← Chapters

အဆိပ်အတောက်အချက်တွေ အကုန်ပါတဲ့ ဇာတ်ညွှန်းကောင်း

Vol. 21 Ch. 313

အဆိပ်အတောက်အချက်တွေ အကုန်ပါတဲ့ ဇာတ်ညွှန်းကောင်း

Vol. 21 Ch. 313

ဖေးချမ့် ခဏတွေးကြည့်လိုက်ပြီး မစွန့်စားဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

ဖေးဟွမ်လုပ်ငန်းကို ငွေအများကြီး ဖြုန်းတီးရင်း ကိုယ်ပိုင် အိုင်ဒီယာနဲ့ ဇာတ်ညွှန်းကို ထုတ်လုပ်ဖို့ ဖြီးလုံးထုတ်နိုင်ရင် အကောင်းဆုံး ဖြစ်သည်။ ဒီလိုဆို သူတို့ အရှုံးပေါ်နိုင်ခြေကို တိုးမြင့်သွားစေပါလိမ့်မည်။

ထို့ကြောင့် ဖေးချမ့်က ဟွမ်းစစ်ပေါ်အပေါ်တွင်ထားသည့် သူ့မျှော်လင့်ချက်များကို ထုတ်မပြောဖို့ ဖေးချမ့် ရွေးချယ်လိုက်ပါသည်။ ထို့အစား စကားလမ်းကြောင်းကို လုံးဝ ပြောင်းလဲပစ်လိုက်၏။

“ဖန်တီးနိုင်စွမ်းတို့ ဘာတို့ အလောတကြီး လုပ်ဖို့ မလိုဘူး။ နာမည်ကျော် ဒါရိုက်တာတွေအများကြီးက ရိုက်ကူးရေးလုပ်ရင်း ဇာတ်ညွှန်းကို လက်တန်း ဖန်တီးကြတာပဲ မဟုတ်လား။ ဒါရိုက်တာ ကျူးရှောင်စဲလည်း အဲ့လိုလုပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်”

“အရေးအကြီးဆုံးအရာက နောက်ကွယ်မှာ ထန်းတာ့ရှိနေပြီး တည်ထောင်ထားတာ ၉ လကြာပြီ ဖြစ်တဲ့ ရိုက်ကူးရေးလုပ်ငန်းတစ်ခုအတွက် ဗီဒီယိုအတိုလေးတွေ ဆက်ရိုက်ကူးနေပြီး စပွန်ဆာတွေနဲ့ အွန်လိုင်းဆိုင်တွေဆီကနေ ဝင်ငွေယူနေတယ်ဆိုတာ သိပ်ပြီး ရည်မှန်းချက် မကြီးမားသလို ခံစားရတယ်”

ဟွမ်းစစ်ပေါ်က ဖေးချမ့်ကို ပြန်ချေပဖို့ ပါးစပ်ဟလိုက်ပါသည်။ သူတို့ တည်ထောင်ထားတာ ၉ လကြာလည်း ဘာဖြစ်လဲ။ အရမ်းကြာတဲ့ အချိန်မှ မဟုတ်တာ။

ရိုက်ကူးရေးလုပ်ငန်းအများစုက ၉ လ မဆိုဦးနဲ့၊ ၆ လကြာပြီးနောက် ပိတ်သိမ်းသွားကြတာ များသည်။ ဖေးဟွမ် လုပ်ငန်း ၉ လ ကြာသည့်အထိ ရပ်တည်နိုင်ခဲ့တာပင် တော်လှပါပြီ။ သူတို့ ထုတ်လုပ်မှုတချို့က အရှုံးပေါ်ခဲ့သော်လည်း အများစုကတော့ အားပေးမှုကောင်းများ ရရှိခဲ့သည်။

သို့သော်လည်း ဘော့စ်ဖေးကို ကြည့်ရင်း စကားပြောဖို့ ဟွမ်းစစ်ပေါ် ရှက်ရွံ့လာမိ၏။

အမှန်ပင်။ ထန်းတာ့က ၉ လအတွင်းမှာ ဂိမ်းကောင်းများစွာကို ဖန်တီးနိုင်ခဲ့သည်။

ထန်းတာ့ရဲ့ အောင်မြင်မှုနဲ့ ယှဉ်လိုက်ပါက ဖေးဟွမ်လုပ်ငန်းရဲ့ အောင်မြင်မှုများက ဘာမှတောင် မပြောပလောက်ပေ။

ထို့ကြောင့်လည်း ဘော့စ်ဖေးက ဖေးဟွမ်လုပ်ငန်းကို စိတ်ပျက်တာဖြစ်နိုင်ပါသည်။

အနည်းငယ် ရှက်ရွံ့စွာဖြင့် ဟွမ်းစစ်ပေါ် ပြောလိုက်သည်။ “အဲ… ဘော့စ်ဖေး။ အခု ဖေးဟွမ်လုပ်ငန်းက ရုပ်ရှင်အစစ်အမှန်တွေ ရိုက်ကူးဖို့ ခြေလှမ်းသင့်ပြီလို့ ထင်လို့လား”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။ “မှန်တယ်။ မင်းတို့က ရုပ်ရှင်အတိုတွေ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးခဲ့ပြီးပြီ။ အခု ဒါရိုက်တာနဲ့ ဝန်ထမ်းတွေအကုန်လုံးက စွမ်းရည်ပြည့်ဝနေပြီလို့ ပြောလို့ရတယ်။ မင်း ဘာတွေ စောင့်နေဦးမှာလဲ”

ဟွမ်းစစ်ပေါ်က မျက်မှောင်ကြုတ်လိုက်၏။ “အာ… ကျွန်တော်တို့မှာ ငွေ လုံလုံလောက်လောက် မရှိလို့ ထင်တယ်”

ဖေးချမ့်က ခပ်ပါးပါး ပြုံးလိုက်သည်။ “မင်းမှာ ငွေအလုံအလောက် မရှိရင် ထုတ်လုပ်မှုတန်ဖိုးနိမ့်တဲ့ ရုပ်ရှင်တစ်ခု ရိုက်ကူးလို့ ရတာပဲလေ။ အဲ့တာတောင် ငွေလိုနေသေးရင် ငါ့ဆီ လာတောင်းလို့ရတာပဲ။ အဲ့တာ ပြဿနာ ကြီးကြီးမားမားမို့လို့လား”

ဟွမ်းစစ်ပေါ် ချောင်ပိတ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ “အဲ.. ဘက်ဂျက်က ပြဿနာတွေထဲက တစ်ခုပဲ ရှိပါသေးတယ်”

“ဘော့စ်ဖေး ကျွန်တော် ရှေးရိုးစွဲတာတော့ မဟုတ်ပါဘူး။ ပြဿနာက ရုပ်ရှင်ရိုက်တာနဲ့ ဗီဒီယိုအတို ရိုက်တာက လုံးဝ မတူတဲ့ ကဏ္ဍ နှစ်ခုပဲလေ”

ဟွမ်းစစ်ပေါ် သူ့အထင်အမြင်ကို စပြီး ရှင်းပြပါသည်။

ဘော့စ်ဖေးရဲ့ နေ့စဉ်ဘဝ အပိုင်းတိုင်းက မိနစ်အနည်းငယ်လေးမျှသာ ဖြစ်ကြသည။ မဟာတီထွင်သူကြီးတစ်ယောက်ရဲ့ ဘဝတစ်နေ့တာ အပိုင်းတိုင်းကလည်း အကြာကြီး မဟုတ်ပါ။ ပျမ်းမျှ ၁၀ မိနစ်ခန့်သာ ကြာသည်။ အရှည်ဆုံး အပိုင်းက နာရီဝက်ခန့်သာ ကြာပါသည်။

သို့သော်လည်း ရုပ်ရှင်ရုံတွင် ပြသမည့် ရုပ်ရှင်အစစ် တစ်ကားသာဆို အနည်းဆုံး မိနစ် ၉၀ ကြာရမည်။

အပေါ်ယံမှာတော့ ကြာချိန်အနည်းငယ်သာ ပိုများသည်ဟု ထင်ရသော်လည်း နောက်ကွယ်တွင် ခြားနားချက် အကြီးကြီး ရှိပါသည်။

မိနစ်အနည်းငယ်သာ ကြာမြင့်သည့် ဗီဒီယို အတိုတစ်ပုဒ်ကို မတူညီသည့် ဟာသဗီဒီယိုကလစ်များကို အသုံးပြုကာ ဖန်တီးနိုင်သည်။ ဇာတ်လမ်းက အကုန်ရှုပ်ထွေးနေသော်လည်း ကြည့်ရှုသူကို ရယ်မောအောင် ဖန်တီးနိုင်ရင် ထို ဗီဒီယိုအတိုကို အောင်မြင်သည်ဟု ခေါ်ဆိုနိုင်ပါသည်။

တစ်ဖက်မှာတော့ မိနစ် ၉၀ စာ ရုပ်ရှင်တစ်ကားက ပရိတ်သတ်ကို ရယ်အောင် လုပ်နိုင်ရုံနဲ့ မလုံလောက်ပါ။

ပြောင်မြောက်သည့် ရုပ်ရှင်တစ်ကားကို ဖန်တီးဖို့အတွက် ဇာတ်လမ်းက ပြည့်စုံပြီး ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ရမည်။ ဒါက ဗီဒီယိုအတိုတစ်ပုဒ် ဖန်တီးတာထက် အများကြီး ပိုခက်ခဲပါသည်။

ဟာသကုန်ကြမ်းတစ်ခုတည်းနဲ့ ရုပ်ရှင်ကောင်းတစ်ခုကို ဖန်တီးဖို့ မလုံလောက်ပါ။

ဝက်ဘ်ဆိုက်စီးရီးများ၏ ရေပန်းစားမှုကိုလိုက်ပြီး ထုတ်လုပ်ခဲ့သည့် ရုပ်ရှင်များစွာက ဆိုးဆိုးရွားရွား ကျရှုံးခဲ့ကြသည်။ ထိုပရိုဂျူဆာများက ရုပ်ရှင်ကောင်းတစ်ကားကို ထုတ်လုပ်ဖို့ စွမ်းအားမရှိခြင်း သို့မဟုတ် စကေးမပြည့်ဝခြင်းတို့ကြောင့်ပဲ ဖြစ်သည်။ သူတို့က ရုပ်ရှင်ကားတွေကို ဗီဒီယိုအတိုတွေရဲ့ အရှည်ဗားရှင်းဟုသာ သဘောထားလေ့ရှိကြ၏။ ထို့ကြောင့်ပဲ သူတို့ အောင်မြင်မှု မရခဲ့တာ ဖြစ်သည်။

“ဘော့စ်ဖေး အဲ့တာတွေကြောင့် ကျွန်တော်တို့ ရုပ်ရှင်ကားတစ်ကား ကြိုးစား ထုတ်လုပ်ကြည့်ဖို့ဆိုတာ အရမ်း အန္တရာယ်များပါတယ်။ ကျွန်တော်တို့ ရာနှုန်းပြည့် မသေချာရင် မစွန့်စားတာ ပိုကောင်းလိမ့်မယ် ထင်တယ်”

“အနည်းဆုံးတော့ ကျွန်တော်တို့ ဇာတ်ညွှန်းကောင်းတစ်ခု အရင် စဉ်းစားသင့်တယ် မဟုတ်လား”

ဟွမ်းစစ်ပေါ်က အလွန်အလေးအနက်ထားသည့် ပုံစံပေါက်နေပါသည်။

ဖေးချမ့် အကြာကြီး တိတ်ဆိတ်သွားပြန်၏။ ကြည့်ရတာ ဟွမ်းစစ်ပေါ်က ဒီအကြောင်းတွေ အများကြီး နားလည်ထားပုံရပါသည်။

သို့သော်လည်း အခု သူဒီလိုတွေ ရှင်းပြလိုက်မှ ဖေးချမ့် ရုပ်ရှင်ကားတစ်ကား ထုတ်လုပ်ဖို့ ပိုပြီး စိတ်ဝင်စားသွားပါသည်။

ကျရှုံးနိုင်ခြေမြင့်မားမှုက ဘော့စ်ဖေးကို ဆွဲဆောင်သည့် အရာများ ဖြစ်သည်။

အမှန်ပင်။ နောက်ဆုံးမှာတော့ ဘော့စ်ဖေးက အလွန်သဘောကောင်းပါသေးသည်။ စွန့်စားရမှာတွေက မြင့်မားပြီး သူတို့ ကျရှုံးနိုင်ခြေ အတော်မြင်သဖြင့် ဖေးချမ့် ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ကို အပြစ်တင်ခံရအောင် လုပ်လို့ မဖြစ်ပါ။

ငါကိုယ်တိုင် ငရဲသွားမပြရင် ဘယ်သူက လိုက်မှာလဲ ဟူသည့် ဆိုရိုးစကားအတိုင်းပင်။

ဘော့စ်ဖေးက ဒီ့အတွက် အကျိုးဆက်အားလုံးကို တာဝန်ယူဖို့ အသင့်ပြင်ထားရပါမည်။

ခေတ္တ တွေးကြည့်ပြီးနောက် ဖေးချမ့် ပြောလိုက်သည်။ “ဒီလိုဆိုရင် ထန်းတာ့က ရုပ်ရှင်ဇာတ်ကားအတွက် ရန်ပုံငွေဖြည့်ပေးမယ်။ ငါဇာတ်ညွှန်းတစ်ခု စဉ်းစားပေးမယ်။ မင်းနဲ့ ဒါရိုက်တာ ကျူးရှောင်စဲတို့က ရိုက်ကူးရေး အတွက် တာဝန်ယူပေးရုံပဲ”

ဒီလိုသာဆို ရုပ်ရှင်ဇာတ်ကား ကျရှုံးသည့်အခါ ဘော့စ်ဖေးတစ်ယောက်တည်း အပြစ်ရှိသွားမည် ဖြစ်သည်။ အရှုံးပေါ်မှာ ထန်းတာ့သာ ဖြစ်ပြီး ဖေးဟွမ်လုပ်ငန်း၏ ဝန်ထမ်းတွေ ဘာမှ စိတ်ဓာတ်ကျစရာ မလိုတော့ပါ။

ဟွမ်းစစ်ပေါ် သိသိသာသာ ကြက်သေသေသွားပါသည်။ သူအမြန် ပြန်ပြောလိုက်၏။ “ဘော့စ်ဖေး မှားနေပြီ။ ကျွန်တော်က တာဝန်မခံချင်လို့ ပြောတာမဟုတ်ပါဘူး။ ဒီတိုင်း –”

ဖေးချမ့်က ပြုံးကာ လက်ဖြင့် တားလိုက်သည်။ “ငါနားလည်တယ်”

“မင်းက အခု ဖေးဟွမ်လုပ်ငန်းရဲ့ စီအီးအို ဖြစ်နေပြီ။ မင်းလက်ခံထားတဲ့ ပရောဂျက်တွေအတွက် တာဝန်ယူရမယ်။ စွန့်စားရမယ့် အန္တရာယ်တွေကို သေသေချာချာ ဆန်းစစ်ပြီး လုပ်ငန်း အမြတ်ရဖို့အတွက် သေချာအောင် လုပ်တာ မင်း မှန်ပါတယ်”

“ဒီအခွင့်အလမ်းကို လေ့ကျင့်မှုတစ်ခုအဖြစ် သဘောထားလိုက်ပေါ့။ ရုပ်ရှင်လောကထဲမှာ ဖေးဟွမ်လုပ်ငန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖြစ်လည်း သဘောထားလို့ရတယ်”

ဟွမ်းစစ်ပေါ် မျက်ရည်ဝဲသွားသည်။ သူ ကြည်နူးသွားပါသည်။

ဘော့စ်ဖေး ဘာတွေ တွေးနေသလဲ သူသိနိုင်သည်။ ဖေးဟွမ်လုပ်ငန်း ကျရှုံးသွားသည့်ခါ ဟွမ်းစစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ ယုံကြည်ချက်တွေ ပျက်ယွင်းသွားမှာကို ဘော့်စဖေးက စိုးရိမ်နေခြင်း ဖြစ်၏။ ထို့ကြောင့် ဒီပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းခြင်းဖြစ်ကာ မအောင်မြင်ရင်လည်း တစ်ယောက်တည်း တာဝန်ခံဖို့ ကြိုးစားနေခြင်း ဖြစ်ပါသည်။

သို့သော်လည်း ရုပ်ရှင်ရဲ့ နောက်ဆုံး ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ရိုက်ကူးရေးလုပ်ငန်းစဉ်များ လုပ်နေစဉ် ဖေးဟွမ်လုပ်ငန်းက အတွေ့အကြုံတွေ အများကြီး ရမှာတော့ အသေအချာပင။ ဒီလိုဆို သူတို့ ဖွံ့ဖြိုးတိုးတက်မှု ပိုမြန်ဆန်သွားပါလိမ့်မည်။

ဟွမ်းစစ်ပေါ် စကားတွေ အများကြီး ပြောချင်သော်လည်း ဘော့စ်ဖေးကို အားတက်သရော ကျေးဇူးတင်လိုက်ပါက မလုံလောက်သလို ဖြစ်မှာကို ခံစားမိပါသည်။

နောက်ဆုံးတော့ သူပြောချင်တာတွေ အကုန်လုံးကို ကျေးဇူးတင်စကား တစ်ခွန်းတည်းအဖြစ် အကျဉ်းချုပ်လိုက်၏။

“ဒါဆို ကျွန်တော်တို့ ဘော့စ်ဖေးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ့မယ်။ ဖေးဟွမ်လုပ်ငန်းက အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားပြီး ရိုက်ကူးရေးလုပ်ဆောင်သွားပါ့မယ်”

“နောက်တစ်ခုကျန်သေးတယ် ဘော့စ်ဖေး။ ဖေးဟွမ်လုပ်ငန်းက ဘော့စ်ဖေးကို အလကားသက်သက် အပင်ပန်းမခံခိုင်းနိုင်ဘူး။ ဘော့စ်ဖေးရဲ့ ဇာတ်ညွှန်းအတွက် ကျွန်တော်တို့ ယွမ် ၁၀၀,၀၀၀ ပေးပါ့မယ်။ အများကြီး မဟုတ်ပေမယ့် ကျွန်တော်တို့ ကျေးဇူးတင်တဲ့အနေနဲ့ပါ။ ကျေးဇူးပြုပြီး မငြင်းလိုက်ပါနဲ့”

ဟမ်။ ငါ့ဇာတ်ညွှန်းအတွက် ၁၀၀,၀၀၀ ပေးမယ် ဟုတ်လား။

ဖေးချမ့်က ဒီတိုင်း အကြံပေးတာဖြစ်သော်လည်း ငွေပမာဏကို ကြားသောအခါ ချက်ချင်း တက်ကြွသွားသည်။

“ဟုတ်ပြီ ရက်ပိုင်းအတွင်း ပထမ စာမူကြမ်း ပို့ပေးလိုက်မယ်”

ထင်မထားသည့် အံ့အားသင့်စရာ ဖြစ်သည်။

အရင်တုန်းက ဘော့စ်ဖေးရဲ့ နေ့စဉ်ဘဝ ရိုက်ကူးခဲ့စဉ်တုန်းကလည်း ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့ပါသေးသည်။ ဖေးချမ့်က ဗီဒီယိုအတိုတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူ့အိတ်ကပ်ထဲ သူ ငွေတချို့ ထည့်နိုင်ခဲ့ပါသည်။

ယခုတော့ ငွေရနိုင်မည့် တခြားနည်းလမ်းတစ်ခုကို ရှာတွေ့သွားပြန်ပြီ။

သူဇာတ်ညွှန်းဆရာ လုပ်တော့မည်။ ဇာတ်ညွှန်းဆရာများ၏ အနုပညာကြေး အမြင့်ဆုံးနဲ့ အနိမ့်ဆုံး စံနှုန်းများက အတော်လေး ကွာခြားလှသည်။ ထိပ်တန်းဇာတ်ညွှန်းဆရာများက အပိုင်းတစ်ပိုင်းစာ ဇာတ်ညွှန်းရေးသားရုံနဲ့ သိန်းဂဏန်းလောက်ရနိုင်၏။ တစ်ဖက်မှာတော့ တက်သစ်စ ဇာတ်ညွှန်းဆရာများက တစ်ပိုင်းကို ထောင်ဂဏန်း သို့မဟုတ် အလွန်ဆုံး သောင်းဂဏန်းသာ ရနိုင်ပါသည်။ ဒါတောင် ဇာတ်ညွှန်းကို နေ့နေ့ညည အချိန်မရွေး ပြန်ပြုပြင်ပေးရလိမ့်မည်။

ရုပ်ရှင်ကားတစ်ကားအတွက် ဇာတ်ညွှန်းရေးပေးခြင်းဖြင့် ဖေးချမ့် ယွမ် ၁၀၀,၀၀၀ ရခြင်းကို စနစ်ကလည်း လက်ခံပေးလို့ရလောက်ပါသည်။ စနစ်ရန်ပုံငွေကို တစ်ပတ်ရိုက် လိမ်ယူခြင်းဟု သတ်မှတ်မှာ မဟုတ်ပါ။

တစ်ချိန်တည်းမှာပင် ဖေးချမ့် ဇာတ်ညွှန်းကို အရမ်းကြီး အသေးစိတ်ကျအောင် ရေးသားဖို့ မလိုပါ။ သူ လုပ်ဖို့ လိုတာဆိုလို့ အိုင်ဒီယာတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။

ပြီးပြည့်စုံသည့် အစီအစဉ်တစ်ခုပင်။

သူတို့နှစ်ယောက် ခဏလောက် စကားဆက်ပြောလိုက်ကြပြီး ဟွမ်းစစ်ပေါ် နှုတ်ဆက်ကာ ထပြန်သွားတော့သည်။

ယခုတော့ သူတို့ လှုပ်ရှားဖို့ တရားဝင် ဆုံးဖြတ်လိုက်ပြီ ဖြစ်သဖြင့် ဟွမ်းစစ်ပေါ်ရဲ့ အလုပ်အတွက် စိတ်အားထက်သန်မှုလည်း ပြန်လည် လောက်မြိုက်လာခဲ့ပါပြီ။

ဖေးဟွမ်လုပ်ငန်းကို ပြန်ရောက်သည့်အခါ သူ လုပ်စရာတွေ အများကြီး ရှိသေးသည်။

အရေးအကြီးဆုံးက ဝန်ထမ်းတွေ ထပ်ခန့်အပ်ဖို့ ဖြစ်ပါသည်။

ဟွမ်းစစ်ပေါ် ထွက်သွားပြီးနောက် ဖေးချမ့်က စာဖိုင်တစ်ခုကို ဖွင့်လိုက်ပြီး ဇာတ်ညွှန်းစရေးလေသည်။

ဖေးချမ့် ဇာတ်ညွှန်းအကြောင်း ဘာမှ နားမလည်ပါ။

သို့သော်လည်း ဒီစာမူကြမ်းအတွက် ၁၀၀,၀၀၀ ရမည်ဖြစ်သဖြင့် အလုပ်ကို သေချာလေးတော့ လုပ်ရမည်။ စိတ်ထဲ အစီအစဉ်ချဖို့ ဘာမှ မလိုအပ်ပါ။ စာဖိုင်အသစ် တန်းရေးဖို့သာ ဆုံးဖြတ်လိုက်ပါသည်။

“ပထမဆုံး အမျိုးအစား”

တွန့်ဆုတ်မှုမရှိဘဲ ဖေးချမ့် စာဖိုင်ထဲတွင် ‘စိတ်ကူးယဉ်သိပ္ပံ’ ဟူသည့် စကားလုံးကို ရိုက်နှိပ်လိုက်ပါသည်။

စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်များက ထုတ်လုပ်ဖို့ စျေးအကြီးဆုံး ဖြစ်သည်။ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင် အတော်များများက စုတ်ပြတ်လေ့ရှိသဖြင့် အမှားအယွင်းဖြစ်ဖို့ အလွယ်ကူဆုံးလည်းဖြစ်သည်။ ရုံတင်ငွေတွင် မအောင်မြင်ဖို့ ရည်ရွယ်ထားသည့် ဘော့စ်ဖေးအတွက်တော့ အံကိုက် ဖြစ်ပါသည်။

ရုပ်ရှင် အမျိုးအစားကို ဆုံးဖြတ်ပြီးနောက် ဖေးချမ့် အောင်မြင်ဖို့ လမ်းတစ်ဝက် ရောက်သွားပါပြီ။

အခုက ဇာတ်လမ်းအတွက် အောက်လိုင်းစဉ်းစားဖို့ အချိန်ကျပါပြီ။

မိနစ် ၃၀ ကြာပြီးနောက်…

စာဖိုင်ထဲမှာ ‘စိတ်ကူးယဉ်သိပ္ပံ’ ဆိုတဲ့ စကားလုံးတစ်လုံးတည်းသာ ရှိနေသေးသည်။

ဖေးချမ့် သက်ပြင်းအရှည်ကြီး ချလိုက်ပါသည်။ လခွမ်းထဲမှ။ ငါ တော်တော် အသုံးမကျပါလား။

ပထမတော့ ပရိတ်သတ်ရဲ့ ဉာဏ်ရည်ကို စော်ကားရာရောက်မည့် အမှိုက်ဆန်ဆန် ဇာတ်လမ်းမျိုးကို ရေးသားနိုင်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ သို့သော်လည်း တကယ်တမ်း စရေးဖို့ ကြိုးစားလိုက်စဉ်မှာတော့ အမှိုက်ဆန်ဆန် ဇာတ်လမ်းမျိုးရေးဖို့တောင် အလွန်ခက်ခဲမှန်း သိလိုက်ရသည်။

ထိုအချိန်တွင် ဖေးချမ့် ကြည့်ခဲ့ဖူးသမျှ ခပ်စုတ်စုတ် ရုပ်ရှင်များ၏ ဇာတ်လမ်းဇာတ်ကွက်အားလုံးကို ပြန်မှတ်မိလျှင် သိပ်ကောင်းမည်ဟု ဖေးချမ့် ဆုတောင်းမိသည်။

ကံမကောင်းစွာဖြင့် ဖေးချမ့်က ရုပ်ရှင်ဝါသနာရှင် မဟုတ်သဖြင့် ရုပ်ရှင် အနည်းငယ်ကို သာကြည့်ဖူးပါသည်။

ထို့အပြင် ခပ်စုတ်စုတ် ရုပ်ရှင်များကို သူ အလွန် အထင်သေးပါသည်။ ရုပ်ရှင် ဂုဏ်သတင်းမကောင်းပါက ရုံတင်အမှီ သွားကြည့်မှာ မဟုတ်သလို လက်မှတ်ဝယ်ဖို့တောင် စိတ်ကူးမိမှာ မဟုတ်ပါ။

ထို့ကြောင့် ဘယ်လောက်ပဲ ကြိုးစားပါစေ ခပ်စုတ်စုတ်ရုပ်ရှင်များ၏ ဇာတ်လမ်းကိုလည်း ပြန်စဉ်းစား မရပေ။ သူ လုံးဝ လမ်းပျောက်နေပါသည်။

စာဖိုင်ထဲမှာ စာကြောင်းတစ်ကြောင်းရေးဖို့ ကြိုးစားလိုက်တိုင်း ပြန်ဖျက်ကာ ‘စိတ်ကူးယဉ်သိပ္ပံ’ ဟူသည့် စကားလုံးတစ်လုံးတည်းနဲ့ ကျန်ခဲ့ရပြန်သည်။

ဖေးချမ့် ခေါင်းကုတ်လိုက်၏။

“ငါ ဒီတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ ငါ့တွေးပုံခေါ်ပုံကို ပြောင်းလဲမှ ဖြစ်မယ်။ အိမ်း… ငါ ဆန့်ကျင်ဘက်ကို ရေးလို့ရတာပဲ”

ဖေးချမ့် ရုတ်တရက် အကြံကောင်းတစ်ခုကို စဉ်းစားလိုက်မိသည်။

ရုပ်ရှင်ဖြစ်ဖြစ်၊ ဝတ္ထုဖြစ်ဖြစ်၊ ဂိမ်းတွေဖြစ်ဖြစ် အနှစ်သာရအရတော့ အတူတူတွေချည်းသာ ဖြစ်ကြသည်။

ရုပ်ရှင်ကောင်းတစ်ကားကို ထုတ်လုပ်ချင်ပါက သူတို့ပရိတ်သတ်တွေ ဘာကိုမြင်ချင်သလဲဆိုတာ သေချာ သိထားရမည်။ ဆန့်ကျင်ဘက်အနေဖြင့် စုတ်စုတ်ပြတ်ပြတ် ရုပ်ရှင်ကားကို ထုတ်လုပ်ချင်ပါက ပရိတ်သတ်တွေ ဘာကို မမြင်ချင်တာလဲဆိုတာကို သိဖို့ပဲ လိုတာ မဟုတ်လား။

ခပ်စုတ်စုတ် ရုပ်ရှင်အများစုတွင် ပရိတ်သတ်ကို ပျင်းရိကာ အိပ်ငိုက်သွားစေသည့် ဗလာဇာတ်လမ်းကြီးများ ရှိကြသည်။ စဉ်းစားပုံ စဉ်းစားနည်း ကောင်းမွန်သော်လည်း ဖေးချမ့် လက်တွေ့လုပ်ဖို့ အကူအညီ အများကြီး မဖြစ်ပါ။

ယခုဖေးချမ့်ကို တကယ်စိတ်ရှုပ်စေသည့် အရာက ရုပ်ရှင်ရဲ့ ပုံသေဇာတ်လမ်းကြောင့် ဖြစ်သည်။

ပုံသေဇာတ်လမ်းတစ်ခုကို အရင်ဆုံးအတည်ပြုပြီးမှ တတ်နိုင်သမျှ ပြန်ဖျက်ရမည်ဖြစ်သည်။ ထိုအခါမှ ဇာတ်လမ်းကို ဟာတာတာ ခပ်ပေါ့ပေါ့ ဖြစ်အောင် လုပ်နိုင်လိမ့်မည်။ ဒါမှ ပရိတ်သတ်လည်း ပျင်းရိကာ အိပ်ငိုက်သွားကြမှာ ဖြစ်ပါသည်။

ဘယ်လို ဇာတ်လမ်းမျိုးက စိတ်ရှုပ်ဖို့ အကောင်းဆုံးလဲ။

အင်တာနက်ဝတ္ထုလောကထဲက Concept များထဲက တစ်ခုကို ဖေးချမ့် တွေးမိသွားသည်။

အဆိပ်အတောက်အချက်များ ဖြစ်သည်။ ထိုအဆိပ်အတောက်အချက်များဆိုတာက စာဖတ်သူကို ဆိုးဆိုးရွားရွား ခံစားသွားရစေမည့် ဇာတ်လမ်းမျိုးကို ဆိုလိုသည်။ ကပ်ဖားလျက်ဖား ဇာတ်ကောင်တွေက အဆိပ်အတောက်အချက်များအတွက် ဥပမာတစ်ခု ဖြစ်ပါသည်။

ထိုအတွေးဖြင့် ‘စိတ်ကူးယဉ်သိပ္ပံ’ ဟူသည့် စကားလုံးအောက်တွင် နောက်ထပ် စာကြောင်း တစ်ကြောင်းကို ပျော်ပျော်ကြီး ဖေးချမ့် ထပ်ရေးလိုက်ပါသည်။

‘ဇာတ်လိုက်မင်းသားက ကပ်ဖားလျက်ဖား တစ်ကောင် ဖြစ်သည်။’

ကပ်ဖားလျက်ဖားကောင်များက ဆိုးဆိုးရွားရွား သေဆုံးခြင်းများနဲ့သာ ထိုက်တန်ပါသည်။

နောက်ဆုံးပိုင်းမှာ ဇာတ်လိုက်မင်းသားကသာ ဇာတ်လိုက်မင်းသမီးကို ပိုင်ဆိုင်သွားလျှင် ဇာတ်လမ်းရဲ့ အဆိပ်အတောက်ဖြစ်မှုက အများကြီး လျော့နည်းသွားနိုင်သည်။

ထို့ကြောင့် ဖေးချမ့် နောက်ထပ် စာကြောင်း တစ်ကြောင်း ရေးလိုက်ပါသည်။

‘အဆုံးသတ်တွင် ကပ်ဖားလျက်ဖားကောင် ဘာမှ မပိုင်ဆိုင်နိုင်ခဲ့ပါ’

အနည်းငယ် စဉ်းစားပြီးနောက် ဇာတ်လမ်းက ထင်သလောက် မရက်စက်သေးဘူးဟု ဖေးချမ့် ဆုံးဖြတ်လိုက်သည်။

‘ကပ်ဖားလျက်ဖားကောင်က ဖောက်ပြန်ခံခဲ့ရသည်’

‘ကလေးက သူ့ကလေး မဟုတ်ပါ’

‘ဇာတ်လိုက်မင်းသားက ကလေးကို ပျိုးထောင်ချင်သော်လည်း ကလေးက သူ့ကို အလွန်မုန်းတီးသည်’

‘လောကဓံရဲ့ ထိုးနှက်ချက်တွေ တစ်ခုပြီးတစ်ခု ခံစားခဲ့ရပြီးနောက် ဇာတ်လိုက်မင်းသား ရူးသွပ်သွားပြီး လူ့အဖွဲ့အစည်းကို ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်သည်’

ဖေးချမမ့် ခေတ္တစဉ်းစားလိုက်ပြီး တစ်ခုခုလွဲနေမှန်း သိလိုက်ရသည်။

“မဟုတ်ဘူး ဇာတ်လိုက်မင်းသားက လူ့အဖွဲ့အစည်းကို ကလဲ့စားချေလို့ မရဘူး။ သူက ငပျော့ကောင်ဖြစ်ရမှာ”

ဒီရုပ်ရှင်ကို ‘ကြာကူလီကလဲ့စား’’ လိုလို ဘာလိုလို စူပါဟီးရိုးရုပ်ရှင်တစ်ကား ဖြစ်မလာစေချင်ပါ။ ဒီရုပ်ရှင်သာ မတော်တဆ နိုင်ငံခြားအထိ ပြန့်သွားပြီး နောက်ထပ် ဆုတစ်ဆု ရသွားလျှင် ပြဿနာ အကြီးကြီး တက်ပါလိမ့်မည်။

‘လောကဓံ၏ ထိုးနှက်ချက်များကို တစ်ချက်ပြီး တစ်ချက် ခံစားခဲ့ရပြီးနောက် ဇာတ်လိုက်မင်းသား စိတ်ဓာတ်ပြိုကွဲပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ဆုံးဖြတ်လိုက်သည်။’

နောက်တစ်ဖန် ဖေးချမ့် နေရထိုင်ရ ခက်သွားလေသည်။ “အာ… ဒီကောင် ကိုယ့်ကိုယ်ကို သတ်သေမယ်ဆိုရင် ဇာတ်လမ်းအတွက် ဇာတ်ရှိန်မြင့်စရာ အသေးစား နေရာလေး ဖြစ်သွားမယ်။ ရိုးရိုးသာမန် ဇာတ်နာတဲ့ ရုပ်ရှင်လမ်းကြောင်းပေါ် ရောက်သွားလိမ့်မယ်။ မကောင်းသေးဘူး”

“ဇာတ်လိုက်မင်းသားက တစ်သက်လုံး စိတ်ပျက်အားလျော့မှုတွေနဲ့ နေထိုင်သွားသင့်တယ်”

နောက်တစ်ဖန် ဖေးချမ့် အတည်ပြုရ ခက်ပြန်ပါသည်။

“ဒါလည်း မဟုတ်သေးဘူး။ နည်းနည်း ဟာလာဟင်းလင်းကြီး ဖြစ်လွန်းနေတယ်။ အဆုံးသတ်ကျရင် ပိုကောင်းမယ့်အချိန်တွေကို ပိုင်ဆိုင်ရမယ်လို့ ဇာတ်လိုက်မင်းသားကို မျှော်လင့်ချက်ပေးပြီးမှ ရက်ရက်စက်စက် ဖျက်ဆီးပစ်လိုက်သင့်တယ်”

သို့သော်လည်း ဇာတ်လိုက်မင်းသားကို ဘယ်လို မျှော်လင့်ချက်မျိုးပေးပြီး ဘယ်လို ဖျက်ဆီးရမလဲ။

ဖေးချမ့် လောလောဆယ် အကြံကောင်း မထုတ်နိုင်သေးပါ။

သို့သော်လည်း သူအလျှင်မလိုသေးပေ။ ဘာပဲဖြစ်ဖြစ် ၂ ရက် ၃ ရက်လောက်နေမှ စာမူကြမ်းကို ပေးဖို့ လိုတာ ဖြစ်သည်။

စာဖိုင်ကို ပိတ်ဖို့ ပြင်လိုက်စဉ် ဖေးချမ့် တစ်ခုခုကို ထပ်စဉ်းစားမိပြီး ‘စိတ်ကူးယဉ်သိပ္ပံ’ ဟူသည့် စာလုံးကို တမင်သက်သက် ထူအောင် လုပ်လိုက်သည်။

ဒီရုပ်ရှင်က စိတ်ကူးယဉ်သိပ္ပံဖြစ်ရမှာကို မေ့လို့ မဖြစ်ပါ။

ဇာတ်လမ်းထဲမှာ စိတ်ကူးယဉ်သိပ္ပံ အရာများ ပါလာအောင်လည်း သေချာလုပ်ရမည်။ ဒါမှ ရိုက်ကွင်းပစ္စည်းတွေနဲ့ ကွန်ပျူတာ အထူး ပြုလုပ်ချက်တွေအတွက် ငွေပိုသုံးနိုင်မှာ ဖြစ်သည်။

အမှန်ပင်။ ဘယ်လို စိတ်ကူးယဉ်သိပ္ပံ အကြောင်းအရာတွေ ထည့်သွင်းရမလဲ ဆိုတာကတော့…

မနက်ဖြန်မှ စဉ်းစားလိုက်မည်။

အားရကျေနပ်စွာဖြင့် ဖေးချမ့် သူ့ဇာတ်လမ်း၏ ယေဘုယျပုံကြမ်းကို အစမှ အဆုံးအထိ ပြန်ဖတ်ကြည့်လိုက်သည်။ အဆိပ်အတောက်များမှုကြောင့် သတိတောင် လစ်ချင်သွား၏။

ဇာတ်လမ်းက အလွန်အဆိပ်အတာက် များလွန်းပါသည်။ အတော့်ကို များပြားခြင်း ဖြစ်၏။

ဒီဇာတ်လမ်းထဲမှာ ရာဇဝင်တစ်ခုလုံးထဲက အဆိပ်အတောက်ပေါင်းများစွာကို ထည့်သွင်းထားသည်ဟုတောင် ဆိုနိုင်ပါသည်။ ဖေးချမ့် အဆိပ်အတောက်အချက်တစ်ခုတောင် မချန်ခဲ့နိုင်ပါ။

ထို့နောက် ဇာတ်ကွက်ကို ထပ်ချဲ့ကားပြီး စိတ်ကူးယဉ်သိပ္ပံ အပေါ်ယံအုပ်ကာ ဇာတ်လမ်းကို လျော့တိလျော့ရဲ ဖြစ်သွားအောင် လုပ်ဖို့သာ လိုတော့သည်။

ဒါတွေအားလုံး ပြီးဆုံးသွားပါက သူ့အလုပ် ပြီးမြောက်ပါပြီ။

“ဟူး ငါတော်တော် မကောင်းတဲ့ ဗီလိန်အကြီးစားပါလား”

သူ့ကိုယ်သူ စုတ်စုတ်ပြတ်ပြတ် ဇာတ်လမ်းများ ဖန်တီးရာတွင် ပါရမီပါသည်ဟု ဖေးချမ့် ခံစားလိုက်ရသည်။ ရုပ်ရှင်လောကထဲ ဟိုးအရင်ကတည်းက ဝင်ခဲ့သင့်ပါသည်။

All Chapters