တည်ငြိမ်ပင်လယ်ကျမ်း
Vol. 27 Ch. 393
အစတုန်းက ဆူဇီမိုသည် ပင်လယ်ရေအောက်ခြေ၌ ရေခုခံမှုမှ ဖိအားကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်၏။
ထိုဖိအားကြောင့်ပင် သူက ဒွာရခုနှစ်ခုထဲမှ တစ်ခုဖြစ်သော ပါးစပ်ဒွာရကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
ဝဲကတော့ကြီးထဲသို့ စုပ်ယူခံလိုက်ရပြီးနောက် သူသည် ရွေးချယ်စရာမရှိ ပို၍ ကြီးမားသော ဖိအားနှင့် တွေ့ကြုံရပြန်လေသည်။ သူလုပ်နိုင်သည်မှာ သားရဲနတ်ဆိုးကျင့်စဉ်ကို ထုတ်ဖော်ပြီး အဲ့ဒါကို အသည်းအသန် ခုခံဖို့ပင် ဖြစ်လေသည်။
အသွေးအသားများက ပြန့်ကား၍ အရွတ်များက တဆတ်ဆတ်လှုပ်၊ အရိုးများတုန်ခါ၊ ခြင်ဆီထဲရှိသွေးများက ဖလှယ်ပြီး အင်္ဂါငါးခု၏ သန့်စင်လာကာ ဒွာရခုနှစ်ခုကို ဆက်တိုက်ရှင်းလင်းပေးနေ၏။
ဝဲကတော့၏ နှိုးဆွမှုအောက်၌ အဆုံးမရှိ သားရဲချီများက သူ့ခေါင်းထဲသို့ ထိုးတက်လာပြီး သူ့မျက်လုံးဒွာရကို ထပ်ကာထပ်ကာ ရိုက်ခတ်ပစ်ဆောင့်နေ၏။
အတန်ကြာပြီးနောက်.. ဝဲကတော့ထဲ၌ အထိန်းအချုပ်မဲ့စွာ ပိတ်မိနေသော ဆူဇီမိုသည် သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ လွန်စွာတောက်ပလင်းလက်သော မီးလုံးနှစ်လုံးက အလင်းရောင်များ ဖြာထွက်လာကာ မည်းမှောင်နေသော ပင်လယ်တစ်ခုလုံးကို ထိန်လင်းသွားစေလေသည်။
ဒွာရခုနှစ်ခုစလုံးက ရှင်းလင်းသွားလေပြီ။
သူ့အရေပြား၊ အသား၊ အရွတ်များ၊ အရိုးများ၊ ခြင်ဆီ၊ အင်္ဂါများနှင့် ဒွာရများသည် လိုက်ဖက်ညီစွာ အချိတ်အဆက်မိသွားပြီး သူ့ခန္ဓာကိုယ်တွင်းတွင် ကောင်းကင်ဘုံစက်ဝန်းအကြီးတစ်ခုကို ဖြစ်ပေါ်လာစေလေသည်။ ဒွာရရှင်းလင်းခြင်းအပိုင်း၌ သူသည် စဦးကျမ်းကျင်တတ်မြောက်မှုကို ရရှိခဲ့လေပြီ။
ဝဲကတော့ကြီး ရှိနေဆဲဖြစ်သော်လည်း ဆူဇီမိုသည် နေရာမှာပင် မတ်မတ်ရပ်နေလိုက်၏။ ပင်လယ်ရေများက ဘယ်လိုပင် သူ့ကို ရိုက်ခတ်လှည့်ပတ်၍ လှုပ်ခါပါစေ.. သူက တုတ်တုတ်မျှ မလှုပ်တော့ပေ။
ဒွာရခုနှစ်ခုက ရှင်းလင်းသွားပြီးနောက် သူခံစားနေခဲ့ရသော ရီဝေဝေ ခံစားချက်ကလည်း ချက်ချင်းပျောက်ကွယ်သွား၏။
စိတ်ခံစားချက်များ မြင့်တက်လာပြီး နောက်ခဏ၌ ဆူဇီမိုသည် မနေနိုင်စွာ အားပါးတရ အော်ဟစ်ဟိန်းဟောက်လိုက်၏။
သူ၏ ဟိန်းဟောက်သံနှုန်းလှိုင်းက အရမ်းမြင့်မားပြီး တဝုန်းဝုန်းအော်မြည်နေသော ပင်လယ်သံကိုပင် ဖုံးအုပ်လွှမ်းမိုးသွားလေသည်။
ကမ်းခြေတွင် ရပ်နေကြသော ကျင့်ကြံသူများသည် ထိုဟိန်းဟောက်သံကို ကြားသောအခါ တသိမ့်သိမ့်လှုပ်သွားပြီး တုန်လှုပ်အံ့သြသည့် အမူအယာများ ဖြစ်ပေါ်လာကြ၏။ သူတို့စိတ်ထဲတွင် သံသယများ ဆက်လက်မရှိတော့ပေ။
“အဲ့လူက အသက်ရှင်သေးတယ်ဟ”
“သူ-သူက ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို... ဒုတိယမြောက် ရယူနိုင်တဲ့သူများ.. ဖြစ်လာမလား”
အထွတ်အထိပ်ဂိုဏ်း၏ မိစ္ဆာအမွေခံသူ ပိုင်ယုသည် ကျောက်တန်းပေါ်မှာထိုင်နေပြီး သူ့မျက်နှာက သုန်မှုန်ပျက်စီးလာ၏။
“ကြည့်စမ်း”
တစ်ယောက်က ရုတ်တရက် အော်လိုက်ပြီး စိတ်ဝိညာဉ်ပင်လယ်၏ အနက်ပိုင်းထဲသို့ ညွှန်ပြလိုက်၏။
လူတိုင်းလှမ်းကြည့်လိုက်သောအခါ အာကာသတွင်းနက်ကြီးလို ဝဲကတော့ကြီးက စိတ်ဝိညာဉ်တောင်ဘက်သို့ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်ကို တွေ့လိုက်ရ၏။ မမြင်ရသောအားတစ်ခုက ၎င်းကို ဆွဲခေါ်သွားနေသလိုပင်။
“ဘာလဲဟ”
လူတိုင်း စိတ်ရှုပ်ထွေးသွားကြပြီး ဖြစ်ပျက်နေသည်ကို နားမလည်နိုင်တော့ပေ။
ကျင့်ကြံသူတစ်ယောက်ယောက်ကသာ စိတ်ဝိညာဉ်ပင်လယ်ထက် ပျံသန်းနိုင်ပြီး ငုံ့ကြည့်မိမည်ဆိုလျှင် လွန်စွာ တုန်လှုပ်စရာကောင်းသည့်မြင်ကွင်းကို မြင်တွေ့ရပေလိမ့်မည်။
ဝဲကတော့၏ အလယ်တွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က ပင်လယ်အောက်ခြေကနေ သာမန်ကာလျှံကာ ပုံစံနှင့် လျှောက်လှမ်းနေ၏။ သူ့လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သူ့မျက်လုံးများက တောက်ပနေကာ သူ့ကို သားရဲချီများက လွှမ်းခြုံထား၏။
သူခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ဝဲကတော့ကြီးက ရှေ့သို့ အနည်းငယ် ရွေ့သွား၏။
သူ့ကြောင့် စိတ်ဝိညာဉ်ပင်လယ်တစ်ခုလုံးက လှုပ်ရှားနေခြင်း ဖြစ်လေသည်။
အချိန်က တဖြည်းဖြည်းနှင့် ကုန်ဆုံးလာ၏။
တစ်ခဏအတွင်းမှာပင် တစ်နေ့နှင့် တစ်ညတာက ကုန်ဆုံးသွားခဲ့လေပြီ။
အခုအခါမှာတော့ ဝဲကတော့ကြီးက ဆေဘာတောင်ခြေသို့ ရောက်သွားပြီဖြစ်ပြီး အားလုံး၏ ရှေ့မှာပင် မည်းမည်းအစက်ပုံရိပ်လေးက စိတ်ဝိညာဉ်ပင်လယ်ထဲကနေတက်ပြီး တောင်ဆီသို့ လျှောက်လှမ်းထွက်လာလေသည်။
သူက ဖြတ်ကျော်နိုင်ခဲ့ပြီ..
နှစ်တစ်ထောင်ကြာပြီးတဲ့အခါမှာတော့ ဆေဘာဧကရာဇ်၏ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်သည့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး အမွေအနှစ်ကို လက်ခံရယူပေတော့မည်။
ကမ်းခြေတွင် များစွာသောကျင့်ကြံသူများသည် ကြက်သေသေနေကြပြီး သူတို့၏ မျက်လုံးများက မနာလိုအားကျမှုနှင့် ပြည့်နေကြ၏။
ပိုင်ယု၏ မျက်လုံးများက မှေးကျဉ်းသွားပြီး သူ့အကြည့်က အရောင်တောက်လာ၏။
အခုချိန် သူ့နုလုံးအိမ်ထဲ၌ ဘယ်လောက်တောင် တုန်လှုပ်နေကြောင်း မည်သူမှ မသိနိုင်ကြပေ။
အဘယ့်ကြောင့်ဆိုသော် သူကြားခဲ့ရသည်မှာ.. လွန်ခဲ့သည့်နှစ်တစ်ထောင်က ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ရယူနိုင်ခဲ့သော အထွတ်အထိပ်ဂိုဏ်းမှ စီနီယာသည် စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ပြီးချိန်၌ လုံးဝခြေကုန်လက်ပန်းကျ အားအင်ကုန်ခမ်းသွားခဲ့လေသည်။
သူသည် တောင်ပေါ်သို့ မတက်ခင် သူ၏ စွမ်းအင်များ ပြန်လည့်ပြည့်ဝလာဖို့ ခုနှစ်ရက်ကြာအောင် အနားယူခဲ့ရ၏။
သို့သော် အခုအခါမှာတော့ သူ့ရှေ့မှလူသည် စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ပြီးတာနှင့် တောင်ပေါ်သို့ တန်းတက်နေ၏။
သူက သေရပေမည်..
ပိုင်ယုသည် မျက်စိနှစ်ဖက်ကိုပိတ်ပြီး သူ့ဘာသာသူ တွေးတောလိုက်၏။
ဆေဘာဧကရာဇ်၏ အမွေအနှစ်နှင့် ပတ်သတ်၍ သူက အခြားကျင့်ကြံသူများထက် နည်းနည်းပိုသိလေသည်။
ပြောကြသည်မှာ ဆေဘာဧကရာဇ်က တောင်ထိပ်တွင် လျှို့ဝှက်ပညာရပ်နှစ်ခုကို ထားခဲ့သည်ဟုပင်။
တစ်ခုက လျှို့ဝှက်မနောဝိညာဉ်နည်းစနစ်တစ်ခုဖြစ်ပြီး အဲ့ဒါကို အထွတ်အထိပ်ဂိုဏ်းမှ စီနီယာတစ်ယောက်က ရယူသွားခဲ့လေပြီ။
အခြားတစ်ခုမှာ ကိုယ်ဟန်လက်ဟန်လှုပ်ရှားပုံ ငါးကွက်ပါသော ဆေဘာနည်းစနစ်တစ်ခု ဖြစ်လေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဆူဇီမို ရရှိမည့် အမွေအနှစ်မှာ ထိုဆေဘာငါးကွက် ဖြစ်လေသည်။
ဆေဘာနည်းစနစ်တစ်ခုက ပိုမိုနက်နဲသိမ်မွေ့အဆင့်မြင့်မားလေလေ.. အဲ့ဒါကို သင်ယူလက်ခံဖမ်းဆုပ်နိုင်ဖို့က ပိုခက်ခဲလေဖြစ်၏။ ဒါ့အပြင် ဆေဘာနည်းစနစ်အပေါ် တတ်ကျွမ်းနိုင်စွမ်းကလည်း အဆင့်အမျိုးမျိုး ကွဲသေးလေသည်။
ဆူဇီမိုက ထိုငါးကွက်ကို အချိန်တိုအတွင်း သင်ယူနိုင်ခဲ့လျှင်တောင် ထိုအရာ၏ အနှစ်သာရကို နားလည်သဘောပေါက်နိုင်လိမ့်မည် မဟုတ်ကြောင်း ပိုင်ယု ယုံကြည်လေသည်။
“သူ့ကျင့်ကြံမှုအဆင့်က နိမ့်ကျနေသေးတာရယ်၊ သူက ဆေဘာနည်းစနစ်နဲ့ အခုထိ ရင်းနှီးမှုမရှိသေးတာရယ်ဆိုတော့ အခုနေ သူ့ကို သတ်ဖို့က အကောင်းဆုံးအခွင့်အရေးပဲ။
ပိုင်ယုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် တင်ပျဉ်ခွေပြန်ပြင်ထိုင်လိုက်၏။ သူသည် ဆူဇီမိုတစ်ယောက် အမွေအနှစ်ကို လက်ခံရယူပြီး ပြန်အလာကို စောင့်၍ သတ်ဖြတ်ဖို့ အစီအစဉ်ချလိုက်၏။
. . .
တောင်ထွတ်တွင်..
ထိုနေရာက ဗလာကျင်း၍ တိတ်ဆိတ်ခြောက်ကပ်နေပြီး ကျောက်စာတိုင်တစ်ခုသာ ရှိလေသည်။
ထိုကျောက်စာတိုင်ပေါ်တွင် တောက်ပရွှန်းစိုနေသော ပန်းချီကားတစ်ခုကို ခပ်နှိပ်ထားလေသည်။
ထိုပုံမှာ.. ဗလတောင့်တောင့်နှင့် ရင်ဘတ်ကို ဖွင့်ဟထားပြီး ပင်လယ်ကမ်းစပ်တွင် တစ်ယောက်တည်းထိုင်နေသော အမျိုးသားတစ်ယောက်ပုံ ဖြစ်လေသည်။ သူ့ဒူးနှစ်ဖက်ပေါ်တွင် ဆေဘာတစ်လက်ကို ကန့်လန့်ဖြတ်တင်ထားပြီး ဘယ်ဘက်လက်က ဝိုင်ကရားတစ်ခုကို ကိုင်ထားကာ ပင်လယ်ပြင်ကို စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့် တမ်းတဆွေးမြည့်စွာ ကြည့်နေ၏။
သူက ဆေဘာဧကရာဇ်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့သော်လည်း ပန်းချီကားကို တွေ့လိုက်ရချိန်၌ ထိုထဲက ဗလတောင့်တောင့်နှင့်လူက ဆေဘာဧကရာဇ်ဖြစ်ကြောင်း ဆူဇီမို သိလိုက်လေသည်။
ဆူဇီမိုက ရှေ့သို့ လျှောက်လှမ်းပြီး ကျောက်စာတိုင်ကို လက်ဝါးဖြင့် ညင်သာစွာ ပွတ်သပ်လိုက်၏။ ကျောက်စာတိုင်၏ ကြမ်းတမ်းသည့်မျက်နှာပြင်က ဖြတ်သန်းခဲ့ရသော အချိန်ကာလများနှင့် သူ့ကို ချိတ်ဆက်ပေးနေ၏။
ရုတ်တရက် ဆူဇီမိုသည် နေရာမှာပင် တောင့်ခဲသွား၏။
သူ့စိတ်အာရုံထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာလေသည်။
“နှစ်တစ်ထောင်ကြာပြီးတဲ့ နောက်ဆုံး နောက်ထပ်တစ်ယောက်က ရောက်လာခဲ့ပြီပေါ့လေ.. အား”
ထိုသက်ပြင်းချသံတွင် အားရကျေနပ်မှု၊ စိတ်လှုပ်ရှားခံစားရမှုနှင့် စိတ်သက်သာရသွားမှုတို့က ပါဝင်ရောယှက်နေလေသည်။
“ရှေးဟောင်းခေတ်က စစ်ပွဲမှာ လက်နက်တစ်ရာရဲ့တာအိုတွေက ဖျက်ဆီးခံလိုက်ရတယ်.. ဓါးတစ်ခုပဲ ကျန်ခဲ့ပြီး အနှိုင်းမဲ့ စိုးမိုးခဲ့တာပေါ့.. ငါက တောင်ပိုင်းပင်လယ်ရဲ့အလွန်ကို ထွက်သွားတော့မလို့ပဲ.. ဒါပေမယ့် ထျန်ဟွမ်ကမ္ဘာမှာ ဆေဘာလမ်းစဉ်ကို မပျောက်ဆုံးစေချင်သေးဘူး.. အဲ့ဒါကြောင့်ပဲ ငါက ဒီအမွေအနှစ်ကို ထားခဲ့ရတာပဲ.. ဒီနေရာမှာ အထုံရေစက်ပါတဲ့သူတွေကို စောင့်ဆိုင်းဖို့အတွက် ပညာရပ်နှစ်ခုကို ငါထားခဲ့တယ်”
သူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်မှာ ဆေဘာဧကရာဇ်၏ ချန်ထားရစ်ခဲ့သော အကြွင်းအကျန်အတွေးတစ်စဖြစ်ကြောင်း ဆူဇီမို သိလိုက်လေသည်။
“ပထမပညာရပ်.. ဒီလှိုင်းအတတ်ဆိုတဲ့ လျှို့ဝှက်ပညာရပ်ကတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်က လူတစ်ယောက် သင်ယူသွားခဲ့ပြီ”
“ဒုတိယပညာရပ်.. တည်ငြိမ်ပင်လယ်ကျမ်းကတော့ အကွက်ငါးကွက်ပါတဲ့ ဆေဘာနည်းစနစ်တစ်ခုပဲ.. ဒီနေ့ မင်းကို ငါ အဲ့ဒါ သင်ပေးမယ်”
ရုတ်တရက် ထိုအသံက ပျောက်သွားပြီး.. ပုံရိပ်တစ်ခုက ဆူဇီမို၏ မျက်လုံးထဲတွင် ပေါ်လာ၏။
ဆေဘာတောင်ပေါ်တွင် ဗလတောင့်တောင့်နှင့်လူက မတ်တပ်ရပ်နေပြီး လက်ထဲတွင် ဆေဘာတစ်လက်ကို ဖြစ်သလိုကိုင်ထားကာ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ခုန်ချလိုက်၏။ သူ့မျက်လုံးများက တောက်ပလာပြီး စောစောက တမ်းတဆွေးမြည့်မှုတို့က မရှိတော့ပေ။ သူက ရေစီးကြောင်းကိုဆန်၍ ထိုးတက်သွားပြီး ရှေ့သို့ ခုတ်ပိုင်းချလိုက်၏။
ရွှစ်..
ပင်လယ်ရေက နှစ်ခြမ်းကွဲထွက်သွားပြီး အလယ်မှာ ဗလာနယ်တစ်ခု ဖြစ်ပေါ်လာ၏။
ဆေဘာခုတ်ချက်က ရေကို ဖြတ်တောက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဆေဘာဧကရာဇ်၏ အသံက ထွက်ပေါ်လာ၏။
“တည်ငြိမ်ပင်လယ်ရဲ့ ပထမကွက်.. တန်ပြန်စီးကြောင်း”
တန်ပြန်စီးကြောင်းပြီးနောက်.. ဆေဘာဧကရာဇ်က ဆေဘာကို ဝေ့ရမ်း၍ သူ့ကိုယ်တွင် လှည့်ပတ်လိုက်၏။ ချက်ချင်းပင် ပင်လယ်ရေများက မွှေနှောက်လှုပ်ခပ်လာပြီး လှိုင်းလုံးကြီးများ ဖြစ်လာကာ အဘက်ဘက်သို့ ပစ်ဝင်သွားကြလေသည်။
“တည်ငြိမ်ပင်လယ်ရဲ့ ဒုတိယကွက်.. မာန်ဟုန်ပြင်းဒီရေ”
ထို့နောက်ချက်ချင်းပင် ဆေဘာဧကရာဇ်က သူ့ဆေဘာကိုရုတ်၍ နောက်တစ်ဖန် ရှေ့သို့ ပြန်ခုတ်ပိုင်းလိုက်၏။
ဒီခုတ်ချက်၏ ထောင့်ချိုးက ထူးခြား၏။ အဲ့ဒါက ပါးလွှာသော လေကို ယှက်လိမ်၍ ချာချာလည်အောင်လှည့်လိုက်သလိုပင်။
ထိုခုတ်ချက်ဆင်းသက်ထွက်ပေါ်လာပြီးနောက် စိတ်ဝိညာဉ်ပင်လယ်က စတင်လှည့်ပတ်လာပြီး ဧရာမ ဝဲကတော့ကြီးကို ဖြစ်ပေါ်လာစေ၏။
“တည်ငြိမ်ပင်လယ်ရဲ့ တတိယကွက်.. ဝဲကတော့”
ဤမြင်ကွင်းကိုကြည့်ပြီးနောက် ဆူဇီမို၏ ရင်သည် တဒုတ်ဒုတ်ခုန်လာ၏။
စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်လာစဉ်က ထိုဖြစ်စဉ်ကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရလေသည်။
စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်ရခြင်းက စမ်းသပ်ချက်တစ်ခုသက်သက်သာ မဟုတ်.. အဲ့ဒီမှာကို ပညာအမွေအနှစ်က ပါနေလေသည်။
“တည်ငြိမ်ပင်လယ်ရဲ့ စတုတ္ထကွက်.. လှိုင်းဂယက်”
“တည်ငြိမ်ပင်လယ်ရဲ့ ပဥ္စမကွက်.. ပင်လယ်ပြင် တည်ငြိမ်စေခြင်း”
တစ်ခဏအတွင်းမှာပင် လှုပ်ရှားဟန်ငါးကွက်က သရုပ်ပြလို့ ပြီးစီးသွားလေသည်။
ဆေဘာဧကရာဇ်၏ အသံက ဆက်လက်ထွက်ပေါ်လာ၏။
“တည်ငြိပင်လယ်မှာ အကွက်ငါးကွက်ပဲ ရှိတယ်ဆိုပေမယ့်လဲ.. အဲ့ဒီငါးကွက်ထဲမှာ ငါ့ရဲ့တစ်သက်စာ အသိသညာတွေ ထည့်သွင်းထားတယ်.. မင်းသာ ပထမလေးကွက်ကို နားလည်တတ်မြောက်မယ်ဆိုရင်.. ကျင့်ကြံရေးလောကမှာ မင်းက စိတ်ကြိုက်ကျင်လည်ကျက်စားလို့ရပြီ”
“မင်းသာ နောက်ဆုံးအကွက်ကို နားလည်သွားမယ်ဆိုရင်တော့... ကမ္ဘာကြီးက မင်းအပိုင် ဖြစ်လာလိမ့်မယ်”