အီးမေးလ် inbox ပြည့်နေပြီ
Vol. 21 Ch. 314
ဖေးချမ့် လောလောဆယ်အတွက် ယေဘုယျ ဇာတ်ညွှန်းမူကြမ်းကို ရေးသားပြီးဖြစ်သဖြင့် အားရကျေနပ်သွားပါသည်။ အခြေအနေများကို ကြည့်ရသလောက်တော့ ဖေးချမ့် မနက်ဖြန် အသေးစိတ်တချို့ ထပ်ပေါင်းထည့်ဖို့သာ လိုပြီး ဟွမ်းစစ်ပေါ်တို့ထံ ပို့ပေးလိုက်ရုံရှိပါသည်။
“ဟုတ်ပြီ ဒီနေ့အတွက် အလုပ်ပြီးပြီ။ ခဏလောက် နားဦးမှ”
ဘာရယ်မဟုတ်ဘဲ ဖေးချမ့် အိုင်လီကျွန်းကို ဝင်လိုက်ပြီး ရှိုးတချို့ ကြည့်ဖို့ ပြင်လိုက်ပါသည်။
ခဏလောက်ကြာသောအခါ ရုံးခန်း တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။ ဖေးချမ့် မော့ကြည့်လိုက်ရာ လက်ထောက်ရှင်း ဖြစ်နေ၏။
“ဘော့စ်ဖေး ကျွန်မတို့ ကုမ္ပဏီရဲ့ အီးမေးလ် inbox က အီးမေးလ်တွေနဲ့ ပြည့်လုနီးပါး ဖြစ်နေပြီ။ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနက ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း အဲ့ဒီ မေးလ်တွေကို သက်ဆိုင်ရာ ဖိုင်တွဲတွေထဲ စီနေရတာနဲ့ အလုပ်များနေကြတယ်။ ဒါပေမယ့် လူတွေအများကြီးက လျှောက်လွှာတွေဆက်တိုက် ပို့နေကြတာ။ ကျွန်မတို့ အဲ့ဒါတွေကို လျှော့ဖို့အတွက် အမြန်ဆုံး နည်းလမ်း တစ်ခုခု စဉ်းစားမှ ဖြစ်ပါမယ်”
လက်ထောက်ရှင်းက ဖေးချမ့်ကို မျှော်လင့်တကြီး ကြည့်လိုက်ပါသည်။ သူမရဲ့ စကားမှာ အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ပါဝင်နေပါသည်။ လျှောက်လွှာများကို လျှော့ချဖို့အတွက် ဖေးချမ့်ကို စံနှုန်းတစ်ခုခု သတ်မှတ်ခိုင်းနေခြင်း ဖြစ်သည်။
ဖေးချမ့်၏ စိတ်ထဲ မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွား၏။ ပျော်ပျော်ကြီး ရှိုးကြည့်ဖို့ ပြင်နေသည့် ဖေးချမ့်တစ်ယောက် ချက်ချင်း ကြောင်တောင်တောင် ဖြစ်သွားသည်။
အီးမေးလ် inbox က ပြည့်လုနီပါး ဖြစ်နေပြီ ဟုတ်လား။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
အလွန် သတိကြီးသည့်ဘော့စ်ဖေး ချက်ချင်း အန္တရာယ်လက္ခဏာများကို မြင်လိုက်ရပါသည်။ ချက်ချင်းပဲ ကုမ္ပဏီ၏ အီးမေးလ် inbox ကို သူ့ကွန်ပျူတာဖြင့် ဝင်ကြည့်လိုက်ပြီး မဖတ်ရှုရသေးသည့် အီးမေးလ်ပေါင်း များစွာကို မြင်လိုက်ရသည်။ inbox ဘေးက အနီရောင် ဂဏန်းက ‘၉၉၉+’ အီးမေးလ်ဟူ၍ ဖော်ပြနေပါသည်။
“ဘာ… ဘာတွေဖြစ်နေတာလဲဟ” ဖေးချမ့် ခေါင်းမူးသွားလေသည်။
လက်ထောက်ရှင်းက ခပ်ပါးပါး ပြုံးလိုက်၏။ “တရားဝင်ပလက်ဖောင်းနဲ့ ဘော့စ်ဖေးရဲ့ အင်တာဗျူးရယ်၊ ဘော့စ်ဖေးရဲ့ ကုမ္ပဏီတွင်း ပေးစာတွေကြောင့် ဖြစ်မယ်လို့ ကျွန်မ ထင်တယ်”
“Weibo ပေါ်က ရေပန်းစား ရှာဖွေမှုကို စစ်ကြည့်လိုက်ပါဦး။ ဘော့စ်ဖေး နားလည် သွားပါလိမ့်မယ်”
“ဒါပေမယ့် ဒီကိစ္စက အရေးကြီးတယ်နော်။ ဘော့စ်ဖေး လျှောက်လွှာတွေကို လျှော့ချဖို့အတွက် စံနှုန်းသတ်မှတ်ချက် တချို့ စဉ်းစားသင့်တယ်။ လျှောက်လွှာတွေက အရမ်းများနေတာ။ ကျွန်မတို့ အကုန်လုံးကို အင်တာဗျူးရမယ်ဆို လူအင်အား လုံလောက်မှာ မဟုတ်ဘူး”
ဖေးချမ့် ခေတ္တ ကြက်သေသေသွားသည်။
အချိန်အတန်ကြာမှ လက်ရမ်းကာ ပြောလိုက်သည်။ “ဟုတ်ပြီ အလုပ်ပြန်သွားလုပ်တော့။ ငါ အသင့်ဖြစ်ရင် ပြောမယ်”
လက်ထောက်ရှင်း ခေါင်းငြိမ့်ကာ ပြန်ထွက်သွားခဲ့ပါသည်။
ဒီကိစ္စက မြင်နေရတာထက် ပိုပြီး လေးနက်သည်ဟု ဖေးချမ့် ခံစားမိပါသည်။ စံနှုန်းကန့်သတ်ချက်များ စီစဉ်လိုက်ရုံနဲ့ ပုန်းလျှိုနေသည့် ပြဿနာများကို မပြေလည်စေလောက်ပါ။ ခပ်မြန်မြန်ပဲ Weibo ကို ဖွင့်ကြည့်လိုက်သည်။
နောက်ဆုံးမှတော့ ‘ထန်းတာ့ရဲ့ကုမ္ပဏီတွင်းအိတ်ဖွင့်စာ’ ဆိုတာက ရေပန်းစားရှာဖွေမှု စာရင်းမှာ အဆင့် ၇ ချိတ်နေတာကို မြင်လိုက်ရပါသည်။
“ဘာလဲဟ ငါ့စာကို ကုမ္ပဏီတွင်းမှာပဲ တင်ခဲ့တာပါ။ ဘယ်လိုဖြစ်ပြီး အခု Weibo ရဲ့ ရေပန်းစား ရှာဖွေမှု အပေါ်ကိုတောင် ရောက်နေတာလဲ”
ဖေးချမ့် သူ့စာအကြောင်းကိုတောင် မေ့နေပါပြီ။
ကုမ္ပဏီတွင်း အိတ်ဖွင့်ပေးစာကို တင်လိုက်ရသည့် သူ့ရည်ရွယ်ချက်က ဝန်ထမ်းတွေကို ပိုမိုရေသာခိုစေဖို့အတွက်သာ ဖြစ်သည်။ ဒါမှ သူ့အရှုံးပေါ်စေမည့် ဝန်များ ပိုလျော့သွားမှာ ဖြစ်သည်။
သို့သော်လည်း ကုမ္ပဏီတွင်း နက်ဝေါ့ခ်မှာ တင်လိုက်တော့ အာနိသင်က မဖြစ်စလောက်သာ ရှိသည်။ ဝန်ထမ်းများစွာက သူ့ကို ကောမန့်ထဲမှာတောင် ကပ်ဖားလျက်ဖား လုပ်ကြပါသည်။ ဘော့စ်ဖေး အလွန် စိတ်ပျက်ခဲ့ရ၏။
ထို့ကြောင့် ဒီကိစ္စကို ဆက်ပြီး အာရုံမစိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဒီစာကို နောက်တစ်ခေါက် မြင်လိုက်ရသည့်အခါတွင် Weibo ရဲ့ ရေပန်းစားရှာဖွေမှု စာရင်းမှာ ရောက်နေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ပါ။
ဖေးချမ့် ခပ်မြန်မြန်ပဲ နှိပ်ကြည့်လိုက်သောအခါ သူ့ရဲ့ ကုမ္ပဏီတွင်းပေးစာက Netizen များ ဆက်တိုက် Share နေသည့် အကြောင်းအရာကြီး ဖြစ်လာတာကို မြင်လိုက်ရပါသည်။ တချို့ Netizen များ၏ စကားဝိုင်းများကို ဖတ်ရှုကြည့်ပြီးနောက် ဖေးချမ့်ရင်ထဲ ပိုပြီး အေးစက်သွားပါသည်။
“ငါ မြင်ယောင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါ တကယ်ကြီး ဘော့စ်တစ်ယောက်ရဲ့ ကုမ္ပဏီတွင်း ပေးစာလား”
“သူဌေးတစ်ယောက်ပြောတာကို အကုန်ယုံမနေနဲ့… အမ် ဘာလို့ ငါထင်ထားတာနဲ့ ဒီလောက်ကွာနေတာလဲ”
“မျက်ရည်တောင် ဝဲသွားတယ်။ ဒီလောက် ကောင်းတဲ့ ဘော့စ်မျိုး ဘယ်မှာ ရှာလို့ ရမှာလဲ။ ငါ့ကို ပြစမ်းပါ”
“ဒါ ထန်းတာ့ရဲ့ ကုမ္ပဏီတွင်းအိတ်ဖွင့်စာလား။ ထန်းတာ့ ဝန်ထမ်း ခေါ်ယူနေတုန်းပဲလား။ လစာ လျှော့ခံရမယ်ဆိုရင်တောင် ငါ အဲ့ဒီမှာ အလုပ်လုပ်ချင်တယ်ကွာ”
“ဒီထောင်ချောက်ကို မမိကြစေနဲ့၊ ဒါဂျင်းထည့်တာ ဖြစ်မယ်။ ဒီကုမ္ပဏီတွင်း ပေးစာက အစစ်ဆိုရင်တောင် လုပ်ဇာတ်ကြီး ဖြစ်လိမ့်မယ်”
“ဒါပေမယ့် ငါ့သူငယ်ချင်းတစ်ယောက်က ထန်းတာ့မှာ အလုပ်လုပ်နေတာ။ ထန်းတာ့ရဲ့ အကျိုးခံစားခွင့်တွေနဲ့ ဝန်ထမ်းသက်သာ ချောင်ချိရေးတွေက အရမ်းကောင်းလွန်းလို့ ငါတောင် အားကျနေတာ။ တကယ် အမှန်ကွ။”
“ဘယ်သူက လုပ်ဇာတ်လို့ ပြောလိုက်တာလဲ။ တခြားဘော့စ်တွေလည်း ဒီလိုလုပ်လို့ ရတာပဲလေ၊ ဒီလို လုပ်ဇာတ်မျိုးတွေဖန်တီးလို့ ရတာပဲ။ ဒီလို ကုမ္ပဏီတွင်းပေးစာကို တင်ရဲလို့လား”
“အာ… ဒီအိတ်ဖွင့်ပေးစာက တခြား အိတ်ဖွင့်ပေးစာတစ်စောင်ကို ပုံတူကူးထားသလိုပဲဆိုတာ ဘယ်သူမှ သတိမထားမိကြဘူးလား။ ဟိုစာနာမည်က ‘ဘဝကောင်းရဖို့ အလုပ်ကြိုးစားရမယ်’တဲ့”
“ဟုတ်တယ်။ သူက အဲ့စာနဲ့ လုံးဝ ဆန့်ကျင်ဘက်တွေပဲ ရေးထားတာ။ အဲ့စာကို တမင်သက်သက် လှောင်နေတာလား”
“ဘုရားရေ တကယ့် ဟာသပဲ၊ ငါ ဒီဘော့စ်ရဲ့ ပရိတ်သတ်ဖြစ်သွားပြီ”
“လခွမ်း ငါဘာမှ ထပ်မပြောတော့ဘူး၊ အခုပဲ ထန်းတာ့ကို လျှောက်လွှာသွားတင်လိုက်တော့မယ်”
ပျော်ရွှင်နေသည့် Netizen များက ဖေးချမ့်ရဲ့ ကုမ္ပဏီတွင်းပေးစာကို တုန့်ပြန်မှုများ အလွန် ကောင်းမွန်နေကြသည်။ ဒီလိုဖြစ်လာမှာကို သူလုံးဝ မပြင်ဆင်ထားခဲ့ပေ။
ကုမ္ပဏီတွင်း နက်ဝေါ့ခ်ထဲမှာ စာကို တင်ခဲ့တုန်းက ဆန့်ကျင်ဘက် သက်ရောက်မှုများ ရှိခဲ့သော်လည်း ဒီလောက်ကြီး နာမည်မကြီးသေးပါ။
Pin ပို့စ်က ကုမ္ပဏီတွင်း Fourm ပေါ်မှာ ရှိနေဆဲဖြစ်ပြီး နေ့စဉ် ရီပလိုင်းသစ်များ တက်လာသည်။ သို့သော်လည်း ဝန်ထမ်းအများစုက ဖတ်ရှုပြီးနောက် တက်ကြွသွားကြပြီး မေ့ပစ်လိုက်တာ များပါသည်။
အဘယ့်ကြောင့်ဆိုသော် ထန်းတာ့ရဲ့ ဝန်ထမ်းတွေသာ ကုမ္ပဏီတွင်း Forum ကို ဝင်ရောက်နိုင်သောကြောင့် ဖြစ်သည်။ သူတို့က ဟောက်ချုံးလို လူမျိုးတွေသာ ဖြစ်ပြီး ထန်းတာ့ရဲ့ ရက်ရောသည့် အကျိုးခံစားခွင့်များကို အလွန်သဘောကျသူများ ဖြစ်သည်။
ထို့ကြောင့် ဒီကုမ္ပဏီတွင်း ပေးစာက သူတို့အတွက် ဆန်းသစ်သော်လည်း အရမ်းကြီးတော့ စိတ်မဝင်စားကြပါ။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးက ဘယ်လို ဘော့စ်ကောင်းမျိုးလဲဆိုတာကို အားလုံး သိထားပြီးသားပင်။
သို့သော်လည်း Weibo ပေါ်မှာတော့ အခြေအနေက လုံးဝ ခြားနားနေပါသည်။
အမှန်ပင်။ Netizen များက ဒီလောက် ကောင်းမွန်သည့် ကုမ္ပဏီမျိုးနဲ့ ဘော့စ်မျိုးကို တစ်ခါမှ မတွေ့ဖူးကြပေ။
တရားဝင်ပလက်ဖောင်းကလည်း ထန်းတာ့ကို သီးသန့် အင်တာဗျူးမှာ ချီးကျူးထားပြီးသား ဖြစ်သဖြင့် လူထုအမြင်ကလည်း တိုးတက် နေပြီးသား ဖြစ်သည်။ ဒီကုမ္ပဏီတွင်း ပေးစာနဲ့သာဆို Netizen များစွာ၏ ရင်ထဲတွင် ဒီကုမ္ပဏီ ထာဝရ တည်မြဲသွားပါတော့မည်။
ယခုအချိန်ထိ ထန်းတာ့နဲ့ပတ်သတ်ပြီး ဂိမ်မာ အများစု ထင်ထားတာ ဒီလို ဖြစ်ပါသည်။
ထန်းတာ့ဘော့စ်က ပေါ်လဲ့နဲ့တူပြီး ပါရမီရှင်များကို သုံးသပ်ရာတွင် ထူးချွန်သည်။
ထန်းတာ့ရဲ့ ဝန်ထမ်းအားလုံးက ထူးချွန်ကြသည်။ ကုမ္ပဏီထဲက သွင်ပြင်ကလည်း လွတ်လပ်ပြီး တက်ကြွမှု ရှိသည်။ တခြား ကုမ္ပဏီတွေလောက် ကြီးနိုင်ငယ်ညှင်းမှု မရှိလောက်ပါ။
နောက်ဆုံးတော့ အကျိုးခံစားခွင့်များက ကောင်းမွန်ပြီး ကုမ္ပဏီက ဝန်ထမ်းတွေအပေါ် မညစ်ပတ်ပါ။
အခုဆို ထန်းတာ့က လုပ်ငန်းပေါင်းစုံတွင် ခြေချပြီးပြီဖြစ်ကာ အလွန်ကောင်းမွန်စွာ ဆောင်ရွက်နေပါသည်။
နောက်ထပ် အရေးကြီးသည့် အချက်တစ်ချက်လည်း ရှိသေးသည်။ ထန်းတာ့က ဒုတိယအဆင့်မှီမြို့တစ်မြို့သာ ဖြစ်သည့် ကျင်းကျိုးမြို့တွင် တည်ရှိခြင်း ဖြစ်သည်။ ပံ့ပိုးမှုကောင်းများ ရှိရုံတင်မကဘဲ ပထမအဆင့်မှီမြို့များတွင် ရှိတတ်သည့် ဖိအား အလွန်များပြားသော လူမှုပတ်ဝန်းကျင်ကိုလည်း ဒီမှာ မတွေ့ရတတ်ပါ။
ဒီအချက်တွေအားလုံးက ထန်းတာ့ကို အလုပ်ရှာဖွေသူများ၏ မျက်လုံးထဲမှာ ပြီးပြည့်စုံသွားစေခဲ့သည်။
တစ်စုံတစ်ခု၏ တန်ဖိုးကို နှိုင်းယှဉ်ကြည့်မှ ဆုံးဖြတ်နိုင်မည်ဟူသည့် ဆိုရိုးစကားအတိုင်းပင်။
တခြားကုမ္ပဏီ၏ ဘော့စ်များက ဝန်ထမ်းများကို ကြိုးစားအားထုတ်ချင်စိတ်များ ဖြစ်ပေါ်အောင် ရိုက်သွင်းသည်။ ဝံပုလွေလို ကျင့်ကြံခိုင်းပြီး ၉၉၆ စနစ်ဖြင့် အလုပ်လုပ်ခိုင်းသည်။ တစ်ဖက်မှာတော့ ထန်းတာ့ရဲ့ ဘော့စ်က ဝန်ထမ်းတွေကို ပိုမိုအနားယူပြီး ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ ပြောသည့် ကုမ္ပဏီတွင်းပေးစာ တစ်စာဖြင့် လုံးဝ ဆန့်ကျင်ဘက်ကို ပြုလုပ်ခဲ့ပါသည်။
ဒီလို စစ်မှန်သည့် ဂရုစိုက်မှုနဲ့ လူသားဆန်မှုအတွက် စိုးရိမ်ပူပန်မှုတို့က တခြား ကုမ္ပဏီများရှိ ကျေးကျွန်များကို မျက်ရည်ဝဲသွားစေသည်။
ထို့ကြောာင့် လူပေါင်းများစွာက ထန်းတာ့ကို ကိုယ့်သဘောနဲ့ကိုယ် ချီးကျူးရင်း စတင် ကြော်ငြာပေးကြလေသည်။ တချို့က ခြေတစ်လှမ်း ထပ်တိုးပြီး လျှောက်လွှာတွေတောင် ပို့ပေးကြပါသည်။
ရက်အနည်းငယ် ကြာသောအခါ ထန်းတာ့၏ အီးမေးလ် inbox က လုံးဝ ပြည့်နှက်သွားပါသည်။ လျှောက်လွှာပေါင်းစုံနဲ့ အတူပို့ပေးလိုက်သည့် အီးမေးလ် ၉၉၉+ စောင် ရှိပါသည်။
တရားဝင်ပလက်ဖောင်းနဲ့ ဆောင်ရွက်ခဲ့သည့် အင်တာဗျူးက မကောင်းတဲ့ အကျိုးဆက်တွေ ယူဆောင်လာပေးမှာကို ဖေးချမ့် မျှော်လင့်ထားပြီးသား ဖြစ်သည်။ သို့သော် ဒီလောက်ကြီး ပြင်းထန်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပါ။
inbox ထဲက အီးမေး ၉၉၉+ စောင်ကို ကြည့်ပြီး ဝန်ထမ်းစီမံခန့်ခွဲရေးဌာနက ဝန်ထမ်းတွေလိုပဲ ဖေးချမ့်လည်း ခေါင်းကိုက်လာပါသည်။
သို့သော်လည်း သူတို့ ခေါင်းကိုက်ရတာက အကြောင်းအရင်း မတူကြပါ။
HR ဝန်ထမ်းများ၏ ခေါင်းကိုက်မှုက ကောင်းသော ခေါင်းကိုက်ခြင်းမျိုး ဖြစ်သည်။ လူတွေအများကြီး ထန်းတာ့ကို ဝင်ရောက်ဖို့ ကြိုးစားနေကြသည်။ ထို့ကြောင့် ဒီလျှောက်ထားသူများအကြား ထူးချွန်သည့် ပါရမီရှင်များကို ရှာတွေ့ဖို့ ပိုလွယ်ကူသွားပါလိမ့်မည်။
တစ်ဖက်မှာတော့ ဖေးချမ့် ခေါင်းကိုက်နေရခြင်းက ဒီကိစ္စမှာ ကပ်ဘေးကြီး တစ်ခုလို ဖြစ်နေသောကြောင့်ပင်။
ဝန်ထမ်းထပ်ခန့်ရမှာကို စိတ်မရှိသော်လည်း လျှောက်ထားသူတွေကြားထဲမှာ ပါရမီရှင်တွေ ပါလာရင် ဘယ်လိုလုပ်မလဲ။ ဒီပါရမီရှင်တွေကိုသာ ငှားလိုက်ပြီး အရှုံးပေါ်မယ့် ပရောဂျက်တွေကိုသာ အောင်မြင်အောင် အလွယ်တကူလုပ်ပေးလိုက်ကြပါက ဖေးချမ့် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူမသွားနိုင်ဘူးလား။
သို့သော်လည်း အားလုံးကို ငြင်းဆန်လိုက်လို့တော့ မဖြစ်ပါ။
ထန်းတာ့က ယခင်ကလို အသေးစား ကိုယ်ပျောက်ကုမ္ပဏီ မဟုတ်တော့ပေ။ အခုလူတွေ အများကြီးက စောင့်ကြည့်နေကြပါသည်။
ထန်းတာ့က ပါရမီရှင်တွေကို မခန့်အပ်ဘဲ သုံးစားမရသူတွေကိုသာ ခန့်အပ်နေမှန်း လူတွေ သိသွားကြပါက ထန်းတာ့သို့မဟုတ် ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို သံသယ ဖြစ်လာနိုင်သည်။
ဒီလူတွေကို သူ့ရည်ရွယ်ချက်များအား သံသယ ဖြစ်ခွင့်ပေးလို့မရပါ။ စနစ်တည်ရှိမှုနဲ့ ၎င်း၏ စိန်ခေါ်မှုများကိုဆို ပိုတောင်ဆိုးပါသည်။
“ဝန်ထမ်းခေါ်ယူတဲ့ ပြဿနာကို ရှင်းဖို့ သင့်တော်တဲ့ နည်းလမ်းတစ်ခု စဉ်းစားမှ ဖြစ်မယ်။ မဟုတ်ရင် အန္တရာယ်များတဲ့ ဂယက်ထမှုတွေ ဖြစ်လာနိုင်တယ်”
ထန်းတာ့က ယခု ကုမ္ပဏီကြီးတစ်ခုဖြစ်နေပြီ ဆိုသည့်အကြောင်းကို ဖေးချမ့် တွေးမိသည်။
သူ့လုပ်ငန်းတွေ ကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းတွေကို ပိုပိုပြီး ခန့်အပ်သွားရမည်။ ဖေးချမ့် လုပ်ချင်တာလုပ်ပြီး အရင်ကလိုမျိုး ကိုယ်တိုင် ဝန်ထမ်းရွေးချယ်ဖို့လည်း မဖြစ်နိုင်တော့ပါ။
တစ်နည်းအားဖြင့် HR ဝန်ထမ်းများက ထူးချွန်သည့် ဝန်ထမ်းတွေကိုသာ ရှာဖွေဖို့ အာရုံစိုက်လိမ့်မည်။
ဆိုလိုရင်းက ဘော့စ်ဖေးရဲ့ နောက်ကျောကို ဓားနဲ့ ထိုးမယ့်လူတွေ ပိုပိုများမလာနိုင်ဘူးလား။ ဘယ်သူက ဒါမျိုးကို သည်းခံနိုင်မှာလဲ။
“ရေသာခိုတဲ့ကောင်တွေကိုပဲ ရွေးခန့်ဖို့ နည်းလမ်း တစ်ခုခု စဉ်းစားမှ ဖြစ်မယ်”
“ထူးချွန်တဲ့လူတွေက ဘယ်နေရာပဲရောက်ရောက် တောက်ပနေကြမှာ။ ဒါပေမယ့် သူတို့ကို ခန့်အပ်လိုက်တာနဲ့ ငါ့ကို သေချာပေါက် နောက်ကျောဓားနဲ့ ထိုးကြမှာပဲ။ ငါတားနိုင်မှာလည်း မဟုတ်ဘူး။ သူတို့ကို မခန့်ဘဲ တခြားကုမ္ပဏီမှာ တောက်ပခွင့်ပေးလည်း လူ့ပတ်ဝန်းကျင် ရင်းမြစ်ကို မထိခိုက်စေပါဘူးကွာ”
“တစ်ချိန်တည်းမှာပဲ သုံးစားမရတဲ့ ဝန်ထမ်းတွေချည်း ခေါ်နေပြန်ရင်လည်း အာရုံအများကြီး စိုက်ခံလာရနိုင်တယ်။ အရမ်းတုံးတဲ့ ငတုံးကောင်တွေက သတင်းတွေတောင် ပေါက်ကြားသွားအောင် လုပ်နိုင်တယ်။ ဒါဆို ထန်းတာ့ရဲ့ ဇာတ်နိမ့်နေတဲ့ ပုံစံနဲ့ မကိုက်တော့ဘူး။ အဲ့လိုကောင်တွေကိုလည်း ရှောင်ရမယ်”
“ဆိုလိုတာက သာမန်အဆင့်ရှိတဲ့ လျှောက်ထားသူတွေကိုပဲ ခန့်ဖို့ နည်းလမ်း ရှာရမှာ။ မာကြီးလို ရေသာခိုတတ်တဲ့ ကောင်တွေဆို အကောင်းဆုံးပေါ့။ သူတို့ အထက်လူကြီးတွေ ပြောတဲ့အတိုင်းပဲ တသွေမတိမ်း လုပ်မယ့်ကောင်တွေ။ သူတို့ကို ငါ ဦးတည်ချက် အမှားကြီး မပေးဘူးဆိုရင် သေချာပေါက် ငါ့အတွက် အရှုံးပေါ်အောင် လုပ်ပေးနိုင်ကြမှာပဲ”
“ဟုတ်တယ်။ အမှန်ပဲ။ ငါ ရေသာခိုတဲ့ကောင်တွေကို ရွေးရမယ်”
ဖေးချမ့် ဗျူဟာ တစ်ခုကို အမြန်စဉ်းစားလိုက်သည်။
နာရီဝက်ခန့်ကြာသောအခါ လက်ထောက်ရှင်းကို ထပ်ခေါ်လိုက်ပါသည်။
“ထန်းတာ့က လောလောဆယ် ဝန်ထမ်း အများအပြား ခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ အားလုံးကို ကြေညာဖို့အတွက် တရားဝင် အသိပေးစာ တစ်စောင် ထုတ်ပြန်လိုက်။ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနကိုလည်း ပါရမီရှိတဲ့ လူတွေရဲ့ လျှောက်လွှာကို တစ်နေရာရာမှာ သိမ်းခိုင်းထားလိုက်။ နောက်ကျမှ ပြန်ထုတ်ကြည့်ကြမယ်”
“ထန်းတာ့က အနာဂတ်မှာ ဝန်ထမ်းတွေ သေချာ ခေါ်ယူဦးမှာပါ။ လောလောဆယ်တော့ ဝန်ထမ်း စီမံခန့်ခွဲရေးဌာနကို ယေဘုယျ ဝန်ထမ်းခန့်အပ်မှု စံနှုန်းတချို့ သတ်မှတ်ခိုင်းလိုက်မယ်။ ဒါမှ ထန်းတာ့က သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဝန်ထမ်းတွေကို ခန့်အပ်နိုင်မှာ”
လက်ထောက်ရှင်းက ထိုညွှန်ကြားချက်များကို ချရေးလိုက်ပါသည်။
“ဘော့စ်ဖေး ဝန်ထမ်းစီမံခန့်ခွဲရေးဌာနက အလားအလာရှိတဲ့ လျှောက်ထားသူတချို့ကို ရွေးချယ်ထားပြီးပါပြီ။ သူတို့ရဲ့ လျှောက်လွှာတွေက တော်တော်ကောင်းမွန်ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း ရှိကြတယ်။ ကျွန်မတို့ အဲ့ဒီ လျှောက်ထားသူတွေကို အရင် အင်တာဗျူးဖို့ စီစဉ်လိုက်ရမလား”
ဖေးချမ့် ချက်ချင်းပဲ ထိုအကြံပြုချက်ကို ငြင်းဆန်လိုက်ပါသည်။ “မလုပ်နဲ့”
“သူတို့ လျှောက်လွှာတွေက ကောင်းတယ် ထင်ရပေမယ့် လက်တွေ့လုပ်ငန်းအတွေ့အကြုံ နည်းလောက်တယ်။ ထန်းတာ့က အခု အလုပ်ရှာဖွေသူတွေ အများကြီးအတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်နေတာလေ။ ဝန်ထမ်းစီမံခန့်ခွဲရေးက ရွေးထားတဲ့ လူတွေ အများစုက သူများ အခက်အခဲတွေ့နေတဲ့ အချိန် ခေါင်းတစ်လုံး သာချင်တဲ့လူတွေ ဖြစ်နိုင်တယ်”
“ငါတို့က ဝန်ထမ်းတွေကို လျှောက်လွှာတွေကိုပဲ ကြည့်ပြီး ဘယ်တုန်းက ခန့်အပ်ဖူးလို့လဲ။ ဘယ်တော့မှလည်း ခန့်အပ်သွားမှာ မဟုတ်ဘူး။ လူတစ်ယောက်ရဲ့ လက်တွေ့ စကေးတွေက အရေးအကြီးဆုံးပဲ”
လက်ထောက်ရှင်း ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပါတယ်။ မှန်ပါတယ်။ အခုခေတ်မှာ လျှောက်လွှာထဲ မမှန်ကန်တဲ့ အချက်အလက်တွေ ထည့်တာတွေ ပေါများလာပြီ။ ဘော့စ်ဖေးမှာ လျှောက်ထားသူတွေကို စစ်ထုတ်ဖို့ ပိုကောင်းတဲ့ နည်းလမ်းရှိတယ်ဆိုတော့ ကျွန်မတို့ ဘော့စ်ဖေးရဲ့ အစီအစဉ်အတိုင်းပဲ သွားကြပါမယ်”
ဘော့စ်ဖေးမှာ အလွန်ထူးခြားသည့် ဝန်ထမ်း ရွေးချယ်နည်းရှိမှန်း ရှင်းဟိုက်လူလည်း ကောင်းကောင်း သိပါသည်။ ဥပမာအားဖြင့် ဟွမ်းစစ်ပေါ်နဲ့ လုမင်လျန်တို့က သုညကနေ တိုးတက်လာကြသူများဖြစ်သည်။ သူတို့ နှစ်ယောက်စလုံးက ပါရမီရှင်များဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
ဘော့စ်ဖေးက တောက်ပပြီး အရောင်အသွေး စုံလင်သည့် လျှောက်လွှာများကို သဘောမကျတာ မထူးဆန်းပါ။
ဖေးချမ့် စိတ်အေးလက်အေး သက်ပြင်း ချလိုက်ပါသည်။ နောက်ကျောဓားနဲ့ထိုးဖို့ ကြိုးစားမှုကို ကပ်သီးလေး ရှောင်လိုက်နိုင်သည်ဟု ဆိုနိုင်ပါသည်။
လက်ထောက်ရှင်းက ထပ်ပြောလိုက်၏။ “ဒါပေမယ့် ဘော့စ်ဖေး အခု ဌာနအများကြီးက တိုးချဲ့ဖို့ ပလန်တွေရှိကြတယ်။ ကျွန်မတို့ အဲ့ဒီ လစ်ဟာနေတဲ့ ရာထူးတွေမှာ ဖြည့်ဆည်းဖို့ ဝန်ထမ်းအသစ် တစ်သုတ်လောက်တော့ လိုအပ်တယ်”
ဖေးချမ့် ခေတ္တစဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ “ကောင်းပြီ အရေးပေါ် အကူအညီလိုအပ်နေတဲ့ ဌာနတွေက ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လူတချို့ ထပ်ခန့်လို့ ရတယ်။ ဒါပေမယ့် အပို အကူအညီ မလိုတဲ့ ဌာနတွေကတော့ ဒါကိုအခွင့်ကောင်းယူပြီး အရန်ပါရမီရှင်တွေ ခန့်အပ်လို့ မရဘူးနော်”
လက်ထောက်ရှင်းက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ “ကောင်းပါပြီ”
ဖေးချမ့် မေးလိုက်သည်။ “အခု ဝန်ထမ်း စီမံခန့်ခွဲရေးဌာန တာဝန်ရှိသူက ဘယ်သူလဲ”
လက်ထောက်ရှင်းက ပြန်ဖြေလိုက်သည်။ “ဟောက်လေးပါ”
ဖေးချမ့် မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။ “ဟောက်လေးဆိုတာ ဘယ်သူတုန်း”
“...ဟောက်ယွင်ပါ” လက်ထောက်ရှင်းက ပြန်ဖြေလိုက်သည်။
“သြော် ဟောက်ယွင်ကိုး” ထိုလူ့အကြောင်း ကောင်းကောင်းကြီးသိသလို ဖေးချမ့် ဟန်ဆောင်လိုက်သည်။ သို့သော်လည်း ဒီနာမည်ကို အရင်က တစ်ခါမှ မကြားဖူးပါ။
တကယ်တော့ ဟောက်ယွင်ဆိုတာ ယောက်ျားလား မိန်းမလားတောင် မသိပေ။
ဝန်ထမ်းတွေကို ဘော့စ်ဖေး ကောင်းကောင်း ဂရုမစိုက်ဘူးဟုလည်း အပြစ်တင်လို့ မရပေ။ သူဂရုစိုက်ရမည့် ဝန်ထမ်းတွေက များလွန်းနေပါသည်။
ဝန်ထမ်းစီမံခန့်ခွဲရေးဌာနက ဘော့စ်ဖေးရဲ့ အမြင်မှာတော့ မဖြစ်စလောက်သာ အရေးပါသည်။ ထို့ကြောင့် ထိုဌာနက လူတွေကို မှတ်ထားဖို့ စိတ်မဝင်စားခြင်း ဖြစ်ပါသည်။