← Chapters

အကောင်းဆုံး အောင်မြင်မှု

Vol. 38 Ch. 562

အကောင်းဆုံး အောင်မြင်မှု

Vol. 38 Ch. 562

“မကြာခင် တစ်ယောက်ယောက် လာပြီး မင်းရဲ့ ဆေးပညာ ဘွဲ့လက်မှတ်ကို ရုတ်သိမ်းလိမ့်မယ်”

ချင်ပိုင်ချွမ်းသည် တိရစ္ဆာန် ဆေးကု ဆရာဝန်အား ထပ်၍ပင် ကြည့်မနေတော့ချေ။

အခြားသော တိရစ္ဆာန် ဆေးကု ဆရာဝန်များ ထိတ်လန့်သွားပြီး ဘာမျှ ထပ်မပြောရဲတော့ပေ။

“ဆရာဟောင်၊ တကယ်တော့ ကျွန်တော် ဒီကိုလာတာက ဆရာ့ဆီက အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ”

ရဲ့လင်းချန် ပြောပြလိုက်သည်။

“ငါ အရင်က ပြောခဲ့သလိုပါပဲ၊ မင်း တဟေးကို ကုနိုင်သရွေ့ မင်းရဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းနိုင်ဖို့ ငါ အကောင်းဆုံး ကြိုးစားမှာပါ”

ဆရာဟောင်က ပြုံးနေပြီးနောက် သူ့ဘေးမှ တိရစ္ဆာန် ဆေးကု ဆရာဝန်များကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“မင်းတို့က ဘာလို့ ဒီမှာ ရှိနေသေးတာလဲ၊ အိမ်တော်ထိန်း ငါတို့ ဧည့်သည်တွေကို မြန်မြန် လိုက်ပို့လိုက်ပါ”

တိရစ္ဆာန် ဆေးကု ဆရာဝန်များ ပြန်သွားချိန်တွင် ရဲ့လင်းချန်နှင့် ချင်ပိုင်ချွမ်းတို့ကို ခမ်းနားသော ဧည့်ခန်းဆီသို့ ခေါ်ဆောင်သွားလေသည်။ ထို့နောက် ဟင်းလျာများ ပြင်ဆင်ပြီး ရဲ့လင်းချန်အား နွေးနွေးထွေးထွေး ကြိုဆိုကြသည်။

ဟောင်ယွင်သည်လည်း သူတို့ဘေးမှ လိုက်လာပြီး ရဲ့လင်းချန်၏ ပရိသတ်အဖြစ် ပြုမူနေသည်။

“ရှင်က တကယ်ပဲ နတ်ဆေးဆရာဝိုင်လား”

ဟောင်ယွင်သည် ထိုအကြောင်း သိသွားပြီးနောက် ရဲ့လင်းချန်အား တအံ့တဩ ကြည့်နေသည်။ သူမသည် ပါးစပ်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး အော်ဟစ်မိလုနီးနီး ဖြစ်နေ၏။

“ဝိုး … ရှင့်ရဲ့ ဆေးပညာက သိပ်အံ့ဩဖို့ ကောင်းတာပဲ၊ အရင်တစ်ခေါက်က လေပူလက္ခဏာ တုပ်ကွေးရောဂါကနေ ရှင် လူတွေ အများကြီးကို ကယ်ခဲ့တယ်၊ ကျွန်မက နတ်ဆေးဆရာဝိုင်ရဲ့ ပရိသတ်ပဲလေ ပြီးတော့ နှစ်ယောက် စလုံးက ရှင်ပဲလို့ ကျွန်မ လုံးဝ ထင်မထားမိဘူး”

ဟောင်ယွင်က ရဲ့လင်းချန်ကို ဖက်ထားသည်။

“ငါ ခုနက တော်တော် အံ့ဩနေခဲ့တာ”

“မင်း တဟေးကို ကယ်နိုင်တာ မဆန်းတော့ပါဘူး”

ဆရာဟောင်သည်လည်း ရဲ့လင်းချန်အပေါ် အမြင် ပြောင်းလဲသွားလေသည်။ အကယ်၍ ရဲ့လင်းချန်သည် သူ့ထံသို့ နာမည်ကြီး အနုပညာရှင်တစ်ယောက်အဖြစ် လာခဲ့ပါက ဆရာဟောင် သူ့ကို သိပ်အလေးထားမိမည် မဟုတ်ပါ။ သို့သော် နတ်ဆေးဆရာဝိုင်ဆိုလျင် အခြေအနေက လုံးဝ ခြားနားပေသည်။ သူတောင်မှ နတ်ဆေးဆရာဝိုင်ကို လေးနက်စွာ လေးစားမိသည်။ ယင်းသည် ဂုဏ်သိက္ခာက မည်မျှ အဖိုးတန်ကြောင်း ပြသနေ၏။

ထို့နောက် ရဲ့လင်းချန်သည် ဆရာဟောင်အား သူ၏ အစီအစဉ်များနှင့် ကျွန်းပေါ်မှ အခြေခံ အဆောက်အအုံ အကြောင်း ပြောြပလိုက်သည်။

ရဲ့လင်းချန်က လူသူမဲ့ကျွန်းတစ်ကျွန်းအား ဖွံ့ဖြိုးတိုးတက်ရန် ပြင်ဆင်နေကြောင်း ကြားလိုက်ရသောအခါ ဆရာဟောင်နှင့် ဟောင်ယွင်တို့ အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားလှသော အကျယ်အဝန်း ကြောင့်ပင်။

“ရဲ့နတ်ဘုရား၊ ရှင် တကယ်ပဲ ကျွန်းတစ်ကျွန်းကို တိုးတက်အောင် လုပ်မလို့လား၊ ဒါ တော်တော် ကုန်ကျမှာနော်၊ ဒါ နောက်စရာ မဟုတ်ဘူးနော်၊ ဒါက ပိုက်ဆံ ဖြုန်းနေသလိုပဲ”

ဟောင်ယွင် မနေနိုင်ဘဲ ဝင်ပြောမိသည်။

သူမသည် ဆရာဟောင်နှင့် အနီးကပ်ဆုံး နေခဲ့သဖြင့် ဆောက်လုပ်ရေးကိုလည်း အနည်းငယ် နားလည်ပါသည်။ ကျွန်းတစ်ကျွန်းပေါ်၌ အခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်းက အိမ်တစ်လုံး ဆောက်လုပ်ခြင်းလောက် မရိုးရှင်းပေ။ ကျွန်း၏ လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းပစ္စယများကလည်း အလွန် အရေးကြီးသည်။ ဥပမာအားဖြင့် လမ်းများဖောက်ခြင်း၊ ပန်းခြံ တည်ဆောက်ခြင်း သို့မဟုတ် မြစ်အား လိုအပ်သလောက် ချဲ့ခြင်းတို့ ဖြစ်သည်။

“ဟုတ်တယ် မိတ်ဆွေလေးရဲ့၊ မင်း စိတ်ပိုင်းဆိုင်ရာပါ ပြင်ဆင်ထားမှ ရမယ်၊ မင်းရဲ့ အစီအစဉ်အရဆို ကျွန်းရဲ့ အခြေခံ အဆောက်အအုံက အသင့်အတင့် မဟုတ်ဘူး၊ ပြီးတော့ ဒါက ငွေကုန်ကြေးကျ မြင့်မားမယ့် ရှုခင်းမျိုးပဲ၊ မင်းက ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားအောင် ကြယ်ခုနစ်ပွင့် ဟိုတယ်နဲ့ မြေအောက် ကျွန်းအခြေစိုက် စခန်းပါ ဆောက်ချင်နေသေးတာ၊ ဒါ တော်တော် တန်ဖိုးကြီးတယ်”

ဆရာဟောင်ကဲ့သို့ အတွေ့အကြုံရင့်သော သူတောင်မှ ထိတ်လန့်သွားရသည်။

“ဆရာဟောင် အချိန်ကျလာရင် ဒီရန်ပုံငွေတွေက အဆင်သင့် ဖြစ်လာမှာမို့လို့ စိတ်ချထားလို့ ရပါတယ်၊ အခုအတွက်က ကျွန်တော်တို့ ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး စက်ရုံလေးပဲ ဆောက်ဖို့ လိုတာပါ”

ရဲ့လင်းချန် ပြောလိုက်သည်။

ဆရာဟောင်က ခေါင်းညိတ်လေသည်။ သူသည်လည်း အစောပိုင်းက စကားဝိုင်းမှတစ်ဆင့် ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး စက်ရုံ၏ အရေးပါမှုကို သတိပြုမိသည်။

“ဒါပေမဲ့ … အဲ့ဒီ ဆေးဝါး ထုတ်လုပ် ဖြန့်ချိရေး စက်ရုံကို ဘယ်မှာ ဘယ်လို ဆောက်မလဲဆိုတဲ့ ပြဿနာက ရှိနေသေးတယ်၊ ကျွန်းတစ်ခုလုံးရဲ့ အခြေအနေကို စဉ်းစားမှ ဖြစ်မှာ၊ ဆောက်လုပ်ရေး အစီအစဉ်ကို ဒီဇိုင်းဆွဲပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုတာက ငွေတော်တော်ကုန်မှာ”

ဆရာဟောင် မျက်မှောင်ကြုတ်နေ၏။

ကျွန်းတစ်ကျွန်း၏ ဒီဇိုင်းနှင့် ဆောက်လုပ်ရေး အစီအစဉ်က ငွေသန်းချီ၍ ကုန်ကျလောက်သည်။

“ကျွန်တော် ဆောက်လုပ်ရေး အစီအစဉ်ကို စဉ်းစားပြီးပါပြီ”

ရဲ့လင်းချန်က ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သူသည် ကျွန်းကို လေ့လာပြီး ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် သူသည် ယူလာသော ပုံကြမ်းကို ထုတ်ပြလိုက်သည်။

ဆရာဟောင်က ဘာမှမပြောဘဲ ပုံကြမ်းကို ငြိမ်၍ လက်ခံလိုက်လေသည်။

“အာ …”

ပုံကို ကြည့်ပြီးပြီးနောက် သူ အာမေဋိတ်သံ ထွက်လာပြီး ရဲ့လင်းချန်အား တအံ့တဩ ပြန်ကြည့်သည်။

“ဒါကို မင်းကိုယ်တိုင် ဒီဇိုင်းဆွဲထားတာလား”

“အင်း”

ရဲ့လင်းချန် ခေါင်းညိတ်ပြလိုက်သည်။

“ဒီဇိုင်း ရေးဆွဲတဲ့ နေရာမှာလဲ မင်း ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်း တော်တော်လေး ကျွမ်းကျင်တာလို့ ငါ ပြောရမှာပဲ”

ဆရာဟောင်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ အပေါ်ယံ၌ တည်ငြိမ်ချင်ယောင် ဆောင်နေသော်လည်း သူ့စိတ်ထဲ၌ တုန်လှုပ်နေပြီ ဖြစ်သည်။

*ဒီလူငယ်လေးက တော်တော်လေး ကြောက်ဖို့ကောင်းတာပဲ၊ ဘာလို့ သူက အားလုံးကို သိသလို ဖြစ်နေရတာလဲ”

ဆရာဟောင်၏ အမြင်က အလွန် စူးရှသည်။ ထိုပုံကြမ်း၏ တစ်မူထူးခြားသော လက္ခဏာများကို သူ တစ်ချက် ကြည့်ရုံနှင့် သတိထားမိသည်။

ရေးဆွဲထားသည့် နည်းလမ်းက ကျွမ်းကျင်စွာ ပြုလုပ်ထားသည်။ သို့မဟုတ် ထို့ထက်ပင် ပိုလောက်သည်။ မြေမျက်နှာသွင်ပြင်ကို ထည့်သွင်း စဉ်းစားထားရုံသာမက ရာသီဥတု၊ လေတိုက်ရာ အရပ်၊ ရေစီးဆင်းပုံနှင့် စိုစွတ်မှုတို့ကိုပါ ထည့်သွင်း စဉ်းစားထားသည်။ အချို့သော နေရာများသည် အခြားသော အဆောက်အအုံများ ဆောက်လုပ်ရန် ပိုသင့်လျော်ပြီး အချို့သော နေရာများက အခြားအရာအတွက် အသုံးပြုရန် ပိုသင့်လျော်သည်။ ၎င်းအား စနစ်ကျကျ ပြုလုပ်ထားပြီး လိုက်ဖက်သော အဆောက်အအုံ ပုံစံနှင့် အမျိုးအစားကိုပါ မှတ်သား ထားသည်။

၎င်းသည် ပြီးပြည့်စုံသော ဒီဇိုင်း အစီအစဉ်ပင်။

“မင်းရဲ့ ဒီဇိုင်းက ဆောက်လုပ်မယ့် အဖွဲ့အစည်းပဲ လိုတာ”

ဆရာဟောင်က ဒီဇိုင်းတစ်ခုလုံးကို လေ့လာပြီးမှ ပြောလာသည်။

အစက သူသည် ရဲ့လင်းချန်၏ အစီအစဉ်က သာမန်သာ ရေးဆွဲထားပြီး အသေးစိတ်မကျဟု ထင်ထားမိသည်။ ယင်းက ပြီးပြည့်စုံစွာ ပြုလုပ်ထားသဖြင့် သူ အံ့အားသင့်နေရသည်။ သူ ပြစ်ချက် ရှာချင်လျင်တောင်မှ ရှာလို့ မတွေ့နိုင်ပေ။

ရဲ့လင်းချန်သည် အခြား ဘယ်အရာကိုမှ စိုးရိမ်စရာ မလိုဘဲ အရာအားလုံးကို ဆောက်လုပ်ရန် သူ့အား တောင်းဆိုရုံသာ ဖြစ်သည်။

“ကျွန်တော် နောက်ဆုံးအဆင့် သရုပ်ဖော်ပုံစံကိုလဲ ယူလာပါတယ်”

ရဲ့လင်းချန်က နောက်ထပ် ပုံတစ်ခုကို ထုတ်ပြသည်။

ယခင်ပုံနှင့် မတူဘဲ ယခုပုံသည် ပို၍ ပြီးပြည့်စုံပြီး အရောင်ပင် ထည့်ထားသေးသည်။ ကျွန်းတစ်ခုလုံး၏ ပုံစံအား အခြေခံ အဆောက်အုံ အပြီးအစီး ပုံစံနှင့် ရေးဆွဲထားလေသည်။

“ဝိုး … သိပ်လှတာပဲ”

ဟောင်ယွင် မှင်တက်သွားပြီး သူမ၏ မျက်လုံးတွင် ကြယ်လေးများ ပေါ်လာသကဲ့သို့ တောက်ပလာသည်။

“ဒီလိုကျွန်းမျိုးသာ ပိုင်လိုက်ရရင် ဘဝကြီးက သိပ်ပြည့်စုံသွားမှာပဲ၊ ကျွန်မ နတ်သမီးပုံပြင်ထဲက မင်းသမီးလေးလို ဖြစ်သွားမှာ”

ဆရာဟောင်နှင့် ချင်ပိုင်ချွမ်းတို့သည်လည်း အလွန်အမင်း ထိတ်လန့်နေကြသည်။

“တိရစ္ဆာန် ဘေးမဲ့ဥယျာဉ်၊ ကြယ်ခုနှစ်ပွင့် ဟိုတယ်၊ ရေတံခွန်ကြီး၊ ရေပူစမ်း၊ ပင်လယ်ကမ်းခြေ၊ သုံးဖက်မြင် ပရိုဂျက်တာတွေနဲ့ အထင်ကရ အဆောက်အဦးတွေ၊ အဆင့်မြင့် နည်းပညာ ရုံးခန်းတွေနဲ့ ဝင်္ကပါလို မြေအောက် ခန်းတွေ။ မင်း ဒီထဲမှာ အကုန် ထည့်ထားတာပဲ”

ချင်ပိုင်ချွမ်း တံတွေးမျိုချကာ မှတ်ချက်ပြုလေသည်။

“ဒါသာ ပြီးသွားရင် တရုတ်နိုင်ငံတစ်ခုလုံးရဲ့ အထင်ကရတွေထဲက အထင်ကရ ဖြစ်လာမှာ သေချာတယ်”

ဆရာဟောင်က မှတ်ချက်ပြုသည်။

“မင်းအမြင်က သိပ်လှလွန်းတယ်၊ မင်းအစီအစဉ်ထဲမှာ ပါတဲ့ ကုမ္ပဏီ ရုံးချုပ်တွေနဲ့ အဆင့်မြင့် နည်းပညာနဲ့ တိရစ္ဆာန် ဘေးမဲ့ဥယျာဉ်တွေက သာမန်လူတွေ ဖြစ်ချင်တဲ့ အရာတွေ မဟုတ်ဘူး”

ရဲ့လင်းချန်က နားလည်ရခက်စွာ ပြုံးနေသည်။

“ကျွန်တော့်မှာ ရအောင် လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်”

ရဲ့လင်းချန်၏ ဒီဇိုင်းထဲမှ တိရစ္ဆာန်ဘေးမဲ့ ဥယျာဉ်သည် ပြီးပြည့်စုံသော ဇီဝဗေဒ ချိတ်ဆက်မှုကို ပြုလုပ်နိုင်ပေမည်။ ဥယျာဉ်တွင် သားစား တိရစ္ဆာန်နှင့် အပင်စား တိရစ္ဆာန်များ ရှိနေမည် ဖြစ်သဖြင့် လူတွေက သူတို့ကို သီးသီးသန့်သန့် အစာကျွေးရန် မလိုချေ။ ကမ္ဘာပေါ်၌ အကြီးဆုံး တောရိုင်းဥယျာဉ်ဟုပင် ဆိုနိုင်ပေသည်။ ထို့အပြင် ၎င်းတွင် အမဲလိုက်ကွင်းကဲ့သို့သော ကစားပွဲကိုလဲ ထည့်သွင်းထားပေမည်။

“မိတ်ဆွေလေးရဲ့က ဖုန်းရွှေအကြောင်းကိုလဲ တော်တော် သိတာပဲ”

ဆရာဟောင်က သူ့ပညာရပ်၌ ကျွမ်းကျင်လေသည်။ အပြင်အဆင်မှတစ်ဆင့် ရဲ့လင်းချန်၏ ဖုန်းရွှေအပေါ် နားလည်မှုကို မြင်ပြီး အားကျစွာ ပြောသည်။

“တောင်တွေနဲ့ မြစ်တွေက မှန်ကန်တဲ့ နေရာမှာ ရှိတယ်၊ မသိရင် တောင်တွေမြစ်တွေနဲ့ ဝန်းရံထားသလိုပဲ၊ တစ်ဖက်မှာတော့ အဆောက်အဦးတွေရဲ့ ပုံမှန်မဟုတ်တဲ့ အမြင့်တွေက ဖုန်းရွှေပညာရပ်နဲ့ ပေါင်းစပ်ထားတယ်၊ ဒါက တော်တော် ကောင်းတာပဲ”

“ဆရာဟောင် ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ”

ရဲ့လင်းချန် ပြုံးနေသည်။ ရဲ့လင်းချန်က ဖုန်းရွှေ နည်းစနစ်များကို ဖယ်ရှားမည် မဟုတ်ပါ။ ထို့အပြင် သူ၏ အစီအရင် စွမ်းရည်ကို အပြင်အဆင်ထဲ၌ ထည့်သွင်းထားသဖြင့် ကျွန်း၏ စိတ်ဝိညာဉ်စွမ်းအင်က သိပ်သည်းနေမည် ဖြစ်သည်။

သူသည် မြေပုံမှ နေရာတစ်ခုကို ထောက်ပြလိုက်သည်။

“ဒီနေရာမှာ ဆေးဝါးထုတ်လုပ် ဖြန့်ချိရေး စက်ရုံဆောက်ဖို့ ကျွန်တော် စိတ်ကူးထားတယ်၊ ပြီးတော့ ဘေးက မြေကို အဖိုးတန် ဆေးပင်မျိုးစုံ စိုက်ပျိုးမယ်၊ ဆရာဟောင်က ဒီဆေးဝါး ထုတ်လုပ်ရေး စက်ရုံ အရင်ဆောက်နိုင်ဖို့ ကူညီပေးမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်”

“ပြဿနာ မရှိဘူး”

ဆရာဟောင်က ပျော်ရွှင်စွာ သဘောတူ လက်ခံပြီး မျှော်လင့်စောင့်စားစွာ ပြောလိုက်သည်။

“ဒါက ငါ့တစ်ဘဝလုံးမှာ ရခဲ့တဲ့ အောင်မြင်မှုတွေထဲက အကောင်းဆုံး အောင်မြင်မှု ဖြစ်လာမယ်လို့ ငါ ခံစားမိ နေတယ်”

…

All Chapters