ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်
Vol. 38 Ch. 561
အချို့သောသူများသည် လူတစ်ယောက်က သူတို့အား ယဉ်ယဉ်ကျေးကျေးနှင့် လေးလေးစားစား ဆက်ဆံလျင် ရန်လို အပြစ်တင်တတ်သည်။ သူတို့ကို ပါးစပ်ပိတ်သွားစေသည့် တစ်ခုတည်းသော နည်းလမ်းမှာ ကြောက်လန့် သွားအောင် လုပ်ခြင်းပင်တည်း။
ဆရာဟောင်သည် ရဲ့လင်းချန်အား ကြည့်၍ မနည်းပြုံးကာ ပြောလိုက်သည်။
“လူငယ်လေး၊ မစ္စတာချင်က မင်းအပေါ် လုံးဝ ယုံကြည်တာက မင်းက တော်တော် အရည်အချင်း ရှိတယ်လို့ ပြနေတာပဲ၊ အကောင်းဆုံး ကြိုးစားပေးပါ၊ မင်း တဟေးကို ကုနိုင်တယ်ဆိုရင် ငါ မင်းအတွက် ဘာမဆို အကောင်းဆုံး ကြိုးစားပေးမယ်”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ ဆရာဟောင်”
သူသည် ထိုသို့ပြောပြီးသည်နှင့် တဟေး၏ ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအင်က လက်ဝါးတွင် လာစုဝေးလာပြီးနောက် တဟေး၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားလေသည်။
ရဲ့လင်းချန်သည် ကျင့်ကြံခြင်း၏ စိတ်ဝိညာဉ် စွမ်းအင်ကို အလွန် ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီးသား ဖြစ်သည်။ ရဲ့လင်းချန်၏ ခန့်မှန်းမှုအရ ဤသို့သော စိတ်ဝိညာဉ်စွမ်းအင်သည် ကိုယ်ခန္ဓာကို အားဖြည့်တင်းရန် မိုးမြေ၏ စိတ်ဝိညာဉ်ကို စုပ်ယူရန် အသုံးချလေသည်။ ၎င်းသည် လူတစ်ယောက်၏ ကျန်းမာရေးကို ထိန်းသိမ်းရန် အလွန် ကောင်းမွန်သော နည်းပညာတစ်ခု ဖြစ်သည်။ စနစ်၏ အဆင့်မြှင့်မှုမှတစ်ဆင့် ရဲ့လင်းချန်သည် ထိုစိတ်ဝိညာဉ် စွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။
ဤစိတ်ဝိညာဉ် စွမ်းအင်က အရာအားလုံး၌ အသုံးပြုနိုင်လေသည်။ ယင်းအား ရဲ့လင်းချန်၏ ဆေးပညာ စွမ်းရည် တွင်လည်း အသုံးပြုနိုင်သည်။ အထူးသဖြင့် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို တိုးတက်စေပြီး အသက်ကို ရှည်စေနိုင်သည်။
ဥပမာအားဖြင့် လိပ်အိုကြီးနှင့် ဧရာမ စပါးအုံးမြွေကြီးတို့ ဖြစ်သည်။ ထိုဧရာမ သားရဲနှစ်ကောင်တွင် တိကျသော ချီသန့်စင်မှု နည်းလမ်း မရှိသော်လည်း စိတ်ဝိညာဉ် စွမ်းအင်မှတစ်ဆင့် ချီကို စုပ်ယူနိုင်ရန် ပင်ကိုဗီဇကိုသာ အားထားခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအင်၏ အကျိုးကျေးဇူးများကို ရဲ့လင်းချန် သိသိသာသာ ခံစားမိသည်။ ကျင့်ကြံခြင်းသည် တကယ်ကို ဟာသ မဟုတ်ပေ။
တဟေး၏ သက်တမ်းက စေ့နေပြီဖြစ်သဖြင့် ရဲ့လင်းချန်သည် သူ၏ သက်တမ်းကို ဆွဲဆန့်ရုံသာ လုပ်နိုင်ပေသည်။
စိတ်ဝိညာဉ် စွမ်းအင်က တဟေး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ရဲ့လင်းချန်သည် ၎င်း၏ ယိုယွင်းနေသော ကိုယ်အင်္ဂါ လုပ်ဆောင်ချက်များကို ခံစားမိသည်။ ၎င်း၏ သွေးလွှတ်ကြောဖြစ်စေ၊ နှလုံး ဖြစ်စေ အားလုံးက အားနည်းနေလေပြီ။
တကယ်တမ်းတွင် ဤခွေးသည် အသက်ရှည်သော ခွေးတစ်ကောင် ဖြစ်သည်။ အသက် ကြီးလာသည်မှအပ သူ၏ ခန္ဓာကိုယ်၌ ဘာရောဂါ လက္ခဏာမှ မရှိသလို အလွန် ကျန်းမာလေသည်။
စိတ်ဝိညာဉ် စွမ်းအင်များ ရရှိလာသောအခါ သူသည် ခြောက်သွေ့နေသော မြေဆီလွှာက ရေဓာတ် ရရှိလာသကဲ့သို့ အားအင် ပြည့်ဝလာလေသည်။
“ဝု ဝု …”
တဟေးသည် ပါးစပ်ကို သပ်၍ ခပ်နိမ့်နိမ့်အသ့ဖြင့် စတင် ညည်းလာသည်။ သူက ရဲ့လင်းချန်ကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်နေသည်။
ရဲ့လင်းချန်သည် ခွေးဘာသာစကားကို နားလည်သဖြင့် ဘာကို ပြောချင်နေမှန်း သိနေသည်။
“ဒီလူသားက တော်တော် အစွမ်းရှိတာပဲ၊ သိပ်နေလို့ကောင်းတယ်၊ ကျေးဇူးတင်ပါတယ်၊ ငါ အသက်ပြန်ရှင် လာသလို ခံစားရတယ်၊ ကျေးဇူးတင်ပါတယ် အင်မော်တယ်ကြီး၊ ကျေးဇူးတင်ပါတယ်”
တဟေးသည် အလွန် ကျိုးနွံသည်။ သူသည် မျက်လုံးများကို မှိတ်၍ ရဲ့လင်းချန်အား သူ့အမွေးများကို ပွတ်သပ်ခွင့် ပေးနေသည်။
ရဲ့လင်းချန်က အသာပြုံး၍ တဟေး၏ ကျောပြင်ကို လက်ဝါးဖြင့် ဖိလိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များက သူ၏ သွေးကြောများထဲသို့ ဖြည်းညင်းစွာ စီးဆင်းသွားပြီး တဟေး၏ သေလုနီးပါး ဖြစ်နေသော ခန္ဓာကိုယ်က အမွေးအမျင်များ စိုပြည်ကာ တိုးတက်လာလေသည်။
သိပ်မကြာခင်မှာပင် တဟေး၏ အကျင့်စရိုက်တစ်ခုလုံးက သိသိသာသာ ပြောင်းလဲလာ၏။ သူ၏ မျက်လုံးများက တောက်ပလာပြီး ပို၍ အားအင် တက်ကြွလာကာ စိတ်ဝိညာဉ်ပါ ခိုင်မာလာသည်။
ဤမြင်ကွင်းကို ကြည့်နေသည့် လူများအားလုံး အံ့ဩသွားကြသည်။ အထူးသဖြင့် တိရစ္ဆာန် ဆေးကု ဆရာဝန်များပင်။
“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
လူငယ် တိရစ္ဆာန် ဆေးကုဆရာဝန်က မနေနိုင်ဘဲ မေးလာသည်။
ထို့နောက် အခြားသော တိရစ္ဆာန် ဆေးကုဆရာဝန်များကလည်း ဆူညံလာလေသည်။
“ဒါ သေရာက ပြန်ရှင်လာတာပဲ၊ ဒါ တကယ်ကို သေရာက ပြန်ရှင်လာတာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ၊ လုံးဝ သိပ္ပံ နည်းမကျဘူး”
“မဖြစ်နိုင်ဘူး၊ ဒါ လုံးဝကို မဖြစ်နိုင်ဘူး၊ သူ လုံးဝ ဘာမှမလုပ်ဘူးလေ၊ သူက ခွေးကို ထိရုံလေးပဲ ထိလိုက်တာ၊ ဘယ်လိုလုပ် ပြန်ပြီး ကျန်းမာလာရတာလဲ”
“ဒါ အတုအယောင်ပဲ ဖြစ်ရမယ်၊ ဒါ သေခါနီး နောက်ဆုံး လှုပ်ရှားမှုပဲ ဖြစ်မယ်”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါ နောက်ဆုံးအကြိမ် အားတင်းထားတာ၊ ဒီခွေးက လုံးဝ မပျောက်သွားဘူး”
ဤသို့သော ဆန်းကြယ်မှုက တိရစ္ဆာန် ဆေးကုဆရာဝန်များ၏ အမြင်အပေါ် တိုက်ရိုက် ရိုက်ခတ်သွားသည်။ သူတို့ ဦးနှောက်ခြောက်သွားပြီး ရဲ့လင်းချန် ဘယ်လိုလုပ်လိုက်သလဲ စဉ်းစားမရ ဖြစ်နေသည်။
“စိတ်ကြွဆေး၊ ဒါ စိတ်ကြွဆေးပဲ”
လူငယ် တိရစ္ဆာန် ဆေးကုဆရာဝန်၏ မျက်လုံးများက ရုတ်တရက် ဝင်းလက်သွားပြီး အော်ဟစ် ပြောဆိုလေသည်။
“မင်း ဒီခွေးကို စိတ်ကြွဆေး ပေးလိုက်တာ၊ မင်း မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သူ့သေဆုံးမှုကို မြန်အောင် လုပ်လိုက်တာပဲ”
“ဒါ ဖြစ်နိုင်တယ်၊ စိတ်ကြွဆေးတွေမှာပဲ ဒီလို အာနိသင် ရှိတာ”
“ဒါ ယုတ်ညံတာပဲ၊ နှလုံးသားမရှိတာ”
အခြားသော တိရစ္ဆာန် ဆေးကုဆရာဝန်များကလည်း တစ်ယောက်ပြီး တစ်ယောက် မှတ်ချက် ပြုလာသည်။
ရဲ့လင်းချန်က အေးတိအေးစက် ပြုံးလိုက်သည်။
“ခင်ဗျားတို့အားလုံး ကန်းနေတာလား၊ ကျုပ်က လူတိုင်းရှေ့မှာ ရှိနေတာလေ၊ ကျုပ်သာ စိတ်ကြွဆေး ထိုးလိုက်ရင် ခင်ဗျားတို့ မြင်မှာ မဟုတ်ဘူးလား၊ ခင်ဗျားတို့ ကြိုးစားတာ မအောင်မြင်တာနဲ့ ကျုပ်လဲ ကျရှုံးမယ်လို့ မဆိုလိုဘူးလေ၊ ဟုတ်တယ်မလား၊ အဓိပ္ပာယ် မရှိလိုက်တာ”
တိရစ္ဆာန် ဆေးကုဆရာဝန်များအားလုံး ချက်ချင်းဆိုသလို ပြောစရာ စကားမဲ့သွားလေသည်။ လူငယ် တိရစ္ဆာန် ဆေးကုဆရာဝန်၏ မျက်နှာထားသည်လည်း ဖြူရော်လာသည်။
ထိုအချိန်တွင် တဟေး၏ စိတ်ဝိညာဉ်က ပြန်ကောင်းလာပြီး ထရပ်လာ၏။ ထို့နောက် သူသည် အလွန် ဖော်ရွေသော အမူအရာဖြင့် ရဲ့လင်းချန်၏ ခန္ဓာကိုယ်အား သူ့ခေါင်းဖြင့် ပွတ်တိုက်လေသည်။
အံ့ဩနေသော ဆရာဟောင်သည် ချက်ချင်း ပြေးသွားပြီး တဟေးအား ဖက်လိုက်သည်။ တဟေး ရုန်းကန်ပြီး အသက် ပြန်ရှင်လာသည်ကို မြင်လိုက်ရသဖြင့် သူ ဝမ်းသာနေမိသည်။
“တဟေး ငါ့ကို လာဖက်ပါဦး”
ဟောင်ယွင်သည် မျက်ရည်များကို သုတ်၍ တဟေးအား လက်ဝှေ့ယမ်း၍ ခေါ်လေသည်။ တဟေးက ချက်ချင်း ပြေးလာသဖြင့် ဟောင်ယွင် ပြုံးလာသည်။
ဆရာဟောင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး ရဲ့လင်းချန်၏ လက်မောင်းကို ပျော်ရွှင်စွာ ဆုပ်ကိုင်လိုက်သည်။
“လူငယ်လေး၊ မင်းရဲ့ ဆေးပညာက တကယ် အံ့ဩဖို့ ကောင်းတယ်၊ ကျေးဇူး အများကြီး တင်ပါတယ်ကွာ၊ ဒါ တကယ်ကို ဆန်းကြယ်မှုပဲ”
ရဲ့လင်းချန်က နှိမ့်ချစွာ ပြုံးလိုက်သည်။
“ဒါ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ တရုတ် ဆေးကုနည်းအချို့လေးပါပဲ၊ အဲ့ဒါကို ကျွန်တော်ကို နည်းနည်း နားလည်ထားမိရုံလေးပါ”
“ဒါ တကယ်ကို ငါတို့ဘိုးဘေးတွေ လက်ဆင့်ကမ်းလာခဲ့တာပဲ၊ တရုတ် ယဉ်ကျေးမှုက တကယ်ကို နက်နဲပြီး ဆန်းကြယ်တယ်၊ ငါ ဒီနေ့ မင်းနဲ့ တွေ့ရတာ ကံကောင်းတာပဲ”
ဆရာဟောင်က ရုတ်တရက် သိမြင်နားလည်သွားသော အမူအရာနှင့် ပြောလာသည်။
အခြားသော တိရစ္ဆာန် ဆေးကုဆရာဝန်များသည်လည်း အနည်းငယ် ထိတ်လန့်နေ၏။
“အာ … ဆိုတော့ ဒါ ဘိုးဘပိုင် နည်းလမ်းတစ်ခုပေါ့၊ မကြားဖူးတာ မဆန်းပါဘူး”
“တရုတ်နိုင်ငံရဲ့ အမွေအနှစ်က သိပ်နက်နဲတယ်၊ ငါတို့ အများကြီး ဆုံးရှုံးလိုက်ရတာ ဆိုးတာပဲ”
“လတ်စသက်တော့ ငါတို့ ဘိုးဘေးတွေဆီက ရတဲ့ တရုတ်ဆေးပညာ ဖြစ်နေတာကိုး၊ အံ့ဩဖို့ ကောင်းတာ မဆန်းပါဘူးလေ”
…
နိုင်ငံခြားသားများကို အားကျလေးစားသည့် ခေတ်ရေစီးကြောင်း ပေါ်လာကတည်းက တရုတ်နိုင်ငံတွင်းမှ အရာအများစုသည် နိမ့်ကျသလို ဆက်ဆံခံလာရသည်။ အကြောင်းအရာ တော်တော်များများကို ဆုံးရှုံးလိုက်ရပြီး နှစ်ထောင်ချီ သက်တမ်းရှိသည့် အမွေအနှစ်များက တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်း တဖြည်းဖြည်း သတိဝင်လာသောအခါ သူတို့၏ ဘိုးဘေးများ ထားခဲ့သော အဖိုးတန် အရာများ ရှိနေပြီး ထိုအရာမျာအား ထပ်မံ၍ ရှာမတွေ့တော့သည်ကို သတိပြုမိလာသည်။
“ဟဲဟဲ ခွေးတွေက မလိမ်တတ်ဘူး၊ ရလဒ်က သိသာနေတာပဲ”
ချင်ပိုင်ချွမ်းက ပြုံးနေသည်။ သို့သော် တစ်ခဏအတွင်း သူ့မျက်နှာက မည်းမှောင်သွားသည်။
“ဒီလိုဆိုရင် ခုနက ငါတို့ရဲ့ အလောင်းအစားက အကျုံးဝင်တာပဲ”
လူငယ် တိရစ္ဆာန် ဆေးကုဆရာဝန်၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားပြီး ချီတုံချတုံ ဖြစ်သွားသည်။
“ဘာ … ဘာအလောင်းအစားလဲ၊ ခင်ဗျား ဘာတွေပြောနေတာလဲ ကျုပ်နားမလည်ဘူး”
“မင်းက ငါ့ရှေ့မှာ ကတိဖျက်ရဲတာလား”
ချင်ပိုင်ချွမ်း မျက်မှောင်ကြုတ်သွားလေသည်။
“ကျွန် … ကျွန်တော် …”
လူငယ် တိရစ္ဆာန် ဆေးကုဆရာဝန်သည် ရင်တဒိန်းဒိန်း ခုန်လာပြီး မျက်လုံး ကစားနေ၏။ ထို့နောက် သူက ပြောလာသည်။
“ခင်ဗျားက စစ်သည်တော်ဌာနက ဆိုရင်တောင်မှ ကျုပ်ကို အပြစ်ပေးဖို့ အရည်အချင်း မရှိဘူး၊ ကျုပ်က ပြစ်မှု ကျူးလွန်လို့လား၊ ခင်ဗျားက အာဏာကို အသုံးချနေတာပဲ၊ သတိထား မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို တိုင်ပစ်မယ်”
သူ့စကားတွင် ဖြောင့်မတ်မှန်ကန်ဟန်များ ပြည့်နေပြီး မသိလျင် သူက ခံရသူလိုပင်။
“မင်းက စစ်သည်တော်ဌာနရဲ့ အမြင့်တန်း ကြီးကြပ်သူကို ပုတ်ခတ်စော်ကားခဲ့တယ်၊ ဒါ မင်းအတွက် ပြစ်မှု မဟုတ်သေးဘူးလား”
ရဲ့လင်းချန်က သူ၏ ကဒ်ပြားကို ထုတ်ပြလိုက်သည်။
တိရစ္ဆာန် ဆေးကုဆရာဝန်သည် ပါးစပ် အနည်းငယ် ဟသွားပြီး ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေသည်။ သူ့မျက်နှာက အလိုလို ပြာနှမ်းလာပြီး ဝန်ခံလေသည်။
“ကျုပ်အမှားကို ဝန်ခံပါတယ်၊ ဒီအလောင်းအစားမှာ ကျုပ် ရှုံးသွားတာကို လက်ခံပါတယ်၊ ကျုပ် ထပ်ပြီးတော့ တိရစ္ဆာန် ဆေးကုဆရာဝန် မလုပ်တော့ဖို့ ကတိပေးပါတယ်”
သူသည် ထိုအတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်နေခြင်း ဖြစ်သော်လည်း ဘာမှ ထပ်မပြောရဲချေ။ သူသည် အစောပိုင်းက ရဲ့လင်းချန်အား ရင့်သီးစွာ ပြောဆိုခဲ့သည်။ ရဲ့လင်းချန်သာ တကယ် အမှုဖွင့်ပါက သူ ထောင်ကျနိုင်ချေ များပေသည်။
ခွေးရူးသဖွယ် ပြုမူ၍ လူတိုင်းကို အကြောင်းမဲ့သက်သက် လိုက်ကိုက်ချင်နေသည့် သူ့ကိုယ်သူသာ အပြစ်တင်ရ ပေတော့မည်။ သူကိုယ်တိုင် ယူဆောင်လာသော ကပ်ဘေး၏ ဂယက်ရိုက်မှုများမှ သူ့အတွက် လွတ်လမ်း မရှိတော့ချေ။