အလောင်းအစား ပြုလုပ်ခြင်း
Vol. 38 Ch. 560
ဟောင်ယွင်၏ မျက်လုံးများ ချက်ချင်း နီရဲလာသည်။ ထိုစကားများက သူမ ကြားချငသော စကား မဟုတ်ပါ။ ယခုအချိန်၌ သူမ အလိုရှိသည့် တစ်ခုတည်းသော အရာမှ တဟေးကို ကယ်နိုင်ရန် ဖြစ်သည်။
“ဟင့် ဟင့် ဟင့်၊ အဓိပ္ပာယ် မရှိလိုက်တာ၊ တဟေးက ဒီလိုမဖြစ်ခင်တုန်းက နေကောင်းနေပါသေးတယ်၊ ဘယ်လိုလုပ် သူက ရုတ်တရက်ကြီး အိုသွားမှာလဲ၊ ကျွန်မ မယုံဘူး၊ ရှင်တို့ မဟုတ်တမ်းတရားတွေ လျှောက်ပြော နေတာ၊ ကယ်နိုင်တဲ့ နည်းလမ်း ရှိကို ရှိရမယ်၊ တဟေး မသေဘူး၊ ဟင့်ဟင့်ဟင့် …”
ဟောင်ယွင်သည် တဟေးဘေးနား၌ ထိုင်ချပြီး မျက်ရည်များ ကျနေသည်။
တဟေးကို သူမ ငယ်စဉ်ကတည်းက မွေးစားထားခြင်း ဖြစ်ပြီး သူမနှင့် အတူတူ ကြီးပြင်းလာခဲ့သည်။ သူမ ကလေးဘဝက တဟေးသည် သူမအား အမြဲ ကာကွယ်ပေးခဲ့သည်။ အတိတ်ကို ပြန်သတိရပြီး ဟောင်ယွင်၏ နှလုံးသားထဲ၌ ပို၍ မသက်မသာ ခံစားလာရလေသည်။
ထို့အပြင် သူမအဘွား ကွယ်လွန်ပြီးသွားကတည်းက သူမအဘိုးသည် အထီးကျန်လာပြီး တဟေးအား အပေါင်း အဖော်အဖြစ် သတ်မှတ်လာခဲ့သည်။ အခု တဟေးသာ စွန့်ခွာသွားပါက သူ့အတွက် ပို၍ ကြီးမားသော နာကျင်မှုတစ်ခု ဖြစ်လာလောက်သည်။
ချင်ပိုင်ချွမ်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ရဲ့လင်းချန်ကို တီးတိုး ပြောလေသည်။
“ဒီနေ့တော့ အခြေအနေ သိပ်မကောင်းတဲ့ပုံပဲ၊ ငါတို့တွေ အချိန်မှားပြီး လာမိပြီ”
အကူအညီ တောင်းရာ၌ လူတစ်ယောက်သည် တစ်ဖက်လူ စိတ်အခြေအနေ ကောင်းနေသော အချိန်ကို ရွေးသင့်ပေသည်။ အကယ်၍ တစ်ဖက်လူက စိတ်အခြေအနေ မကောင်းပါက လျစ်လျူရှုနိုင်ချေ များပေသည်။
ရဲ့လင်းချန်က မျက်မှောင်ကြုတ်၍ တစ်ခဏမျှ စဉ်းစားနေပြီးနောက် ပြန်ပြောလိုက်သည်။
“အဲ့လို မဖြစ်လောက်ပါဘူး”
သူ ဤနေရာသို့ ရောက်လာပြီး ဖြစ်သဖြင့် လက်ဗလာဖြင့် ပြန်သွားရန် စိတ်မကူးထားပါ။ သူ၏ ကိုယ်ပိုင်ကျွန်းကို ဖွံ့ဖြိုးတိုးတက်စေခြင်းက သူ့အတွက် ပထမဆုံး ဦးစားပေး ဖြစ်ခဲ့ပြီးသားပင်။ ၎င်းသည် သူ မြန်နိုင်သမျှ မြန်မြန် လုပ်ဆောင်ရန် လိုအပ်သော အရာ ဖြစ်သည်။
ထို့နောက် သူသည် ရှေ့သို့ အနည်းငယ် လှမ်းလိုက်ပြီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
“အားလုံးပဲ၊ ကျွန်တော့်မှာ အဖြေ တစ်ခု ရှိတယ်လို့ ထင်ပါတယ်”
ရဲ့လင်းချန်၏ စကားက လူတိုင်းကို အံ့ဩသွားစေသည်။ အခြားသူများက အဆင်ပြေသော်လည်း တိရစ္ဆာန် ဆေးကု ဆရာဝန်များက ချက်ချင်း ခွန်းတုံ့ပြန်လာ၏။
“အဓိပ္ပာယ် မရှိလိုက်တာ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
“မင်း မဟုတ်တာတွေ ပြောနေတာပဲ၊ ပညာမဲ့တဲ့သူတွေက တကယ်ကို အကြောက်တရား မရှိတာပဲ၊ ဟေ့ကောင်လေး မင်းက တိရစ္ဆာန် ဆေးကု ဆရာဝန်လား”
“သတ္တဝါတစ်ကောင်ရဲ့ သက်တမ်းက အဆုံးသတ်ကို ရောက်နေတဲ့အချိန်မှာ အခြား ဘာနည်းလမ်း ရှိဦးမှာလဲ၊ ဒါ ရောဂါ မဟုတ်ဘူး၊ ဒါ လူတစ်ယောက်နဲ့ အတူတူပဲ၊ အသက်တစ်ချောင်းကို ဆွဲဆန့်ဖို့က ခက်ခဲလွန်းတယ်ကွ”
“ဟားဟား၊ လေကြီးလိုက်တဲ့ ကောင်လေးပဲ၊ ငါတို့လို တိရစ္ဆာန် ဆေးကု ဆရာဝန်တွေတောင်မှာမှ အဖြေ မရှိတာ၊ မင်းရဲ့ အရူးထတဲ့ စကားကို ဘယ်အပေါ် အခြေခံပြီး ပြောနေတာလဲ”
တိရစ္ဆာန် ဆေးကုဆရာဝန်များထဲမှ အသက် ပိုငယ်သော တစ်ယောက်က မထီမဲ့မြင်စွာ သရော်လေသည်။
“မိန်းကလေးဟောင်ရဲ့ အလှနဲ့ မိသားစု နောက်ခံကို သတိထားမိပြီးမှ မင်း ကြွားဝါးဖို့ ကြိုးစားနေတာလို့ ငါ ထင်တယ်၊ သူ့ဆီက အာရုံစိုက်ခံရတာကို လိုချင်လို့ မဟုတ်လား”
သူသည် စကား စပြောသည်နှင့် ရဲ့လင်းချန်ကို မဟုတ်မမှန်သော စကားများ ပြောဆိုလေတော့သည်။
တကယ်တမ်း၌ သူ၏ စိတ်နှလုံးသားကသာ အမှောင်ထု ဖုံးနေခြင်း ဖြစ်သည်။ သူသည် ဟောင်ယွင်ကို မျက်စိကျ နေသဖြင့် အခြားသူများကိုလည်း သူ့စိတ်နှင့် လိုက်၍ နှိုင်းယှဉ်နေခြင်းပင်။
ဟောင်ယွင်သည် လှပပြီး အားအင်တို့ဖြင့် တက်ကြွလန်းဆန်းကာ အလွန် ကောင်းမွန်သော မိသားစု နောက်ခံ ရှိသည်။ သူ့အတွက် သူမသည် ရုပ်ဆင်းအင်္ဂါနှင့် ချမ်းသာမှုတို့ ပြည့်စုံနေသည့်သူ ဖြစ်သည်။ သူမကို သူ စမြင်လိုက်ကတည်းက ထိုအတွေး ပေါ်လာခြင်း ဖြစ်သည်။ ရဲ့လင်းချန်က ဟောင်ယွင်နှင့် ရင်းနှီးနေသည်ကို မြင်ပြီး သူ၏ မနာလိုစိတ်က နိုးထလာပြီး အသရေဖျက်သော စကားများ ပြောလာခဲ့လေသည်။
ရဲ့လင်းချန်သည် သူ့ကို တစ်ချက်ကြည့်ရုံနှင့် အတွေးကို ချက်ချင်း ရိပ်မိလေသည်။ သူ အေးဆေးစွာ ပြန်ပြောလိုက်သည်။
“ငါ ကုနိုင်မယ်ဆိုရင်ရော”
ဟောင်ယွင်က ရဲ့လင်းချန်ကို ကြည့်လိုက်ပြီးနောက် စိုးရိမ်သော လေသံဖြင့် မေးလာသည်။
“ရဲ့နတ်ဘုရား၊ ရှင် တကယ်ပဲ တဟေးကို ကယ်နိုင်တာလား၊ ဒီတိရစ္ဆာန် ဆေးကု ဆရာဝန်တွေက သူတို့ အသက်မွေးဝမ်းကြောင်းကို ဆယ်နှစ်ကျော် လုပ်လာခဲ့တာ၊ သူတို့အားလုံးက မြို့တော်က နာမည်ကြီးတွေကြီးပဲ၊ ပြီးတော့ တဟေးက တကယ်ကို ဆယ့်လေးနှစ် ကျော်နေပြီ …”
ရဲ့လင်းချန် အရှက်ကွဲမည်ကို သူမ စိုးရိမ်နေ၏။ အခြေအနေက တကယ်ပင် မကောင်းတော့ဘဲ ရဲ့လင်းချန်က သူမ၏ စံပြပုဂ္ဂိုလ် ဖြစ်သည်။ သူမ တဟေးကို ကယ်နိုင်ရန် မျှော်လင့်သော်လည်း ထိုအတွက် ရဲ့လင်းချန် လှောင်ပြောင် သရော်ခံရလျင် သူမ စိတ်မကောင်း ဖြစ်မိလောက်သည်။
ရဲ့လင်းချန်က တည်ငြိမ်စွာ ရယ်မောလေသည်။
“စိတ်မပူပါနဲ့၊ ငါ ပြောမှတော့ အဆင်ပြေလို့ပေါ့”
“ဟးဟား၊ ဘယ်လို လိမ်ရမလဲဆိုတာကို ဘယ်သူက မသိဘဲ ရှိမလဲ”
လူငယ် တိရစ္ဆာန် ဆေးကုဆရာဝန်က လှောင်ပြောင် ရယ်မောလေသည်။ ဟောင်ယွင်၏ ရဲ့လင်းချန်အပေါ် အပြုအမူက သူ့အား ပို၍ မပျော်မရွှင် ဖြစ်လာသည်။
“မင်း ဘယ်လောက် ပညာမဲ့လဲဆိုတာကို မင်း မသိဘူးနဲ့တူတယ်၊ မင်းက သူတို့စိတ်ကို ဘာမှမဟုတ်တဲ့ စကားတွေနဲ့ ခြယ်လှယ်ဖို့ ကြိုးစားနေရုံ သက်သက်ပဲ”
ထို့နောက် သူက ဟောင်ယွင်ဘက်သို့ ကြည့်လိုက်သည်။
“မိန်းကလေးဟောင်၊ တကယ်လို့ ဒီလူရဲ့ ကုသမှုကြောင့် တဟေး သေသွားခဲ့ရင် ကျုပ်တို့ အဲ့အတွက် တာဝန်ယူမှာ မဟုတ်ဘူး”
အခြားသော တိရစ္ဆာန် ဆေးကုဆရာဝန်များကလည်း ခေါင်းညိတ်၍ ထောက်ခံသည်။ တဟေးသည် တကယ်ပင် မကုသနိုင်တော့ချေ။ ဤတဇောက်ကန်းသမားက အချိန်ကိုက် ရောက်လာခဲ့သည်။ ယင်းက သူတို့အတွက် အပြစ်လွှဲချနိုင်မည့် အခွင့်အရေးပင်။ ဤနည်းအားဖြင့် သူတို့သည် ဆရာဟောင်ကို ဆန့်ကျင်သလို မဖြစ်တော့သလို သူတို့၏ ဂုဏ်သိက္ခာကိုလည်း အဖက်ဆယ်နိုင်ပေမည်။
ဟောင်ယွင်သည် ဆုံးဖြတ်ရ ခက်နေ၏။
“ရဲ့နတ်ဘုရား၊ ရှင် တကယ်ပဲ လုပ်နိုင်ရဲ့လား”
သူမ၏ စံပြပုဂ္ဂိုလ်ကိုလည်း သူမ ကောင်းကောင်း သိပါသည်။ သူသည် နာမည်ကြီးတစ်ယောက်သာလျင် ဖြစ်သည်။ ဘယ်လိုလုပ် သူက တဟေးကို ကယ်နိုင်ပါမည်နည်း။
“ဟားဟား ယွင်အာ၊ ရဲ့လင်းချန်ကို စမ်းကြည့်ခိုင်းလိုက်ပါ”
ချင်ပိုင်ချွမ်းက ပြုံးနေသည်။ နတ်ဆေးဆရာဝိုင်ဟူသော ရဲ့လင်းချန်၏ လျှို့ဝှက်ချက်ကို သူ သိနေပြီးသားပင်။ လူနာက ခွေးတစ်ကောင် ဖြစ်သော်လည်း သူ့၌ နည်းလမ်းများ ရှိလောက်သေးသည်။
ဟောင်ယွင်နှင့် ဆရာဟောင်သည် ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေ၏။ ချင်ပိုင်ချွမ်း၏ အကျင့်စရိုက်ကို သူတို့ သိပါသည်။ ဤသို့သော လူငယ်လေး တစ်ယောက်ကို သူ ယုံကြည်နေသည်က မယုံနိုင်စရာပင်။
“ဒါ…ဒါ…ဒါဆိုလဲ စမ်းကြည့်ပါ”
ဟောင်ယွင်က နှုတ်ခမ်းကိုက်၍ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
ရဲ့လင်းချန်က ခေါင်းညိတ်ပြီးနောက် အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
ထူးဆန်းစွာပင် ရဲ့လင်းချန် အနားသို့ ကပ်သွားသည်နှင့် တစ်ချိန်လုံး အီနေသည့် တဟေးက ရုတ်တရက်ဆိုသလို ငြိမ်ကျသွားသည်။ သူက ရဲ့လင်းချန်ကို လှမ်းကြည့်လာပြီး မျက်လုံးတွင်း၌ ချစ်ခင်သော အရိပ်အယောင် ပေါ်လာသည်။
သူ၏ သားရဲ ယဉ်ပါးခြင်း စွမ်းရည်က သူ့အား တိရစ္ဆာန်များထံမှ ချစ်ခင်မှု ရစေသည်။ အထူးသဖြင့် ခွေးကဲ့သို့ အလွန် မခြိမ်းခြောက်နိုင်သည့် တိရစ္ဆာန်များပင်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်က အခြားသူများနှင့် မတူပေ။ သူက သဘာဝနှင့် တသားတည်းကဲ့သို့ ဖြစ်နေ၏။ သူ့နှင့် နီးကပ်လာလျင် တိရစ္ဆာန်များက သက်တောင့်သက်သာ ရှိသလို ခံစားရပေမည်။
ဤမြင်ကွင်းက ကြည့်နေသည့် လူတိုင်းကို အံ့ဩသွားစေသည်။
“ဘာမှမဖြစ်ဘူး၊ စိတ်ချ၊ ငါ မင်းကို ကယ်မယ်”
ရဲ့လင်းချန်က တဟေး၏ ခေါင်းကို ပုတ်လိုက်သည်။ အံ့ဩစရာ ကောင်းစွာပင် တဟေးက နာခံစွာ မျက်လုံးကို မှိတ်လိုက်သည်။
“ဝိုး တကယ် အလုပ်ဖြစ်တာပဲ၊ တဟေးက ကျွန်မရှေ့မှာ အဲ့လောက် တစ်ခါမှ မနာခံဖူးဘူး”
ဟောင်ယွင်က ထိုသို့ပြောလာပြီး သူ့အပေါ် ယုံကြည်မှုက ပိုတိုးလာသည်။
“ကျစ် … အပျင်းပြေ လှည့်ကွက်လေးပါကွာ”
လူငယ် တိရစ္ဆာန် ဆေးကု ဆရာဝန်က မကျေမနပ် ပြောလေသည်။
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားပြီး လူငယ် တိရစ္ဆာန် ဆေးကု ဆရာဝန်အား လှည့်ကြည့်လိုက်သည်။ အစက သူသည် ဤလူပြက်နှင့် ယှဉ်ပြောရသည်အထိ သူ့အဆင့်အတန်းကို မနှိမ့်ချင်ခဲ့ပါ။ သို့သော် ယင်းက သူ ဆက်တိုက် စော်ကားလာသည်ကို သည်းခံမည်ဟု မဆိုလိုချေ။
“မင်း အသုံးမကျရင် ပါးစပ် ပိတ်ထားလိုက်”
ရဲ့လင်းချန်က တည်ငြိမ်စွာ ပြန်တုံ့ပြန်လိုက်သည်။
“မင်း … အောက်တန်းကျတဲ့ကောင်”
လူငယ် တိရစ္ဆာန် ဆေးကု ဆရာဝန်က ဒေါသတကြီး ပြောလာသည်။
ရဲ့လင်းချန်က လက်ကို တန့်လိုက်သည်။
“မင်း ငါ့ကို မယုံမှတော့ ငါတို့ အလောင်းအစား လုပ်ကြမလား၊ ငါ တဟေးကို အောင်အောင်မြင်မြင် ကုနိုင်ရင် မင်း တိရစ္ဆာန် ဆေးကု ဆရာဝန်အဖြစ် ထပ်ပြီး အသက်မမွေးရဘူး၊ ဘယ်လိုလဲ”
လူငယ် တိရစ္ဆာန် ဆေးကု ဆရာဝန်၏ အမူအရာ ပြောင်းလဲသွားပြီးနောက် ပျက်ရယ်ပြုလာသည်။
“ဘာအတွက်လဲ၊ မင်းက ဘာမို့လို့လဲ၊ ငါနဲ့ အလောင်းအစား လုပ်ရအောင် မင်းက ဘယ်လောက် ထိုက်တန်လို့လဲ”
သူ့စကားအဆုံး၌ ချင်ပိုင်ချွမ်းက အေးစက်စွာ ဝင်ပြောလာသည်။
“ငါ မျက်မြင်သက်သေ လုပ်ပေးမယ်ဆိုရင်ရော၊ အဲ့လိုဆိုရင်ရော ဖြစ်လား”
“ခင်ဗျားကရော ဘယ်သူမို့လို့လဲ”
“ဒါဆို ရပြီလား”
ချင်ပိုင်ချွမ်းက သူ့အထောက်အထားကဒ်ကို ပြလိုက်သည်။
“ဒါက …”
လူငယ် တိရစ္ဆာန် ဆေးကု ဆရာဝန် အပါအဝင် တိရစ္ဆာန် ဆေးကု ဆရာဝန်များအားလုံး အံ့ဩသွားကြသည်။
*ဒါ စစ်သည်တော်ဌာနရဲ့ နည်းပြချုပ်ပဲ၊ သူက ဗိုလ်ချုပ်မှူးကြီးပေါ့*
ဤသည်က အရာရှိများကြားထဲမှ အရာရှိကြီး ဖြစ်လေသည်။ သူတို့၏ တိရစ္ဆာန် ဆေးကု ဆရာဝန် လိုင်စင်ကို တစ်သက်လုံး ပိတ်သိမ်းရန် မဆိုထားနှင့်၊ သူတို့ကို ချက်ချင်း ဖယ်ရှားရန် သူ့ထံမှ အမိန့်လေး တစ်ခုသာ လိုအပ် ပေသည်။
လူငယ် တိရစ္ဆာန် ဆေးကု ဆရာဝန်၏ မျက်နှာက ချက်ချင်း ဖြူရော်သွားပြီး အံ့ဩလွန်း၍ စကားပင် မပြောနိုင် တော့ချေ။
ချင်ပိုင်ချွမ်းက သူတို့အဖွဲ့ကို အေးစက်စက် ဝေ့ကြည့်လိုက်သဖြင့် သူတို့ ချက်ချင်း ငြိမ်ကုပ်သွားသည်။
သူသည် လုပ်ငန်း လုပ်ဆောင်ရန် ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။ ဤတိရစ္ဆာန် ဆေးကု ဆရာဝန်များက တိရစ္ဆာန်များကို ကုသရုံသက်သက်သာ ရှိသည်။ သူတို့၏ အဆင့်အတန်းက မတူညီသလို လူမှုပတ်ဝန်းကျင်၌ ဂုဏ်သတင်းကလည်း အကန့်အသတ်နှင့် ဖြစ်သည်။ ရဲ့လင်းချန်နှင့် ယှဉ်လိုက်လျင် လမင်းကို ယှဉ်ချင်နေသော ပိုးစုန်းကြူးများသာ ဖြစ်ပေသည်။
ထိုပမွှားကောင်များက အချိန်အတော်ကြာအောင် ပြောဆိုနေခြင်းက ချင်ပိုင်ချွမ်း၏ စိတ်ရှည်မှုကို ကုန်ဆုံးလာ စေသည်။
သူ၏ လုပ်ငန်းများ နှောင့်နှေးသွားပါက ဤလူများသည် အပြစ်သားများ ဖြစ်လာပေတော့မည်။