← Chapters

ထန်းတာ့ရဲ့ ဝန်ထမ်းခေါ်ယူမှု စံနှုန်းများ

Vol. 21 Ch. 315

ထန်းတာ့ရဲ့ ဝန်ထမ်းခေါ်ယူမှု စံနှုန်းများ

Vol. 21 Ch. 315

ထန်းတာ့ကို စတင်တည်ထောင်တုန်းက လက်ထောက်ရှင်းမှာ ဝန်ထမ်းခေါ်ယူမှုနဲ့ ဘဏ္ဍာရေးကို တာဝန်ယူခဲ့သေးသည်။ စီမံခန့်ခွဲရေးအဖွဲ့က သူမလက်အောက်မှာသာ အလုပ်လုပ်ခဲ့ကြပါသည်။

သို့သော်လည်း ကုမ္ပဏီကြီး ပိုကျယ်ပြန့်လာပြီး လက်ထောက်ရှင်း တစ်ယောက်တည်း မနိုင်နင်းတော့သည့်အတွက် သူမ စီမံခန့်ခွဲရေးအဖွဲ့ကို ဝန်ထမ်းစီမံခန့်ခွဲရေးဌာနနဲ့ ဘဏ္ဍာရေးဌာန ၂ ခုအဖြစ် ချောမွေ့စွာ ပိုင်းခြားလိုက်သည်။

ဝန်ထမ်းခေါ်ယူမှုနဲ့ လူသားရင်းမြစ်နှင့် သက်ဆိုင်သည့် တခြား တာဝန်များကို ဝန်ထမ်းစီမံခန့်ခွဲရေးဌာန သို့မဟုတ် HR ဌာနသို့ လက်ဆင့်ကမ်းရသည်။

“ဒါဆို ဟောက်လေးကို လွှတ်လိုက်။ ငါ ဟောက်လေးကို နောက်ပိုင်း ဝန်ထမ်းခေါ်ယူမှု စံနှုန်းတွေအကြောင်း အသေးစိတ် ရှင်းပြလိုက်မယ်”

“ကောင်းပါပြီ” လက်ထောက်ရှင်း ခေါင်းငြိမ့်ကာ ပြန်ထွက်သွားသည်။

ဖေးချမ့် ထိုင်ခုံတွင် ကျောမှီလိုက်ကာ အတွေး နက်နက်ရှိုင်းရှိုင်းထဲ ကျရောက်သွားခဲ့ပါသည်။

ယခု သူစဉ်းစားကြည့်မှ ယခင်တုန်းက HR ဌာနကို အထင်သေးခဲ့မိသည်။ ဒါ သူ့အမှား ဖြစ်လောက်၏။ ဒီလိုလုပ်ခဲ့ရခြင်းက ထိုဌာနနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ကျိုးကြောင်းမဲ့ ထင်မြင်ချက်များကြောင့် ဖြစ်နိုင်သည်။

ကုမ္ပဏီကြီးတွေရဲ့ HP ဌာနများက ရှေးခေတ်က သူလျှိုများ၊ တော်ဝင်သက်တော်စောင့်များနဲ့ ဆင်တူသည်ဟု တချို့က ဆိုသည်။

HR ဌာနများက ကုမ္ပဏီကြီးများ၏ အတွင်း သတင်းပေါက်ကြားမှုများတွင် မကြာခဏ ပါဝင်ပတ်သတ်နေလေ့ ရှိသည်။ ဥပမာ နာမကျန်းဖြစ်သည့် ဝန်ထမ်းတစ်ယောက်ကို ပင်စင်ယူအောင် လုပ်ကြံခြင်း၊ အလျော်မပေးဘဲ အလုပ်ထုတ်ခြင်း စသည်တို့ ဖြစ်သည်။

နာမကျန်းတဲ့ဝန်ထမ်းကို ပင်စင်ယူအောင် လုပ်ကြံတာက သေချာပေါက် ဘော့စ်ရဲ့ အကြံ ဖြစ်နိုင်သော်လည်း ထိုအကြံကို အကောင်အထည်ဖော်ပေးတာက HR ဌာနပဲ ဖြစ်သည်။ ထို့ကြောင့် သူတို့တွေက နောက်ကွယ်က လှုပ်ရှားသူများ ဖြစ်လာကြသည်။

တစ်ချိန်တည်းမှာပဲ HR ဌာနများက လူတွေရဲ့ ပြစ်ချက်များကို မရမက ရှာဖွေပြီး အင်တာဗျူးတွေမှာလည်း လစာကို တတ်နိုင်သမျှ နှိမ်ပစ်လေ့ ရှိသည်။ မကြာခဏ ဆိုသလို အပြင်လူတွေကို ခေါ်ယူပြီး ဝန်ထမ်းတွေကို သင်ကြားပေးခြင်း သို့မဟုတ် ပရော်ဖက်ရှင်နယ်များကို အမိန့်ပေးခြင်းများလည်း ပြုလုပ်တတ်သေးသည်။

ထို့ကြောင့် ဖေးချမ့်က သူတို့ကို အလွန် စိတ်ရှုပ်ဖို့ ကောင်းသည်ဟု ထင်မိခြင်း ဖြစ်သည်။ ယခင် ဘဝတုန်းက ဖေးချမ့်လည်း သာမန် ဝန်ထမ်းတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် HR ဌာနများကို တွေးကြည့်လိုက်ရုံနဲ့ ရွံရှာနေခြင်း ဖြစ်၏။

သို့သော်လည်း အခုမှ သူ့အထင်တွေ မှားသွားမှန်း နားလည်လိုက်ရပါသည်။

နောက်ဆုံးတော့လည်း ဘော့စ်ရဲ့ ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ပေးရတာ HR ဌာနသာ ဖြစ်သည်။

HR ဌာန ကောင်းခြင်း ဆိုးခြင်းက ဝန်ထမ်း တစ်ယောက်ရဲ့ လုပ်ငန်း သမာဓိ အပေါ်မှာပဲ မူတည်ခြင်း မဟုတ်ပေ။ ထို့အစား ကုမ္ပဏီ အမျိုးအစားနဲ့ HR ဌာနက အလုပ်လုပ်ပေးနေသည့် ဘော့စ်တို့အပေါ်မှာလည်း မူတည်နေပါသေးသည်။

နှလုံးသားမဲ့သည့် ကုမ္ပဏီများက ၎င်းတို့၏ HR ဌာနများကို အသုံးချပြီး ၎င်းတို့ ဝန်ထမ်းများ၏ လစာကို နှိမ်ပစ်လေ့ ရှိကြသည်။ သို့သော်လည်း ဘော့စ်ဖေးလည်း သူ့ HR ဌာနကို အသုံးချကာ ရေသာခိုသူတွေကို စုစည်းဖို့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်ပါသည်။

သူ့ HR ဌာနကို ကောင်းကောင်း လေ့ကျင့်ပေးထားပြီး လျှောက်ထားသူတွေကို တောင်းဆိုတဲ့ လစာထက် ပိုပေးကာ အလုပ် လုပ်ရတာ မကြိုက်သည့် ဝန်ထမ်းတွေကို ရွေးချယ်အောင် ပြုလုပ်နိုင်ပါက သူတို့ ဘော့စ်ဖေးကို အများကြီး ကူညီရာ ရောက်မသွားနိုင်ဘူးလား။

ထို့ကြောင့် ဘော့စ်ဖေးက ဒီဟောက်လေးကို တွေ့ကာ ထန်းဒါရဲ့ ခံယူချက်တွေ ရိုက်သွင်းပြီး ထန်းတာ့ရဲ့ ဝန်ထမ်းခေါ်ယူမှု ပုံစံကို ရှင်းပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

မိနစ်အနည်းငယ်ကြာသောအခါ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ဟောက်ယွင်က အနည်းငယ် စိတ်လှုပ်ရှားနေသည့် ပုံစံမျိုးဖြင့် ရုံးထဲကို ဝင်လာခဲ့ပါသည်။

သူမက သာမန်အရပ်အမောင်းနဲ့ ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားသည်။ အသက် ၂၀ ဝန်းကျင်လောက် ရှိလောက်မည်။

သူမ မျက်နှာက ဝိုင်းဝိုင်းစက်စက်၊ မျက်လုံးက ပြူးပြူး၊ ကုမ္ပဏီတစ်ခုရဲ့ သာမန် ဝန်ထမ်း တစ်ယောက်ပုံစံမျိုးသာ ဖြစ်သည်။

သူမက ဖေးချမ့် ထင်ထားတာထက် အများကြီး ပိုငယ်နေပါသည်။

သို့သော်လည်း ဒါ ပုံမှန်ပဲ ဖြစ်သည်။ ဖေးချမ့် သူ့ဝန်ထမ်း ပထမ အသုတ်ကို ခန့်အပ်ခဲ့တုန်းက ဘာအတွေ့အကြုံမှမရှိတဲ့ လူသစ်တွေကိုပဲ ရွေးခဲ့တာ မဟုတ်လား။

ထို့ကြောင့် ထန်းတာ့၏ စီမံခန့်ခွဲရေးအဆင့်တွင် ရှိကြသည့် လူအများစုက ငယ်ရွယ်ကြပါသည်။

ဟောက်လေးက ဖေးချမ့် ထင်ထားသည့် HR ဝန်ထမ်းတစ်ယောက်၏ အရှိန်အဝါမျိုး မရှိပါ။ သူမကို မြင်မြင်ချင်း အတော်လေး သဘောကျသွား၏။

ထို့အပြင် ဟောက်လေးက သိပ်ပြီး ထင်ပေါ်တဲ့ ပုံစံလည်း မပေါ်ပါ။ သူမဘယ်သူလဲ ဆိုတာကို ဖေးချမ့် အလွန်ကြိုးစားပြီး စဉ်းစားကြည့်သော်လည်း ရုံးထဲမှာ သူမကို အရင်က မြင်ဖူးသလားဆိုတာတောင် မမှတ်မိတော့ပါ။ သူမက နောက်ခံလူတွေနဲ့သာ ရောယှက်နေခဲ့မှန်း သိသာပါသည်။

“ဘော့စ်ဖေး ကျွန်မကို တွေ့ချင်လို့လားဟင်” ဟောက်ယွင်က မဝံ့မရဲ မေးလိုက်သည်။

“ဟုတ်တယ် ထိုင်ပါဦး။ နင့်ကို အရမ်းအရေးကြီးတဲ့ တာဝန်ပေးစရာ ရှိတယ်”

ဟောက်ယွင်က ဖေးချမ့်၏ မျက်နှာချင်းဆိုင်တွင် အနည်းငယ် စိတ်ဖိစီးစွာဖြင့် ထိုင်လိုက်ပါသည်။

ယခင်တုန်းက အမြဲတမ်း လက်ထောက်ရှင်းထံကသာ သူမ ညွှန်ကြားချက်များကို လက်ခံခဲ့ရသည်။ အခုတော့ ပိုပြီး စီနီယာကျသည့် NPC ကြီးကို စကားပြောနေရပါပြီ။ ထို့ကြောင့် သူမ နေသားကျဖို့ ခက်ခဲနေခြင်း ဖြစ်၏။

“HR ဌာနဆိုတာ အရမ်း အရေးပါတယ်။ အဲ့တာကို နင်လည်း သိမှာ သေချာပါတယ်။ HR ဌာနတစ်ခုရဲ့ အဓိကတာဝန်တွေကို ပြောပြပါဦး” ဖေးချမ့်က ပြောလိုက်၏။

ဟောက်ယွင်က ခပ်မြန်မြန်ပဲ ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ကဲ့ပါ ဘော့စ်ဖေး။ HR ဌာနက လျှောက်ထားသူ အားလုံးရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းတွေပေါ် အခြေခံပြီး သူတို့ရဲ့ အလားအလာကောင်းမှုကို အကဲဖြတ်တတ်ရပါမယ်။ တစ်ချိန်တည်းမှာပဲ အလုပ်ပတ်ဝန်းကျင် တစ်ခုလုံး တည်ငြိမ်ပြီး သာယာမှုရှိအောင်လည်း စီစဉ်ပေးရပါမယ်။ ပြီးတော့ ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားချင်စိတ် ပျောက်ကွယ်မသွားအောင် ဖန်တီးပေးရပါမယ်”

ဟောက်ယွင်က ထိုစကားအားလုံးကို အသက် တစ်ချက်မရှူဘဲ ပြောလိုက်ခြင်း ဖြစ်သည်။ HR ဌာန၏ လုပ်ငန်းနယ်ပယ်ကို သူမ အကြမ်းဖျင်းသာ ဖော်ပြချင်သော်လည်း ဘော့စ်ဖေးက မရပ်ခိုင်းသဖြင့် ရပ်ခိုင်းသည့် အချိန်အထိ ဆက်တိုက်ရွတ်ပြခဲ့တာ ဖြစ်ပါသည်။

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားပကာ ပြောလိုက်၏။ “လုံးဝ မှန်တယ်”

သူအားနာပါးနာနဲ့ ဝန်ထမ်းစီမံခန့်ခွဲရေး ဌာန၏ အရေးပါပုံများကို လုပ်ကြံပြောချင်သော်လည်း ဘာပြောရမှန်း မသိပေ။ ထို့ကြောင့် ဟောက်ယွင်ကို အရင်ဆုံး လုပ်ငန်းနယ်ပယ် အကြောင်း ပြောပြခိုင်းခဲ့ခြင်း ဖြစ်၏။

ဟောက်ယွင်က မေးခွန်းကို အလွန်ပြီးပြည့်စုံအောင် ဖြေခဲ့သဖြင့် ဖေးချမ့် ရပ်ခိုင်းရမှာတောင် စိတ်မကောင်း ဖြစ်သွားသည်။

“အနှစ်ချုပ် ပြောရရင်တော့ HR ဌာနက အရမ်းကို အရေးပါတဲ့ နေရာပဲ။ အဲ့တာကြောင့် နင့်ရဲ့ ဌာနကို ထန်းတာ့ရဲ့ အစဉ်အလာအကြောင်း သေချာ နားလည်ထားစေချင်တယ်။ ဒီလိုဆို ဝန်ထမ်းသစ် ခေါ်ယူဖို့ကော ဝန်ထမ်းဟောင်း စီမံဖို့ကော အထောက်အကူ ဖြစ်စေလိမ့်မယ်”

“လောလောဆယ် နင်က လျှောက်ထားသူတွေကို လျှောက်လွှာတွေကို အခြေခံပြီး ရွေးထုတ်နေတာ မဟုတ်လား။ ဘယ်လိုနေလဲ။ ဘယ်လို သဘောရလဲ”

ဟောက်ယွင် တက်ကြွသွား၏။

တိုက်တိုက်ဆိုင်ဆိုင်နဲ့ ဒါကလည်း သူမရဲ့ တာဝန်တစ်ခု ဖြစ်ပါသည်။

“ပထမဆုံး သူတို့ရဲ့ လျှောက်လွှာကို ကျွန်မတို့ သေချာ ဖတ်ကြည့်ပါတယ်။ ကျွန်မတို့က လျှောက်လွှာတွေ အများကြီး လက်ခံရရှိထားပြီး လူတွေ အများကြီး ခန့်ဖို့ မလိုဘူးဆိုတော့ ကျွန်မတို့ရဲ့ လူစစ်ထုတ်မှု လုပ်ငန်းစဉ်မှာ ပိုပြီး တင်းကြပ်ရပါတယ်”

“ပထမဆုံးအနေနဲ့ လျှောက်ထားသူတွေကို သူတို့ရဲ့ ပညာရေးနောက်ခံ၊ သူတို့ ဘွဲ့ရထားတဲ့ ကျောင်း၊ လုပ်ငန်းအတွေ့အကြုံ၊ ပရောဂျက် အတွေ့အကြုံ၊ တခြားဆင်တူ အချက်တွေကို အခြေခံပြီး ရွေးထုတ်ပါတယ်။ ဒီလောက်ဆို လျှောက်ထားသူ ၈၀ ရာခိုင်နှုန်းလောက်ကို စစ်ထုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်”

“အဲ့ဒီနောက်မှာတော့ ကျွန်မတို့ ကျန်ရှိနေတဲ့ လျှောက်ထားသူတွေကို အင်တာဗျူးဖို့ ဖိတ်ကြားပါတယ်”

“အင်တာဗျူးက ၂ ဆင့်ရှိမှာပါ။ ပထမ အဆင့်ကို ဌာနခေါင်းဆောင်က ဆောင်ရွက် သွားမှာဖြစ်ပြီး ဒုတိယအဆင့်မှာတော့ HR ဌာနကနေ ဆောင်ရွက်သွားမှာပါ”

“နောက်ဆုံးတော့ ကျွန်မတို့ ရွေးထုတ်ထားတဲ့ လျှောက်ထားသူတွေနဲ့ လစာအကြောင်း ဆွေးနွေးလို့ရပါပြီ။ ကုမ္ပဏီနဲ့ သင့်တော်တဲ့ ပမာဏကို သဘောတူနိုင်တဲ့လူတွေကိုပဲ ရွေးချယ်သွားမှာပါ”

ဟောက်ယွင်က ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ် တစ်ခုလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။

ဖေးချမ့် နားထောင်ရင်း နားထောင်ရင်း မျက်မှောင်ကြုတ်လာသည်။ ဒါက သာမန် HR ဌာနတိုင်း ဆောင်ရွက်နေကျ လုပ်ငန်းစဉ်ပဲ ဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးကတော့ သေချာပေါက် ဒါကို သဘောကျမှာ မဟုတ်ပေ။

ပညာရေးနောက်ခံ နည်းပါးသူ၊ အလုပ်အတွေ့ကြုံ မရှိသူ၊ သိပ်မကောင်းတဲ့ ကျောင်းတွေကနေ ဘွဲ့ရထားသည့် လျှောက်ထားသူတွေက လျှောက်လွှာအဆင့်မှာပဲ ပယ်ချခံလိုက်ရလိမ့်မည်။ ဒီလိုဆို ထန်းတာ့မှာ ရေသာခိုတဲ့လူတွေကို ခန့်အပ်နိုင်ခြေ ပိုနည်းပါး မသွားဘူးလား။

ဒီတိုင်းသာဆို ကုမ္ပဏီမှာ အလုပ်ကြိုးစားတဲ့ လူတွေနဲ့သာ ပြည့်သွားလိမ့်မည်။ ဒါဆို ဘော့စ်ဖေး စားဝင် အိပ်ပျော်နိုင်ပါဦးမလား။

ဒီတိုင်း ဆက်သွားလို့ မရတော့ပါ။

ဖေးချမ့် ခေတ္တတိတ်ဆိတ်နေပြီးမှ ပြောလိုက်ပါသည်။ “လုပ်ငန်းစဉ်က အရမ်း ကောင်းပါတယ်။ ဒါပေမယ့်… ထန်းတာ့ရဲ့ ဝန်ထမ်းသစ်ခန့်အပ်မှု စံနှုန်းနဲ့ ကိုက်ညီတယ်လို့တော့ မထင်ဘူး”

ဟောက်ယွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည့် ပုံပင်။ “သြော် ဟုတ်လား ဘော့စ်ဖေး။ ဒါဆို လုပ်ငန်းစဉ်က ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်လို့ ထင်လဲဟင်”

ဟောက်ယွင် ချက်ချင်းပဲ မှတ်စုစာအုပ်တစ်အုပ် ထုတ်ကာ မှတ်စုတွေ ရေးဖို့ ပြင်လိုက်သည်။ ဖေးချမ့်က ဟောက်ယွင်လို နာခံမှုရှိသည့် ဝန်ထမ်းများကို အလွန်သဘောကျပါသည်။ ခုနက သူ စဉ်းစားထားသည့် ဝန်ထမ်းသစ်ရွေးချယ်မှု စံနှုန်းများကို သူမအား စတင်ရှင်းပြလေသည်။

“ထန်းတာ့က ထူးခြားတဲ့ ပါရမီရှင်တွေကို ခန့်အပ်ချင်တာ”

“ပညာရေးနောက်ခံ မကောင်းရုံနဲ့၊ လုပ်ငန်း အတွေ့အကြုံ နည်းပါးရုံနဲ့၊ လျှောက်လွှာ မကောင်းရုံနဲ့၊ ကျောင်းကောင်းကောင်းကနေ ဘွဲ့မရရုံနဲ့ တခြားသူတွေကို ငါတို့ အထင်သေးလို့ ဖြစ်ပါ့မလား”

“အဲ့လိုလုပ်လို့ လုံးဝ မရဘူး”

“လျှောက်လွှာတင်တဲ့လူတိုင်းကို ငါတို့ သာတူ ညီမျှ သုံးသပ်ပေးရမယ်။ သူတို့ကို မျှမျှတတ ယှဉ်ပြိုင်နိုင်မယ့် အခွင့်အရေးမျိုး ပေးရမယ်”

“အဲ့တာကြောင့် လျှောက်လွှာကို အခြေခံပြီး လျှောက်ထားသူတွေကို ပယ်ချတာမျိုးကို ရပ်တန့်မှ ဖြစ်မယ်။ လျှောက်လွှာတင်ပြီး အလုပ်လာရှာတဲ့ လူတိုင်းကို ငါတို့ လက်ခံပေးရမယ်”

ဟောက်ယွင် မှတ်စုစာအုပ်ထဲ ချမှတ်ရင်း ကြောင်စီစီ ဖြစ်လာသည်။ “အမ် ဘော့စ်ဖေး ဒါပေမယ့် အဲ့တာဆို အရမ်း အလုပ်များရမှာပေါ့။ ကျွန်မတို့ အကုန်လုံးကိုတော့ အင်တာဗျူးလို့ မဖြစ်ဘူးလေ”

ဖေးချမ့် ခေါင်းခါလိုက်၏။ “တစ်ယောက်ချင်းစီတိုင်းကို အင်တာဗျူးဖို့ မလိုပါဘူး။ သင့်တော်တဲ့ အချိန်တစ်ခုနဲ့ သင့်တော်တဲ့ နေရာတစ်ခုကို ရှာပြီး သူတို့ အကုန်လုံးကို အလွတ်တမ်း ရေးဖြေ စာမေးပွဲ ဖြေခိုင်းလိုက်မယ်”

“ပြီးရင် အမှတ်အများဆုံး ရတဲ့ လျှောက်ထားသူတွေကိုပဲ အင်တာဗျူးဖို့ ဖိတ်ကြားလို့ရတယ်”

ဟောက်ယွင် ကြောင်စီစီ ဖြစ်နေဆဲပင်။ “အဲ့တာဆိုလည်း ငွေတွေ အများကြီး ကုန်ကျမှာပဲ။ အဲ့လို ကြီးမားတဲ့ စာမေးပွဲကြီး တစ်ခုကို ကျင်းပဖို့ဆိုရင် ကျွန်မတို့ စာမေးပွဲ ခန်းမတစ်ခု ငှားရမယ်။ မေးခွန်းတွေ သတ်မှတ်ရမယ်၊ စာမေးပွဲခန်းစောင့်တွေနဲ့ စာစစ်သူတွေကိုလည်း ငှားရဦးမယ်”

“လူတွေ ထပ်ပြီး လျှောက်ထားကြမယ်ဆိုရင် ကျွန်မတို့ ငွေ ပိုသုံးကြရမှာပဲ။ အခုလက်ရှိ ထန်းတာ့ဆီမှာ လျှောက်ထားဖို့ လူတွေ စိတ်အားထက်သန်နေကြပုံထောက်ရင်တော့ အဲ့လို စာမေးပွဲ ကြီးကြီးမားမားတစ်ခုကို ကျင်းပဖို့က အကုန်အကျ မနည်းလောက်ဘူး ထင်တယ်နော်..”

အကုန်အကျ မနည်းဘူးဟုတ်လား။

ကောင်းတာပေါ့။

ဖေးချမ့် တည်တံ့စွာ ပြောလိုက်ပါသည်။ “အဲ့တာက လိုအပ်တဲ့ ကုန်ကျစရိတ်ပဲလေ။ ငါတို့ ချွေတာနေလို့ မရဘူး”

“အာ… ကောင်းပါပြီ” ဟောက်ယွင် ခေါင်းငြိမ့်ပြီး သူမရဲ့ မှတ်စုစာအုပ်လေးထဲမှာ ခပ်မြန်မြန် ရေးမှတ်လိုက်ပါသည်။

သူမ မှတ်သားပြီးတာနဲ့ သူမမှတ်စု စာအုပ်ထဲက အကြောင်းအရာများကို စစ်ကြည့်ပြီး မေးလိုက်ပါသည်။

“ကျွန်မတို့ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍတွေအတွက် ဌာနခေါင်းဆောင်တွေကိုပဲ မေးခွန်းထုတ်၊ အဆင့်သတ်မှတ် ခိုင်းရမှာလား”

ဖေးချမ့်က ခေါင်းခါလိုက်သည်။ “ဌာန ခေါင်းဆောင်တွေက မေးခွန်းလွှာ တစ်ပိုင်း အတွက်ပဲ တာဝန်ယူရမယ်။”

“ရေးဖြေစာမွေးပွဲကို မေးခွန်းလွှာ ၂ ခုအဖြစ် ခွဲထားမယ်။ ပထမ မေးခွန်းလွှာက အခြေခံ စွမ်းရည် စာမေးပွဲပဲ။ လျှောက်ထားသူတွေရဲ့ အခြေခံ စွမ်းရည်တွေကို အလေးထားပြီး မေးမြန်းမယ။ သူတို့ရဲ့ အခြေခံ ဗဟုသုတ၊ အကဲဖြတ်နိုင်စွမ်း၊ ကျိုးကြောင်းသင့်လျော်မှု၊ အချက်အလက် သုံးသပ်စစ်ဆေးမှု၊ ရှင်းလင်း ဖော်ပြနိုင်စွမ်း စတာတွေ ပါဝင်မယ်။ ဒုတိယ မေးခွန်းလွှာမှာက အထူးပြု ဗဟုသုတ မေးခွန်း ပါမယ်။ ဌာနတိုင်းရဲ့ ခေါင်းဆောင်တွေက လျှောက်ထားသူတွေရဲ့ ဆန္ဒရှိရာ လုပ်ငန်းအပေါ် သက်ဆိုင်တဲ့ ဗဟုသုတနဲ့ စွမ်းရည်တွေ ရှိ မရှိ မေးခွန်း ထုတ်ရမယ်”

“စာမေးပွဲပြီးတဲ့အခါ သူတို့တွေရဲ့ အနှစ်ချုပ်အဆင့်အပေါ် မူတည်ပြီး အဆင့်သတ်မှတ်ပေးမယ်”

“အင်တာဗျူးအဆင့်ရောက်ရင် သူတို့ရဲ့ အမှတ်စဉ်တွေကို ရောထွေးလိုက်ပြီး ဌာန ခေါင်းဆောင်တွေကို ကြက်ခြေခတ် အင်တာဗျူး လုပ်ခိုင်းလိုက်မယ်”

ဟောက်ယွင်က မေးလိုက်၏။ “ဟင်။ ‘ကြက်ခြေခတ် အင်တာဗျူး’ ဆိုတာ ဘာကို ဆိုလိုတာလဲ”

ဖေးချမ့် ရှင်းပြလိုက်သည်။ “ဂိမ်းဌာနရဲ့ ခေါင်းဆောင်က လေဆန်ပို့ဆောင်ရေးဌာနအတွက် လျှောက်ထားသူတွေကို အင်တာဗျူးမယ်။ ယွီသရေစာလုပ်ငန်း ဌာနခေါင်းဆောင်က ယွီအင်တာနက်ကဖေးအတွက် လျှောက်ထားသူတွေကို အင်တာဗျူးမယ်… စသဖြင့်ပေါ့။ ဘယ်ဌာနခေါင်းဆောင်က ဘယ်ဝန်ထမ်းကို အင်တာဗျူးရမလဲဆိုတာကို လျှို့ဝှက် မဲပေးစနစ်နဲ့ ဆုံးဖြတ်မယ်”

နောက်တစ်ခေါက် ဟောက်ယွင် ကြောင်စီစီ ဖြစ်သွားသည်။ “ဘော့စ်ဖေး အဲ့လိုဆို အဆင်ပြေပါ့မလား။ မတူညီတဲ့ လုပ်ငန်းတွေက ကမ္ဘာခြားသလို ကွာခြားတယ်နော်”

ဖေးချမ့်က ပြုံးလိုက်ပါသည်။ “အဲ့တာလည်း ဖြေရှင်းရလွယ်ပါတယ်”

“အင်တာဗျူး မေးခွန်းနဲ့ အဖြေတွေကို ကြိုပြီး ပြင်ဆင်ထားရုံပေါ့။ ဥပမာ ထန်းတာ့ဂိမ်းဌာန ခေါင်းဆောင်က လေဆန်ပို့ဆောင်ရေးအတွက် ဝန်ထမ်းတွေကို အင်တာဗျူးမယ် ဆိုပါစို့။ ဂိမ်းဌာန ခေါင်းဆောင်က လေဆန်ပို့ဆောင်ရေး လုပ်ငန်းနဲ့ အကျွမ်းတဝင် မရှိရင်တောင် သူ့အတွက် အဖြေပုံစံကို ကြိုထုတ်ပေးထားရင် အင်တာဗျူးမှာ ဘယ်သူက အဆင်ပြေလဲဆိုတာကို သိနိုင်လိမ့်မယ်လေ”

အူကြောင်ကြောင့်ဖြင့် ဟောက်ယွင် မေးလိုက်သည်။ “အဲ့တာတွေက ဘာအဓိပ္ပာယ် ရှိမှာလဲ”

ဖေးချမ့် ကြောင်သွားသည်။ သို့သော်လည်း ခပ်မြန်မြန်ပဲ ပြန်ထိန်းလိုက်နိုင်ပါသည်။

“အဓိပ္ပာယ်က… အရမ်းရှိတာပေါ့ ဥပမာ ဒီလို လုပ်ခြင်းအားဖြင့် ဆွေမျိုးချစ်ဝါဒနဲ့ အုပ်စုဖွဲ့ဝါဒတွေကို ကာကွယ်နိုင်လိမ့်မယ်”

“တခြား ကုမ္ပဏီကြီးတွေမှာ အဖြစ်များတဲ့ အကျင့်ပျက်ခြစား ဝန်ထမ်းခန့်အပ်မှု နည်းလမ်းတွေကို ကာကွယ်နိုင်မယ်”

ဟောက်ယွင် နားလည် သဘောပေါက်သွားကာ ထိုအချက်အားလုံးကို ချမှတ်လိုက်ပါသည်။ ဖေးချမ့် ဆက်ပြောလိုက်၏။ “လျှောက်ထားသူ အကုန်လုံးကို အင်တာဗျူးပြီးတဲ့နောက် လျှောက်ထားသူတိုင်းရဲ့ အနှစ်ချုပ် အဆင့်ကို အင်တာဗျူးနဲ့ ရေးဖြေစားမေးပွဲရဲ့ ရလဒ်တွေ ပေါင်းပြီး သတ်မှတ်လိုက်။ ထိပ်ဆုံး အဆင့် ရတဲ့သူတွေက ဒီအဆင့်ကို အောင်သွားမယ်”

“ဒါပေမယ့် တတိယ အဆင့်ရှိသေးတယ်။ ထန်းတာ့ရဲ့ ခံယူချက်နဲ့ ကိုက်ညီမှု ရှိမရှိ စမ်းသပ်မယ့် စာမေးပွဲပဲ”

“ဒီအဆင့်အတွက် မေးခွန်းတွေကို ငါကိုယ်တိုင် ထုတ်မယ်။ အားလုံး နောက်ထပ် စာမေးပွဲ ထပ်ဖြေရမယ်။ အဖြေလွှာတွေကို ဒစ်ဂျစ်တယ် နည်းလမ်းနဲ့ အဆင့်သတ်မှတ်သွားမယ်”

“ဒီစာမေးပွဲကို အောင်တဲ့သူတွေကိုမှ အလုပ် ခန့်အပ်ရမယ်”

“ဒီစာမေးပွဲကို မအောင်တဲ့လူတိုင်း ကုမ္ပဏီမှာ ၁ လတာ အလုပ်သင် အဖြစ်ပဲ ဝင်ရောက်ခွင့် ရှိမယ်။ သူတို့ကို လစာသေချာ ပေးမှာ ဆိုပေမယ့် ဒီမှာရှိနေစဉ်ကာလအတွင်း ဘယ်အလုပ်ကိုမှ ဝင်ပါခွင့်မရှိဘူး။ ထန်းတာ့ရဲ့ ခံယူချက်ကို နားလည်အောင် သင်ယူနိုင်ဖို့ပဲ အာရုံစိုက်ထားကြရမယ်”

“သူတို့ရဲ့ ၁ လတာ အလုပ်သင်ကာလ ပြီးဆုံးတဲ့အခါ ထန်းတာ့ခံယူချက်ကိုက်ညီမှု စာမေးပွဲကို ထပ်ဖြေလို့ရတယ်။ သူတို့ ထပ်ပြီး ကျဦးမယ်ဆိုရင် စိတ်မကောင်းစွာနဲ့ သူတို့ကို ခန့်အပ်ဖို့ ရွှေ့ဆိုင်းရဦးမှာပဲ။ ၃ ကြိမ်တိတိ စာမေးပွဲ ကျမယ်ဆိုရင် တောင်းပန်ပြီး သေချာ အလျော်ပေးပြီးတော့ ထုတ်ပစ်လိုက်ရမှာပဲ”

ထိုအချက်များကို ချမှတ်ရင်း ဟောက်ယွင် စိတ်ခံစားချက် ပြင်းပြသွားပါသည်။

ဘော့စ်ဖေးကတော့ ဘော့စ်ဖေးပါပဲလား။ ဝန်ထမ်းသစ်ခေါ်ယူမှု လုပ်ငန်းစဉ်အတွက် ဒီလောက် အဆင့်တွေ အများကြီးကို စဉ်းစားနိုင်တာပဲ။

ပြီးတော့လည်း တော်တော် ဖြောင့်မှန်တဲ့ လုပ်ငန်းစဉ်တစ်ခုပဲ။

လိုအပ်တာထက်ပိုနေသည့် အဆင့်များ ပါနေသည်ဟု ဟောက်ယွင် ခံစားမိသော်လည်း ဘော့စ်ဖေး ဒီလိုလုပ်ရသည့် ကိုယ်ပိုင် အကြောင်းအရင်းများ ရှိလိမ့်မည်ဆိုတာ သူမ သိပါသည်။ ထို့ကြောင့် ဒီကိစ္စကို အတွေးလွန် မနေတော့ပေ။

ထို့အပြင် ဘော့စ်ဖေး ပြောတာ အဓိပ္ပာယ် ရှိနေပါသည်။

ဖေးချမ့်လည်း အားရကျေနပ်သွား၏။

သူတို့သာ သာမန်ဝန်ထမ်းသစ် ခေါ်ယူမှု လုပ်ငန်းစဉ်အတိုင်း ဆက်သွားမည်ဆိုလျှင် လက်ထောက်ရှင်းကိုယ်တိုင် ပျိုးထောင်ခဲ့သည့် ဝန်ထမ်းစီမံခန့်ခွဲရေးဌာနကြီးက သူတို့ လုပ်ငန်းများကို ကျေပွန်စွာ ဆောင်ရွက်သွားကျမှာ ဖေးချမ့် သေချာသိနေပါသည်။

ထို့အပြင် ဌာနတိုင်းက ဘော့စ်ဖေးကို နောက်ကျောဓားနဲ့ထိုးရတာ သဘောကျသည့် ပုံစံပင်။ သူတို့ ခန့်အပ်လိုက်သည့် ဝန်ထမ်းသစ်များက သေချာပေါက် ရှိန်စရာများ ဖြစ်လာကြလိမ့်မည်။ သူတို့လက်က ကာကွယ်ဖို့ ဖေးချမ့် အတော်ခက်ခဲပါလိမ့်မည်။

ဒီလုပ်ငန်းစဉ်သစ်ကြောင့် အထက်ပါ အန္တရာယ်အားလုံးကို ဖေးချမ့် အပြည့်အဝ ကာကွယ်နိုင်မှာ မဟုတ်သော်လည်း အနည်းဆုံးတော့ အနုတ်သဘောဆောင် ဂယက်များကို အနည်းဆုံးဖြစ်အောင် လျှော့ပစ်နိုင်ပါသည်။

ပထမအချက်က လျှောက်လွှာများကို အခြေခံပြီး လျှောက်ထားသူတွေကို ရွေးထုတ်မှာ မဟုတ်တော့ပါ။ အားလုံး မျှမျှတတ ပြိုင်ဆိုင်ခွင့် ရသွားမည်။ ဒီလိုဆို ပညာမဲ့၊ အတွေ့အကြုံမဲ့လူတွေ ပယ်ချ ခံရခြင်းမှ ကာကွယ်နိုင်သည်။

ထို့အပြင် ရေးဖြေစာမေးပွဲ တစ်ဝက်လောက်ကပဲ လျှောက်ထားသူတွေရဲ့ အသိပညာ ဗဟုသုတကို အလေးပေးမှာ ဖြစ်သည်။ ကျန်တစ်ဝက်က ၎င်းတို့ဆန္ဒရှိသော လုပ်ငန်းများနဲ့ ဘာမှ မသက်ဆိုင်သည့် အခြေခံ စွမ်းရည်များအကြောင်း မေးမှာ ဖြစ်သည်။

ဒါကလည်း အရေးအသားကောင်းပြီး အလုပ်မှာ အသုံးမကျသည့် လူတွေအတွက် အကူအညီကောင်း ဖြစ်လိမ့်မည်။ ဌာနခေါင်းဆောင်တွေကလည်း ကြက်ခြေခတ် အင်တာဗျူးကို ဆောင်ရွက်ရမည်။ အပြင်လူတွေက ဌာနတစ်ခုစီအတွက် အင်တာဗျူးရမည့် ဝန်ထမ်းများကို ရွေးချယ် ပေးမည်။ ထို့ကြောင့် ထူးချွန်သည့် ပါရမီရှင်များကို ရွေးချယ်မိနိုင်ခြေ အနည်းဆုံး ဖြစ်သွားပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် ထန်းတာ့ရဲ့ ခံယူချက် ကိုက်ညီမှု စာမေးပွဲကို အသုံးချပြီး ရေသာခိုသမားများကို ဖေးချမ့် ရွေးထုတ်လို့ ရသည်။ အလုပ်ကြိုးစားမည့် လူတွေကိုလည်း လစာပေးကာ ထုတ်ပစ်လိုက်လို့ ရပါသည်။ ဒီလိုဆို ငွေဖြုန်းလို့ ရရုံသာ မကဘဲ လုပ်ငန်းရာထူးများကို ယုံကြည်ရတဲ့လူတွေပဲ ရသွားမှာ သေချာပါသည်။

ပြီးပြည့်စုံပါသည်။

အမှန်ပင်။ ဒီလုပ်ငန်းစဉ်က ဖေးချမ့် မျှော်လင့်ထားတာနဲ့ အံဝင်ခွင်ကျတော့ ကိုက်ညီမှု မရှိပါ။

သို့သော်လည်း အလွန်အကြူး လုပ်လိုက်လို့ မရပေ။ သူ့ရဲ့ ဝန်ထမ်းသစ်ခေါ်ယူမှုစံနှုန်းကို ‘ရေသာခိုသမားသီးသန့်’ ဟု ရေးလိုက်လို့တော့ မရပေ။

ဒါက စည်းမျဉ်းစည်းကမ်းများမှ အလွန်ဆုံး ခွင့်ပြုထားသည့် အတိုင်းအတာ ဖြစ်သည်။ ဖေးချမ့် ဆောင်ရွက်နိုင်သည့် အကောင်းဆုံး ဝန်ထမ်းသစ်ခေါ်ယူမှု လုပ်ငန်းစဉ်ပဲ ဖြစ်ပါသည်။

သိပ်မကြာခင် ဟောက်ယွင် အားလုံးကို ချရေးပြီးသွားပါပြီ။ သူမရဲ့ မှတ်စုစာအုပ်လေးရှိ စာမျက်နှာတချို့တွင် သူမရဲ့ လက်ရေးများနဲ့ ပြည့်နှက်သွားတော့သည်။

ဖေးချမ့်က သိသိသာသာ ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ ပြောလိုက်၏။

“အခု HR ဌာနရဲ့ အဓိက တာဝန်က တခြား ဌာနတွေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ညှိနှိုင်းပြီး ဒီလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ပဲ”

“စာမေးပွဲခန်းမနဲ့ စာမေးပွဲစီစဉ်မှုတွေ၊ ဌာနတစ်ခုမှာ လိုအပ်နေတဲ့ ဝန်ထမ်း အရေအတွက် စတာတွေကို စစ်ဆေးဆောင်ရွက်သင့်တယ်”

“အဲ့ဒီပြဿနာတွေကို ရှင်းဖို့ ငွေလိုတယ်ဆိုရင် ငါ့ကိုသာ အသိပေး။ ငွေသုံးရမှာကို ကြောက်မနေနဲ့”

“ဥပမာ စာမေးပွဲလျှောက်ထားမှုကို ကြည့်လိုက်။ လျှောက်လွှာတွေကို စစ်ဆေးရတာ အရမ်းဒုက္ခများတယ်လို့ ထင်ရင် ဝန်ထမ်းသစ်ခေါ်ယူဖို့အတွက် သီးသန့် ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးလိုက်။ စာမေးပွဲ စာရင်းသွင်းမှု၊ စာမေးပွဲခန်းဝင်ခွင့်လက်မှတ်နဲ့ တခြား အဆင့်တွေ အကုန်လုံးကို အလိုအလျောက်စနစ်နဲ့ ဖြေရှင်းလို့ရတယ်”

“ငါ ထပ်သတိပေးလိုက်မယ်နော်။ ငွေသုံးရမှာကို မကြောက်နဲ့”

“ပါရမီရှင်တွေက လုပ်ငန်းတိုင်းရဲ့ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ပဲ ဒီလို ယတ္တရားမျိုးက ငါတို့ ရေရှည်ဝန်ထမ်းသစ် ခန့်အပ်မှုအတွက် အကူအညီဖြစ်စေလိမ့်မယ်။ အခုတော့ အလုပ်များရမယ်ဆိုပေမယ့် အကျိုးကျေးဇူးတွေကို အကြာကြီး ခံစားသွားရမှာ။ နားလည်ရဲ့လား”

ဟောက်ယွင် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်ကဲ့ ဘော့စ်ဖေး ကျွန်မ နားလည်ပါတယ်”

သူမ ပြဿနာတစ်ခုကို စဉ်းစားဖို့ မေ့သွားမှန်း သတိရသွားပြီး ခေတ္တရပ်တန့်သွား၏။ “အာ… ဘော့စ်ဖေး။ ကျွန်မတို့ ဘယ်အဆင့်မှာ သူတို့ရဲ့ အခြေခံလစာကို ဆုံးဖြတ်ပေးရမှာလဲ”

“ကျွန်မတို့ လစာနှိမ်ဖို့ ကြိုးစားရမလား”

သာမန်ကုမ္ပဏီတွေရဲ့ ဆောင်ရွက်ပုံမျိုးအတိုင်းဆို HR ဌာနက အင်တာဗျူးနေစဉ် လျှောက်ထားသူများ၏ မျှော်မှန်းလစာအကြောင်း ဆွေးနွေးရမည် ဖြစ်သည်။ ထိုသို့ ဆွေးနွေးကြစဉ် ဌာနက လစာကို နှိမ်နိုင်သမျှ နှိမ်ဖို့ လိုအပ်လေ့ ရှိပါသည်။

ဒါက ကုမ္ပဏီ အများစု သုံးလေ့ရှိသည့် ဗျူဟာမျိုး ဖြစ်သည်။

သို့သော် ဘော့စ်ဖေးရဲ့ ဝန်ထမ်းခန့်အပ်မှု လုပ်ငန်းစဉ်မှာတော့ ဒီအချက် ပျောက်ဆုံးနေသလိုပင်။

တည်တံ့စွာဖြင့် ဖေးချမ့် ပြန်ဖြေလိုက်ပါသည်။ “စျေးဆစ်တယ်ဆိုတာ ထန်းတာ့ရဲ့ အစဉ်အလာမှာ မရှိဘူး”

“လျှောက်ထားသူတွေက အဲ့ဒီအဆင့်တွေနဲ့ စာမေးပွဲတွေ အကုန်လုံးကို အောင်နိုင်ခဲ့ရင် သူတို့က ငါတို့ ရှာဖွေနေတဲ့ ပါရမီရှင်တွေဆိုတာ ရှင်းနေတာပဲလေ။ သူတို့ကို သေချာ ဂုဏ်ပြုသင့်တာပေါ့။ ဘယ်လိုလုပ်ပြီး သူတို့ကို စျေးသွားဆစ်ရဦးမှာလဲ”

“တစ်လကို ဒေါ်လာ ရာဂဏန်းလောက် သက်သာဖို့အတွက်နဲ့ အဲ့ဒီလူတွေကို မပျော်မရွှင်ဖြစ်အောင်လုပ်ပြီး အလုပ်ကို ပေါ့သေးသေး ထင်သွားအောင် လုပ်ရမှာလား။ အဲ့တာဆို သူတို့ ဖန်တီးနိုင်စွမ်းတွေ ထိခိုက်မှု ရှိမလာနိုင်ဘူးလား။ အဆုံးသတ်ကျရင် ငါတို့ ကုမ္ပဏီပဲ ထိခိုက်လာမှာ မဟုတ်ဘူးလား”

“အဲ့တာကြောင့် ငါတို့ ဘယ်တော့မှ စျေးမဆစ်သင့်တာပဲ”

“လျှောက်ထားသူတွေကို မျှော်မှန်းလစာ မေးပြီးမှ လစာနှိမ်ဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ လူယုတ်မာတွေနဲ့ တူသွားလိမ့်မယ်”

“သူတို့ကို စျေးကွက်ထဲက အမြင့်ဆုံးဆိုတဲ့ လစာမျိုးအတိုင်းပဲ ပေးမယ်။ ထန်းတာ့ရဲ့ လစာက သူများထက် မနိမ့်စေရဘူး။ အဲ့ဒီ လျှောက်ထားသူတွေ ထန်းတာ့ခံယူချက် ကိုက်ညီမှု စာမေးပွဲကို အောင်တာနဲ့ သူတို့ရဲ့ အခြေခံလစာကို စပေးလို့ရပြီ”

“ထန်းတာ့အတွက် သူတို့ သေချာပါက် အလုပ်ကြိုးစားလာအောင် ငါတို့ဝန်ထမ်းတွေကို လစာ လုံလုံလောက်လောက် ပေးရမယ်”

All Chapters