← Chapters

ဝိညာဉ်အင်ပါယာအလောင်းပေါ်မှ မဟာလောက(က)

Vol. 42 Ch. 624

ဝိညာဉ်အင်ပါယာအလောင်းပေါ်မှ မဟာလောက(က)

Vol. 42 Ch. 624

မြစ်ဝှမ်းဒေသထဲဝယ် အရွယ်ရောက်သစ်ဝိညာဉ်မျိုးနွယ်ဝင်များဖြင့် ပေါင်းစပ်ပြီးသော သစ်ပင်ကြီးများသည် မျက်လုံးဖွင့်လိုက်ကြပြီး ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။

ငယ်ရွယ်သော သစ်ဝိညာဉ်မျိုးနွယ်ဝင်များသည် ယခင်ကဲ့သို့ မြူးတူးပျော်ရွှင်မနေကြတော့ချေ။ သူတို့သည် စိတ်မကောင်းဖြစ်နေကြသည်။ ထိုဝမ်းနည်းပူဆွေးမှုသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်နေပြီး မြစ်ဝှမ်းဒေသတစ်ခုလုံးကို လွှမ်းခြုံထားသည်။

သူတို့သည် ရွှီချင်းကို မတားဆီးကြပေ။ သူ့ကို ရွာလယ်ခေါင်မှ သစ်ပင်ကြီးဆီသို့ တန်းမတ်စွာ သွားနိုင်ရန် ခွင့်ပြုကြသည်။

ဘုံကျောင်း၏ ဂိတ်တံခါးသည် သူ့အတွက် ပွင့်နေပြီးဖြစ်၏။

ရွှီချင်းသည် ဘုံကျောင်းထဲသို့ ဝင်ရောက်လိုက်သည့်အခါ သူ၏ အကြည့်သည် အမျိုးသမီးရုပ်တုပေါ်သို့ ချက်ချင်း ကျရောက်သွားသည်။ သို့သော်လည်း ယင်းကို လေ့လာစစ်ဆေးရန် သူစိတ်မပါချေ။ သူသည် အဖိုးအို၏ ဦးဆောင်မှုနောက်မှလိုက်၍ လျှို့ဝှက်လိုဏ်ခေါင်းထဲသို့ လျှောက်သွားပြီး လှေကားထစ်များမှတဆင့် မြေအောက်ထဲသို့ ဆင်းသွားသည်။

မည်းမှောင်နေသော လျှို့ဝှက်လိုဏ်ခေါင်းထဲသို့ ဖြတ်သွားနေကြစဉ် ဖန်ချွန်လမ်းအဖိုးအို၏ တဖြည်းဖြည်း မြန်ဆန်လာနေသော အသက်ရှူသံကို သူကြားရလာသည်။ တစ်ဖက်လူက အကောင်းဆုံး ကြိုးစားနေသော်လည်း သူ၏ အလျင်သည် အလွန်နှေးကွေးနေသည်ဟု ရွှီချင်း ခံစားမိသည်။ သူသည် အဖိုးအိုကို ဖမ်းဆုပ်လိုက်ပြီး လျှပ်စီးပမာ အလျင်ဖြင့် အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။ ထိုအခါ သူက ဟင်းလင်းပြင်ကို ဖြတ်ကျော်သွားသည့်အလား လှေကားထစ်အဆုံးရှိ ချောက်နက်ထဲ၌ ပေါလောပေါ်နေဟန်တူသော ယဇ်ပလ္လင်ဆီသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

သူသည် ယဇ်ပလ္လင်ဆီသို့ရောက်ရှိသွားသောအခါ ဘေးဘီကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ သူ၏ အကြည့်သည် သူနှင့်ပေတစ်သောင်းကွာဝေးသော ချောက်နက်ပေါ်ရှိ မရေမတွက်နိုင်သော ဂူများကြားတွင် တင်ပျဉ်ခွေလျက် တရားထိုင်နေသည့် ဝတ်ရုံဖြူနှင့် မိန်းကလေးတစ်ဦးထံသို့ ကျရောက်သွားသည်။

မိန်းကလေးသည် အလွန်လှပသည်။ သူ၏ ပြစ်မျိုးမှဲ့မထင်သော မျက်နှာပေါ်မှာ ကြည်လင်အေးမြမှုနှင့် အပြစ်ကင်းစင်မှုတို့သာ ရှိ၏။ သို့သော်လည်း ယခုအချိန်မှာ သူ၏ မျက်နှာသည် အလွန်ဖြူဖျော့နေပြီး လှုပ်ရှားနိုင်စွမ်း မရှိချေ။

သူ၏ ပါးစပ်ထောင့်မှ ခြောက်သွေ့နေသော သွေးစီးကြောင်းနှင့် အဝတ်အစားပေါ်မှ သွေးအစွန်းအကွက်များသည် ရွှီချင်း၏ အသိစိတ်ထဲ၌ တစ်ခါမှမဖြစ်ပေါ်ဖူးသော စိတ်ခံစားချက်လှိုင်းများကို ဖြစ်ပေါ်လာစေသည်။ ယခု သူ၏ အမူအရာသည် အလွန်အမင်း စိတ်ရှုပ်ထွေးနေ၏။

တစ်ဖက်လူသည် အမှန်တကယ်ပဲ ရေသူကျွန်းပေါ်တွင် ပေါ်လာခဲ့သော အပြစ်ကင်းစင်သည့် မိန်းကလေးဖြစ်ကြောင်း သူမှတ်မိသည်။

အတိတ်တုန်းက ထိုမိန်းကလေးသည် သူ၏ ဘေးမှာ ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွှားနေရင်း သူ့ကို မေးခွန်းတစ်ခုမေးခဲ့ဖူးကြောင်း ရွှီချင်း ပြန်မှတ်မိသွားသည်။

“ စီနီယာအကိုကြီးက မြွေတွေကို ကြိုက်တာလား ဒါမှမဟုတ် မြွေသည်းခြေအိတ်စားရတာကို ကြိုက်တာလား ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ လမ်းတစ်လျှောက်တွင် အဖိုးအိုပြောခဲ့သော စကားများကို သူပြန်သတိရသွားသည်။ အဖိုးအို၏ စကားအရဆိုလျှင် ထိုမိန်းကလေးသည် ယခင်တုန်းက သူမြင်တွေ့ခဲ့ဖူးသော မြွေဖြူလည်း ဟုတ်ပေသည်။ တစ်ဖက်လူကို နောက်ဆုံးအကြိမ် သူမြင်တွေ့ခဲ့သည်မှာ ချီယွဲ့ထုံဂိုဏ်း စားသောက်ဆိုင်အောက်မှာဖြစ်ကြောင်း ရွှီချင်း မှတ်မိသည်။

မြေဖြူလေးသည် ပျံထွက်လာပြီး သူ၏ ညာလက်ကောက်ဝတ်ပေါ်မှာ ရစ်ခွေနေခဲ့သည်။

“ ညာလက်ကောက်ဝတ်… ရွှေချည်မျှင်… အသက်ချည်မျှင်… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ အသက်မဲ့နေသော မိန်းကလေးကိုကြည့်နေလျက် တစ်ဖက်လူ၏ စွန့်လွှတ်အနစ်နာခံမှုသည် သူ့နှလုံးသားကို ပထမဆုံးအကြိမ် လှုပ်ရှားစေခဲ့သည်။ ထို့နောက် သူ၏ နှလုံးသားထဲမှာ ကြီးစွာသော အပြစ်ရှိစိတ် ဖြစ်ပေါ်လာသည်။

ဤကျေးဇူးတရားအကြွေးသည် လွန်စွာမှ ကြီးမားလှသည်။

သို့သော်လည်း တစ်ဖက်လူသည် သူနှင့်ရင်းနှီးကျွမ်းဝင်မှု အများကြီးမရှိသည့်တိုင် အဘယ်ကြောင့် သူ့အပေါ် ထိုသို့လုပ်ဆောင်ပေးခဲ့ကြောင်း သူနားမလည်နိုင်ပေ။

သူ့ဘဝတွင် တွေ့ကြုံခဲ့ရသော ကောင်းမွန်သည့် ကိစ္စရပ်တိုင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းတစ်ခု သေချာပေါက် ရှိ၏။

ခေါင်းဆောင်လဲ့၏ သူ့အပေါ် သနားကြင်နာမှုသည် အလောင်းများကို မီးသင်္ဂြိုဟ်ပေးရာမှ ထွက်ပေါ်လာသော မီးတောက်ကြောင့် ဖြစ်ပေသည်။ တစ်ဖက်လူသည် ဤကမ္ဘာထဲမှ နွေးထွေးမှုတစ်စွန်းတစ်စကို သူ့ထံမှ ရှာတွေ့သွားပြီး သူ့အသက်ကယ်တင်ခံရပြီးနောက် သူ့ကို သားတစ်ယောက်နှင့်မခြား ဂရုစိုက်ပေးခဲ့သည်။

သမားတော်ကြီးပိုင် ရွှီချင်းအပေါ် ကောင်းပေးခဲ့ခြင်းမှာ သူ၏ ဆေးပင်တာအိုအပေါ် မဆုတ်မနစ် ကြိုးပမ်းလေ့လာမှုနှင့် အသိပညာဆည်းပူးလိုစိတ်ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် တစ်ဖက်လူသည် သူ၏ အသိပညာဗဟုသုတများကို သူ့အားပေးရန် အတွေးရခဲ့ခြင်း ဖြစ်သည်။

သတ္တမသခင်ကြီးသည် ရွှီချင်း၏ အလုပ်လုပ်သည့်ပုံစံနှင့် အကျင့်စရိုက်ကို လေးစားချီးကျူးသောကြောင့် သူ့ကို အခွင့်အရေးတစ်ခုပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ရွှီချင်းသည် လင်းအာကို နားမလည်နိုင်ပေ။

“ ဘာလို့လဲ ”

ရွှီချင်းသည် မိန်းကလေးကိုကြည့်ရင်း တိုးညင်းစွာ ရေရွတ်လိုက်သည်။

ရွှီချင်း၏ ဘေးမှာရပ်နေသော ဖန်ချွန်လမ်းအဖိုးအိုသည် လင်းအာကို စိတ်မကောင်းဖြစ်စွာ ကြည့်လိုက်ပြီး ပြောသည်။

“ ဘာလို့ဆို သူက မင်းကို သဘောကျနေလို့ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

အဖိုးအိုသည် သက်ပြင်းချလိုက်သည်။ သူက ခါးသီးစွာ ပြုံးလိုက်လေရာ သူ၏ အိုမင်းရွတ်တွနေသော မျက်နှာပေါ်မှာ အရေးအကြောင်းအများအပြား ထွက်ပေါ်လာကြသည်။

“ ရွှီချင်း… ဘဝမှာ အဖြေတစ်ခုတည်းမဟုတ်တဲ့၊ စံသတ်မှတ်ချက်တစ်ခုတည်းမရှိတဲ့ ကိစ္စတွေအများကြီးပဲ ရှိတယ်… မင်းနားမလည်ဘူးဆိုတာ ငါသိတယ်… ဒါပေမဲ့ ဘဝမှာ မင်းကြုံတွေ့လာမယ့် ကောင်းမွန်တဲ့ကိစ္စတိုင်းမှာ အကြောင်းအရင်းတစ်ခု သေချာပေါက်ရှိရမယ်လို့ မင်းတွေးနေတယ်ဆိုရင် မင်းရဲ့အတွေးက အရမ်းတစ်ဖက်စွန်းရောက်နေပြီ ”

“ ချစ်မေတ္တာမှာ အမျိုးအစားတွေအများကြီးပဲ ရှိတယ်… တိကျတဲ့ စံသတ်မှတ်ချက်ရယ်လို့ မရှိဘူး… စွဲလမ်းတဲ့အချစ်၊ ဂရုစိုက်တဲ့အချစ်၊ ချီးကျူးလေးစားတဲ့အချစ်၊ အဓမ္မအချစ်၊ စိတ်ဝင်စားတဲ့အချစ် ပြီးတော့ တမ်းတသတိရတဲ့အချစ် ”

“ ဒီလောကမှာ လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး ရှိကြတယ်… တကယ်လို့ လူတစ်ယောက်က သူတို့အသိအမှတ်ပြုတဲ့ လမ်းစဉ်ကိုပဲ လက်ခံတယ်ဆိုရင် အဲ့ဒါ အမြင်ကျဉ်းမြောင်းတာပဲ… တခြားလမ်းစဉ်တွေကို လက်ခံလာနိုင်ပြီဆိုမှ မင်းက တကယ်ရင့်ကျက်လာပြီလို့ ပြောနိုင်မယ် ”

အဖိုးအိုသည် တိုးညင်းစွာ ပြောသည်။ လင်းအာကိုကယ်တင်ရန် မည်မျှသူစိတ်ဆောနေပါစေ အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ရမည်။ ဤလောကတွင် ကိစ္စအများအပြားသည် အကြောင်းပြချက်မရှိသလို အကြောင်းပြချက်ရှိရန်လည်း မလိုအပ်ကြောင်း ရွှီချင်းကို သူနားလည်စေချင်သည်။

ယင်းက လင်းအာကို ဝိညာဉ်ချောက်နက်ထဲမှ သူကယ်နိုင်ခြင်း မကယ်နိုင်ခြင်းနှင့် သက်ဆိုင်ပေသည်။

အဖိုးအို၏ စကားကို ရွှီချင်းကြားသည့်အခါ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ကြိုးသည် အနည်းငယ် လှုပ်ခါသွားသည်။ ယင်းမှ အစပျိုးလာသော လှိုင်းဂယက်များသည် သူ၏ ခန္ဓာကိုယ်နှင့် အသိစိတ်ထဲသို့ ပျံ့နှံ့သွားကြသည်။

“ ကျုပ် သူ့ကို ဘယ်လိုကယ်ရမလဲပြောပါ ”

ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အဝေးမှ လင်းအာကို ကြည့်လိုက်သည်။

“ မင်းမှာ အချိန်ခုနစ်ရက်ရှိတယ် ”

အဖိုးအိုသည် သူ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်စိတ်ကို ခဏဖိနှိပ်လိုက်ပြီး ရွှီချင်းကို အလေးအနက် ကြည့်လိုက်သည်။

“ လင်းအာရဲ့ အမွေအနှစ်ဆက်ခံမှု ကျရှုံးသွားပြီးနောက် သူ့ရဲ့ဝိညာဉ်က ဝိညာဉ်ချောက်နက်ထဲကို ကျဆင်းသွားတယ်… သူ့ရဲ့ ရုပ်ခန္ဓာကိုယ်က ခြောက်သွေ့လာပြီး အရိုးခြောက်အဖြစ် ပြောင်းလဲသွားလိမ့်မယ်… ဒါကြောင့် ငါ့ရဲ့ ချိပ်ပိတ်ခြင်းတာအိုကို အသုံးပြုပြီး သူ့ရဲ့ရုပ်ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားခဲ့တယ်… ဒါပေမဲ့ အဲ့ဒါက ခုနစ်ရက်ပဲ ချိပ်ပိတ်ထားနိုင်မယ် ”

“ မင်းက ခုနစ်ရက်အတွင်း ဝိညာဉ်ချောက်နက်ထဲမှာ လင်းအာရဲ့ ဝိညာဉ်ကို ရှာဖွေရမယ် ”

အဖိုးအို၏ အကြည့်သည် ယဇ်ပလ္လင်အောက်မှ ချောက်နက်ပေါ်သို့ ကျရောက်သွားသည်။

“ ဝိညာဉ်ချောက်နက်အဆောင်မရှိရင် အပြင်လူတွေက ဒီဝိညာဉ်ချောက်နက်ထဲကို မဝင်ရောက်နိုင်ဘူး… ဒါပေမဲ့ နောက်ဆုံးအဆောင်က ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ချောက်နက်ထဲ ယူသွားခံခဲ့ရတယ်… ပြီးတော့ တစ်ဖက်လူက ပြန်ထွက်မလာနိုင်ခဲ့ဘူး ”

“ ငါက လင်းအာရဲ့ အဖေရင်းမဟုတ်သလို ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက် မဟုတ်ဘူး… ဒါကြောင့် ချောက်နက်ထဲကို ငါမဝင်နိုင်ဘူး… ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်နဲ့ အသက်ချည်မျှင်ရစ်ပတ်ခံထားရတဲ့ လူတွေပဲ ဝင်နိုင်ကြတယ် ”

“ ဒါကြောင့် ငါမင်းကို လာရှာရတာပဲ ”

အဖိုးအိုသည် အက်ရှရှအသံဖြင့် ပြောသည်။

All Chapters