← Chapters

လင်းအာ၏ အသက်ချည်မျှင်(က)

Vol. 41 Ch. 620

လင်းအာ၏ အသက်ချည်မျှင်(က)

Vol. 41 Ch. 620

ဒေသငယ်မြို့တော်နှင့် အတန်ငယ် ကွာဝေးသေးသော တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲမှာ အလင်းရောင် ဖျတ်ခနဲ လင်းလက်သွားပြီး ရွှီချင်း၏ ပုံရိပ်က ထိုအထဲမှ လမ်းလျှောက်ထွက်လာသည်။

သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး အားနည်းမှုဒဏ်ကို အပြင်းအထန် ခံစားနေရသည်။ သူသည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ပေါ်ထွက်လာသည်နှင့်ချက်ချင်း တုံ့ဆိုင်းမနေဘဲ အဝေးသို့ ဦးတည်လျှောက်သွားသည်။ သူက လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုဆီသို့ ဝင်ရောက်ပြီး တိတ်ဆိတ်သော လျှို့ဝှက်ဂူတစ်ဂူကို ရှာဖွေရန် မြန်မြန်သွက်သွက် လျှောက်လိုက်သည်။

ဂူထဲသို့ သူခြေချလိုက်သည့်အခါ သွေးသည် သူ့ပါးစပ်ထဲမှ ဝေါခနဲ အန်ထွက်လာသည်။ သူက သတိလစ်လုနီးပါးပင် ဖြစ်သွားသည်။ သို့တိုင် သူက အံတင်းတင်းကြိတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်ရန် မှော်မန္တန်တချို့ကို အသုံးပြုလိုက်သည်။

အတိတ်မှ အတွေ့အကြုံများအရ သူ၏ စွမ်းအားသည် တစ်နေ့လျှင် တစ်ဝက်ခန့်နှုန်း ပြန်လည်ဖြည့်တင်းလာရမည် ဖြစ်၏။

သို့သော်လည်း ယခု သူ၏ စွမ်းအားသည် တစ်ဆယ်ရာခိုင်နှုန်းပင် ပြန်လည်မရရှိသေးပေ။

နာကျင်မှုက သူ၏ ကိုယ်တွင်းအင်္ဂါများဆီသို့ ဆက်လက် ကျူးကျော်လာသည့်အခါ မည်သို့ကြောင့် ဤတစ်ကြိမ် ပြန်လည်ကုသခြင်းက နှေးကွေးနေရကြောင်း ရွှီချင်း အာရုံခံမိလိုက်သည်။

သူ၏ ကိုယ်တွင်းအင်္ဂါအားလုံးသည် ကြေမွပျက်စီးနေကြသည်။ သူ၏ အသွေးအသားအတော်များများသည် ခြောက်သွေ့နေကြပြီး အရိုးများတွင်လည်း အက်ကွဲရာများ မရေမတွက်နိုင်အောင် ရှိနေကြသည်။

သူ၏ ပြင်းထန်သော နာကျင်မှုဇစ်မြစ်သည် ၎င်းတို့ဆီမှ ဖြစ်သည်။

ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရခြင်းသည် ယခု သူ၏ ဝိညာဉ်အလင်းက မှေးမှိန်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ယင်းက ရွှီချင်းအတွက်တော့ အသေးအမွှားမျှသာ ဖြစ်၏။ အတိတ်မှာ သူက ထိုထက် အခြေအနေပိုဆိုးပြီး ပိုပြင်းထန်သော နာကျင်မှုများနှင့် မတွေ့ကြုံဖူးခြင်း မဟုတ်ပေ။ သူ့ကို မျက်နှာမဲ့စေသည်မှာ ထိုဒဏ်ရာများမဟုတ်ကြပေ။ သူ၏ ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်အောင် များပြားလှသော အပ်ကလေးများ ဖြစ်ကြသည်။

ထိုအပ်ကလေးများသည် ရုပ်သဏ္ဍာန်မရှိကြပေ။ ယင်းတို့သည် အကြိမ်ပေါင်းများစွာ ကွဲထွက်သွားသော အလင်းရောင်တစ်ခုထံမှ ဖြစ်ပေါ်လာကြဟန်တူသည်။ အပ်ကလေးများသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ပျံ့နှံ့နေကြပြီး ဆက်လက် ထွန်းလင်းနေကြသည်။

ထိုအပ်ကလေးများက သူ၏ ဒဏ်ရာများပြန်လည်ကုသခြင်းကို နှောင့်နှေးစေနေခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူက ယင်းတို့ကို ဖိနှိပ်နိုင်ခဲ့ပြီး သူ၏ အရိုးများဆီမှ အပ်ကလေးတချို့သာလျှင် ဖိနှိပ်ရန် ကျန်ရှိတော့သည်။ သို့သော် သူ၏ အရိုးအများစုသည် ယင်းတို့၏ သက်ရောက်မှုကို မခံရတော့ပေ။

“ နတ်ဘုရားအစွမ်း… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ အမူအရာသည် မည်းမှောင်သွားပြီး ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။

အမှန်တော့ အပြန်လမ်းတစ်လျှောက်တွင် သူက ထိုအပ်ကလေးများကို လွင့်ပြယ်သွားစေရန် နည်းလမ်းအမျိုးမျိုး ကြိုးစားကြည့်ခဲ့ပြီးပြီ ဖြစ်သည်။ သူ၏ နည်းလမ်းများက ထိရောက်မှုမရှိခြင်းမဟုတ်သော်လည်း ယင်းတို့က အလွန်နှေးကွေးလိမ့်မည်။

ရွှီချင်းသည် ထိုမျှအချိန်ကြာကြာ မစောင့်နိုင်ပေ။

ချူထျန်းချွင်က သေဆုံးသွားပြီဖြစ်သော်လည်း ကောင်းကင်ဘုံတာအို၏ သတိပေးမှုက ပျောက်ကွယ်မသွားခဲ့ပေ။ ယင်းအစား ၎င်းက ပို၍ပင် ပြင်းထန်လာသည်။

သူက လမ်းတစ်လျှောက်လုံး အပ်ကလေးများ၏ ထိုးစိုက်ခြင်းဒဏ်ကို ခံစားခဲ့ရသည်။

ထို့အပြင် ဒေသငယ်မြို့တော်နှင့် သူနီးကပ်လာသည့်အခါ အန္တရာယ်အငွေ့အသက်က ဆက်လက်ကြီးထွားလာကြောင်း ခံစားမိသည်။

ထိုအန္တရာယ်က ဒေသငယ်မြို့တော်မှလာကြောင်း ရွှီချင်းသည် ချက်ချင်း အာရုံခံမိလိုက်သည်။

ဤအန္တရာယ်အငွေ့အသက် ပထမဆုံးအကြိမ် ပေါ်ပေါက်လာခဲ့စဉ်က ဒေသငယ်မြို့တော်မှာဖြစ်ကြောင်း သူပြန်အမှတ်ရသွားသည်။ ထို့နောက် သူက သန့်စင်ရေလှိုင်းမျိုးနွယ်ဆီသို့ သွားခဲ့သည်။ ထိုသို့သူရောက်သွားသည့်အခါ အန္တရာယ်အငွေ့အသက်က ဆက်လက်ရှိနေသေးသော်လည်း ယခင်ကဲ့သို့ မပြင်းထန်တော့ပေ။

ဖုန်းဟိုင်ဒေသငယ်ဆီသို့ သူပြန်ရောက်လာသည့်အခါမှသာ ထိုအန္တရာယ်အငွေ့အသက်က တဖန်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

“ ဘာကြောင့်လဲ ”

ရွှီချင်းသည် တိတ်ဆိတ်သွားသည်။ အကြောင်းအရင်းကို သူမသိသော်လည်း မည်သို့ဖြစ်စေ သူ၏ ဒဏ်ရာများကို မြန်နိုင်သမျှမြန်မြန် ပြန်လည်သက်သာအောင်လုပ်ပြီး သူ၏ တိုက်ပွဲစွမ်းအားကို အထွတ်အထိပ်အခြေအနေမှာ ထိန်းထားနိုင်အောင် လုပ်ဆောင်ရမည်။ အချိန်ကြာကြာ သူမစောင့်နိုင်ပေ။ ထို့အပြင် သူ၏ ဒဏ်ရာများ ပြန်မသက်သာသေးမီ ဒေသငယ်မြို့တော်ကို သတိကြီးကြီးထားရန်လည်း လိုအပ်သေးသည်။

ထို့ကြောင့် သူက ဒေသငယ်မြို့တော်ဆီသို့ အလျှင်စလို ပြန်မသွားခဲ့ခြင်း ဖြစ်သည်။

“ တကယ်လို့ ငါ မြန်မြန်သက်သာချင်တယ်ဆိုရင် အထူးနည်းလမ်းကို သုံးရလိမ့်မယ် ”

ရွှီချင်းသည် အသက်ဝဝရှူသွင်းလိုက်သည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တတိယနတ်နန်းတော်ကို လှည့်ပတ်လိုက်လေရာ တားမြစ်အဆိပ်အစွမ်းသည် ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ထဲမှ အသွေးအသားများဆီသို့ ပျံ့နှံ့သွားသည်။

ယင်းက နတ်ဘုရားအစွမ်းမှ ဖြစ်ပေါ်လာသော အပ်ကလေးများကို ခုခံတားဆီးရန်နှင့် အာနိသင်လျော့ပါးစေရန် မဟုတ်ပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်ထဲသို့ ချင်းနင်းဝင်ရောက်ရန် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အလျှင်အမြန် စတင်ပုပ်သိုးဆွေးမြေ့လာသည်။

သူက ဓားမြှောင်ကို ထုတ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ အသားများကို အမူအရာကင်းမဲ့စွာ လှီးထုတ်ပစ်သည်။

ပထမဆုံး သူက လက်မောင်းမှစတင်သည်။ သူက အလင်းအပ်များပါရှိသော လက်မောင်းမှ အသားပုပ်များကို တစ်ပိုင်းပြီးတစ်ပိုင်း လှီးထုတ်ပစ်သည်။ ဓားမြှောင်နှင့် အရိုးများ၏ ပွတ်တိုက်သံသည် ဘေးပတ်ဝန်းကျင်သို့ ကျောချမ်းဖွယ်ကောင်းစွာ ပဲ့တင်ထပ်သွားသည်။ ထိုနာကျင်မှုသည် စောစောက သူခံစားခဲ့ရသည်ထက် အဆပေါင်းများစွာ ပိုပြီးပြင်းထန်သည်။

ရွှီချင်းသည် တုန်ရီနေသည်။ သူ၏ တစ်ကိုယ်လုံးသည် ချွေးစေးဖြင့် စိုရွှဲနေသည်။

ယင်းက သူတွေးမိသော ဖြေရှင်းနည်းဖြစ်သည်။ အလင်းအပ်များသည် လွင့်ပြယ်ရန် အချိန်တော်တော်ကြာ လိုအပ်သောကြောင့် ယင်းတို့ကို သူ၏ ခန္ဓာကိုယ်ထဲမှ တိုက်ရိုက် လှီးထုတ်မှရမည်ဖြစ်သည်။ သူက တားမြစ်အဆိပ်စွမ်းအားကို အသုံးပြုလျက် ခန္ဓာကိုယ်ကို သန့်စင်စေပြီး အလင်းအပ်များကို အခြားတစ်နေရာဆီသို့ မရွှေ့ပြောင်းသွားရန် တားဆီးစေမည် ဖြစ်သည်။

ရွှီချင်းသည် အကြင်နာမဲ့ရက်စက်သော လူဖြစ်သည်။ သူက ရန်သူထက်ပင် သူ့ကိုယ်သူ ပိုပြီးအကြင်နာမဲ့ရက်စက်တတ်သည့် လူစားမျိုး ဖြစ်သည်။

သူက အသားအပိုင်းအစများကို ခန္ဓာကိုယ်မှတောင့်ခံနိုင်သည့် အကန့်အသတ်ကိုရောက်သည်အထိ ဆက်လက်လှီးထုတ်ပစ်သည်။ အကန့်အသတ်ကိုရောက်သည့်အခါ သူက ချက်ချင်း ရပ်တန့်လိုက်သည်။ ထို့နောက် သူ၏ လက်ကောက်ဝတ်ပေါ်မှ ရွှေချည်မျှင်ကို ကြည့်လိုက်သည်။

သူ၏ ပင်ကိုယ်အသိစိတ်က ရွှေအလင်းရောင်အစွမ်းကို ထပ်မပေါ်လာစေချင်ပေ။ ထို့ကြောင့် သူ့ကိုယ်သူ သေလုနီးပါးအခြေအနေသို့ရောက်အောင် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ရွှေချည်မျှင်က မည်သည့်ပြဿနာမှမရှိသည်ကို အာရုံခံမိသည့်အခါ လှီးထုတ်ထားသော သူ၏ အသွေးအသားကို ပြန်လည်ကုသရန် ခရမ်းသလင်းကျောက်ကို လှည့်ပတ်လိုက်သည်။ ခွန်အားတချို့ ပြန်လည်ရရှိလာသည့်အခါ သူက တခြားအစိတ်အပိုင်းများထံမှ အသားများကို ဆက်လက်လှီးထုတ်ပစ်သည်။

ထိုသို့ဖြင့် ထပ်ခါတလဲလဲ သံသရာလည်နေတော့သည်။ လေးရက်ကြာပြီးနောက် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းအပ်အားလုံးကို ထုတ်ပစ်နိုင်ခဲ့သည်။

ထိုအတောအတွင်း သူက ဆေးလုံးများကို အဆက်မပြတ် သုံးစွဲခဲ့ရသည်။ ခရမ်းသလင်းကျောက်ကိုလည်း တစ်ချိန်လုံးလှည့်ပတ်ထားပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းကို ပိုပြီးအရှိန်တိုးမြှင့်စေသည်။

သူ၏ အသိစိတ်ပင်လယ်ထဲမှ အလင်းအပ်များအတွက်မူ ရွှီချင်းသည် ခရမ်းလနှင့် တားမြစ်အဆိပ်စွမ်းအားကို အသုံးပြုပြီး ယင်းတို့ကို သူ၏ အသွေးအသားများထဲသို့ အတင်းအကျပ် နေရာရွှေ့ပြောင်းစေသည်။ ထို့နောက် လှီးထုတ်ပစ်ခဲ့သည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် မျက်လုံးပင်မဖွင့်နိုင်တော့သည့်အထိ အလွန်ပင်ပန်းနွမ်းနယ်သွားသည်။ သူခံစားခဲ့ရသော နာကျင်မှုကို စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ သို့သော်လည်း အလင်းအပ်များမရှိတော့သည့်အခါ သူ၏ ခန္ဓာကိုယ်သည် ပိုမိုအခြေအနေကောင်းလာသည်။ သူ၏ ပေးဆပ်မှုက ထိုက်တန်ပေသည်။

သုံးရက်ကြာပြီးနောက် ရွှီချင်း၏ ဒဏ်ရာများသည် အပြည့်အစုံ ပြန်လည်သက်သာသွားပြီ ဖြစ်၏။

သူက ဂူထဲမှ လမ်းလျှောက်ထွက်ပြီးနောက် ကောင်းကင်မှ နေဝင်ဆည်းဆာကို ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။ အချိန်တစ်ခဏကြာပြီးနောက် သူ၏ မျက်နှာပေါ်မှာ စိတ်ဆုံးဖြတ်ပြီးသောအမူအရာ ထွက်ပေါ်လာသည်။

သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ယမ်းလိုက်ပြီး ဤနေရာမှ ထွက်ခွာကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ဦးတည်လိုက်သည်။

အဆုံးမှာတော့ ဒေသငယ်မြို့တော်ဆီသို့ သူပြန်သွားရန် လိုအပ်နေသေးပေသည်။ မည်သို့ဆိုသော် တာအိုသစ်သီးများကို စစ်ရေးအကျိုးပြုအမှတ်များနှင့် သူလဲလှယ်ရမည်ဖြစ်သလို မိစ္ဆာအသွင်ပြောင်းစာလုံးများကို စုဆောင်းရန် မဟာအာကာသလောကဆီသို့ သူသွားရောက်ရန် လိုအပ်သောကြောင့် ဖြစ်ပေသည်။

All Chapters