လင်းအာ၏ အသက်ချည်မျှင်(ခ)
Vol. 41 Ch. 621
ညအချိန် ရွှီချင်း၏ ပုံရိပ်သည် ဒေသငယ်မြို့တော်၏ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှာ ထွက်ပေါ်လာသည်။ အစီအရင်ထဲမှ သူထွက်လာသည့်အခါ ရင်းနှီးကျွမ်းဝင်သော ဒေသငယ်မြို့တော်နှင့် ရှေးဘုရင်ရွှမ်ယုံ၏ ရုပ်တုကြီးကို ကြည့်ရှုလိုက်သည်။ သူက ခုန်နေသော နှလုံးကို ဖိနှိပ်လိုက်ပြီး သူ့ကိုယ်ပိုင် ဓားခန်းမဆောင်ဆီသို့ ပြန်လိုက်သည်။
ခန်းမဆောင်ဆီသို့ ပြန်ရောက်သွားသည့်အခါ သူက ထိုင်ချလိုက်ပြီး ခေါင်းဆောင်ဆီသို့ ချက်ချင်း အသံပို့လွှတ်သည်။ သို့သော် တဖက်လူထံမှ မည်သည့်တုံ့ပြန်သံမှ ပြန်မရလာချေ။
ခေါင်းဆောင်သည် ယခုထိ ပြန်မရောက်လာသေးကြောင်း သူနားလည်လိုက်သည်။ ထို့ကြောင့် နတ်မိမယ်ကျစ်ရွှမ်ဆီသို့ အသံပို့လွှတ်လိုက်ပြီး သူဘေးကင်းကြောင်း ပြောပြသည်။
နတ်မိမယ်ကျစ်ရွှမ်သည် စိတ်ပူပန်သော လေသံဖြင့် ချက်ချင်း ပြန်ဖြေသည်။ ရွှီချင်း၏ ဓားခန်းမဆောင်အပြင်ဘက်မှာ သူပေါ်လာရန် အချိန်သိပ်မကြာခဲ့ပေ။
လရောင်အောက်မှာ ဝတ်ရုံပြာကို ဝတ်ဆင်ထားသော နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းကို စိုးရိမ်ပူပန်သော မျက်ဝန်းတစ်စုံဖြင့် ကြည့်သည်။
“ နင် ဒီတစ်ခေါက် အပြင်သွားတာ ဘာလို့အဲ့လောက်ကြာတာလဲ ”
နတ်မိမယ်ကျစ်ရွှမ်သည် စကားပြောနေရင်း ရွှီချင်း၏ ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ သေချာစစ်ဆေးကြည့်ပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ တကယ်ပဲ မည်သည့်ပြဿနာမှမရှိသည်ကို တွေ့ရှိပြီးနောက် သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
ရွှီချင်းသည် လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်သည်။
“ ကျုပ် လမ်းမှာ မျှော်လင့်မထားတဲ့ ပြဿနာတစ်ခုနဲ့ကြုံလို့ ကြန့်ကြာသွားတာပါ ”
နတ်မိမယ်ကျစ်ရွှမ်၏ စိုးရိမ်မှုကို အာရုံခံမိသောအခါ ရွှီချင်းက နူးညံ့စွာ ပြောသည်။
နတ်မိမယ်ကျစ်ရွှမ်က ခေါင်းညိတ်သည်။ သူက ကိစ္စတချို့ကြောင့် အလုပ်ရှုပ်နေဟန်တူသည်။ ထို့ကြောင့် ရွှီချင်းအဆင်ပြေကြောင်း သိပြီးသည်နှင့် သူ့ကို စကားတချို့မှာပြီးနောက် မြန်မြန်သွက်သွက် ပြန်သွားသည်။
နတ်မိမယ်ကျစ်ရွှမ်၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်နေလျက် ရွှီချင်းသည် ရုတ်တရက် လှမ်းပြောလိုက်သည်။
“ နတ်မိမယ်… ကျုပ် လက်တလော အန္တရာယ်အငွေ့အသက်ကို အာရုံခံမိနေတယ်… ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ”
နတ်မိမယ်ကျစ်ရွှမ်၏ ခြေလှမ်းသည် ရပ်တန့်သွားသည်။ သူက အနောက်လှည့်ပြီး ရွှီချင်းကိုကြည့်သည်။ ထို့နောက် သူက ချိုချိုသာသာ ပြုံးပြလိုက်ပြီး ထွက်မသွားမီ ခေါင်းညိတ်ပြသည်။
ရွှီချင်းသည် တစ်ခဏကြာ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက ဒေသငယ်မှာ လက်တလောဖြစ်ပျက်သွားခဲ့သော အဖြစ်အပျက်များကို မေးမြန်းရန် ခုန်ရှန်းလုံဆီသို့ အသံပို့လွှတ်လိုက်သည်။ တဖက်လူ၏ ပြောပြမှုကြောင့် ကောင်းကင်နက်နတ်သားတော်ကိစ္စနှင့် သန့်စင်ရေလှိုင်းမျိုးနွယ်၏ လှုပ်ရှားမှုမှလွဲ၍ ဒေသငယ်မှာ အားလုံးသည် ပုံမှန်အတိုင်းရှိနေကြောင်း ရွှီချင်း သိသွားသည်။
ထို့အပြင် ခုန်ရှန်းလုံသည် ဒေသငယ်မြို့တော်ထဲမှာ ရှိမနေပေ။ သူက တာဝန်ထမ်းဆောင်ရန် အပြင်သို့ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူက သန့်စင်ရေလှိုင်းမျိုးနွယ်ထဲမှကိစ္စကို ရွှီချင်းအား အလျင်စလို မေးသည်။
“ အင်း… ဟုတ်တယ်… အဲ့မှာ တခြားကောင်းကင်နက်အုပ်စုတစ်စု ရှိနေခဲ့တယ်… ”
ရွှီချင်းသည် ချောင်းဟန့်လိုက်သည်။ ဤကိစ္စကိုရှင်းပြရန် သူ့မှာ နည်းလမ်းမရှိပေ။
“ ငါ ထောင်ဂဏန်းလောက် ရခဲ့တယ်… ”
ခုန်ရှန်းလုံက တာအိုသစ်သီးအကြောင်း မေးသောအခါ ရွှီချင်းသည် အရေအတွက်ကို ဖုံးမထားခဲ့ပေ။ နောက်အခိုက်အတန့်မှာ ခုန်ရှန်းလုံ၏ ဆွံ့အသွားသောအသံကို အမိန်တော်ဓားမှတဆင့် သူကြားလိုက်ရသည်။
“ ထောင်ဂဏန်းတောင်လား ”
“ ဟုတ်တယ်… အဲ့ထဲမှာ ခင်ဗျားတို့တွေအတွက် ခွဲတမ်းတချို့ ပါသေးတယ် ”
ရွှီချင်းက ပြန်ပြောသည်။
“ ညီအကိုကောင်းပဲ… ရွှီချင်း… မင်း အဲ့ဒါတွေကို အလျင်စလို မရောင်းနဲ့ဦး… အင်မော်တယ်အူခွေသစ်ပင်တွေ ပျောက်သွားပြီဆိုတော့ အခု တာအိုသစ်သီးတွေရဲ့ဈေးက မိုးထိအောင် မြင့်တတ်သွားမှာ သေချာတယ်… အဟန့် ငါတို့က ဓားကိုင်တွေဆိုပေမဲ့… တစ်ခါတစ်လေကျရင် အခြေအနေနဲ့ အချိန်အခါပေါ်လိုက်ပြီး အခွင့်အရေးရှာသင့်ရှာရမှာပဲ ”
ခုံရှန်းလုံက ချောင်းဟန့်လိုက်ပြီး အလျင်စလို ပြန်ပြောသည်။
ရွှီချင်းသည် မအံ့ဩပေ။ ခုံရှန်းလုံသည် သစ္စာရှိပြီး ယုံကြည်အားထားနိုင်သော ဓားကိုင်တစ်ဦးဖြစ်သော်လည်း စစ်ရေးအကျိုးပြုအမှတ် အများအပြားကို မလိုချင်သည့်သူဟူ၍ မည်သူရှိမည်နည်း။ သူတို့နှစ်ယောက်သည် အချိန်တစ်ခဏအကြာ အပြန်အလှန်စကားပြောပြီးနောက် အသံပို့လွှတ်ခြင်းကို အဆုံသတ်လိုက်သည်။
“ ဒေသငယ်မှာ အားလုံးကပုံမှန်ဆိုရင် ငါဘာလို့ ဒီမှာ အန္တရာယ်အငွေ့အသက်ကို ခံစားနေမိတာလဲ… ဒေသငယ်မြို့တော်က အန္တရာယ်က ငါ့တစ်ယောက်တည်းကို ပစ်မှတ်ထားတာများလား ”
ရွှီချင်းသည် အမိန့်တော်ဓားကို အောက်ချလိုက်ပြီး တိတ်ဆိတ်သွားသည်။
သူက အတွေးလွန်နေသည်ဟု မစဉ်းစားပေ။ သူ၏ သတိကိုလည်း မလျော့ချခဲ့ပေ။
စစ်ရေးအကျိုးပြုအမှတ် လုံလုံလောက်လောက် ပေးချေပြီးနောက် ရွှီချင်းသည် မဟာအာကာသလောကဆီသို့ နောက်တစ်ကြိမ် ဦးတည်သွားလိုက်သည်။
အန္တရာယ်က မည်သည့်နေရာမှလာကြောင်း သူမသိသော်လည်း သူ၏ ဝှက်ဖဲကတ်ကို ဖြစ်နိုင်သမျှမြန်မြန် အသင့်ပြင်ဆင်ထားရမည် ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူက တစ္ဆေအင်ပါယာတောင်ကုန်းကို နတ်နန်းတော်ထဲသို့ ပေါင်းစပ်နိုင်ခဲ့သော်လည်း သူခံစားရမည့် ဝန်ထုပ်ဝန်ပိုးကိုဝေမျှရန် မိစ္ဆာအသွင်ပြောင်းစာလုံးများကို လိုအပ်နေသေးပေသည်။
သို့သော်လည်း ယင်းကို နတ်နန်းတော်ထဲသို့ ပေါင်းစပ်စေပြီးနောက် တစ္ဆေအင်ပါယာတောင်ကုန်းအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းသည် အများကြီး အဆင်ပြေချောမွေ့လာသည်။
မှောင်ရိပ်သန်းနေသော ဤလောကတွင် ဦးနှောက်သစ်ပင်များ၏ လေတိုးဝှေ့သံဖြင့် ပြည့်နှက်နေလေသည်။ သူ၏ ထွက်ပေါ်လာမှုက မဟာအာကာသလောကကို ချက်ချင်း ဆူညံပွက်လောရိုက်စေသည်။
သူဖြတ်သွားသည့်နေရာတိုင်း မရေမတွက်နိုင်သော ဦးနှောက်သစ်ပင်များသည် သိမ့်သိမ့်တုန်သွားကြပြီး စူးစူးဝါးဝါး အော်ဟစ်လျက် သူ့ကို ရှောင်ရှားသွားကြသည်။
ယခင်တစ်ခေါက်ဝင်တုန်းက ရွှီချင်းသည် အလွန်ရက်စက်ခဲ့သည်။ ထို့ကြောင့် သူက အချိန်အတော်ကြာ ပြန်မရောက်ဖြစ်သည့်တိုင် သူ၏ သတင်းဆိုးများက ဦးနှောက်သစ်ပင်များကြားတွင် ပျံ့နှံ့နေပြီး ဖြစ်၏။
သို့သော်လည်း ယခု ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံသည် ယခင်ကထက် အဆပေါင်းများစွာ သာလွန်နေခဲ့ချေ၏။ ဦးနှောက်သစ်ပင်များသည် သူ့ကိုမြင်သည်နှင့် ထွက်ပြေးသွားကြသော်လည်း သူက အလျှင်အမြန် လိုက်ဖမ်းနိုင်ခဲ့သည်။ ထိုသို့ဖြင့် သတ်မှတ်ထားသော အချိန်သို့ရောက်သည့်အခါ ရွှီချင်းသည် စိတ်ကျေနပ်စွာ ပြန်ထွက်လာခဲ့သည်။
“ ၇၅ ”
ဂိုဏ်းခွဲမှ သူပြန်ထွက်လာသည့်အခါ ရွှီချင်းသည် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး ဓားကိုင်ရုံးတော်စာအုပ်ဆောင်ဆီသို့ သွားလိုက်သည်။ သူ၏ လက်ကောက်ဝတ်မှ ရွှေချည်မျှင်၏ မူလဇစ်မြစ်ကို ရှာဖွေချင်သောကြောင့် ဖြစ်သည်။
ကံမကောင်းစွာပင် စာအုပ်ဆောင်ထဲမှာ စာအုပ်များသည် ပင်လယ်ကြီးတစ်ခုပမာ ပေါများလှသည်။ ရွှီချင်းသည် အလွန်နောက်ကျသည်အထိ ရှာဖွေသော်လည်း သူလိုချင်သော သတင်းအချက်အလက်ကို ရှာမတွေ့ခဲ့ပေ။ ထို့နောက် သူသည် လက်လျှော့လိုက်ပြီး ဓားခန်းမဆောင်ဆီသို့ ပြန်သွားခဲ့သည်။
“ ငါမနက်ဖြန် ထပ်လာရှာမယ်… အဲ့ဒါကို ငါရှာတွေ့ရမယ် ”
“ တကယ်လို့ အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင် အကျဉ်းထောင်ဌာနဆီသွားပြီး ရုံးတော်သခင်ကို မေးမယ်… ပြီးသွားရင် အချိန်တစ်ခုကြာတဲ့အထိ ငါအပြင်မထွက်တော့ဘူး ”
ဒေသငယ်မြို့တော်က သူ့အတွက် အန္တရာယ်ရှိသည်ဟု ရွှီချင်း ခံစားမိနေသောကြောင့် ဒေသငယ်မြို့တော်တွင် သူ့အတွက် အလုံခြုံဆုံးနေရာသည် အကျဉ်းထောင်ဌာနသာ ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ရုံးတော်သခင်က ထိုနေရာတွင် နေထိုင်သောကြောင့် ဖြစ်သည်။
ထိုသို့တွေးပြီးနောက် ရွှီချင်းသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးပိတ်လိုက်သည်။
အပြင်လောကသည် မှောင်မည်းနေသည်။ ညအချိန်သို့ကျရောက်လာသည့်အခါ ရွှီချင်းသည် ကျင့်ကြံနေခြင်းကို အဆုံးသတ်လိုက်သည်။ သူက မျက်လုံးဖွင့်လိုက်ပြီး ညာလက်ကောက်ဝတ်မှ ရွှေချည်မျှင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ဘယ်လက်ဖြင့် ယင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
“ ဒီရွှေချည်မျှင်က… တကယ်ပဲ ဘာလဲ ”
ကောင်းကင်ယံတွင် မိုးခြိမ်းသံသည် မြည်ဟိန်းထွက်သွားသည်။ တဂျိန်းဂျိန်းမြည်သံက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည့်အခါ လေကြမ်းသည် တဝုန်းဝုန်း တိုက်ခတ်လာပြီး တအိအိညည်းသံအလား ဓားခန်းမဆောင်၏ အပြင်ဘက်မှာ ပျံ့လွင့်လာသည်။
မုန်တိုင်း ကျရောက်လာတော့ပေမည်။
ယနေ့ညသည် ယခင်ညများထက် ပို၍မည်းမှောင်နေသည်။
ကောင်းကင်ယံကို အဆုံးအစမဲ့ တိမ်တိုက်များက ဖုံးလွှမ်းထားကြသည်။ တဂျိန်းဂျိန်း မိုးခြိမ်းသံသည်သာ နတ်ဘုရားတစ်ပါးက ဒေါသတကြီး ဟစ်အော်နေသည့်အလား အဆက်မပြတ် ထွက်ပေါ်နေလေသည်။
ထို့နောက် လောကတစ်ခွင်ကို တစ်ခဏမျှ အလင်းရောင်ပေးမည့် လျှပ်စီးတန်းများ ထွက်ပေါ်လာကြသည်။
လျှပ်စီးသည် ဒေသငယ်မြို့တော်နှင့် သစ်ဝိညာဉ်မျိုးနွယ်နေထိုင်ရာ တောတွင်းတောင်တန်းဒေသကို အလင်းရောင်ထွန်းပေးလိုက်သည်။
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များသည် အပြင်းအထန် လှုပ်ခါယမ်းနေကြပြီး တစ်ပင်နှင့်တစ်ပင် ပွတ်တိုက်နေကြလေရာ တရှဲရှဲမြည်သံ ထွက်ပေါ်နေသည်။ ရုတ်တရက် မိုးသီးမိုးပေါက်များသည် ကောင်းကင်ယံမှ ရွာကျလာပြီး လူသားကမ္ဘာကို ရွှဲစိုစေသည်။
မုန်တိုင်းဝင်နေစဉ် နာကျင်ဖွယ် အော်ငိုသံတစ်သံသည် မြစ်ဝှမ်းဒေသမှ ထွက်ပေါ်လာကာ ကောင်းကင်အထိ ထိုးဖောက်သွားသည်။ ထိုအော်သံကို ကြားမိသူတိုင်းသည် ဦးရေပြားစပ်ဖျဉ်းဖျဉ်း ခံစားရလာလိမ့်မည်။