← Chapters

ဆဲလ်ဖုန်းလုပ်ငန်းကို ဦးဆောင်ဖို့ နင့်အပြင် ဘယ်သူက ပိုသင့်တော်ဦးမှာလဲ

Vol. 21 Ch. 311

ဆဲလ်ဖုန်းလုပ်ငန်းကို ဦးဆောင်ဖို့ နင့်အပြင် ဘယ်သူက ပိုသင့်တော်ဦးမှာလဲ

Vol. 21 Ch. 311

သရဲဂိမ်းတစ်ခုကို ဖန်တီးလိုက်ခြင်းဖြင့် အရှုံးပေါ်နိုင်ခြေကို တကယ်ပဲ တိုးမြင့်သွားစေနိုင်မျာလား။

အမှန်ပင်။ တချို့ သရဲဂိမ်းတွေက အလွန်အောင်မြင်လာခဲ့ကာ အမြတ်အစွန်းတွေ အများကြီး ရှာပေးနိုင်မှန်း ဖေးချမ့် သိပါသည်။ သို့သော်လည်း အနှစ်ချုပ်ကာ ကြည့်လိုက်ပါက ဒါတွေက အနည်းစုသာ ဖြစ်သည်။

တခြားဂိမ်းအမျိုးအစားတွေထက် သာလွန်ပြီး ဂိမ်မာတွေ စိတ်ထဲမှာ စွဲမြဲသွားစေမည့် သရဲဂိမ်းမျိုးက အလွန်နည်းသည်။ သရဲဂိမ်းနဲ့ သရဲဇာတ်ကား အများစုက ဘာသံမှ မကြားရတော့ဘဲ ကျရှုံးချင် ကျရှုံး သို့မဟုတ် ဝေဖန်သည့် ပရိုဂရမ်များအတွက် အဓိက ပစ်မှတ်များ ဖြစ်လာကြသည်။ ဒါတွေအားလုံးရဲ့ နောက်ကွယ်က အကြောင်းအရင်းတွေက သရဲအိမ်များ လူကြိုက်နည်းရခြင်းနဲ့ အတော်လေး ဆင်တူပါသည်။

တစ်ဖက်မှာတော့ သရဲတစ္ဆေအမျိုးအစားက စိတ်ပျော့သည့် ဂိမ်မာများ၊ ကြည့်ရှုသူများကို လုံးဝ လှည့်ထွက်သွားအောင် လုပ်နိုင်သည်။

နောက်တစ်ဖက်မှာလည်း သရဲတစ္ဆေအမျိုးအစားကို ကောင်းကောင်း မဖန်တီးနိုင်ပါက ဟာသကြီးတစ်ခုလို အလွယ်တကူ ပြောင်းလဲသွားနိုင်သည်။

ဥပမာ သရဲတစ္ဆေ ရုပ်ရှင်တွေကိုပဲ နမူနာ ယူကြည့်ပါ။

တကယ်တမ်း ကြောက်စရာ ကောင်းဖို့ အတွက်ဆို သရဲတစ္ဆေရုပ်ရှင်တွေက အလွန် လက်တွေ့ကျရမည်။ ဆိုလိုရင်က ဇာတ်လမ်း ဆက်တင်၊ ပစ္စည်းကိရိယာများ၊ အတတ်အစားများ၊ မိတ်ကပ်များကို အလွန် ပြီးပြည့်စုံအောင် ဖန်တီးရမည်။

ကြည့်ရှုသူတွေ ရုပ်ရှင်ထဲမှာ သေချာပေါက် စိတ်ဝင်စားစေဖို့ ရိုက်ကူးရေးနည်းလမ်းများနဲ့ ဇာတ်လမ်းဇာတ်ကွက်ကလည်း လက်ရာ မြောက်နေရမည်။ ဒါမှ နောက်ဘာဆက်ဖြစ်မလဲ ဆိုတာကို ကြည့်ရှုသူတွေက မခန့်မှန်းနိုင်မှာ ဖြစ်သည်။

ဇာတ်လမ်းတစ်ခုလုံးကိုလည်း စိတ်ဖိစီးစရာ ဖြစ်အောင် ဖန်တီးထားရမည်။ ဒါမှ စီးမျောရသည့် ခံစားချက်ကို မပျက်စီးစေမှာ ဖြစ်သည်။

တာဝန်ရှိသူတွေက ပရော်ဖက်ရှင်နယ် မဆန်လျှင် သရဲတစ္ဆေရုပ်ရှင်တွေလည်း ကျင်းကျိုးမြို့က သရဲအိမ်တွေလို ဖြစ်သွားနိုင်သည်။ နှစ်ဖက်စလုံးမှာ အောင်မြင်မှု မရဘဲ ဖြစ်သွားမည်။

စိတ်ပျော့တဲ့ လာရောက်လည်ပတ်သူတွေက ဝင်ရဲမှာ မဟုတ်သလို စိတ်ရဲတဲ့ လည်ပတ်သူတွေကလည်း ပျင်းစရာ ကောင်းသည်ဟု ထင်သွားကြလိမ့်မည်။

သရဲဂိမ်းတွေအတွက်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ ထို့ကြောင့် သရဲဂိမ်းကောင်းကောင်း ဖန်တီးနိုင်သည့် ဂိမ်းဖန်တီးရှင်များက အလွန်နည်းပါးသည်။

ရှန်းယန်ဂိမ်းကို ဒီနယ်ပယ်ထဲ ဖေးချမ့် ခြေချခိုင်းစေချင်ခြင်းမှာ လင်းဝမ်နဲ့ ရှန်းယန်ဂိမ်းတို့ သရဲဂိမ်းတွေနဲ့ လုံးဝ အတွေ့အကြုံမရှိတာကြောင့်ပဲ ဖြစ်ပါသည်။

သူတို့ လုံးဝ အမှိုက်လို စုတ်ပြတ်သည့် သရဲဂိမ်းတစ်ခုကိုတောင် ထုတ်လုပ်လာနိုင်သည်။ ထိုအခါ ဆရာချောင်းရဲ့ အမှိုက်သရိုက်ဂိမ်းဝေဖန်မှု စီးရီးထဲမှာ ပါလာဦးမည်။ ဒါဆို ဘယ်လောက် လှပလိုက်မလဲ။

အမှန်ပင်။ သူတို့အားလုံးကို အရင်ဆုံး အားတော့ ပေးရပါမည်။ အနည်းဆုံး လင်းဝမ်နဲ့ ယဲ့ကျစ်ကျိုးတို့ကို ကျရှုံးနိုင်ခြေ အတော်များသည့် မစ်ရှင်တစ်ခုကို တာဝန်ယူအောင် ဖျောင်းဖျရပါမည်။

ဖေးချမ့် လက်ဘက်ရည်ခွက်ကို ချလိုက်ပြီး အတည်ပေါက် ပြောလိုက်လေသည်။

“အခုချိန်ထိ ပြည်တွင်းဂိမ်းစျေးကွက်ထဲမှာ မှတ်သားလောက်စရာ သရဲဂိမ်းမျိုး မထုတ်နိုင်သေးဘူး”

“ပြည်တွင်း သီးခြားဂိမ်းလောကကလည်း အတော့်ကို အားနည်းနေတယ်။ သရဲဂိမ်းတွေကလည်း ရိုးအီသထက် ရိုးအီလာတယ်”

“တစ်ချိန်တည်းမှာ သရဲဂိမ်းကောင်းတွေကို ဖန်တီးဖို့ဆိုရင် ဖန်တီးသူတွေကလည်း စကေး အရမ်းမြင့်မှ ဖြစ်မယ်”

“နင့်ကိုယ်နင် သက်သေပြချင်တယ်ဆိုရင် အခက်ခဲဆုံး တာဝန်ကို ယူပြတတ်ရတယ် သရဲဂိမ်းလောကကို နင်သိမ်းပိုက်နိုင်ပြီဆိုတာနဲ့ တခြား ဘယ်လို ဂိမ်းအမျိုးအစားကိုမဆို အလွယ်တကူ ဖန်တီးနိုင်လိမ့်မယ်”

“ထန်းတာ့ရဲ့ ဝန်ထမ်းတွေက ရှုံးမှာ ကြောက်လို့ နောက်ပြန်ဆုတ်ရိုးလား”

လင်းဝမ် ခက်ခက်ခဲခဲစဉ်းစားရင်း မျက်တောင် တဖျပ်ဖျပ် ခတ်နေမိသည်။ ဖေးချမ့်ရဲ့ စကားကြောင့် သူမ အနည်းငယ် စိတ်ပြောင်းလာမှန်း သိသာပါသည်။

ဖေးချမ့် စိတ်ထဲမှာ အောင်ပွဲခံလိုက်၏။ အမှန်ပဲ။ ဒီလိုနည်းလမ်းနဲ့ ပြောလိုက်တာ အာနိသင်ရှိတယ်။

တခြားတစ်ယောက်သာဆို ဖေးချမ့်ရဲ့ စကားကြောင့် တစ်ဖက်လူအတွက် ပြောင်းပြန်သက်ရောက်မှု ရှိသွားပြီး တကယ်တမ်း ရှုံးမှာကြောက်လို့ နောက်ဆုတ်သွားနိိုင်သည်။

သို့သော်လည်း လင်းဝမ်ကတော့ ခြားနားပါသည်။ သူမက စိန်ခေါ်ခံရတာကို ကြိုက်နှစ်သက်သူ ဖြစ်၏။

ထို့အပြင် Bloody Battel Song မိုဘိုင်းဗားရှင်းကလည်း အောင်မြင်မှု ကြီးကြီးမားမား ရရှိထားသည်။ ယခု ပရောဂျက်အဖွဲ့တစ်ခုလုံးက ဘဝင်မြင့်နေပြီး အရူးမျက်ကန်း အကောင်းမြင်မှုတွေနဲ့ ပြည့်နှက်နေသည်ဟု ဆိုနိုင်သည်။ ဒီလိုအခြေအနေတွေအောက်မှာ ကိုယ့်ကိုယ်ကို သက်သေပြနိုင်ဖို့အတွက် ရေပန်းစား AAA ဂိမ်း တစ်ခု ဖန်တီးနိုင်မည့် အခွင့်အရေးကို ဘယ်သူက လက်လွှတ်ဆုံးရှုံးခံမည်နည်း။

ရှန်းယန်ဂိမ်းဝန်ထမ်းတွေလည်း ဒီမက်လုံးကို ခံနိုင်ရည်ရှိလိမ့်မည်ဟု ဖေးချမ့် မထင်ပါ။

ခဏလောက် စဉ်းစားပြီးနောက် လင်းဝမ် ပြောလိုက်ပါသည်။ “ဘော့စ်ဖေး။ ကျွန်မ ဒီကိစ္စကို ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့နဲ့ ဆွေးနွေးကြည့်ပါဦးမယ်”

ဖေးချမ့် ပြုံးကာ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ “ရတာပေါ့”

လင်းဝမ် စိတ်ပါလာမှန်း သူပြောနိုင်ပါသည်။

သူတို့သုံးယောက်မှာ အိုင်ဒီယာ ကောင်းကောင်း မရှိသဖြင့် ဖေးချမ့်၏ အကြံပေးချက်က သူတို့အတွက် လမ်းပြမီးအိမ်လေးတစ်ခုလိုပင်။

လင်းဝမ်က မတ်တပ်ရပ်လိုက်ပြီး ဂိမ်းသစ်အတွက် ဘယ်လိုဆက်ဆောင်ရွက်ကြမလဲ ဆွေးနွေးဖို့အတွက် ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ကို ခေါ်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း ဖေးချမ့် လက်မြှောက်ကာ သူမကို တားလိုက်ပါသည်။

“ခဏလေး။ နောက်တစ်ခု ရှိသေးတယ်”

လင်းဝမ်က ခေါင်းငြိမ့်သည်။ “ပြောပါ ဘော့စ်ဖေး”

ခပ်တည်တည်မျက်နှာမျိုး ဆက်ထားကာ ဖေးချမ့် ပြောလိုက်သည်။ “ဂိမ်းသစ်ကိစ္စအပြင် နင့်အတွက် အရေးကြီးတဲ့ တာဝန်တစ်ခု ပေးစရာ ရှိတယ်”

“ထန်းတာ့က ဆဲလ်ဖုန်းဘရန်းသစ်တစ်ခု ဖန်တီးမယ်။ နင့်ကို… ဒီဆဲလ်ဖုန်းဘရန်းအတွက် ဦးဆောင်ခိုင်းဖို့ တွေးထားတယ်”

လင်းဝမ် ကြက်သေ သေသွား၏။ သူမ ခပ်မြန်မြန်ပဲ ခေါင်းခါကာ ပြောလိုက်သည်။ “မဖြစ်ဘူး ဘော့စ်ဖေး။ ကျွန်မ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး”

“ကျွန်မ စျေးကြီးကြီးဆဲလ်ဖုန်းတွေ အများကြီး ဝယ်ဖူးတယ်။ ဒါပေမယ့် ဖုန်းအကြောင်း ကျွန်မ ဘာမှ နားမလည်ဘူး။ စိတ်တောင် မဝင်စားဘူး။ ပြီးတော့ ကျွန်မက ရှန်းယန်ဂိမ်းကို ဦးဆောင်နေပြီးသားလေ။ ကျွန်မ နောက်ထပ် တာဝန်တစ်ခု ထပ်ယူလိုက်ရင် ကျွန်မ မနိုင်မနင်းဖြစ်လာမှာ စိုးရတယ်”

သူမ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သော်လည်း ဖေးချမ့်က စိတ်ညစ်မသွားပါ။ သူမ ဒီလိုဒီပုံ ငြင်းမယ်ဆိုတာ ကြိုတွေးထားပြီးသားပင်။

“ငါ့ကို အဲ့လောက်မြန်မြန် မငြင်းပါနဲ့ဦး”

“ဆဲလ်ဖုန်းတွေက ထန်းတာ့ရဲ့ လုပ်ငန်းပလန်မှာ အရမ်းအရေးကြီးတဲ့ နေရာကနေ ပါဝင်မှာ။ တကယ်တော့ ရှန်းယန်ဂိမ်းထက်တောင် ပိုပြီး အရေးပါနိုင်တယ်”

“ဘာပဲဖြစ်ဖြစ် ရှန်းယန်ဂိမ်းက အလွန်ဆုံး တရုတ်နိုင်ငံမှာပဲ ရေပန်းစားတဲ့ ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဆဲလ်ဖုန်း လုပ်ငန်းတစ်ခုဆိုတာက ယွမ် ဘီလီယံ ရာချီတဲ့ နည်းပညာ အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်သွားနိုင်တဲ့ အလားအလာရှိတယ်”

“အနာဂတ်မှာ လူမှုနေထိုင်မှုဘဝတွေအပေါ် ဆဲလ်ဖုန်းတွေက ကျယ်ကျယ်ပြန့်ပြန့် ရင်းရင်းနှီးနှီး လွှမ်းမိုးမှု ပိုရှိလာကြလိမ့်မယ်။ ဆဲလ်ဖုန်းတွေကို အိတ်ဆောင်သယ်သွားလို့ရပြီး လူတိုင်းအင်တာနက်ပေါ်က တခြားသူတွေနဲ့ ဆက်သွယ်နိုင်မယ့် ပြတင်းတံခါးလေး တစ်ချပ်လို ဖြစ်လာလိမ့်မယ်”

“ရှန်းဟွာ ကော်ပိုရေးရှင်းကိုပဲ နမူနာယူကြည့်စမ်းပါ။ ဆဲလ်ဖုန်းစျေးကွက်တစ်ခုက ဂိမ်းတစ်ခုကို ရေပန်းစားသွားအောင် အလွယ်တကူ လုပ်နိုင်ခဲ့တာ မဟုတ်ဘူးလား။ အဲ့ဒီ ရှိန်လောက်စရာ စွမ်းအားကြီးကို နင်ကိုယ်တိုင် မြင်ပြီးသား မဟုတ်ဘူးလား”

“ငါတို့ ဆဲလ်ဖုန်း လုပ်ငန်းသာ အောင်မြင်သွားမယ်ဆိုရင် ထန်းတာ့က အတောင်ပေါက်တဲ့ ကျားတစ်ကောင်လို ဖြစ်သွားလိမ့်မယ်”

ဖေးချမ့်က ပုံရိပ်ယောင် မျှော်လင့်ချက်တွေ ဆက်တိုက် ပစ်ကျွေးလိုက်သည်။

လင်းဝမ် ခေတ္တတွန့်ဆုတ်သွား၏။ “အာ… ဘော့စ်ဖေး ပြောချင်တာ ကျွန်မ နားလည်ပါတယ်။ ကျွန်မ ဂိမ်းလုပ်ငန်းနဲ့ ဆဲလ်ဖုန်းလုပ်ငန်း နှစ်ခုစလုံးကို တစ်ပြိုင်တည်း ဦးဆောင်ရမယ်ဆိုရင် မနိုင်မနင်းဖြစ်လာနိုင်တယ်လို့ ထင်မိလို့ပါ”

ဖေးချမ့် ခေါင်းခါလိုက်သည်။ “နင့်ကိုယ်နင် အထင်သေးလွန်းတာပဲ”

“ဒါက သာမန်ခေါင်းဆောင်တိုင်း ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ပိုရင့်ကျက်ဖွံ့ဖြိုးလာဖို့ ကျော်ဖြတ်ရမယ့် အရာမျိုးပဲ”

“ပြီးတော့ ဒီဆဲလ်ဖုန်းလုပ်ငန်းကို နင်တစ်ယောက်တည်း ကိုင်တွယ်စရာ မလိုပါဘူး။ နင့်အတွက် လက်ထောက်တစ်ယောက် ခန့်ပေးဖို့ ငါစဉ်းစားထားတယ်။ အလုပ်တွေအကုန်လုံးကို သူ့ဆီအပ်ထားပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ပဲ ဦးဆောင်ဖို့ လိုတာပါ”

“ထန်းတာ့ရဲ့ လုပ်ငန်းတွေက အခု အရမ်းရှုပ်ထွေးလာပြီ။ ဒါပေမယ့် ငါဘာမှ လုပ်စရာတောင် မလိုဘူးလေ။ လုပ်ငန်းတွေက သူ့ဖာသာသူ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးလာကြတာ မဟုတ်ဘူးလား”

“နင်က ငါ့လိုပဲ ဖြစ်လာလိမ့်မယ်။ စောင့်ကြည့်ကွပ်ကဲသူတစ်ယောက်ပေါ့”

ဖေးချမ့် နောက်နေသည်ဟု ထင်ပြီး လင်းဝမ် ချက်ချင်း ရယ်မောလိုက်ပါသည်။ “ဘော့စ်ဖေးကလည်း ကျွန်မ ဘော့စ်ဖေးကို ဘယ်လိုယှဉ်နိုင်မှာလဲ”

ဖေးချမ့်က ခပ်မြန်မြန်ပဲ လက်ဖြင့် တားလိုက်၏။ “ကိုယ့်ကိုယ်ကို အထင်မသေးလိုက်နဲ့။ နင်က ငါ့ထက် အများကြီး ပိုသန်မာတယ်။ အနှစ်ချုပ်ပြောရရင် ဒါက ထူးချွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့အတွက် ငါတို့ ကျော်ဖြတ်ရမယ့် အရာတစ်ခုပဲ”

“ပြီးတော့ ထန်းတာ့ကော်ပိုရေးရှင်းကို နင်ကြည့်လိုက်စမ်းပါ။ ဒီဆဲလ်ဖုန်းလုပ်ငန်းကို ဦးဆောင်ဖို့ နင့်ထက် ပိုသင့်တော်တဲ့သူ ရှာတွေ့နိုင်ပါ့မလား”

ဖေးချမ့်ပုံစံက ၁၂၀ ရာခိုင်နှုန်းလောက် စိတ်ရင်းမှန်သည့်ပုံစံပင်။

လင်းဝမ်က မှင်သက်စွာဖြင့် ဘော့စ်ဖေးကို စိုက်ကြည့်လိုက်သည်။ ရုတ်တရက်ကြီး သူပြောတာ လုံးဝ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပါသည်။ ဘော့စ်ဖေးက ပလန်အကြီးစားတွေ ချတတ်ခြင်းကြောင့် နာမည်ကြီး၏။ ယခု ဆဲလ်ဖုန်းလောကထဲ ခြေချဖို့ စဉ်းစားနေတာကလည်း ရေးကြီးခွင်ကျယ် မဟုတ်ပါ၊။

ထန်းတာ့ရဲ့ ယခု ဘဏ္ဍာရေး စွမ်းပကားကို ကြည့်ခြင်းအားဖြင့် ဆဲလ်ဖုန်း လုပ်ငန်းခွဲတစ်ခု တည်ထောင်ဖို့ ပြဿနာ မရှိပါ။

ထို့အပြင် ဘော့စ်ဖေးက ဆဲလ်ဖုန်းလုပ်ငန်းကို ဖြည်းဖြည်းနဲ့ မှန်မှန် တည်ဆောက်ဖို့ ရည်ရွယ်ထားပုံရသည်။ သူ ဖင်မနိုင်ဘဲ ပဲကြီးလှော်စားဖို့ စိတ်ကူး မရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် ဆဲလ်ဖုန်းလုပ်ငန်းကို ဦးဆောင်ဖို့အတွက် ထန်းတာ့ကော်ပိုရေးရှင်း တစ်ခုလုံးမှာ သူမက အသင့်တော်ဆုံးဟု လင်းဝမ်လည်း ထင်မိပါသည်။ လင်းဝမ်က ဆဲလ်ဖုန်း လုပ်ငန်းအကြောင်း သိပ်မသိသော်လည်း တခြားသူတွေလည်း ထိုနည်းလည်းကောင်းပင်။

ဘော့စ်ဖေး ငွေအများကြီးသုံးပြီး တခြားကုမ္ပဏီတွေကလည်း လူတွေခေါ်ယူလို့လည်း ရပါသည်။ သို့သော် ထိုကဲ့သို့ လူတွေက စိတ်မချရနိုင်ပေ။ ယုံကြည်မှု ပြဿနာ ဖြစ်လာနိုင်သည်။

သူတို့ သစ္စာရှိတဲ့ လူတစ်ယောက်ကို ရှာတွေ့နိုင်ခဲ့ရင်တောင် ထန်းတာ့ရဲ့ ခံယူချက်အတိုင်း လိုက်နာမည်ဟု အာမခံဖို့ ခက်ခဲပါသည်။

ထန်းတာ့ရဲ့ ဝန်ထမ်းတွေအားလုံးထဲမှာ လင်းဝမ်က တကယ်ပဲ ဆဲလ်ဖုန်းလောကနဲ့ ထိတွေ့မှု အများဆုံးလူ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှန်းဟွာကော်ပိုရေးရှင်းက တယ်လီကွန်မြူနီကေးရှင်း လောကတွင် ဆဲလ်ဖုန်းများ ထုတ်လုပ်ရင်း စတင်ခဲ့တာပဲ မဟုတ်လား။

ဗဟုသုတ မရှိရင်တောင် အသိတရားတော့ ရှိသင့်ပါသည်။ ဆဲလ်ဖုန်းလောကထဲမှာ လင်းဝမ် ဘယ်လောက်ပဲ နားလည်မှု လစ်ဟာနေပါစေ၊ သူမ ကြီးပြင်းလာစဉ် မြင်ခဲ့သည့် အရာများကို မသိစိတ်မှ လွှမ်းမိုးထားပြီးသား ဖြစ်လောက်သည်။ ထို့ကြောင့် သူမက ထန်းတာ့ရဲ့ တခြားဝန်ထမ်းတွေထက်စာရင် ဒီတာဝန်အတွက် အများကြီး ပိုသင့်တော်ပါသည်။

တွန့်ဆုတ်စွာဖြင့် လင်းဝမ် ပြောလိုက်ပါသည်။ “ကောင်းပါပြီ ဘော့စ်ဖေး။ ကျွန်မ သေချာ စဉ်းစားကြည့်လိုက်ပါ့မယ်။ ဒါပေမယ့် ဘော့စ်ဖေးလည်း သင့်တော်တဲ့လူကို ဆက်ရှာနေဖို့ မျှော်လင့်ပါတယ်။ ကျွန်မထက် ဒီတာဝန်နဲ့ ပိုသင့်တော်တဲ့ ပါရမီရှင်တစ်ယောက်ကို ရှာတွေ့နိုင်ရင် အကောင်းဆုံးပေါ့”

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။ “ကောင်းပြီ”

လင်းဝမ် အလျှော့ပေးလိုက်မှန်း သိသာပါသည်။ သူမ ဒီ Role ကို အနှေးနဲ့ အမြန် လက်ခံပါလိမ့်မည်။

ထိုအချိန်ကျလျှင် ဆဲလ်ဖုန်းလောကထဲမှာ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ကို ကျပန်းခန့်အပ်ပြီး တကယ့် အလုပ်တွေလုပ်ဖို့ တာဝန်ပေးဖို့အတွက် ဖေးချမ့် စဉ်းစားထားသည်။ ထိုအခါ ဆဲလ်ဖုန်းလုပ်ငန်းက သေချာပေါက် ကျရှုံးနိုင်ခြေ များပါသည်။

သို့သော်… လင်းဝမ်၏ လက်အောက်မှာ အလုပ်လုပ်ခိုင်းဖို့ ဘယ်သူ့ကို ခန့်အပ်ရမလဲ…။

ဒီကိစ္စက သူ သေချာ စဉ်းစားရမည့် ကိစ္စမျိုး ဖြစ်သည်။ လင်းဝမ်ကို အောင်မြင်မှုများ ဆောင်ယူပေးနိုင်သည့် အစွမ်းအစရှိသူ တစ်ယောက်ကိုသာ ခန့်အပ်လိုက်မိပါက သူ ဒုက္ခအကြီးအကျယ် ရောက်ပါပြီ။

“ဘော့စ်ဖေး သရဲဂိမ်းအသစ်အတွက် ယေဘုယျ ဦးတည်ချက်ကို ရှင်းပြဖို့ ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ကို ခေါ်လိုက်ရမလားဟင်” လင်းဝမ်က မေးလိုက်သည်။

ဖေးချမ့် ခပ်မြန်မြန်ပဲ ခေါင်းခါလိုက်ပါသည်။ “မလိုဘူး။ အစောပိုင်း အဆင့်မှာ နင်တို့ ကိုယ့်ဖာသာကို တွေးလို့ရတယ်။ နင်တို့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကို ငါ အဟန့်အတား မလုပ်ချင်ဘူး။ ယေဘုယျ အစီအစဉ် တစ်ခု ရပြီဆိုတာနဲ့ ငါ့ကို အသိပေး။ အဲ့ကျမှ ငါအကြံတချို့ ပေးမယ်”

ဖေးချမ့် သူ့ တွေးပုံခေါ်ပုံကို သူ မယုံကြည်တော့ပါ။

ဘာမှန်းမသိဘဲ နာမည်ကြီးသွားတဲ့ အစီအစဉ်တစ်ခုကို နောက်တစ်ခေါက် ချလိုက်မိပြန်ရင် ဘယ်လိုလုပ်မလဲ။ သူ ဘာဆက်လုပ်ရမလဲ။

သို့သော်လည်း သူဒီတိုင်း ထိုင်နေပြီး ဘာမှ မလုပ်လို့တော့ မရပေ။

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ကို အစောပိုင်း အိုင်ဒီယာများ ထုတ်ခွင့်ပေးဖို့ ဖေးချမ့်တွေးလိုက်သည်။ ထို့နောက်မှ ဂိမ်းအမြတ်အစွန်း မရနိုင်ချေကို အမြင့်ဆုံးဖြစ်စေဖို့အတွက် လမ်းညွှန်ချက် တချို့ ပေးလိုက်ပါမည်။

“ဟုတ်ပြီ အလုပ်ပြန်လုပ်တော့။ ငါသိပ်မကြာခင် ပြန်လာခဲ့မယ်”

ဖေးချမ့် မတ်တပ်ရပ်ကာ ပြန်သွားတော့သည်။

All Chapters