မဆုတ်မနစ်
Vol. 27 Ch. 391
လူတိုင်း၏ အမြင်တွင် စိတ်ဝိညာဉ်ပင်လယ်သည် ကောင်းမွန်လျောက်ပတ်သော နေရာတစ်ခု မဟုတ်ပေ။
မရေမတွက်နိုင်သော လက်ရွေးစင်များနှင့် ပြိုင်စံရှားများကို ဝါးမျိုးစားသုံးထားသော နေရာတစ်ခု ဖြစ်လေသည်။ ယခုအခါမှာတော့ အဲ့ဒါကို ကြိုးပမ်းရဲသောသူက မရှိသလောက် ဖြစ်နေပေပြီ။
ဆူဇီမိုနှင့် ပိုင်ယုတို့ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းပြေးသွားခြင်းကြောင့် အကုန်အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြ၏။
အစတုန်းကတော့ ရေမျက်နှာပြင်က လှိုင်းထနေသည်ဆိုရုံသာရှိ၏။ သို့သော် သူတို့နှစ်ယောက် ဝင်ရောက်လာပြီးနောက် စိတ်ဝိညာဉ်ပင်လယ်က စိတ်လှုပ်ရှားတက်ကြွသွားပုံရပြီး အရိုင်းဆန်ထကြွလာလေသည်။
ပေတစ်သိန်းလောက်မြင့်သော ဧရာမလှိုင်းလုံးကြီးများက ဖြစ်ပေါ်လာပြီး အလွန့်အလွန်အားကြီးသော အော်ရာနှင့်အတူ တလိပ်လိပ် တက်လာလေသည်။
ဆူဇီမိုသည် ပိုင်ယုသည် တစ်ပြိုင်တည်းမှာပင် သူတို့ရှေ့ရှိ ငွားငွားစွင့်စွင့် မိုးထိအောင်ထိုးတက်နေသော ဧရာမလှိုင်းလုံးကြီးကိုကြည့်ပြီး မှင်တက်သွားကြ၏။
အဲ့ဒါက လူသားများအနေနှင့် ခုခံဖို့ရာ မစွမ်းသာသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားပင် ဖြစ်လေသည်။
ဒေါမာန်ထနေသော လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဆူဇီမိုနှင့် ပိုင်ယုသည် အလွန်တရာ သေးငယ်သွားပြီး ဘာမှ မပြောပလောက်သည့်ပုံ ဖြစ်လာလေသည်။
ဝေါ.. ဝုန်း.. ဝုန်း..
ကြီးမားသည့် လှိုင်းလုံးကြီးက ပစ်ရိုက်ချလာပြီး သူတို့နှစ်ယောက်ကို ပင်လယ်ထဲသို့ စုပ်ယူသွားလေသည်။
ရွှေအမြုတေများပင်လျှင် ထိုကဲ့သို့သော စွမ်းအားကို ခုခံဖို့ ခက်ခဲပေလိမ့်မည်။ သူသည် လှိုင်းလုံးကြီးအောက်မရောက်ခင် ဆူဇီမိုက ကပျာကယာ လေများကို ပြင်းပြင်း ရှိုက်ယူ၍ အသက်အောင့်ထားလိုက်၏။
တစ်ခဏအတွင်းမှာပင် သူတို့နှစ်ယောက်သည် လှိုင်းလုံးကြီး၏ ဝါးမျိုခြင်းခံလိုက်ရ၏။
ယခုအခါ သူသည် စိတ်ဝိညာဉ်ပင်လယ်ထဲကို အမှန်တစ်ကယ် ဝင်ရောက်လာပြီဖြစ်တာကြောင့် သူတို့ပြောပြောနေကြသည့် ဆေဘာချီများကို ကိုယ်တိုင်ကြုံတွေ့ခံစားနေရလေပြီ။
ပင်လယ်ရေတစ်စက်တိုင်းမှာ လွန်စွာစူးရှပြတ်သားသောစိတ်ဆန္ဒတစ်ခု ပါရှိပြီး ဓါးသွားကဲ့သို့ သူ့ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံမှနေ၍ ထိုးနှက်လှီးဖြတ်နေ၏။
သန်မာအားကောင်းသော သူ့ခန္ဓာကိုယ်သည်ပင် နာကျင်မှုလှိုင်းလေးများကို အနည်းငယ် ခံစားနေရ၏။
ဆူဇီမို တိတ်တဆိတ် တုန်လှုပ်သွားမိ၏။
သာမန်ကျင့်ကြံသူတစ်ယောက်ယောက်သာ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ကျရောက်လာလျှင် ထိုသူက အသက်ဆယ်ရှိုက်စာလောက်အတွင်း အပိုင်းပိုင်းပြတ်ထွက်သွားနိုင်လေသည်။
ရုတ်တရက်..
ဆူဇီမို၏ ကျောနောက်ရှိရေစီးကြောင်းက ပုံမှန်နှင့်မတူဘဲ လှိုင်းဂယက်အတက်အကျဖြစ်လာပြီး သူ့စိတ်အာရုံထဲသို့ သတိပေးချက်က ဖျတ်ကနဲ ဝင်လာ၏။ အလွန်တရာ ထက်ရှသော အရာတစ်ခုက လှိုင်းလုံးများကြား ဖြတ်သန်း၍ သူ့ဆီသို့ ဦးတည်လာနေသလိုပင်။
အဲ့ဒါ ပိုင်ယုပဲ..
စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်လာပြီးတာတောင် ပိုင်ယုက ဆူဇီမိုအား အမဲလိုက်ခြင်းကို အလျှော့မပေးခဲ့ပေ။
ဆူဇီမိုက သူ့ခွန်အားကို အကုန်ထုတ်၍ ရှေ့သို့ ရေနဂါးတစ်ကောင်လို ခုန်ကူးသွားပြီး ရေပြင်ပေါ်မှာ ပြန်ပေါ်လာ၏။ သူသည် ရေများကို ယက်၍ ဆေဘာတောင်ဆီသို့ ဆက်လက်ကူးခတ်လိုက်၏။
ပိုင်ယုက သူ့နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
သူတို့ရှေ့တွင် လှို်ငးလုံးကြီးများက ပိုမိုဝုန်းဆန်၍ ကျယ်လောင်လာ၏။ ပင်လယ်ရေပြင်ပေါ်တွင် လှိုင်းလုံးဖြူကြီးများသည် ဒေါမာန်အဟုန်ဖြင့် ဧရာမစစ်တပ်ကြီး ချီတက်လာသလို သူတို့ဆီသို့ ပြေးလာနေလေသည်။
နောက်တစ်ခဏတွင် ဆူဇီမိုသည် ပိုင်ယုတို့သည် လှိုင်းလုံးကြီး၏ ဝါးမျိုခြင်းကို ထပ်ခံလိုက်ရ၏။
သူတို့နှစ်ယောက်သည် ရေမျက်နှာပြင်ပေါ်သို့ ပြန်ပေါ်လာလိုက် လှိုင်းလုံးကြီးများအောက် ပြန်နစ်မြှုပ်သွားလိုက်နှင့် ထပ်ကာထပ်ကာ သံသရာလည်နေ၏။
မဆုံးမရှိ ဆေဘာချီများကို ချိုးပြီးနောက်(ရေချိုးသလို) ဆူဇီမိုပင်လျှင် ဖိအားကို စတင်ခံစားလာရ၏။
စိတ်ဝိညာဉ်ပင်လယ်အနက်ပိုင်းထဲသို့ ရောက်လာလေလေ လှိုင်းလုံးကြီးများ၏ စွမ်းအားကလည်း ပိုပိုပြီး ကြောက်စရာကောင်းလာ၏။
ပင်လယ်က အတောမသတ် အော်မြည်နေပြီး လှိုင်းလုံးကြီးက ရုန်းကြွသောင်းကျန်းနေ၏။ သူတို့က ဆူဇီမိုနှင့် ပိုင်ယုကို မစားသုံးရမချင်း မတည်ငြိမ်နိုင်မည့်ပုံပင်။
သူ့တို့နှစ်ယောက်သည် နှေးကွေးလာကြ၏။
သူတို့နှစ်ယောက်အကြား အကွာအဝေးကလည်း တဖြည်းဖြည်းနီးကပ်လာနေ၏။
ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကာယတွင်.. ပိုင်ယုက ဆူဇီမိုကို မမီနိုင်ပေ။
သူတို့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ ကြာလာသည်နှင့်အမျှ.. သူတို့ကိုယ်တွင်းသို့ တိုးဝင်ရောက်လာသော ဆေဘာချီများကလည်း များများလာနေ၏။
အဲ့ဒါက သူတို့နောက်ဆုံး တောင့်ခံနိုင်သော အကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်က မဆုံးမသတ်ဆေဘာချီများကြောင့် သူတို့၏ အသား၊ အရွတ်၊ အရိုးနှင့် အင်္ဂါများက ပေါက်ပြဲ၍ သူတို့၏ ခန္ဓာကိုယ်က စုတ်ပြတ်သတ်ထွက်ကုန်ပေလိမ့်မည်။
စိတ်ဝိညာဉ်ပင်လယ်ထဲရှိ ဆေဘာချီများက သူ့အင်္ဂါထဲသို့ ချဉ်းနင်းဝင်ရောက်ကျူးကျော်လာသည်ကို ပိုင်ယုခံစားသိရှိလိုက်ရ၏။
သူသည် တစ်ချက်ခုန်၍ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ပြန်ပေါ်လာပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ့လည်ချောင်းအတွင်းပိုင်းထဲမှ အငန်အရသာ နည်းနည်းကို ခံစားလိုက်ရ၏။
ငါဆက်ပြီး မလိုက်နိုင်တော့ဘူး..
ပိုင်ယုရင်ထဲ ဒိတ်ကနဲ တစ်ချက်ခုန်သွား၏။
အခုနေ ကမ်းခြေကို သူလှည့်ပြန်မည်ဆိုလျှင် အခွင့်အရေးရှိသေး၏။
သူသည် စိတ်ဝိညာဉ်ပင်လယ်အနက်ပိုင်းထဲသို့ တစ်ကယ်တမ်း ဝင်ရောက်သွားပြီဆို.. အဲ့အချိန် သူလှည့်ပြန်ချင်လျှင်တောင် နောက်ကျလွန်းသွားပေလိမ့်မည်။
သူသည် စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဆက်လက်ကူးခတ်နေဆဲဖြစ်သော ဆူဇီမိုကို မလိုမုန်းထားစွာနှင့် ကြည့်လိုက်၏။
သူသည် ဆူဇီမိုကို ကိုယ်တိုင်ကိုယ်ကျ မသတ်နိုင်တော့သည့်အတွက် လွန်စွာ မချင့်မရဲစိတ်မချမ်းသာ ဖြစ်နေ၏။
သို့သော်လည်း သူ့အမြင်မှာတော့ ဆူဇီမိုက ဒီတိုင်းဆက်သွားနေလျှင် မုချသေရပေလိမ့်မည်။
ပင်လယ်အနက်ပိုင်းထဲတွင် လှိုင်းလုံးများက ပိုမို ဒေါမာန်ပြင်းထန်ကြမ်းကြုတ်ပြီး ဆေဘာချီများကလည်း ပို၍ ထက်ရှလာမည်ဖြစ်သောကြောင့်ပင်။
ထိုသို့အတွေးနှင့် ပိုင်ယုသည် အေးစက်စက် သရော်ပြုံးလိုက်ပြီး ကမ်းခြေဘက်သို့ ပြန်လှည့်လိုက်၏။ ဆူဇီမိုကတော့ ကမ်းခြေနှင့် ပိုပို ဝေးသွားလေတော့သည်။
ပိုင်ယု၏ ပြုမူပုံနှင့် ပတ်သတ်ပြီး ဆူဇီမိုက အရေးလုပ်မနေပေ။
စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ပိုင်ယု၏ ကိုယ်ကာယအရ.. ထိုငနဲက သူ့ကို လိုက်မီနိုင်စရာ အကြောင်းမရှိပေ။
အခုချိန် ဆူဇီမို အာရုံစိုက်ထားသည်မှာ အဘက်ဘက်ကနေ ရိုက်ခတ်နေသော လှိုင်းလုံးကြီးများနှင့် ဆေဘာတောင်ခြေကို ဘယ်လိုရောက်အောင် ဖြတ်ကျော်ရမလဲဆိုတာကိုပင်။
ကမ်းခြေကို ရောက်လာပြီးနောက် ပိုင်ယု၏ မျက်နှာက ဖြူလျော့နေပြီး သူက တင်ပျဉ်ခွေခြေချိတ်ထိုင်၍ သူ့မျိုးဆက်သွေးကို လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်ထဲ ဆေဘာချီများကို တွန်းထုတ်လိုက်လေသည်။
. . .
အချိန်အတန်ကြာပြီးနောက်..
ထောင်ချီသောကျင့်ကြံသူများက ကမ်းခြေမှာရပ်၍ သေးငယ်သော ပုံရိပ်လေးကို စောင့်ကြည့်နေကြ၏။ သူတို့အားလုံးသည် ပါးစပ်အဟောင်းသားနှင့် အံ့သြတုန်လှုပ်နေကြ၏။
လေးနာရီကို ကျော်လာပြီဖြစ်သော်လည်း ထိုလူက စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ဆက်လက်ရုန်းကန်ကူးခတ်နေဆဲဖြစ်၏။
အဲ့ဒါက မည်သူမှ မျှော်လင့်မထားသော ရလဒ်ပင်။
ဤအချိန်၌ ဆူဇီမို၏ ပုံရိပ်ကို သေးသေးလေးသာ မြင်ရတော့သော်လည်း မည်သူမှ သူ့ကို ဘာမဟုတ်သည့်အရာဟု မမြင်ကြပေ။
သူ၏ မဆုတ်မနစ်သောဇွဲက လူတိုင်း၏ နုလုံးကို ဆွဲကိုင်လှုပ်လိုက်၏။
ကျင့်ကြံရေးလမ်းကြောင်းမှာလည်း ထို့အတူပင်။ လူတစ်ယောက်သည် ထိုကဲ့သို့ ထက်ရှပြတ်သားသောစိတ် မရှိလျှင် သူတို့က လမ်းဆုံးကို ဘယ်လိုရောက်နိုင်ပါ့မလဲ။
“သူက ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို တစ်ကယ်ပဲ ရသွားမလား မသိဘူးနော်”
“ငါတော့ မထင်ပါဘူး.. ခေတ်အဆက်ဆက်မှာကွာ တစ်ယောက်ပဲ အောင်မြင်ဖူးတာ.. အခုဒီလူက .... မရလောက်ပါဘူး”
“ကြည့်ရတာတော့ သူသိပ်ကြာကြာ တောင့်မခံနိုင်တော့ဘူးထင်တယ်နော်”
များစွာသော ကျင့်ကြံသူများသည် တိုးတိုးတိတ်တိတ် ဆွေးနွေးလိုက်ကြ၏။
ရုတ်တရက် ပိုင်ယုသည် သူ့မျက်လုံးကို ဖွင့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ့မျက်နှာက အနီရောင် ပြန်သန်းလာလေသည်။
လေးနာရီကြာ ကျင့်ကြံပြီးနောက်.. သူ့ခန္ဓာကိုယ်ထဲရှိ ဆေဘာချီများကို နောက်ဆုံး သူဖယ်ထုတ်လိုက်နိုင်၏။
သို့သော်လည်း ဤအချိန်အတွင်း.. ဆူဇီမိုသည် ဒီရေကိုဆန်၍ ရှေ့သို့ ဆက်လက်တက်နေဆဲဖြစ်ပြီး.. တလိပ်လိပ်တက်လာသော လှိုင်းလုံးများနှင့် ထက်ရှသော ဆေဘာချီများနှင့် တိုက်ခိုက်နေ၏။
ငါယုံကြည်တယ်.. မင်းဆေဘာတောင်ကို မရောက်နိုင်စေရဘူး...
ပိုင်ယုက ရှေ့သို့ အေးစက်စွာစိုက်ကြည့်၍ အံ့ကိုကြိတ်ကာ ရေရွတ်လိုက်၏။
ထိုအချိန်မှာပင် နောက်ထပ်အလွန့်အလွန်ကြီးမားသော လှိုင်းလုံးကြီးက ပင်လယ်ရေမျက်နှာပြင်ထက် ပေါ်လာပြီး ထိုပုံရိပ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။
ထိုပုံရိပ်လေးက နောက်တစ်ဖန် ပင်လယ်ရေအောက် နစ်မြုပ်ပျောက်ကွယ်သွား၏။
ပုံမှန်ဆို ထိုပုံရိပ်က သိပ်မကြာမီ ရေပြင်ထက်ကို ပြန်ပေါ်လာရပေမည်။
၁၅မိနစ်ကြာသွားသော်လည်း ဘာမှဖြစ်မလာပေ။
တစ်နာရီကြာပြီးသော်လည်း ထို့အတူပင်။ ထိုပုဂ္ဂိုလ်က အပြီးသတ် ပျောက်ကွယ်သွားသလိုပင်။
ပိုင်ယု၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှုက ထင်ဟပ်လာ၏။
နှစ်နာရီကြာပြီးနောက် ထိုအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် စိတ်ဝိညာဉ်ပင်လယ်အောက် နစ်မြှုပ်ပျောက်ဆုံးသွားပြီဟု လူအုပ်ကြီးသည် နောက်ဆုံးလက်ခံလိုက်ကြ၏။
“အား.. နဲနဲတော့ နှမြောဖို့ကောင်းသားကွာ.. အဲ့လူသာ အခုထက် ကျင့်ကြံမှုအဆင့်မြင့်မယ်ဆိုရင်.. သူက စမ်းသပ်ချက်ကို တစ်ကယ်ပဲ ဖြတ်ကျော်ရင်ကျော်နိုင်လောက်မှာ”
“အဲ့ဒါတော့ ဟုတ်တယ်.. သူက အခုမှ မရီးဒါန်ငါးခု အခြေတည်အဆင့်ပဲ ရှိသေးတယ်.. သူ့ရဲ့ပါရမီအလားအလာနဲ့ဆို သူ့ရဲ့အနာဂတ်က အကန့်အသတ်မဲ့ပဲ”
ထိုကျင့်ကြံသူနှစ်ယောက်က နှမြောတမ်းတသောလေသံနှင့် ပြောလိုက်ကြ၏။
ထိုသည်ကိုကြားသောအခါ.. ရှေ့ကကျောက်တန်းတစ်ခုပေါ်တွင် ထိုင်နေသော ပိုင်ယု၏ မျက်နှာသည် သုန်မှုန်သွားပြီး သူ့ထံမှ သတ်ဖြတ်လိုစိတ်က ထကြွလာ၏။ ဖျတ်ကနဲဆို သူက ထိုကျင့်ကြံသူနှစ်ယောက်ရှေ့ကို ရောက်သွားပြီး ဘာမှပြောမနေဘဲ နှစ်ကြိမ်ဆက်တိုက် ခုတ်ပိုင်းလိုက်၏။
ဖောက်.. ဖောက်..
သွေးစက်များက လွင့်ပျံလာ၏။
ခုတ်ချက်နှစ်ချက်က အလွန်တရာ လျင်မြန်လေသည်။ ထိုကျင့်ကြံသူနှစ်ယောက်ကလည်း လုံးဝပြင်ဆင်ထားခြင်း မရှိသောကြောင့် ပိုင်ယု၏ ခုတ်ပိုင်းချက်ဖြင့် သူတို့၏လည်ပင်းများက ပြတ်ကျသွား၏။ သွေးများက ချက်ချင်းပန်းထွက်လာပြီး သူတို့သည် မျက်လုံးများအပြူးသားနှင့် ကမ်းခြေမှာ လဲကျသေဆုံးသွားလေတော့သည်။
အထွတ်အထိပ်ဂိုဏ်း၏ တာအိုက သတ်ဖြတ်ခြင်းပင်။ သူတို့သည့် သတ်ချင်စိတ်ဖြစ်လာလျှင် သတ်ပေလိမ့်မည်။ ဘာအကြောင်းပြချက်၊ ဘာဆင်ခြေမှ မလိုပေ။
ကျန်သော ကျင့်ကြံသူများလည်း တုန်လှုပ်သွားကြကာ ပိုင်ယုနှင့် ဝေးနိုင်သမျှ ဝေးဝေး ကပျာကယာ ခွာပြေးလိုက်ကြ၏။
လူနှစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ပိုင်ယုက သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်ပြီးသွားသလို တည်ငြိမ်နေ၏။ သူက ကျောက်တန်းတစ်ခုကို ပြန်လာပြီးနောက် မျက်လုံးကိုမှိတ်ကာ ဆက်လက်ကျင့်ကြံနေလိုက်၏။
အခြားဘယ်သူမှ မသိကြသည်မှာ..
စိတ်ဝိညာဉ်ပင်လယ်အောက်ခြေတွင်.. ပုံရိပ်တစ်ခုက ရှေ့သို့ တစ်လှမ်းချင်း လှမ်းတက်နေ၏။ ပင်လယ်အောက်ခင်းသဲပြင်ကို ခြေချပြီးနောက် သူက သွေးနီရောင်ဘေကို ဘယ်ဘက်လက်ကနေ ကိုင်စွဲလိုက်၏။ သူသည် ဒဏ်ရာများနှင့် ပြည့်နှက်နေသော်လည်း ရှေ့သို့ဆက်လက်တက်လှမ်းနေ၏။
စိတ်ဝိညာဉ်ပင်လယ်အောက်ခြေက မှောင်မိုက်၍ အေးစက်နေ၏။ အခုချိန်ထိတော့ သူ့မျက်လုံးများက တောင်တစ်လုံးလို မယိမ်းယိုင်ဘဲ လင်းလက်တောက်ပနေလေသည်။