အန္တရာယ်ကျရောက်တော့မည့်ဆဲဆဲ
Vol. 27 Ch. 394
“လက်နက်တစ်ရာရဲ့တာအိုမှာ.. ဓါးပဲဖြစ်ဖြစ်၊ ဆေဘာပဲဖြစ်ဖြစ် သူတို့အပေါ် ကျွမ်းကျင်မှုအဆင့် သုံးဆင့် ရှိတယ်.. ပုံသဏ္ဌာန်၊ သက်ရောက်အားနဲ့ စိတ်ဆန္ဒတို့ပဲ”
ဆေဘာဧကရာဇ်အသံက ဆက်လက်ထွက်ပေါ်လာ၏။
“ပုံသဏ္ဌာန်မှာဆိုတာက ဆေဘာလှုပ်ရှားကွက်ရဲ့ နည်းစနစ်ပိုင်းပဲ.. အဲ့ဒါကတော့ ကျွမ်းကျင်မှုအဆင့်မှာ အပြင်ပန်းအကျဆုံးပေါ့.. ကျင့်ကြံသူတစ်ယောက်က ဇွဲလုံ့လံကောင်းကောင်းနဲ့ အဆက်မပြတ် လေ့ကျင့်နေမယ်ဆိုရင် တစ်ချိန်ချိန် အဲ့ဒီအပေါ်မှာ ကျွမ်းကျင်ပိုင်နိုင်လာပြီးတော့ အဲ့ဒါကို အလိုလို အသုံးချနို်ငလာလိမ့်မယ်”(အလိုလို- တစ်နှင့်တစ်ပေါင်းလျှင် နှစ်ရတာကို စဉ်းစားစရာမလိုဘဲ အလိုလိုသိနေသလို)
“ဒုတိယအဆင့် သက်ရောက်အားဆိုတာကတော့ အတော်လေး စိတ္တဇဆန်တယ်.. အဲ့ဒီအဆင့်ကို ရောက်ဖို့ဆိုရင် ချီ၊ အော်ရာ ဒါမှမဟုတ် အသံတွေရဲ့ အားသက်ရောက်ပုံကို နားလည်နေမှရမယ်.. အဲ့ဒါကတော့ တော်ရုံတန်ရုံနဲ့ ရနိုင်တဲ့အရာမျိုး မဟုတ်ဘူး.. လူအတော်များများက သူတို့ဘဝကုန်ဆုံးတဲ့အချိန်ထိတောင် သက်ရောက်အားရဲ့ သဘောသဘာဝကို နားမလည်နိုင်ခဲ့ကြဘူး”
“သက်ရောက်အားအဆင့်မှာဆိုရင်.. မင်းရဲ့ဆေဘာနည်းစနစ်ရဲ့ စွမ်းပကားက ပိုပြီး စွမ်းအားကြီးလာပြီးတော့.. ကျွမ်းကျင်မှုရဲ့ နောက်ထပ်တစ်ဆင့်ကို လုံးလုံးလျားလျားခုန်ကူးသွားလိမ့်မယ်”
“တတိယအဆင့် စိတ်ဆန္ဒ.. ဓါးစိတ်ဆန္ဒဆိုတာရှိသလို ဆေဘာမှာလဲ ဆေဘာစိတ်ဆန္ဒဆိုတာရှိတယ်.. နားလည်လွယ်အောင်ပြောရရင် စိတ်ဆန္ဒဆိုတဲ့အဆင့်မှာ အဲ့ဒါက ပုံသဏ္ဌာန်မဲ့သွားပြီးတော့ နက်နဲသိမ်မွေ့သွားတယ်.. ခုတ်ချက်တစ်ချက်မှာတောင် ကမ္ဘာလုံးဆိုင်ရာစွမ်းအားက ပါလာနိုင်တယ်.. ကျင့်ကြံသူတွေက အနည်းဆုံး သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံပြီးမှပဲ.. စိတ်ဆန္ဒအဆင့်ကို အစပျိုးနိုင်လိမ့်မယ်”
ကျွမ်းကျင်မှုနယ်ပယ်၏ တတိယအဆင့်ကို အောင်မြင်ရောက်ရှိချင်သည်ဆိုလျှင် သူတို့က အနည်းဆုံး နိုးထဝိညာဉ်အဆင့်ကို ရောက်နေရပေမည်။ အခုလောလောဆယ်မှာတော့ ဆူဇီမိုသည် အဲ့ဒါကို လုံးဝစဉ်းစားစရာ မလိုသေးပေ။
အခုလောလောဆယ် သူလုပ်ရမည်မှာ ဆေဘာနည်းစနစ်၏ ပထမအဆင့်နှစ်ဆင့်ကို ကျွမ်းကျင်လာအောင် ကျင့်ကြံလေ့ကျင့်ဖို့ပင် ဖြစ်လေသည်။
ဆူဇီမိုသည် သွေးသောက်သူကို ထုတ်ပြီး ဆေဘာဧကရာဇ် သရုပ်ပြခဲ့သော လှုပ်ရှားပုံငါးကွက်ကို စိတ်ထဲမှာ ပြန်လည်ပုံဖော်ကာ စတင်လေ့ကျင့်လိုက်၏။
ဆေဘာဧကရာဇ် ပြောခဲ့သလိုပင် အဲ့ဒါက ရိုးရှင်းသည့် လှုပ်ရှားကွက်ငါးကွက်ပင် ဖြစ်သော်လည်း အဲ့ဒါတွေထဲက တစ်ကွက်ကိုပင် ပြီးပြည့်စုံအောင် ဖော်ထုတ်ဖို့က အလွန်တရာ ခက်ခဲလေသည်။
တစ်ချိန်တည်းမှာပင် ဆေဘာဧကရာဇ်က ထိုကဲ့သို့သော စမ်းသပ်ချက်ကို ဘာကြောင့် ချခင်းထားရသလဲဆိုတာ ဆူဇီမို နားလည်သဘောပေါက်လာ၏။
တည်ငြိမ်ပင်လယ်ပညာရပ်ကို ကျင့်ကြံဖို့ဆိုလျှင် လူတစ်ယောက်၏ ခန္ဓာကိုယ်က အလွန်တရာ ကြံ့ခိုင်သန်မာနေဖို့ လိုအပ်လေသည်။
တန်ပြန်စီးကြောင်းက ပထမဆုံးစတင်သည့် လှုပ်ရှားကွက်ဖြစ်သော်လည်း အဲ့ဒါကို ထုတ်ဖော်ချိန် လုံလောက်သည့်ကြံ့ခိုင်မှု မရှိလျှင် ထိုလူ၏ လက်က ပေါက်ထွက်စုတ်ပြတ်သွားပေလိမ့်မည်။
ဒွာရရှင်းလင်းခြင်းတွင် စဦးကျွမ်းကျင်တတ်မြောက်မှု ရရှိထားတာတောင် ဆူဇီမိုသည် သူ၏ မျိုးဆက်သွေးကို လှည့်ပတ်ပြီးမှသာလျှင် အဲ့ဒါကို အသုံးပြုနိုင်လေသည်။
ခုတ်ချက်တစ်ချက်ရဖို့ကို သူ့ခန္ဓာကိုယ်ရှိ ကြွက်သားတစ်ခုချင်းက လှုပ်ရှားပေးဖို့ လိုအပ်လေသည်။
တစ်ကယ်ဆို ပြီးပြည့်စုံသည် လှုပ်ရှားကွက်တစ်ခုကို ထုတ်ဖော်ဖို့ ခက်ခဲရုံသာမကပေ။
သူ၏ လှုပ်ရှားပုံ ထောင့်အချိုးအစားဒီဂရီ၊ တိုင်ပင်ကိုက်၊ ခုတ်ချက်ထောင့်ချိုးနှင့် သုံးရမည့်အားတို့က အနည်းငယ် ချွတ်ချော်တိမ်းစောင်းသွားလို့ကို မရပေ။ တစ်ချက်ကလေး မှားယွင်းသွားသည်နှင့် ဆေဘာနည်းစနစ်က ပြီးပြည့်စုံတော့မည် မဟုတ်ဘဲ စွမ်းအားအမှန်က ထွက်လာတော့မည် မဟုတ်ပေ။
ဆူဇီမိုသည် ထပ်တလဲလဲ လေ့ကျင့်နေ၏။
ကံကောင်းထောက်မစွာနှင့် သူသည် တန်ပြန်စီးကြောင်း၊ ဒေါမာန်ထနေသောဒီရေ၊ ဝဲကတော့နှင့် လှိုင်းဂယက်တို့ကို စိတ်ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်စဉ်က ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရဖူး၏။ အဲ့ဒါတွေနှင့် နှိုင်းယှဉ်ချိန်ဆပြီးနောက် နားလည်သဘောပေါက်ဖို့ ပိုမိုလွယ်ကူလာခဲ့လေသည်။
အနားမယူ၊ မအိပ်စက်ဘဲ ဆယ်ရက်ကြာပြီးနောက်.. နောက်ဆုံး ဆူဇီမိုသည် ပထမဆုံးလေးကွက်ကို လှုပ်ရှားပုံဖော်လာနိုင်ခဲ့၏။
သူသည် ထိုလှုပ်ရှားပုံလေးကွက်နှင့် သိပ်ပြီး မရင်းနှီးသေးသော်လည်း အောင်မြင်အောင်တော့ သရုပ်ပြပုံဖော်နိုင်ခဲ့ပြီဖြစ်၏။
သို့သော်လည်း ဤအချိန်အတောအတွင်း ဆူဇီမိုသည် ဘယ်လိုပင် ထိန်းညှိ၊ ပုံဖော်၊ လေ့ကျင့်ကြည့်ပါစေ.. နောက်ဆုံးကွက်၊ ပင်လယ်ပြင်တည်ငြိမ်စေခြင်းကို မထုတ်ဖော်နိုင်ပေ။
သို့သော်လည်း ဆူဇီမိုသည် စိတ်ဓါတ်ကျမသွားပေ။ ဆေဘာဧကရာဇ်ပြောပုံအရ.. ပင်လယ်ပြင်တည်ငြိမ်စေခြင်းက တည်ငြိမ်ပင်လယ်ပညာရပ်၏ အနှစ်သာရ ဖြစ်လေသည်။ အဲ့ဒါကို တတ်မြောက်ခဲ့လျှင် ကမ္ဘာကြီးကိုတောင် အုပ်စိုးနိုင်မည်ဟူ၏။
အဲ့ဒါက တစ်ကယ့် မဟာ့မဟာအဆင့်ကြီး ဖြစ်လေသည်။
ဆူဇီမို၏ သိမြင်နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေလေပြီ။
ဆယ်ရက်တာကာလအတွင်း.. ဗလတောင့်တောင့်နှင့်လူကြီးက တောင်ထွတ်ပေါ်မှာ ဆူဇီမိုလေ့ကျင့်နေတာကို စကားတစ်ခွန်းမှ မဟဘဲ တိတ်တဆိတ် ထိုင်စောင့်ကြည့်နေခဲ့၏။
ဆယ်ရက်ကြာပြီးနောက်.. ဆူဇီမိုက ဆေဘာနည်းစနစ်၏ ပထမလေးကွက်ကို အပြည့်အဝ ပုံဖော်နိုင်ပြီကို တွေ့လိုက်ရသောအခါ ဗလတောင့်တောင့်လူ၏ မျက်လုံးထဲတွင် စိတ်ကျေနပ်မှုက ထင်ဟပ်လာ၏။
“ကောင်းတယ်ကွာ.. သိပ်ကောင်းတယ်”
ဆေဘာဧကရာဇ်က ခေါင်းညိတ်လိုက်ပြီးနောက် သူ့အသံက တဖြည်းဖြည်း ဖျော့တော့သိမ်ဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ့ပုံရိပ်ကလည်း လျှင်မြန်စွာ ဖျော့တော့၍ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားလေသည်။
ဆူဇီမိုက ဆေဘာကို ရုတ်သိမ်းပြီး ဆေဘာဧကရာဇ် ပျောက်ကွယ်သွားရာ နေရာကို အလေးအနက်ထား ဦးညွှတ်လိုက်၏။
နောက်ခဏ၌ ဆေဘာတောင်က ပြိုကျလာပြီး စိတ်ဝိညာဉ်ပင်လယ်က အငွေ့ပျံလာလေသည်။
ပါးလွှာသောလေထုမှာ မတ်တပ်ရပ်ရင်း ဆူဇီမိုသည် စိတ်ထဲမှာ ဝမ်းနည်းသလိုလို ခံစားလိုက်ရ၏။
ဒီလှိုင်းပညာရပ်နှင့် တည်ငြိမ်ပင်လယ်ပညာရပ်တို့ကို သင်ကြားပေးပြီးနောက် ရှေးဟောင်းခေတ်က အနှိုင်းမဲ့ပြိုင်စံရှားတစ်ယောက်၏ နောက်ဆုံးအငွေ့အသက်ကလေးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ အပြီးသတ် ပျောက်ကွယ်သွားခဲ့လေပြီ။
ကမ်းခြေတွင် များစွာသော ကျင့်ကြံသူများသည် ဖြစ်ပျက်နေသည်များကို အတိုင်းသားကြည့်နေရင်း အတန်ကြာသည့်အထိ တိတ်ဆိတ်ငြိမ်သက်နေကြ၏။
သူတို့ရှေ့မှောက်မှာပင် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က မျက်စိဖြင့် မြင်နိုင်သောနှုန်းနှင့် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ဆေဘာတောင်က တဝုန်းဝုန်းပြိုကျခဲ့ပြီး စိတ်ဝိညာဉ်ပင်လယ်က အငွေ့ပျံခမ်းခြောက်သွားကာ စိတ်ဝိညာဉ်ချီများက နဂိုမူလသဘာဝမှာရှိသော နေရာများသို့ ပြန်သွားခဲ့လေသည်။
ဒီနေ့မှစ၍ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က မရှိတော့လေပြီ။
အဲ့ဒါကို သူတို့သည် ဒီနေ့ကိုယ်တိုင်မြင်တွေ့ခွင့် ရခဲ့ခြင်းမှာ အတော်လေး ကံကောင်းလေသည်။
မြေပြင်ပေါ်သို့ ဆင်းသက်လာပြီးနောက် ဆူဇီမိုသည် ဆေဘာဧကရာဇ်ပြောခဲ့သော ကျွမ်းကျင်မှု၏ ဒုတိယအဆင့်၊ သက်ရောက်အားအကြောင်းကို ချင့်ချိန်ကြံဆခြင်း အတွေးထဲမှာ နစ်မြောသွားလေသည်။
ပုံမှန်အတိုင်းဆိုလျှင် ဆူဇီမိုသည် ထိုလေးကွက်၏ ကျွမ်းကျင်မှုပထမအဆင့်ကိုတောင် ပိုင်နိုင်သေးတာ မဟုတ်သောကြောင့် ကျွမ်းကျင်မှု၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားကြည့်စရာ အကြောင်းမရှိပေ။
သို့သော်လည်း သူသည် သက်ရောက်အား၏ သဘောသဘာဝကို တစ်စွန်းတစ်စ ဖမ်းဆုပ်မိတော့သလိုလို.. မသိစိတ်က အလိုလို ခံစားနေရ၏။
သူသည် ပင်ယန်းမြို့မှာ စာပေပညာလေ့လာလိုက်စားခဲ့စဉ်က လက်ရေးလှရေးသားခြင်းကို လေ့ကျင့်ခဲ့ဖူး၏။
လက်ရေးလှရေးသားခြင်းတွင် စုတ်တံအား လှုပ်ရှားပုံ၊ ရေးသားပုံတို့နှင့် ဆက်စပ်၍ အားကိုးမျိုးရှိသည်ဟု စာမှာဖော်ပြထားလေသည်။
ထိုအားကိုးမျိုးမှာ.. သက်ဆင်းခြင်း၊ ပြန်လှန်ခြင်း၊ ထိပ်စွန်းဝှက်ခြင်း၊ ကိုယ်ထည်ကို ကာကွယ်ခြင်း၊ စုတ်ချက်ကို ဖော့ခြင်း၊ စုတ်ချက်ကိုတင်ခြင်း၊ စုတ်ချက်ကို အနားသတ်ခြင်းနှင့် ကန့်လန့်ဖြင့်အဆုံးသတ်ခြင်းတို့မှာ ကျွမ်းကျင်အောင်လုပ်ရဖို့ ဖြစ်လေသည်။ ဆရာတစ်ယောက်၏ လမ်းညွှန်ပြသမှု မရှိလျှင်တောင် ထိုအချက်ကိုးချက်ကို မလျှော့သောဇွဲနှင့် ထပ်တလဲလဲ လေ့ကျင့်ဖန်များလျှင် လှပသေသပ်သော စာလုံးအလှများကို ရေးသားလာနိုင်လေသည်။
တစ်ကယ်တမ်းတော့.. ဆေဘာဧကရာဇ်ပြောပြခဲ့သော အားများက လက်ရေးလှရေးသားခြင်း၏ အားကိုးမျိုးနှင့် အတော်လေး ဆင်တူလေသည်။
ကမ္ဘာပေါ်မှာ အပြန်အလှန်အဆက်အစပ်ရှိနေသော သီအိုရီများက များစွာရှိလေသည်။
ပုံမှန်အခြေအနေတစ်ခုမှာဆိုလျှင် သာမန်ကျင့်ကြံသူများသည် ဆေဘာနည်းစနစ်များကိုတောင် အရင်ဆုံး အကျွမ်းတဝင် မရှိသေးဘဲနှင့် ထိုအဆင့်ကိုရောက်ဖို့ဝေးစွ.. သက်ရောက်အား၏ အဓိပ္ပါယ်ကိုတောင် နားလည်နိုင်ကြမှာ မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုသည် ကျင့်ကြံရေးလောကသို့ မဝင်ရောက်ခင်က စာပေပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး လက်ရေးလှရေးသားခြင်း၏ အားကိုးမျိုးကို လေ့လာသင်ယူခဲ့ဖူးလေသည်။
အား၏ သဘောတရားက ဆူဇီမိုနှင့် စိမ်းသက်နေသောအရာ မဟုတ်ပေ။
ထို့ကြောင့် သူသည် တည်ငြိမ်ပင်လယ်ပညာရပ်၏ ဆေဘာနည်းစနစ်များနှင့် သိပ်ပြီး မရင်းနှီးသေးခင်မှာပင်.. သက်ရောက်အား၏ အဓိပ္ပါယ်ကို ဖမ်းဆုပ်မိဖို့ ကြိုးစားကြည့်လိုက်၏။
ဆူဇီမိုသည် မျက်လုံးများကို မှိတ်ချလိုက်ပြီး ဖော်ပြဖို့ရန် ခက်ခဲသော စျာန်ဝင်စားသည့် အခြေအနေသို့ ရောက်ရှိသွား၏။
သူပြန်နိုးထလာသည့်အချိန်တွင် သေချာပေါက် တစ်ခုခုကိုတော့ ရရှိပေလိမ့်မည်။
ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်က ပျောက်ကွယ်သွားပြီးနောက် ဆူဇီမိုသည် လူတိုင်း၏ အာရုံစိုက်စရာ ဖြစ်လာ၏။
သူသည် ဉာဏ်အလင်းရရှိရန် စျာန်ဝင်စားသည့်အခြေအနေ ဝင်ရောက်သွားသောအခါ လူအုပ်ကြီးသည့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြ၏။
အခုလို အချိန်အခါမှာ ထိုအခြေအနေသို့ ဝင်ရောက်ခြင်းက ဆူဇီမိုအတွက် အကောင်းထက် သေချာပေါက် အဆိုးဖြစ်လာပေလိမ့်မည်။
အခုချိန် သူ့ကို ကာကွယ်ပေးဖို့ သူ့ဘေးမှ မည်သူမျှ မရှိသောကြောင့် ပြင်ပသက်ရောက်မှုတစ်ခုခုက သူ၏ ဉာဏ်အလင်းရယူနေသည့် ဖြစ်စဉ်ကို အနှောက်အယှက် ပေးနိုင်လေသည်။
ဒါ့အပြင်.. နောက်ထပ် တစ်ချက်ရှိသေး၏။
အဲ့ဒါက အရမ်းအရေးကြီးလေသည်။ သူ့အသက်ကို နုတ်ယူချင်သည့် လူတစ်ယောက်ရှိနေ၏။
ကောင်းကင်ဘုံကတောင် မင်းကို သေစေချင်နေမှတော့.. ငါ့ကို မင်းအပြစ်တင်မနေနဲ့တော့..
ပိုင်ယုက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး လှစ်ကနဲဆို သိုလှောင်အိတ်ထဲကနေ အေးစက်စက်အလင်းနှင့် ဆေဘာတစ်လက်ကို ထုတ်ယူကာ ဆူဇီမိုဆီသို့ ပြေးသွားလိုက်၏။
အနားသို့ရောက်သောအခါ ပို်ငယုသည် ကန့်လန့်ဖြတ်လွှဲခုတ်ချလိုက်၏။
ထိုခုတ်ချက်က မြန်လည်းမမြန်၊ အားလည်းသိပ်မပါပေ။ ဒါ့အပြင် အဲ့ဒီမှာ သတ်ဖြတ်လိုစိတ်တောင် လုံးဝမပါပေ။
စျာန်ဝင်စားနေသော ဆူဇီမိုက ထိတ်လန့်၍ သတိဝင်လာပြီး လက်ရှိအခြေအနေမှ တစ်စုံတစ်ရာ ပြောင်းလဲသွားမှာကို သူစိုးရိမ်လေသည်။
သူက ခြေသံလက်သံလုံလုံနှင့် တိတ်တဆိတ် ချောင်းမြောင်း သတ်ဖြတ်ရပေမည်။
ဆူဇီမိုက ကျရောက်လာတော့မည့် အန္တရာယ်ကို သတိမမူမိသည့်အလား.. သူ့မျက်လုံးများကို တင်းတင်းကျပ်ကျပ် မှိတ်ထား၏။
ထိုသည်ကို မြင်သောအခါ များစွာသောကျင့်ကြံသူများသည် ခေါင်းခါ၍ သက်ပြင်းချလိုက်ကြ၏။
အစတုန်းကတော့ ဆူဇီမိုသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို ရရှိခဲ့သောကြောင့် လူတိုင်း၏ အားကျစရာ ဖြစ်ခဲ့၏။
သို့သော်လည်း ဘယ်သူက ထင်မှာလဲ.. နောက်တစ်ခဏလေးမှာပဲ သူက သေရတော့မယ်လို့။ ကံကြမ္မာက သူ့ကို လှည့်စားခဲ့လေသည်။
ဓါးသွားက ဆူဇီမို၏ လည်ပင်းကို ဖြတ်တော့မည်ကို ကြည့်ပြီး ပိုင်ယုသည် အားရအူးမြူးစွာ လှောင်ပြုံးလိုက်၏။
“မင်းဟာမင်း ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့ရင်တောင် နောက်ဆုံး ငါ့လက်ထဲမှာပဲ သေရမှာပါကွာ”
ပိုင်ယုက လှောင်ရယ်လိုက်၏။
ဓါးသွားက သူ့လည်ပင်းကို ဖြတ်တော့မည့်ဆဲဆဲမှာပင်.. ဆူဇီမိုက ရုတ်တရက် နောက်သို့ခုန်ဆုတ်၍ သေကွင်းသေကွက် ခုတ်ချက်ကို လွတ်ရုံလေး ရှောင်တိမ်းလိုက်၏။
“ဟမ့်”
ပိုင်ယုသည် မျက်စိကို မှေးကျဉ်းလိုက်ပြီး သူ့အမူအယာက ပြောင်းလဲသွားလေသည်။