ဝိညာဉ်အင်ပါယာအလောင်းပေါ်မှ မဟာလောက(ခ)
Vol. 42 Ch. 625
‘ ရှေးဟောင်းဝိညာဉ်မျိုးနွယ်… ဝိညာဉ်ချောက်နက်လား ’
ရွှီချင်း၏ အသိစိတ်သည် လှုပ်ခါသွားသည်။ ရှေးဟောင်းဝိညာဉ်မျိုးနွယ်အကြောင်း သူကြားဖူး၏။ သို့သော်လည်း သူသည် အလျင်စလို မမေးခဲ့ပေ။
ယခု အချိန်သည် ခုနစ်ရက်ထဲမှ တစ်ရက်ပြည့်လုနီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ သူသည် အဖိုးအိုကို ကြည့်လိုက်သည်။
“ ခင်ဗျားမှာ ဝိညာဉ်ချောက်နက်နဲ့ပတ်သက်တဲ့ အချက်အလက်တွေရှိလား ”
“ ကျုပ်ကို အဲ့ဒါတွေပေး… ကျုပ်ဘာသာ ကြည့်လိုက်မယ် ”
အဖိုးအိုသည် ကျောက်စိမ်းပြားအများအပြားကို ချက်ချင်း ထုတ်လိုက်သည်။ ကျောက်စိမ်းပြားများကို ရွှီချင်းထံ ပေးအပ်ပြီးနောက် သူ၏ မျက်နှာပေါ်မှာ တောင်းပန်တိုးလျှိုးသောအမူအရာ ထွက်ပေါ်လာသည်။
“ လင်းအာက မင်းရဲ့အန္တရာယ်ကို ခံယူပေးခဲ့တာကိုထောက်ပြီး သူ့ကို ကယ်တင်ပေးပါ ”
ရွှီချင်းသည် အဝေးမှ လင်းအာကို လှမ်းကြည့်လိုက်သည်။ သေခြင်းရှင်ခြင်းအခက်အခဲသုံးခုသည် သူ၏ မှတ်ဉာဏ်ထဲမှာ ပေါ်ထွက်လာကြသည်။ သူသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ယဇ်ပလ္လင်၏ အစွန်းဖျားသို့လျှောက်သွားကာ ချောက်နက်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် သူသည် တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
အေးစက်စက် လေပြေသည် သူ၏ အနီးနား၌ တိုးဝှေ့နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ကျူးကျော်ဝင်ရောက်လာသည်။ ထိုအအေးဒဏ်သည် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အေးခဲပစ်တော့မည့်အလား ပြင်းထန်လှ၏။
ရွှီချင်းသည် သူ့အောက်မှ ချောက်နက်ကို စိုက်ကြည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည့်အခါ အရိပ်လေးသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့ထွက်သွားသည်။ တားမြစ်အဆိပ်စွမ်းအားသည် လေထဲသို့ စိမ့်ဝင်သွားသည်။ ထို့နောက် သူ၏ စိတ်အာရုံကို အဖိုးအိုပေးခဲ့သော ကျောက်စိမ်းပြားများဆီသို့ ပေါင်းစပ်စေသည်။
သတင်းအပိုင်းအစများက သူ၏ အသိစိတ်ထဲသို့ ဒလဟော တိုးဝင်လာသည့်အခါ ရွှီချင်းသည် လင်းအာနှင့် ဝိညာဉ်ချောက်နက်မှ အကြောင်းအရာအားလုံးကို အတော်အသင့် နားလည်လာသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ရှေးဘုရင်ရွှမ်ယုံခေတ်မတိုင်မီ ပိုပြီးကြာရှည်ခဲ့သော ခေတ်တစ်ခေတ်တွင် မျိုးနွယ်စုတစ်စုသည် ဝမ်ကူးကုန်းမြေကို တစ်စည်းတစ်လုံးတည်း ဖြစ်စေခဲ့သည်။
ထိုမျိုးနွယ်သည် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဖြစ်၏။
ထိုခေတ်ကာလတွင် ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ဝိညာဉ်အင်ပါယာသည် မျိုးနွယ်တစ်ခုလုံး၏ စွမ်းအားကိုစုစည်းပြီး ဝမ်ကူးကုန်းမြေတစ်ခုလုံးအား တုန်လှုပ်သွားစေမည့် ကိစ္စကြီးတစ်ခုကို ကံစမ်းလုပ်ဆောင်ကြည့်သည်။
ထိုကိစ္စသည် ကောင်းကင်ဘုံတာအိုနှင့် ဆက်စပ်နေ၏။
သို့သော်လည်း ဝိညာဉ်အင်ပါယာသည် ကဒ်ဘေးအင်မော်တယ်မျိုးနွယ်နှင့် ခြားနားသည်။ သူသည် ကဒ်ဘေးအင်မော်တယ်မျိုးနွယ်နှင့် တူညီသော ထူးခြားမျိုးနွယ်စု(၃၀၀၀)နှင့်လည်း ခြားနားသည်။ သူသည် ကောင်းကင်ဘုံတာအိုတစ်ခုကို မဖန်တီးချင်ခဲ့ပေ။ ယင်းအစား သူ၏ ကိုယ်ပိုင်ရုပ်ခန္ဓာဖြင့် ကောင်းကင်ဘုံတာအိုကို ပိုင်ဆိုင်နိုင်ရန် ကြိုးစားချင်ခဲ့သည်။
ဖန်တီးခြင်းသည် ကောင်းမှုကုသိုလ်ဖြစ်၏။
ပိုင်ဆိုင်ခြင်းသည်ကား မဟာပြစ်မှုကြီးဖြစ်၏။
အဆုံးသတ်မှာတော့ ဝိညာဉ်အင်ပါယာသည် ကျရှုံးသွားခဲ့ပြီး ဝမ်ကူးကုန်းမြေမှ ကောင်းကင်ဘုံတာအိုအားလုံး၏ တန်ပြန်တိုက်ခိုက်မှုကို ခံယူခဲ့ရသည်။ သူ့မျိုးနွယ်စု၏ သွေးမျိုးစက်သည်လည်း ကျိန်စာသင့်ခဲ့သည်။ ထိုသို့အရေးကြီးအချိန်မှာ ဝိညာဉ်အင်ပါယာသည် သူ၏ ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအခြေခံကို အမှီပြုလျက် မျိုးနွယ်ဝင်အများအပြားကို သူ၏ မဟာလောကဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့သည် ကဒ်ဘေးကိုရှောင်ရှားရန် ဝိညာဉ်အင်ပါယာ၏ မဟာလောကထဲ၌ ပုန်းအောင်းနေခဲ့ကြသည်။ သို့တိုင်အောင် အဆုံးထိ သူတို့သည် ကဒ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ကြပေ။
ဝိညာဉ်အင်ပါယာသည် ကျဆုံးသွားခဲ့သည်။
သူ၏ မဟာလောကသည် ခြောက်သွေ့သွားပြီး သေခြင်းနယ်မြေသို့ ပြောင်းလဲသွားခဲ့သည်။ မဟာလောကထဲမှ ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်အားလုံးသည် ချက်ချင်း အသတ်ခံခဲ့ကြရသည်။ သို့သော်လည်း ထိုကျိန်စာ၏ ကြောက်မက်ဖွယ်အစွမ်းသည် ထိုမျှမကပေ။
ကျိန်စာ၏ အစွမ်းသက်ရောက်မှုအောက်မှာ သေဆုံးသွားခဲ့ကြသော ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်အားလုံးသည် နေ့ညမပြတ် နာနာကျင်ကျင် အော်ဟစ်ညည်းညူရမည့် တစ္ဆေများသို့ ပြောင်းလဲသွားခဲ့ကြသည်။
သစ်ဝိညာဉ်မျိုးနွယ်မှ ဤဝိညာဉ်ချောက်နက်သည် ဝိညာဉ်အင်ပါယာ၏ မဟာလောကဆီသို့ ဝင်ရောက်နိုင်သော ဝင်ပေါက်များအနက် တစ်ခုဖြစ်၏။
ဝမ်ကူးကုန်းမြေတွင် ထိုသို့ဝင်ပေါက်အများအပြား ရှိကြသည်။
ရှေးဟောင်းဝိညာဉ်မျိုးနွယ်သည် ကျိန်စာသင့်ခဲ့သော်လည်း ဝမ်ကူးကုန်းမြေ၌ လှည့်လည်သွားလာနေကြသော သူတို့၏ သွေးမျိုးစက်တချို့သည် ကျန်ရှိနေခဲ့သေး၏။ သူတို့သည် ဤကာလရှည်အတောအတွင်း ရံဖန်ရံခါ ပေါ်ထွက်လာလေ့ ရှိသည်။
ဥပမာ ရွှီချင်းမြင်နေရသော ချောက်ကမ်းပါးနံရံများရှိ ဂူများအတွင်းမှ အရိုးချောက်များသည် ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ နောင်မျိုးဆက်များဖြစ်ကြသည်။ သူတို့သည် အမွေအနှစ်ဆက်ခံရန် ဤနေရာသို့လာရောက်ကြသော်လည်း ကျရှုံးသွားခဲ့၍ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
ဤနေရာသို့ သူတို့လာရောက်ရသည့် အကြောင်းအရင်းမှာ သူတို့သည် မြွေမှ လူသားအသွင်သို့ ပြောင်းလဲပြီးနောက် သူတို့၏ သွေးမျိုးဆက်ကျိန်စာက အသွင်ပြောင်းလဲခြင်းကို ထိန်းသိမ်းရန် အခက်အခဲဖြစ်စေသောကြောင့် ဖြစ်သည်။ ထို့အပြင် သူတို့၏ သွေးမျိုးစက်သည် အချိန်မရွေး ယိုယွင်းပျက်စီးနိုင်သည့် အခြေအနေမှာ ရှိနေလိမ့်မည်။
ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးမျိုးစက်ကျိန်စာကို ဖိနှိပ်ရန် သူတို့သည် ရှေးဟောင်းဝိညာဉ်သေခြင်းနိုင်ငံတော်ထဲသို့ မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ပြီး ရှေးဟောင်းဝိညာဉ်သေခြင်းနိုင်ငံတော်မှ စွမ်းအားကို ငှားယူရမည် ဖြစ်၏။
သို့မှသာလျှင် သူတို့သည် လူသားစင်စစ်သို့ အမှန်တကယ် အသွင်ပြောင်းလဲနိုင်ကြလိမ့်မည်။
သို့သော်လည်း ယင်းသည် တစ်ကြိမ်တစ်ခါ လုပ်ဆောင်ရုံဖြင့် မပြီးပေ။ သူတို့သည် ကျိန်စာကိုဖိနှိပ်ရန် ရှေးဟောင်းဝိညာဉ်လောက၏ စွမ်းအားကို မကြာခဏ ငှားယူရန် လိုအပ်ကြသည်။ ထို့အပြင် ထိုသို့လုပ်ဆောင်ရာမှာ အန္တရာယ်အများအပြား ရှိသေး၏။
အကယ်၍ သူတို့ကျရှုံးသွားလျှင် သူတို့၏ ဝိညာဉ်သည် ရှေးဟောင်းဝိညာဉ်သေခြင်းနိုင်ငံတော်၏ ဝါးမျိုခံရမည်ဖြစ်ပြီး တစ္ဆေတစ်ကောင် ဖြစ်လာလိမ့်မည်။
ရွှီချင်းသည် ကျောက်စိမ်းပြားများကို အဝေးမှာ ထားလိုက်သည်။ သူ၏ ခန္ဓာကိုယ်က အောက်သို့ ဆက်လက်ကျဆင်းလာနေစဉ် ညာလက်ကောက်ဝတ်ကို လှမ်းကြည့်လိုက်သည်။ သူသည် တိုးသက်စွာ သက်ပြင်းချလိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဆုံးဖြတ်ချက်ပြတ်သားမှု ထွက်ပေါ်လာသည်နှင့် အရှိန်ကို ထပ်မံတိုးမြှင့်လိုက်သည်။
သူသည် ကြယ်ကြွေတစ်စင်းကဲ့သို့ အရှိန်ပြင်းပြင်း ကျဆင်းလာပြီး အေးစက်မှု၏ အရင်းအမြစ်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။
တွန်းကန်အားလှိုင်းများသည် ဝိညာဉ်ချောက်နက်ထဲမှ ပျံ့လွင့်ထွက်ပေါ်လာကြသည်။ သို့သော်လည်း သူသည် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်တစ်ဦး၏ အသက်ချည်မျှင်ပိုင်ရှင်ဖြစ်သောကြောင့် ထိုတွန်းကန်အားလှိုင်းများသည် အလျှင်အမြန် လွင့်ပြယ်သွားကြသည်။
ရွှီချင်းသည် အမှောင်ထုထဲသို့ ဆက်လက်ကျဆင်းသွားသည်။
အချိန်တစ်ခဏကြာပြီးနောက် အလွန်ကြီးမားသော ဧရာမအရာဝတ္ထုတစ်ခုသည် မြူခိုးထဲမှာ ပေါ်ထွက်လာသည်။
၎င်းသည် အလွန်ပြင်းထန်သော သေခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေသည့် ပုပ်သိုးဆွေးမြေ့နေသော ဧရာမမြွေကြီးတစ်ကောင် ဖြစ်၏။
ထိုဧရာမမြွေကြီးသည် သေဆုံးခဲ့ပြီး ဖြစ်၏။ ၎င်း၏ ဦးခေါင်းပေါ်မှာ မဟာလောကတစ်ခု ရှိ၏။
ထိုလောကသည် မှုန်ဝါးနေပြီး အထဲမှ အော်ဟစ်ငိုကြွေးသံများ ပျံ့လွင့်ထွက်ပေါ်နေသည်။ ထိုနှလုံးကွဲကြေ အော်ဟစ်ငိုကြွေးသံများသည် ရွှီချင်း၏ နားထဲသို့ ပျံ့လွင့်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းထန်သော ဆွဲငင်အားတစ်ခု၏ စုပ်ယူခံလိုက်ရပြီး မဟာလောကဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
မဟာလောကနှင့် တဖြည်းဖြည်း နီးကပ်လာသည့်အခါ ဧရာမမြွေကြီး၏ ခန္ဓာကိုယ်သည် ကြီးသထက် ပိုပိုကြီးလာသည်။ သိပ်မကြာမီ ရွှီချင်းသည် ဧရာမမြွေကြီး၏ တစ်ကိုယ်လုံးအသွင်အပြင်ကို မမြင်နိုင်တော့ပေ။ သူ၏ အမြင်ထဲမှာ အော်ဟစ်ငိုကြွေးသံများ ကျယ်လောင်စွာ ပျံ့လွင့်ထွက်ပေါ်နေသော မှုန်ဝါးဝါး မဟာလောကကြီးသည်သာလျှင် ပိုပြီးရှင်းလင်းထင်ရှားလာသည်။
ကျယ်လောင်သော အသံနက်ကြီးတစ်သံ ပျံ့လွင့်သွားသောအခါ မြေကြီးပေါ်တွင် အသားပုပ်နှင့်တူသော တွင်းနက်တစ်ခုထွက်ပေါ်လာသည်။
ရွှီချင်းသည် တစ်လှမ်းချင်းလျှောက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
ဤနေရာတွင် ကောင်းကင်ကို မြူခိုးက လွှမ်းခြုံထားပြီး နေနှင့်လ မရှိကြပေ။ ဤနေရာတွင် မြူခိုးထဲ၌ ခပ်ရေးရေး ကောင်းစွာမြင်နိုင်သော ဝိညာဉ်အလင်းမျှင်တန်းများသာ ရှိကြသည်။ မှေးမှိန်သော အလင်းရောင်ကြောင့် ဤလောကသည် မြူဆိုင်းနေသကဲ့သို့ ဝေဝါးနေ၏။
မြေကြီးပေါ်တွင် အသားပုပ်များဖြင့် ပြည့်နှက်နေ၏။ ဤနေရာတွင် တောင်တန်းများနှင့် သစ်ပင်ကြီးများ မရှိကြပေ။ ဤနေရာသည် လုံးလုံးယိုယွင်းပျက်စီးနေပြီး အဆုံးမဲ့သေခြင်းအရှိန်အဝါကို ထုတ်လွှတ်နေ၏။
ထိုအရှိန်အဝါသည် အလွန်အမင်း အေးစက်သည်။ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ကျူးကျော်ဝင်ရောက်လာနေပြီး သူ၏ အသွေးအသားကို ယိုယွင်းပျက်စီးစေရန် တိုက်စားနေသည်။ သိသာစွာပင် ဤနေရာသည် သက်ရှိအားလုံးအတွက် အလွန်အမင်း အန္တရာယ်ရှိသောနေရာ ဖြစ်ပေ၏။