး အစက ကြောင်စီစီဖြစ်နေခဲ့သော်လည်း နောက်ဆုံးတော့ ဖြစ်ပျက်နေတာတွေကို နားလည်သွားပါသည်။

ဒီကုမ္ပဏီတွင်းစာက သူတို့ကို အားပေးဖို့ မဟုတ်ပေ။ ဒါက လူသားမျိုးနွယ်အတွက် မဟာအလေးထားမှုကြီး တစ်ခု ဖြစ်သည်။ စာရဲ့ အဓိကအချက်က ဝန်ထမ်းတွေကို အချိန်ပိုလုပ်ရမလား မလုပ်ရဘူးလား ပြောချင်တာ မဟုတ်ပါ။

အပေါ်ယံမှာတော့ ဘော့စ်ဖေးက အားလုံးကို အလုပ်မကြိုးစားဖို့ ပြောနေသည်ဟု ထင်ရသည်။ သို့သော်လည်း ဒါက ချဲ့ကားထားမှန်း သိသာပါသည်။

မျှော်မှန်းချက် နည်းနည်းလေးရှိတဲ့ ဝန်ထမ်းတိုင်း ကိုယ့်အနာဂတ်အတွက် အလုပ်ကြိုးစားရကောင်းမှန်း သိကြသည်။

ဘော့စ်ဖေး တကယ် ဆိုလိုတာက သူ့ဝန်ထမ်းတွေကို အလုပ်ကြိုးစားရင်း သူတို့ရဲ့ ခန္ဓာကိုယ်၊ ကျန်းမာရေး၊ မိသားစုတွေနဲ့ ဝါသနာတွေကိုပါ ဂရုစိုက်ဖို့ ပြောခြင်း ဖြစ်သည်။ ဒါမှ သူတို့အလုပ်ကို ကောင်းမွန်စွာ အောင်မြင်နိုင်မည် ဖြစ်ကာ ထန်းတာ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုပြီး အထောက်အကူ ပြုနိုင်မှာ ဖြစ်သည်။

ဒါကိုကြည့်ခြင်းအားဖြင့် အသေးငယ်ဆုံး အကျိုးအမြတ်တောင် လက်ဝါးကြီးအုပ်ဖို့၊ တစ်ပြားတစ်ချပ်လေးတောင် ချွေတာဖို့၊ ဝန်ထမ်းတိုင်းရဲ့ လစာကို အခွင့်အရေးရတိုင်း လျှော့ဖို့ စဉ်းစားနေသည့် ဘော့စ်တွေထက် ဘော့စ်ဖေးမှာ အလွန်ကွဲပြားသည့် ဗျူဟာ ရှိနေမှန်း မြင်နိုင်ပါသည်။

ထိုအတွေးဖြင့် ဟောက်ချုံး စိတ်ဆုံးဖြတ်ချက်များဖြင့် ပြည့်ဝသွား၏။

သူလည်း ဘော့စ်ဖေးပို့စ်အတွက် ရီပလိုင်း ရေးလိုက်ပါသည။ “ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ ဘော့စ်ဖေး။ ကျွန်တော်တို့ အလုပ်လည်း ကြိုးစား ခန္ဓာကိုယ်တွေကိုလည်း ဂရုစိုက်သွားပါ့မယ်။ ကျွန်တော်တို့အားလုံး ထန်းတာ့နဲ့ အတူတူ ဖွံ့ဖြိုးတိုးတက်ကြပါစေ။”

All Chapters