ငါ့ဝန်ထမ်းတွေ မေးခွန်းတောင် လုဖြေတတ်သွားပြီလား
Vol. 21 Ch. 312
ရှန်းယန်ဂိမ်းမှ ထွက်လာပြီးနောက် ဖေးချမ့် ထန်းတာ့ကို ပြန်လာခဲ့ပါသည်။
အလုပ်တွေ အများကြီး လုပ်ဖို့ ကျန်ပါသေးသည်။ အချိန်ယူပြီး အားလုံးကို စီစဉ်ထားရမည်။ ရှန်းယန်ဂိမ်းနဲ့ လင်းဝမ်တို့ ပြဿနာအပြင် ဖေးချမ့်ကို ခေါင်းအကိုက်စေဆုံး အရာ နောက်တစ်ခုက ထန်းတာ့ရဲ့ နောက်ထပ်ဂိမ်းကို ဘာလုပ်ရမလဲဆိုတာပင်။
ဒီအချိန်မှာ သူ့ရဲ့ ရှိစုမဲ့စု အစွမ်းအစများ ခမ်းခြောက်နေပြီ ဖြစ်ပြီး ခိုကိုးရာမဲ့နေသလို ဖေးချမ့် ခံစားနေမိသည်။
သမုဒ္ဒရာရဲတိုက်မှ Game Designer၊ ထို့နောက် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းအထိ ဖေးချမ့်က ထန်းတာ့ကို ဂိမ်းအမျိုးအစားအသစ်များ ထုတ်လုပ်ဖို့သာ တွန်းအားပေးခဲ့သည်။ မတူညီတဲ့ အစီစဉ်ဆွဲသူချုပ် ၃ ယောက်နဲ့တောင် အလုပ်လုပ်ခဲ့ဖူးပြီ ဖြစ်သည်။
သို့သော် ဘာတွေဖြစ်လာလဲ။
ဘာမှ အသုံးမဝင်ခဲ့ပါ။
ပြောင်းလဲဖို့ သူ ဘယ်လောက်ပဲ ကြိုးစားပါစေ။ အာနိသင်ရှိသည့်ပုံမပေါ်ပေ။
အရှုံးပေါ်အောင် သရဲဂိမ်းတစ်ခု ဖန်တီးချင်ရင်တောင် ဒီတာဝန်ကို ထန်းတာ့အား မပေးရဲတော့ပါ။
သီးခြားဂိမ်းများ ဖန်တီးရာတွင် အတွေ့အကြုံ သိပ်မရှိသည့် ရှန်းယန်ဂိမ်းကို ဒီတာဝန် ပေးရတာ ပိုပြီး စိတ်ချရသည်ဟု သူ ခံစားမိပါသည်။
ယခုတော့ သူ့လက်ထဲမှာ နောက်ထပ် ပြဿနာ တစ်ခု ရှိနေပါပြီ။ ထန်းတာ့က လူတွေ ဘာဆက်လုပ်ရမလဲ။
သူတို့မှာ သီးခြားဂိမ်းတွေကာ၊ အွန်လိုင်းဂိမ်းတွေကော ဖန်တီးဖူးသည့် အတွေ့အကြုံ ကောင်းကောင်း ရှိကြသည်။ ဒီနယ်ပယ်တွေမှာ ဖေးချမ့် ဆက်ဖန်တီးခိုင်းလိုက်ပါက အရင် အောင်မြင်မှုများကို ပြန်ဖန်တီး နိုင်လောက်သည်။ ဘယ်အိုင်ဒီယာမှ ကောင်းမွန်တဲ့ပုံ မပေါက်ပေ။
အားလုံးကို လစာမပြတ် ခွင့်ရက်တွေ ပေးလိုက်ရမလား။
သို့သော်လည်း ဒီလိုလုပ်ဖို့ အကြောင်းပြချက် ကောင်းကောင်း မရှိပါ။ အရင်အသုတ်တုန်းက အရှုံးပေါ်အောင် လုပ်နိုင်ဖို့ သူတို့ အကျိုးခံစားခွင့်များကို အမြင့်ဆုံး ပေးထားပြီးသား ဖြစ်သည်။ အခုချိန် သူတို့ကို အကျိုးခံစားခွင့်တွေ ထပ်ပေးဖို့က အလွန် ခက်ခဲလွန်းပါလိမ့်မည်။
ဖေးချမ့် ပိုစဉ်းစားမိလေလေ ဒုက္ခပိုများလာလေလေ ဖြစ်သည်။ အချိန်အတော်ကြာတာတောင် အကြံကောင်း တစ်ခုမှ စဉ်းစားမရခဲ့ပေ။
စိတ်ပျက်လက်ပျက်ဖြင့် အိုင်လီကျွန်းထဲ ဝင်လိုက်ပြီး ရှိုးများ ကြည့်လိုက်ပါသည်။
အချိန်အနည်းငယ်ကြာသောအခါ တံခါးခေါက်သံ ကြားလိုက်ရ၏။ ဖေးချမ့် မော့ကြည့်လိုက်တော့ ဟွမ်းစစ်ပေါ်ကို မြင်လိုက်ရပါသည်။
“ဘော့စ်ဖေး၊ ဘော့စ်ဖေးအတွက် သတင်းကောင် ပါလာတယ်”
ဖေးချမ့် လက်တွေ တုန်လာသည်။ ‘သတင်းကောင်း’ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ သေမတတ် ကြောက်လန့်သွားပါသည်။
ဒီကောင် ငါ့နောက်ကျောကို ဓားထိုးဖို့ ရောက်လာပြန်ပြီလား။
သို့သော်လည်း ထပ်စဉ်းစားကြည့်မှ မဟုတ်လောက်ပါ။ ငွေစာရင်းရှင်းချိန် ပြီးသွားခဲ့ပါပြီ။
ဘာကြောက်စရာ လိုသေးလို့လဲ။
ဖေးချမ့် စိတ်လျှော့လိုက်ပြီး မျက်နှာပေါ်မှာ အေးအေးဆေးဆေး အပြုံးတစ်ခု ပေါ်လာ၏။ “ဟမ် ဘာသတင်းကောင်းလဲ။ ‘မဟာတီထွင်သူကြီး တစ်ယောက်ရဲ့ ဘဝတစ်နေ့တာ’ ကိစ္စလား”
ဟွမ်းစစ်ပေါ် ပျော်ရွှင်စွာ ပြန်ပြောလိုက်ပါသည်။ “ဟုတ်ပါတယ် ဘော့စ်ဖေး မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာ စီးရီးက နောက်ဆုံးတော့ အရှုံးကနေ အမြတ်အဖြစ် ပြောင်းလဲနိုင်သွားပြီ”
ဖေးချမ့် တုန်လှုပ်သွားခဲ့သည်။
ဒီပရိုဂရမ်က အဲ့လိုဖြစ်လာနိုင်လို့လား။
ဒီပရိုဂရမ်ကို ဖေးချမ့် အထင်သေးတာတော့ မဟုတ်သော်လည်း ဒီပရိုဂရမ်မှာ ကန့်သတ်ချက် အများကြီး ရှိခဲ့တာတော့ အမှန်ပင်။
ဒီပရိုဂရမ်မှာ ဖေးဟွမ်လုပ်ငန်းမှ ရိုက်ကူးထားသည့် အပိုင်းတိုလေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်၏။။ သို့သော်လည်း ဖေးဟွမ်လုပ်ငန်း၏ လုပ်ငန်းခံယူချက်မှာ အမြဲတမ်း အကောင်းတကာ့ အကောင်းဆုံး ဖန်တီးနိုင်ဖို့ ဖြစ်၏။ အဝတ်အစားများ၊ မိတ်ကပ်များ၊ ရိုက်ကူးရေးပစ္စည်းများ၊ တည်းဖြတ်မှုများနဲ့ သရုပ်ဆောင်စသဖြင့် အရာရာက စျေးကြီးလွန်းသည်။ သူတို့ရဲ့ ထုတ်လုပ်ရေးက တခြား အွန်လိုင်း ထုတ်လုပ်ရေး များစွာထက် အသုံးစရိတ် အများကြီး ပိုလိုအပ်သည်။
ထို့အပြင် မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာ ကဲ့သို့ ပရိုဂရမ်မျိုး စပွန်ဆာ ရနိုင်ဖို့ဆိုတာ အလွန်ခဲယင်းလှပါသည်။
သူတို့ စပွန်ဆာအတွက်သာ စိုးရိမ်ပြီး ပရိုဂရမ်ရဲ့ သက်ရောက်မှု စိတ်မဝင်စားပါက အဆင်ပြေနိုင်သည်။
သို့သော်လည်း ဖေးဟွမ်လုပ်ငန်းက လူတိုင်းက ထုတ်လုပ်ရေးများနဲ့ ပတ်သတ်လာလျှင် ဘော့စ်ဖေး၏ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာခဲ့ကြသည်။ သူတို့ရဲ့ ပရိုဂရမ်ကို မကောင်းတဲ့ သက်ရောက်မှုတွေ ရှိစေနိုင်မည့် စပွန်ဆာများကို ငြင်းဆန်ခဲ့ကြသည်။ ရလဒ်အနေဖြင့် အပိုင်း အများကြီး ထုတ်လုပ်ပြီးတာတောင် သာမန် စပွန်ဆာတစ်ခုလောက်သာ ရနိုင်ခဲ့ပါသည်။
ထို့အပြင် မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာတွင် သုံးစွဲထားသည့် ပစ္စည်းများက အကုန် အသုံးမဝင်တာတွေချည်းသာ ဖြစ်သည်။
ပစ္စည်းထုတ်လုပ်သူတွေက သူတို့နဲ့ အလုပ်တူတူ လုပ်ချင်တယ် ဆိုရင်တောင် ဒီပရိုဂရမ်နဲ့ သူတို့ ထုတ်ကုန်တွေကို ကောင်းကောင်း မားကတ်တင်းဆင်းနိုင်ဖို့ဆိုတာ အလွန်ခဲယင်းနိုင်ပါသည်။ တကယ်တမ်း နဂိုက ဝယ်ယူဖို့ စဉ်းစားထားတဲ့ ကတ်စတမ်မာအုပ်စုတွေကိုတောင် ဗီဒီယိုက ဝယ်ယူချင်စိတ် ပျောက်သွားအောင် လုပ်နိုင်လောက်သည်။
ယခုအချိန်ထိ မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာမှာ ပုံမှန် လည်ပတ်နေခဲ့တာ ၂ လကျော် ကြာနေပါပြီ။ ၁၂ ပိုင်းမြောက်ကိုလည်း ရိုက်ကူးပြီးကြပြီဖြစ်သည်။
များပြားပြီး တည်ငြိမ်သည့် ပရိတ်သတ် အရေအတွက် ရှိသော်လည်း ထိုကြည့်ရှုသူတွေထံမှ ဝင်ငွေရဖို့ ဖေးဟွမ်လုပ်ငန်းမှာ နည်းလမ်း မရှိခဲ့ပါ။ အိုင်လီကျွန်းက ပေးထားသည့် မက်လုံးပလန်တွေဆိုတာလည်း ဝန်ထမ်းတွေ မငတ်ရုံတမယ်သာ ရှိပါသည်။
ထို့ကြောင့် ဖေးချမ့် ကြောင်စီစီ ဖြစ်သွားသည်။ ဒီလိုပရိုဂရမ်မျိုးက ဘယ်လိုလုပ် အရှုံးကနေ အမြတ်အဖြစ် ပြောင်းလဲနိုင်မှာလဲ။
အိုင်လီကျွန်းက သီးသန့်ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ ငွေတွေ အများကြီး သုံးလိုက်ပြန်ပြီလား။ ဒါမှမဟုတ် သူတို့တွေ ရုတ်တရက်ကြီး စပွန်ဆာ အများကြီး ရလိုက်လို့လား။
ဟွမ်းစစ်ပေါ်က ပြုံးလိုက်ပြီး သူ့ဆဲလ်ဖုန်းကို ဖေးချမ့်အား ပေးလိုက်ပါသည်။
ဖေးချမ့်ယူကြည့်လိုက်သောအခါ Browser ထဲမှာ အွန်လိုင်းဆိုင်တစ်ခု ဖွင့်ထားတာကို မြင်လိုက်ရသည်။
အွန်လိုင်းဆိုင်၏ နာမည်က “အိုက်ထျစ်ဆွန်းရဲ့ ဓာတ်ခွဲခန်း” ဖြစ်သည်။ ဖေးချမ့် ခပ်မြန်မြန်ပဲ ဆိုင်ထဲက ထုတ်ကုန်ပစ္စည်းစာရင်းကို နှိပ်ကြည့်လိုက်ပြီး စစ်ဆေးကြည့်လိုက်ပါသည်။
လက်ချောင်းလေ့ကျင့်စက် : ဒီခေတ်ကာလမှာ ကျွန်တော်တို့ Touch-Screen ဆဲလ်ဖုန်းတွေကို နေ့စဉ် အသုံးပြုကြတယ်။ အဲ့တာကြောင့် ကျွန်တော်တို့ လက်ချောင်းလေးတွေ အမြဲတမ်း တက်ကြွနေအောင် သေချာ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီလက်ချောင်းလေ့ကျင့်စက်လေးနဲ့ဆို အားလပ်ချိန်မှာ ကိုယ့်ရဲ့ လက်ချောင်းကြွက်သားလေးတွေကို လေ့ကျင့်ပေးလို့ရတယ်။ ဒါဆို ဆဲလ်ဖုန်းပေါ်မှာ စာရိုက်မြန်နှုန်းကိုတောင် တိုးမြင့်လာစေနိုင်ပါတယ်။
ဓာတ်ပုံထဲမှာ အသေးစား အပြေးလေ့ကျင့်စက်လေးတစ်ခု ဖော်ပြထားသည်။ လက်တစ်ဖက်က လက်ညှိုးနဲ့ လက်ခလယ်တို့ကို အသုံးပြုပြီး အပြေးလေ့ကျင့်စက်ပေါ်မှာ မတ်တပ်ရပ်နေသည်။ လမ်းလျှောက်နေသည့်ပုံစံ ပြုမူကာ အောက်ဘက် အပြေးလမ်ကြောင်းကို ဆွဲနေသည့် ပုံစံပင်။ အပေါ်က အသေးစား LCD မျက်နှာပြင်မှာလည်း ဆက်တိုက်ပြောင်းလဲနေသည့် စာများပေါ်နေပြီး လေ့ကျင့်ချိန်နဲ့ ပရိုဂရမ်မကို မှတ်တမ်းတင်ထားဖို့ အသုံးပြုနိုင်သည်။
LED ဖိနပ်: ဒီဖိနပ်တွေက ကျွန်တော် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မီးလင်းသွားစေတဲ့ ဖိနပ်လေးတွေပေါ့။ နောက်ဆို ကျွန်တော် ညဘက် အိမ်သာတက်ဖို့ အမေစိတ်ပူစရာ မလိုတော့ဘူး။
နေရောင်ခံ ခြေဆေးစက်: ရေအစား မီးအိမ်တစ်ခုရဲ့ ဓာတ်ရောင်ခြည်ကို သုံးထားပါတယ်။ ဒီ ‘နေရောင်ခြည်’က ကိုယ့်ရဲ့ ခြေဖဝါးထဲက သွေးလည်ပတ်မှု အားကောင်းစေပြီး အိပ်ယာမဝင်ခင် ခြေကုန်လက်ပမ်းကျမှု လက္ခဏာတွေကို ဖယ်ရှားပေးတယ်။ ဒီလို ဆေးပေးခြင်းအားဖြင့် ညိုပြာတဲ့ အသားလေးတောင် ရသွားနိုင်ပါသေးတယ်။
မြက်ဖိနပ် : ဖိနပ်ထဲမှာ မြက်ပင်လေးတွေ ပေါက်အောင် လုပ်ပေးထားပါတယ်။ ဒါကြောင့် ဒီဖိနပ်လေးတွေ စီးလိုက်တိုင်း မြက်ခင်းပေါ် လမ်းလျှောက်နေသလို ခံစားချက်မျိုး ခံစားရမှာပါ။
စပါကတ်တီလှည့်ခက်ရင်း : ခက်ရင်းရဲ့ လက်ကိုင်ထဲမှာ ဘက်ထရီလေးတွေ ပါပါတယ်။ ခက်ရင်းလည်သွားအောင် ခပ်ဖွဖွလေး ညှစ်ပေးလိုက်ရုံပါပဲ။ ဒါဆို ကိုယ့်ရဲ့ပန်းကန်ထဲက စပါကတ်တီကို အလွယ်လေး ယူစားလို့ရပါပြီ။
ဖေးချမ့် ဒီဆိုင်ကို အစမှ အဆုံးအထိ ကြည့်လိုက်ပြီး အထဲမှာ ထုတ်ကုန်တွေ အများကြီးရှိနေမှန်း မြင်လိုက်ရသည်။ ထို့အပြင် အများစုက အရင် ဗီဒီယိုတွေထဲမှာ ပါထားပြီးသား ပစ္စည်းများ ဖြစ်ကြ၏။
ထိုထုတ်ကုန်များ၏ ရောင်းအားပမာဏကို ကြည့်လိုက်သည်။ ရောင်းအား အလွန်နည်းသည့် ပစ္စည်းများ ရှိသည်။ သို့သော် ရာဂဏန်း ထောင်ဂဏန်းလောက်အထိ ရောင်းရသည့် ပစ္စည်းများလည်း ရှိနေပါသည်။
ရေပန်းအစားဆုံး ထုတ်ကုန်များက ပရိုဂရမ်ထဲနဲ့ သက်ဆိုင်သည့် ပစ္စည်းများ ဖြစ်သည်။ ဥပမာအားဖြင့် ပရိုဂရမ်၏ နာမည်ရေးထိုးထားသည့် တီရှပ်များဖြစ်သည်။ ထို တီရှပ်မျိုး အခု ၄,၀၀၀ ကျော် ရောင်းထွက် ထားပါသည်။
တီထွင်သူကြီးတစ်ယောက်၏ Chibi အရုပ်လေး ၇၀၀ ကျော်လောက် ရောင်းထွက်ထားသည်။
ထို့အပြင် ဒီဆိုင်က မုန့်ပဲသရေစာများနဲ့ Chibi အရုပ်များကဲ့သို့ တခြား ကစားစရာများလည်း ရောင်းချပါသေးသည်။ အားလုံးက အတော်လေး ရောင်းကောင်းနေကြသည်။
ဆိုင်မှ ရရှိသည့် ဝင်ငွေနဲ့ တစ်ခါတစ်လေ ရရှိသည့် စပွန်ဆာများကြောင့် ပရိုဂရမ်မာ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါသည်။ ဖေးချမ့် စိတ်အေးစွာ ရုတ်တရက် ပြုံးလိုက်မိသည်။
ကောင်းတယ်။
ဖေးဟွမ်လုပ်ငန်း အရှုံးကနေ အမြတ်အဖြစ် ပြောင်းလဲသွားလို့ ဝမ်းသာတာ မဟုတ်ပါ။ ဖေးဟွမ်လုပ်ငန်းက အချိန်ကောင်းမှာ ဒီလို အောင်မြင်လာတာကိုသာ ဝမ်းသာနေခြင်း ဖြစ်သည်။
ငွေစာရင်းရှင်းပြီးချိန်မှ အမြတ်ရလာခြင်းဖြစ်သဖြင့် ဟွမ်းစစ်ပေါ် သူ့နောက်ကျောကို ဓားနဲ့ မထိုးခဲ့ပါ။
ငွေစာရင်းရှင်းချိန် မရောက်ခင် ဒီအမြတ်အစွန်းများ ရလာပြီး ကုမ္ပဏီကို ယွမ် သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းလောက် အပိုငွေရအောင် လုပ်လိုက်ပါက ဖေးချမ့် ဒေါသထွက်လွန်းသဖြင့် သွေးအန်သွားလောက်သည်။
သို့သော်လည်း အခုတော့ ဖေးချမ့် အလွန်အေးဆေးနေပါသည်။
ဒီဆိုင်လေး တစ်ဆိုင်တည်းလား။ ဘာ ပြဿနာမှ မရှိဘူး။
ဘော့စ်ဖေးရဲ့ မျက်နှာပေါ်က အပြုံးကို မြင်သောအခါ ဟွမ်းစစ်ပေါ် ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့ပါသည်။ ဖေးဟွမ်လုပ်ငန်း စံနှုန်းကို မပြောင်းလဲဘဲ စပွန်ဆာများကို ဂရုတစိုက် ရွေးချယ်ခဲ့ပြီး ဒီလိုဂုဏ်သတင်းကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သဖြင့် ဘော့စ်ဖေးဝမ်းသာနေတာ ဖြစ်လောက်ပါသည်။
သို့သော်လည်း ဖေးချမ့်မျက်နှာပေါ်က အပြုံးက ယာယီသာ ဖြစ်ပြီး ပြန်လည်ပျောက်ကွယ်သွားပါသည်။
ရုတ်တရက် ဒီအွန်လိုင်းဆိုင်က အန္တရာယ်မကင်းမှန်း ဖေးချမ့် နားလည်သွားသည်။
အခုချိန် ငွေတွေ အများကြီး ရှာမပေးနိုင်သေးသော်လည်း နောက်နှစ်အနည်းငယ်အတွင်း အွန်လိုင်းဆိုင်တွေက အလွန်ရေပန်းစားလာမှာ ဖြစ်သည်။ နောက်ပိုင်း ပင်စင်ယူထားသည့် လူများစွာက ဝက်သားလုံးလို အရာတွေကိုတောင် ရောင်းဖို့ အွန်လိုင်းဆိုင်ထောင်ကြပြီး တစ်လကို သန်းချီရလာကြလိမ့်မည်။ ဖေးဟွမ်လုပ်ငန်းက ပရော်ဖက်ရှင်နယ်တွေ ဖွင့်ထားတဲ့ အွန်လိုင်းဆိုင်မျိုးသာဆို ဘာပြောကောင်းတော့မလဲ။
တကယ်တော့ ဖေးချမ့် အဝေးကြီး ကြည့်ဖို့မလိုပါ။ အခုလက်ရှိ အခြေအနေတွေအတိုင်းသာဆို လာမယ့် ငွေစာရင်းရှင်းချိန် မတိုင်ခင် ဖေးဟွမ်လုပ်ငန်းမှ အမြတ်အစွန်းအများကြီး ရသွားလောက်သည်။
ဒါဆို ဒီငွေတွေဖြုန်းဖို့ နည်းလမ်းရှာဖို့အတွက် ဖေးချမ့် ဦးနှောက်စားရဦးမှာ မဟုတ်လား။
လခွမ်းထဲမှ။ အောင်ပွဲခံ စောသွားတယ်။
ယခင် ငွေစာရင်းရှင်းချိန်ကို လွတ်လွတ်ကင်းကင်း ပြီးမြောက်နိုင်ခဲ့သော်လည်း ဒီတစ်သုတ်အတွက် ဖေးဟွမ်လုပ်ငန်းရဲ့ အမြတ်ရနေသည့် လုပ်ငန်းကို ရှင်းရပါဦးမည်။
ဖေးချမ့်က လည်ချောင်းရှင်းလိုက်ပြိး ဆဲလ်ဖုန်းကို ဟွမ်းစစ်ပေါ်ထံ ပြန်ပေးလိုက်ပါသည်။
“မဆိုးဘူး။ ဒါပေမယ့် မင်းတို့ ပိုကြိုးစားသင့်တယ်”
“အနာဂတ်အတွက် ဖေးဟွမ်လုပ်ငန်းရဲ့ အစီအစဉ်က ဘယ်လိုရှိလဲ”
ဟွမ်းစစ်ပေါ်က ပြုံးကာ ပြန်ဖြေလိုက်ပါသည်။ “ဒါရိုက်တာ ကျူးရှောင်စဲနဲ့ ကျွန်တော်တို့ ဒီကိစ္စ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာကိုပဲ ဆက်ရိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်တို့ ဒီပရိုဂရမ်ကို အရမ်းနာမည်ကြီးတဲ့ IP ပရောဂျက်တစ်ခုဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားကြမယ်”
“လောလောဆယ် အွန်လိုင်းဆိုင် ပုံစံက အလုပ်ဖြစ်တယ်ထင်တယ်။ ကျွန်တော်တို့က ပထမပန်းတိုင်ကို အောင်မြင်သွားပြီ။ ဖေးဟွမ်လုပ်ငန်းရဲ့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲဖို့လေ။ ကျွန်တော်တို့ ဝင်ငွေအမျာဆုံး ရနိုင်ဖို့အတွက် ဆက်ကြိုးစားနေဖို့ ရည်ရွယ်ထားပါတယ်”
ဖေးချမ့် တိတ်ဆိတ်သွားပြီး ဘာမှ ပြန်မပြောတော့ပါ။
ဘော့စ်ဖေးရဲ့ တုန့်ပြန်ချက်က တစ်ခုခုလွဲနေမှန်း မြင်သောအခါ ဟွမ်းစစ်ပေါ် ရင်ခုန်လာပါသည်။
ဘာလို့လဲ။ ခုနက ဘော့စ်ဖေး ပြုံးနေတာ မဟုတ်ဘူးလား။ အခု ဘာလို့ အရမ်းတည်တံ့သွားတာလဲ။
ဘာပဲဖြစ်ဖြစ် ဟွမ်းစစ်ပေါ်ကလည်း ဘော့စ်ဖေးရဲ့ အစောဆုံး ဝန်ထမ်းတွေထဲက တစ်ယောက် ဖြစ်သည်။ ဘော့စ်ဖေးရဲ့ စိတ်အခြေအနေကို အလွယ်တကူ ရိပ်စားမိပြီး နားလည်နိုင်ပါသည်။
အနည်းငယ် စဉ်းစားကြည့်ပြီးနော့် အကြောင်းအရင်းကို ဟွမ်းစစ်ပေါ် ခပ်မြန်မြန်ပဲ သဘောပေါက်သွားပါသည်။
ငါ သဘောပေါက်ပြီ။
ဖေးဟွမ်လုပ်ငန်းရဲ့ မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာက နောက်ဆုံးတော့ အမြတ်အစွန်းတွေ ရလာပြီမို့လို့ ဘော့စ်ဖေး ပျော်ပြီး ပြုံးသွားတာ။ ဒါပေမယ့် အခု တည်တံ့သွားရတာက ငါတို့ရဲ့ အနာဂတ်ပလန်ကို အားမရလို့ ဖြစ်နိုင်တယ်။
ဟွမ်းစစ်ပေါ် ယခင်တုန်းက သူနဲ့ ဘော့စ်ဖေးတို့ရဲ့ စကားဝိုင်းများကို မသိစိတ်ဖြင့် ပြန်တွေးလိုက်သည်။
ဘော့စ်ဖေးက သူ့ကို လက်ရှိ အောင်မြင်မှုအသေးစားလေးတွေကိုပဲ ဖက်တွယ်မနေဘဲ ပိုဝေးသည့် အနာဂတ်ဆီ လှမ်းမျှော်ကြည့်တတ်ဖို့ အကြိမ်ကြိမ် သင်ကြားပေးခဲ့သည်။
ဖေးဟွမ်လုပ်ငန်းက ယခု အမြတ်အစွန်းရနေပါပြီ။ သို့သော် ဒီပမာဏ အသေးစားလေးက ဘော့စ်ဖေအတွက် ဘာအဓိပ္ပာယ်ရှိမှာလဲ။
ဘာ အဓိပ္ပာယ်မှ မရှိလောက်ပါ။
ဘော့စ်ဖေးက ဖေးဟွမ်လုပ်ငန်းအတွက် ဒီ့ထက် ပိုပြီး မျှော်လင့်ထားသည့်ပုံစံပင်။
ဟွမ်းစစ်ပေါ်ကို ငွေပိုဖြုန်းဖို့ ဘယ်လို တိုက်တွန်းရမလဲ ဖေးချမ့် စဉ်းစားနေတုန်းဖြစ်၏။ အခုချိန်မှာ ပြောစရာ စကားကောင်းကောင်း ရှာမရပါ။
ထို့အစား ဟွမ်းစစ်ပေါ်ကသာ ဦးစွာ ပြောလိုက်ပါသည်။
“ဘော့စ်ဖေးက ဖေးဟွမ်လုပ်ငန်းရဲ့ အနာဂတ်ပလန်ကို အားမရလို့လား”
“ကျွန်တော်တို့ရဲ့ လက်ရှိ အသေးစား အောင်မြင်မှုလေးတွေကို ဖက်တွယ်မနေဘဲ ပိုကောင်းတဲ့ ထုတ်ကုန်တွေကို ဖေးဟွမ်လုပ်ငန်းကနေ ထုတ်လုပ်သင့်တယ်လို့ ဘော့စ်ဖေး ထင်လား”
ဖေးချမ့် ဆွံ့အသွားလေသည်။
ဟမ်။ ငါ့ဝန်ထမ်းတွေ မေးခွန်းကို လုဖြေတတ်သွားပြီလား။
ဟွမ်းစစ်ပေါ်၏ ရိုးရိုးသားသား အကြည့်ကို သူမော့ကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလိုက်ပါသည်။
“ဟုတ်တယ် ငါတွေးနေတာလည်း အဲ့တာပဲ”
ဟွမ်းစစ်ပေါ် စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်ပါသည်။ ရင်ထဲမှာတော့ သူနဲ့ဘော့စ်ဖေးတို့ရဲ့ ဆက်ဆံရေး ပိုမိုတိုးတက်လာပြီ ဖြစ်သဖြင့် အောင်ပွဲခံနေမိသည်။ ပြဿနာတွေကို ပိုကြီးမားတဲ့ ရှုထောင့်ကနေလည်း တဖြည်းဖြည်း ကြည့်တတ်လာပြီ ဖြစ်သည်။ သို့သော်လည်း သူ့အပြုံးက ခပ်မြန်မြန်ပဲ ပြန်လည် ပျောက်ကွယ်သွားပါသည်။
“ဘော့စ်ဖေး ကျွန်တော်တို့က အမြော်အမြင်မရှိတာတော့ မဟုတ်ပါဘူး”
“အဓိက ပြဿနာက ဒါရိုက်တာကျူးရှောင်စဲနဲ့ ကျွန်တော်တို့ ယေဘုယျ ဦးတည်ချက်ကောင်း တစ်ခု ရှာမရသေးလို့ပါ။ ကျွန်တော်တို့မှာ အိုင်ဒီယာကောင်းလေး တစ်ခုတောင် မရှိဘူး”
“ဘော့စ်ဖေး ကျွန်တော်တို့ကို လမ်းညွှန်ချက်တချို့ ပေးနိုင်ရင် အရမ်းကျေးဇူးတင်မိမှာပဲ”
ဖေးချမ့်တစ်ယောက် ဟွမ်းစစ်ပေါ်ရဲ့ မျှော်လင့်တကြီး မျက်လုံးများကို ကြည့်ပြီး အကြပ်ရိုက်သွားသည်။
မင်းအတွက် အိုင်ဒီယာ ထုတ်ပေးစေချင်တာလား။ လုံးဝ ရှုပ်ထွေးသွားမှာကို မကြောက်ဘူးလား။
အာ မဟုတ်သေးဘူး။ ငါ့အိုင်ဒီယာတွေက အမြဲတမ်းလိုလို ရေပန်းစားလေ့ရှိတာပဲ။
ဖေးချမ့် ဒီအကြပ်အတည်းကို လေးလေးနက်နက် စဉ်းစားလိုက်မိသည်။
သူသာ ဘာအိုင်ဒီယာမှ ထုတ်မပေးလျှင် ဖေးဟွမ်ငန်းက မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာ ပရိုဂရမ်ကို ဆက်လက် ရိုက်ကူးနေလိမ့်မည်။ လက်ရှိ အခြေအနေတွေကို ကြည့်ရသလောက်ဆို အွန်လိုင်းဆိုင်က ပိုပိုပြီး အဆင်ပြေလာလိမ့်မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။ ဗီဒီယိုတွေကလည်း စပွန်ဆာတွေ ပိုပိုပြီး ရလာမှာ ဖြစ်ပြီး အမြန်အစွန်းတွေလည်း ဆက်ဝင်လာဦးမည်။
သို့သော် အိုင်ဒီယာ ထုတ်ပေးလိုက်ပြန်ရင်လည်း အောင်မြင်သွားမှာကို စိုးရိမ်မိပါသေးသည်။