လင်းအာ၏ အသက်ချည်မျှင်(ဂ)
Vol. 42 Ch. 622
အဆုံးမဲ့ဝမ်းနည်းပူဆွေးခြင်းနှင့် နှလုံးကွဲကြေသော နာကျင်မှုတို့ ပါဝင်နေသော ထိုအသံသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ မိုးခြိမ်းသံသည် ထိုအသံထဲမှ ပူဆွေးသောကကို မဖိနှိပ်နိုင်သလို လေနှင့်မိုးသည်လည်း မဖုံးကွယ်နိုင်ကြပေ။
လျှပ်စီးရောင် ဖျတ်ခနဲ လင်းလက်သွားသည့်အခါ ဆံပင်စုတ်ဖွားနှင့် ဖရိုဖရဲဖြစ်နေသော ပုံရိပ်တစ်ခုသည် သစ်ဝိညာဉ်မျိုးနွယ်၏ ပိုင်နက်ထဲမှ အရူးတစ်ယောက်ပမာ ပြေးထွက်လာသည်။
ထိုပုံရိပ်သည် အဖိုးအိုတစ်ဦးဖြစ်သည်။
အဖိုးအို၏ မျက်လုံးသည် နီရဲတွတ်နေပြီး သူ၏ မျက်နှာတစ်ပြင်လုံး မျက်ရည်ဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်လှုပ်နေပြီး သူက ဒေသငယ်မြို့တော်ဆီသို့ အားကုန်သုံးပြီး ပြေးလွှားသွားသည်။
လေနှင့်မိုးသည် တဖြည်းဖြည်း ပိုမိုသည်းထန်လာပြီး တစ်ညလုံး ဆက်လက်ရွာသွန်းနေသည်။
မနက်မိုးသောက်အချိန်ကျမှသာ နှေးကွေးသွားသည်။ ကမ္ဘာသည် ဝေရီရီမြူခိုးနှင့် ပြည့်နှက်နေသည်။ ကောင်းကင်မှ တိမ်တိုက်များသည် အနည်းငယ် လွင့်ပြယ်သွားကြသည်။ ယနေ့ မြင့်တတ်လာသော နေမင်းသည် အားနည်းဟန်တူသည်။ ယင်းသည် ကမ္ဘာကို အလင်းရောင်ပေးရန် မှေးမှိန်သော အဝါရောင်ဖျော့ဖျော့ အလင်းကိုသာ ထုတ်လွှတ်ပေးနိုင်၏။
အကျဉ်းထောင်ဌာန၏ အပြင်ဘက် ဓားခန်းမဆောင်တစ်ခုဝယ် ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ ညဘက်ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက် သူက မတ်တတ်ထရပ်လိုက်ပြီး ဓားခန်းမဆောင်၏ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည်။
သူသည် တဖွဲဖွဲရွာနေသော မိုးရေထဲမှာ လမ်းလျှောက်နေ၏။
“ ရွှေချည်မျှင်ရဲ့ မူလဇစ်မြစ်ကို ဓားကိုင်ရုံးတော်စာအုပ်ဆောင်မှာ ငါဆက်ရှာရမယ်… ဃ၁၃၂က ကောင်လေးနဲ့ မဆက်သွယ်နိုင်တာ နှမြောစရာပဲ… မဟုတ်ရင် ရွှေချည်မျှင်နဲ့ ပတ်သက်ပြီး သဲလွန်စတစ်ခုခုတော့ သူသိလောက်တယ် ”
“ ငါအရင် သဲလွန်စရှာတွေ့ပြီးမှ သူ့ကို အတည်ပြုခိုင်းလည်း ဖြစ်တာပဲ ”
ရွှီချင်းသည် စိတ်ထဲမှ တွေးတောလိုက်သည်။ ထို့နောက် သူက လေထဲသို့ ပျံတတ်သွားပြီး ဓားကိုင်ရုံးတော်ဆီသို့ ဦးတည်သွားလိုက်သည်။
မကြာမီ သူသည် ဓားကိုင်ရုံးတော်၏ အစွန်းဖျားရှိ မိုးရေကြောင့် ရွှဲစိုနေသော ကျောက်စိမ်းခြေနင်းခုံပေါ်သို့ ဆင်းသက်လိုက်သည်။ စာအုပ်ဆောင်ထဲသို့ ဝင်ရောက်တော့မည့်အချိန်မှာပဲ သူ၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားသည်။ သူက ဆတ်ခနဲ ခေါင်းလှည့်လိုက်ပြီး အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ သွေးရောင်လွှမ်းနေသော မျက်လုံးနီနှင့် အဖိုးအိုတစ်ဦးသည် အလွန်အမင်း ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ဓားကိုင်ရုံးတော်ဆီသို့ ရူးသွပ်စွာ ပျံသန်းလာနေသည်။
အဖိုးအိုသည် ပျံသန်းနေရင်း ဝမ်းနည်းပူဆွေးစွာ အော်လိုက်သည်။
“ ရွှီချင်းရေ… ရွှီချင်း… ရွှီချင်းရေ… ”
သူ၏ အသံသည် လွန်စွာမှကျယ်လောင်သည်။ အသံထဲမှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားသာမက နာမည်အော်ခေါ်ရန် သူ၏ စွမ်းအားအလုံးစုံကိုပါ အသုံးပြုထားဟန်တူသည်။
ထိုအဖိုးအိုသည် ဖန်ချွန်လမ်းမှ အဖိုးအိုဖြစ်ပေသည်။
ရွှီချင်း၏ နေရာအတိအကျကို သူမသိသော်လည်း ရွှီချင်းသည် ဓားကိုင်တစ်ဦးဖြစ်ကြောင်း သူသိသည်။ သို့ကြောင့် သူသည် ဓားကိုင်ရုံးတော်နှင့် နီးကပ်လာသည့်အခါ ရွှီချင်း၏ နာမည်ကို အော်ခေါ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ဤနေရာသည် ဒေသငယ်မြို့တော်မဟုတ်ပါလော။ သူသည် အစောကြီးကတည်းက စဉ်းစားဆင်ခြင်နိုင်စွမ်းကို ဆုံးရှုံးထားခဲ့ပြီဖြစ်ပြီး ရုံးတော်နားသို့မရောက်မီ နတ်ဘုရားအာရုံအများအပြား၏ ပိတ်ဆို့ခြင်းကို ချက်ချင်း ခံလိုက်ရသည်။ သူသည် အရှေ့သို့ ဆက်မသွားနိုင်တော့ပေ။
ဖန်ချွန်လမ်းအဖိုးအိုသည် ဆံပင်စုတ်ဖွားနှင့် အရူးပုံဖြစ်နေသော်လည်း ရွှီချင်းကို အသည်းအသန် ရှာဖွေနေသည်။ သို့သော်လည်း ဓားကိုင်ရုံးတော်သည် သူနှင့် အတော်လေး အလှမ်းဝေးကွာနေသောကြောင့် ရွှီချင်းကို သူရှာမတွေ့ပေ။ အဖိုးအိုသည် လေထဲမိုးထဲမှာ မားမားရပ်လျက် သူနှင့်မရင်းနှီးသော ဒေသငယ်မြို့တော်ကို ကြည့်လိုက်ပြီး ဝမ်းနည်းပူဆွေးစိတ်၊ ခံပြင်းဒေါသစိတ်တို့ ရောယှက်နေသော လေသံဖြင့် အဆုတ်ကွဲလုမတတ် အသံကုန်အော်လိုက်သည်။
“ ရွှီချင်း… ထွက်လာခဲ့ ”
သူ၏ အော်သံသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားပြီး ဓားကိုင်အများအပြားကို မျက်မှောင်ကြုတ်သွားစေသည်။ ကင်းစောင့်ဓားကိုင်များသည် အဖိုးအိုဆီသို့ သုန်မှုန်စွာ လျှောက်လာကြသည်။
“ ဘယ်သူလဲကွ ဆူဆူညံညံလုပ်တာ ”
“ ကျုပ်က ရွှီချင်းကို လာရှာတာပါ… သူနဲ့တွေ့နိုင်အောင် ကျုပ်ကို ခေါ်သွားပေးဖို့ မင်းကို တောင်းဆိုပါတယ်… ကျုပ်မှာ ရွှီချင်းနဲ့ ဆွေးနွေးမှဖြစ်မယ့် အရေးကြီးကိစ္စရှိနေလို့ပါ ”
“ ခင်ဗျား အဲ့လောက် စိတ်လောစရာမလိုဘူး… ဒီမှာစောင့်နေပါ… တစ်ယောက်ယောက်က အကြောင်းသွားကြားပေးလိမ့်မယ် ”
အရှေ့ဆုံးမှ ဓားကိုင်သည် ဖန်ချွန်လမ်းအဖိုးအို၏ အရှေ့သို့ လျှောက်သွားပြီး သူ့ကို ရပ်တန့်စေသည်။ တဖက်လူ၏ မျက်လုံးထဲမှ ရူးသွပ်မှုကို သတိပြုမိသည့်အခါ ဓားကိုင်သည် သတိကြီးစွာထားပြီး သူ့ကို စိတ်လျှော့စေသည်။
ဓားကိုင်ရုံးတော်ထဲ၌ ရွှီချင်းသည် အဝေးတွင် တားဆီးခံလိုက်ရသော အဖိုးအိုကို ကြည့်လိုက်သည်။ အဖိုးအိုကို သူမှတ်မိသည်။ သူတို့သည် အချင်းချင်း မရင်းနှီးကြပေ။ အဖိုးအို၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် သူ့အတွက် မျှော်လင့်မထားသည့်ကိစ္စပင် ဖြစ်သည်။
ရွှီချင်းတွေးတောနေစဉ် အဝေး၌ ဓားကိုင်များ၏ တားဆီးခံနေရသော ဖန်ချွန်လမ်းအဖိုးအိုထံမှ ကျယ်လောင်သောအော်သံ ထပ်မံထွက်ပေါ်လာသည်။
“ အချိန်မရှိဘူး… အချိန်မရှိဘူး ”
အဖိုးအိုသည် စကားပြောနေရင်း သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို လုံးလုံးဆုံးရှုံးသွားပြီး အရှေ့သို့ ဆက်တိုးသွားသည်။
“ ရွှီချင်း… ရွှီချင်း… မင်းဘယ်မှာလဲ…. ငါ့ကိုကူညီပါ… ငါ့ကိုကူညီပါ… မင်းကိုယ်ပေါ်က ရွှေချည်မျှင်က… ”
အဖိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူသည် ရူးသွပ်စွာ ဆက်လက်အော်ခေါ်နေရင်း သွေးသည် သူ၏ မျက်လုံးထဲမှ စီးကျလာတော့မည့်ဟန်ရသည်။ ဤတစ်ကြိမ် သူ၏ အော်သံ မြည်ဟိန်းသွားသည်နှင့်ချက်ချင်း လေကြမ်းသည် ဓားကိုင်ရုံးတော်ပေါ်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။
ရွှီချင်းသည် အဖိုးအို၏ အရှေ့မှာ ချက်ချင်း ပေါ်ထွက်လာသည်။ ထို့နောက် သူသည် ညာလက်ကိုမြှောက်ပြီး ဘေးပတ်ဝန်းကျင်မှ ဓားကိုင်များကို ဘေးဖယ်နေကြရန် အချက်ပြသည်။
ဘေးပတ်ဝန်းကျင်မှ ဓားကိုင်များသည် ရွှီချင်းကို ရိုရိုသေသေ ဦးညွတ်ပြီးနောက် ပြန်သွားကြသည်။ ယခုအချိန် ရွှီချင်းသည် သူတို့ကို ပြန်လည်နှုတ်ဆက်ရန် စိတ်မပါချေ။ သူက ဖန်ချွန်လမ်းအဖိုးအိုကို စိုက်ကြည့်လိုက်ပြီး အလျင်စလို ပြောသည်။
“ ငါ့ကိုယ်ပေါ်က ရွှေချည်မျှင်လား ”
ရွှီချင်းကိုမြင်သောအခါ ဖန်ချွန်လမ်းအဖိုးအိုသည် သူ့ကို လှမ်းဖမ်းဆုပ်လိုက်ပြီး အလျင်စလို ပြောသည်။
“ ရွှီချင်း… ငါနဲ့လိုက်ခဲ့… ငါတို့ လင်းအာကို ကယ်တင်ရမယ် ”
ရွှီချင်းသည် အဖိုးအို၏ လက်ကို တိမ်းရှောင်လိုက်ပြီး သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“ ရှင်းရှင်းလင်းလင်းပြော ”
အဖိုးအို၏ မျက်နှာသည် ပူဆွေးသောကကြောင့် မျက်တွင်းကျနေပြီး စိုးရိမ်ကြောင့်ကြသော အမူအရာရှိ၏။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူသည် ဆင်ခြင်တုံတရားတချို့ ပြန်ရလာသည်။ လင်းအာလုပ်ခဲ့သည့်ကိစ္စကို ရွှီချင်းဘာမှမသိကြောင်း သူသိသည်။ တဖက်လူသည် သတိကြီးသူဖြစ်၍ သူနှင့်အလွယ်တကူ မလိုက်နိုင်သည်မှာ ပုံမှန်ဖြစ်သည်။
“ ရွှီချင်း… မင်းကိုယ်ပေါ်က ရွှေချည်မျှင်က လင်းအာရဲ့အသက်ပဲ… မင်းကိုကယ်တင်ဖို့ အခုသူက သေလုနီးပါးအခြေအနေကို ရောက်နေပြီ ”
“ ဒီမှာ အချိန်ကုန်နေလို့မဖြစ်ဘူး… ငါနဲ့လိုက်ခဲ့… လမ်းမှာ ငါမင်းကို ပြောပြမယ် ”
ထိုသို့ပြောပြီးနောက် ဖန်ချွန်လမ်းအဖိုးအိုသည် မြန်မြန်သွက်သွက် အဝေးသို့ ပျံသန်းသွားသည်။
ရွှီချင်း၏ အသိစိတ်သည် တုန်လှုပ်သွားသည်။
လက်ကောက်ဝတ်မှ ရွှေချည်မျှင်သည် သူ၏ လျှို့ဝှက်ချက်ဖြစ်သည်။ ရွှေချည်မျှင်သည် သူ့အတွက် မည်သို့လုပ်ဆောင်ပေးခဲ့ကြောင်း သူတစ်ဦးတည်းသာလျှင် သိသည်။ ဤအကြောင်းကို ယခင်က မည်သူ့ကိုမှ သူမပြောပြခဲ့ဖူးချေ။ ဤကိစ္စမှာ သူမသိသေးသော တခြားအကြောင်းအရာများရှိသော်လည်း အဖိုးအိုက ဤအကြောင်းကို သိနေသည်ဟု သူတွေးမိသောအခါ ရွှီချင်းသည် သူ့ကိုယ်သူ စိတ်အေးအေးမထားနိုင်ဘဲ အသက်ရှူမြန်လာသည်။
ထို့နောက် ရွှီချင်းသည် ဖန်ချွန်လမ်းအဖိုးအိုနောက်သို့ အမီလိုက်ရန် အရှိန်မြှင့်တင်ပြီး ပျံသန်းလိုက်သည်။ တဖက်လူ၏ အရှိန်နှင့် လိုက်မီသွားသည့်အခါ သူက အမြန်မေးလိုက်သည်။
“ လင်းအာရဲ့ အသက်… လင်းအာက ဘယ်သူလဲ… ရေသူကျွန်းမှာ ပေါ်လာတဲ့တစ်ယောက်လား ”
ရွှီချင်းထံမှာ လင်းအာနာမည်နှင့်ပတ်သက်ပြီး မှတ်ဉာဏ်များများစားစား မရှိပေ။ အတိတ်တုန်းက ရေသူကျွန်းပေါ်တွင် မိန်းကလေးငယ်တစ်ဦးသည် သူ့အား အသက်ဝင်ဓာတ်နှောအများအပြားကို ပေးခဲ့ဖူးသည်။ သို့သော် မိန်းကလေးကို ထိုတစ်ကြိမ်တည်းသာ သူမြင်ခဲ့ဖူးသည်။ သူ့ကို နောက်ထပ် မတွေ့ဖြစ်တော့ပေ။
“ လင်းအာဘယ်သူလဲတောင် မင်းက မသိဘူးလား… ”
ဖန်ချွန်လမ်းအဖိုးအိုသည် ခါးသက်စွာ ရယ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ အဆုံးမဲ့ဝမ်းနည်းပူဆွေးခြင်း ဖြစ်ပေါ်လာပြီး သူ့နှလုံးသားထဲမှာ အဓိပ္ပာယ်မဲ့ ခံစားမှုတစ်ခု ပေါ်ပေါက်လာသည်။
“ မိုက်မဲတဲ့ ကလေးမ… မင်း တကယ်မိုက်မဲတာပဲ… ဘာလို့ ဒီကမ္ဘာမှာ မင်းလိုမိုက်မဲတဲ့ မိန်းကလေး ရှိရတာလဲ… ”