သတ်လိုက်တာကောင်းတယ်
Vol. 27 Ch. 397
“နေကြပါဦး”
တံခါးအပြင်ဘက်မှ ပုံရိပ်တစ်ခုက လျှင်မြန်စွာ လှမ်းဝင်လာ၏။ သူမက ယောက်ျားလေးတစ်ယောက်လို ဝတ်ဆင်ထားသော်လည်း သူမ၏ မျက်လုံးများက ပန်းချီဆန်ဆန် လှပပြီး သူမ၏ သွင်ပြင်လေးက နုရွလှပနေ၏။ သူမကတော့ ယန်ဆေးဂိုဏ်း၏ ခေါင်းဆောင်တပ်မှူး ထန်ယုပင် ဖြစ်လေသည်။
ကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးနေသော ယန်ဆေးဂိုဏ်းသားတစ်ယောက်ကို မြင်လိုက်ရသောအခါ သူမက မျက်မှောင်ကြုတ်လိုက်မိ၏။
နောက်ဆုံး သူမက ရှောင်းနင်ကို မြင်သောအခါ သူမ၏ မျက်နှာအမူအယာနှင့်ဟန်ပန်က ရုတ်ချည်းပြောင်းလဲသွားပြီး အော်လိုက်မိ၏။
“ခရမ်းရောင်အလောင်းဆွေးအဆိပ်”
ဦးလေးလျန့်သည် သုန်မှုန်စွာနှင့် ခေါင်းညိတ်လိုက်၏။
“သူ့မျက်နှာက ဖြူဆုတ်ပြီး နှုတ်ခမ်းတွေကလဲ ခရမ်းရောင်သန်းနေတယ်.. အဲ့ဒါက အဆိပ်ဂိုဏ်းရဲ့ မရဏ ၉မျိုးထဲက ခရမ်းရောင်အလောင်းဆွေးအဆိပ်ပဲ”
အစတုန်းက ထန်ယုသည် တံခါးပိတ်ကျင့်ကြံနေခြင်းဖြစ်၏။ သူမကို အရေးတကြီး လာရောက်ခေါ်လာပြီးနောက် ကိစ္စကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်နေပြီဆိုတာ သိလိုက်ရ၏။
သူမ၏ ဂိုဏ်းသားရောင်းရင်းများထံမှ ကြားခဲ့ရသည်မှာ မြို့၏မြောက်ဘက် လမ်းမပေါ်၌ ရှောင်းနင်က တိုက်ခိုက်ခံခဲ့ရသည်ဟုပင်။ တိုက်ခိုက်သူက ညဝိညာဉ်၏လက်ချက်နှင့် နေရာမှာတင် ပွဲချင်းပြီး သေသွားခဲ့သော်လည်း ရှောင်းနင်ကလည်း အဆိပ်မိသွားခဲ့သည်ဟုပင်။
“ဒါက အဆိပ်ဂိုဏ်းရဲ့ လက်ချက်ဆိုတော့...”
ထန်ယု၏ မျက်နှာက ဆိုးဆိုးရွားရွားအမူအယာနှင့် ပျက်စီးသွား၏။
ယခုအချိန်တွင် ရွှမ်ထျန်းမြို့၏ မြောက်ဘက်ခြမ်းကို ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းတို့က စောင့်ကြည့်နေကြ၏။ ထို့ကြောင့် မြို့မြောက်ဘက်မှာ ဘယ်သူကများ မထီမဲ့မြင် တိုက်ခိုက်ရဲတာလဲဟု ထန်ယုသည် အစတုန်းက ဝေခွဲမရ ဖြစ်နေခဲ့၏။
အဲ့ဒါက မိစ္ဆာဒိဋ္ဌိငါးဝါဒီထဲက တစ်ခုဖြစ်သော အဆိပ်ဂိုဏ်းဖြစ်လိမ့်မည်ဟု သူမ ထင်မထားခဲ့မပေ။
အဆိပ်ဂိုဏ်းသည် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းများတွင် မသန်မာသော်လည်း များစွာသော အဖွဲ့အစည်းများနှင့် ကျင့်ကြံသူများသည် သူတို့နှင့် ရန်သူ မဖြစ်လိုကြပေ။
အဆိပ်ဂိုဏ်းမှာ မရဏ ၉မျိုး ရှိ၏။
မရဏတစ်ခုချင်းက အလွန်တရာ သေစေနိုင်စွမ်း မြင့်မားပြီး ထိမိသူမှန်သမျှ သေရပေလိမ့်မည်။
ဒါ့အပြင် အဆိပ်ဂိုဏ်းသားများသည် အလွန်တရာ ကောက်ကျစ်စဉ်းလဲပြီး အညှာတာမဲ့ရက်စက်ကြလေသည်။ သူတို့က လက်နက်ပုန်းများ အသုံးပြုရာတွင် အထူးကျွမ်းကျင်ပြီး လွန်စွာသေသပ်ပိရိကြလေသည်။
အဆိပ်ဂိုဏ်းသားများက အခြားသူများကို သတ်ချင်လျှင် အလွယ်ကလေးပင်။
စားနေစဉ်၊ သောက်နေစဉ်၊ အသက်ရှူခြင်းကအစ သာမန်ကာလျှံကာ ထိတွေ့မှုလေးများကပင်... သူတို့၏ အသက်ကို နုတ်ယူသွားနိုင်လေသည်။
ရှောင်းနင်က အဆိပ်ဂိုဏ်းမှ တပည့်များ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ဘာကြောင့်ခံရသလဲ ထန်ယုနားမလည်နိုင်ပေ။
ခရမ်းရောင်အလောင်းဆွေးအဆိပ်ကို ထုတ်သုံးနို်ငသော မည်သည့်ကျင့်ကြံသူမဆို.. အဆိပ်ဂိုဏ်းထဲတွင် သူတို့၏ အဆင့်အတန်းက သေချာပေါက် မြင့်မားလေသည်။
နောက်ပိုင်း-အခြေတည်အဆင့်မှာသာရှိသော နတ်ဆေးဆရာမလေးတစ်ယောက်ကို သတ်ဖို့အတွက် ထိုကဲ့သို့သော ဂိုဏ်းသားတစ်ယောက်ကို အဆိပ်ဂိုဏ်းက ဘာကြောင့်များ ကိုယ်တိုင်ကိုယ်ကျ စေလွှတ်ခဲ့ပါသလဲ။
ထိုအချိန်မှာပင် ဦးလေးလျန့်က အံ့အားတသင့် ရေရွတ်လိုက်၏။
“ထူးဆန်းတယ်.. ခရမ်းရောင်အလောင်းဆွေးအဆိပ်ရဲ့ အာနိသင်အရဆို ဒီမိန်းကလေးက သွေးရည်အိုင်တစ်ခုလို ပြောင်းလဲသွားရမှာလေ.. ဘာလို့ သူမရဲ့ အလောင်းက မဆွေးမြည့်ဘဲနဲ့ အကောင်းအတိုင်း ရှိနေသေးရတာလဲ”
အခြားသူများသာဆိုလျှင် ထိုအဆိပ် ကူးစက်ခံရပါက အသက်ဆယ်ရှိုက်စာအတွင်း သေဆုံးရလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်များက သွေးရည်များအဖြစ် ဆွေးမြည့်ပြောင်းလဲသွားကာ အင်မော်တယ်များတောင်မှ သူတို့ကို ကယ်ဖို့ရာ အခက်တွေ့ပေလိမ့်မည်။
ဒါ့အပြင် တိုက်စားခံလိုက်ရသော အလောင်း၏ သွေးရည်များသည် ခရမ်းရောင်အလောင်းဆွေးအဆိပ်နှင့် ကြွယ်ဝနေမည်ဖြစ်ပြီး အဲ့ဒါနှင့် ထပ်မံထိတွေ့စွန်းထင်းမိသူများသည်လည်း သေရပေလိမ့်မည်။
ထန်ယု၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး အတွေးနက်စွာနှင့် ရှောင်းနင်ကို ကြည့်နေ၏။
သူမက အသက်ရှင်နေတာလား...
အဲ့ဒါက ထင်ယောင်ထင်မှားမြင်နေတာ ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် ရှောင်းနင်၏ ဖြူဖတ်နေသော မျက်နှာက ထင်သလောက် ဖြူဖတ်မနေသလို.. သူမ၏ နှုတ်ခမ်းများကလည်း ခရမ်းရောင် အရမ်းသန်းမနေပေ။
အဲ့ဒါက ဘယ်လို ဖြစ်နိုင်ပါ့မလဲ..
ခရမ်းရောင်အလောင်းဆွေးအဆိပ်နဲ့ ပတ်သတ်ပြီး ထန်ယုသည် အတန်အသင့်တော့ နားလည်ထားလေသည်။ မရီးဒါန်ရှစ်ခု အခြေတည်အဆင့်များ ဆိုလျှင်တောင် ထိုအဆိပ်နှင့် ထိတွေ့မိသည်နှင့် သူတို့က သေရဖို့ များလေသည်။ ရှောင်းနင်လိုမျိုး နောက်ပိုင်းအခြေတည်အဆင့်တစ်ယောက်ဆိုလျှင်တော့ ပြောနေစရာတောင် မလိုပေ။
ထိုကြောင့်ပင် အဆိပ်ဂိုဏ်းကို လူတိုင်းက ကြောက်ကြခြင်း ဖြစ်လေသည်။
“ဘာတွေ ဖြစ်နေကြတာလဲ”
ကြမ်းပြင်ပေါ်က အလောင်းကို လက်ညိုးထိုး၍ ဦးလေးလျန့်က လှည့်မေးလိုက်၏။
ကျင့်ကြံသူတစ်ယောက်က ရှေ့ထွက်လာပြီး မလှမ်းမကမ်းရှိ ညဝိညာဉ်ကို လက်ညိုးထိုးပြကာ မုန်းတီးစွာ အော်ပြောလိုက်၏။
“ရှောင်းနင်အဆိပ်မိသွားတာကို တွေ့လို့ ဂျူနီယာညီလေးဖူက စေတနာနဲ့ သွားစစ်ဆေးကြည့်မလို့ကို ဒီတောကောင်က ချက်ချင်း ဝင်တိုက်ခိုက်လိုက်တာပဲ”
ထန်ယုက မျက်မှောင်ကြုတ်လိုက်၏။
ထိုပြောပြချက်က ယုတ္တိမတန်တာတော့ မဟုတ်ပေ။ အစကတည်းက ညဝိညာဉ်သည် သားရဲတောကောင်တစ်ကောင် ဖြစ်လေသည်။ သူ့သခင်က ဒဏ်ရာရရှိသွားပြီးနောက် သူက အရိုင်းစိတ်ဝင် ကြမ်းကြုတ်သွားပြီး တစ်ယောက်ယောက်ကို အပြင်းအထန် ဝင်ရောက်တိုက်ခိုက်သည်မှာ ဖြစ်နိုင်ခြေရှိလေသည်။
သို့သော်လည်း တစ်ခုခုတော့ လွဲနေသေးကြောင်း ထန်ယု ခံစားမိနေ၏။
တင်းမာခက်ထန်သော အမူအယာနှင့် ယန်ကျွင်းက အော်လိုက်၏။
“ဦးလေးလျန့်၊ ဂျူနီယာညီမလေး.. ယန်ဆေးဂိုဏ်းဆိုတာ တစ်သီးပုဂ္ဂလလေးအုပ်စုထဲက တစ်ခုပဲ.. ငါတို့ဂိုဏ်းသားတွေကို သူများတွေက သတ်ချင်သလို သတ်တာကို ခွင့်ပြုမပေးနိုင်ဘူး.. အထူးသဖြင့် တောကောင်တစ်ကောင်ကပေါ့.. သူက ငါတို့ရဲ့ ဂိုဏ်းသားရောင်းရင်းကို သတ်ခဲ့မှတော့ အဲ့အတွက် သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ်”
ခဏမျှ ရပ်တန့်ပြီးနောက် ယန်ကျွင်းက ဆက်ပြောလိုက်၏။
“သူက ဆူဇီမိုရဲ့ တောကောင်ပဲ.. သူ့အကောင်က ပြဿနာရှာထားမှတော့ သူပြန်လာရင်လဲ အဲ့အတွက် တာဝန်ယူ ဖြေရှင်းခိုင်းရမယ်”
“ဟုတ်တယ်ဟေ့.. ဂျူနီယာညီလေးဖူအတွက် ငါတို့ လက်စားချေကြမယ်”
“အဲ့တောကောင်ကို သတ်ကွာ”
“သတ်ပစ်မှပဲ ရမယ်”
ယန်ဆေးဂိုဏ်းမှ ကျင့်ကြံသူများသည် မကျေမနပ်နှင့် အော်ဟစ်ပြောဆိုလိုက်ကြ၏။
ပြဿနာ၏ ကြီးထွားလာမှုက ထန်ယု ထိန်းချုပ်နိုင်တာထက် ကျော်လွန်လာ၏။
ဘာလိုပဲဖြစ်ဖြစ် ဆူဇီမိုတို့အုပ်စုက အပြင်လူများသာ ဖြစ်လေသည်။
သူမသည် ညဝိညာဉ်ဘက်က ရပ်တည်မည်ဆိုလျှင် သူမသည် လူအုပ်ကြီးကို ကျေလည်လက်ခံလာအောင် လုပ်နိုင်မည် မဟုတ်ဘဲ.. သူတို့၏ သွေးဆာတက်ကြွနေမှုကိုလည်း နှိမ်နင်းနိုင်မည် မဟုတ်ပေ။ ထို့အစား ဂိုဏ်းအတွင်း ပဋိပက္ခများနှင့် သွေးထွက်သံယိုမှုများ ဖြစ်လာနိုင်လေသည်။
ထန်ယုသည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာကိုက်ပြီး မျက်မှောင်ကြုတ်ကာ ဂနာမငြိမ် ဖြစ်လာ၏။ ဤအခိုက်အတန့်အတွင်း သူမသည် ဤပြဿနာကို မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်မသိ ဖြစ်နေလေသည်။
ဤသည်ကို မြင်သောအခါ ဦးလေးလျန့်သည် ကြိတ်ပြီး သက်ပြင်းချလိုက်၏။
ထန်ယုသည် ယန်ဆေးဂိုဏ်း၏ လူငယ်မျိုးဆက်များထဲမှာ ပါရမီရှင်တစ်ယောက်ဖြစ်၏။ ဉာဏ်ကောင်းထက်မြက်ပြီး သူမထံမှ ဖုံးကွယ်နိုင်သောအရာ သိပ်မရှိပေ။
သို့သော်လည်း သူမမှာ ပြတ်သားမှုနှင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း မဲ့နေ၏။
ထိုအချက်များကို မပိုင်ဆိုင်ဘဲနှင့် သူမသည် ယခုကဲ့သို့သော ပြဿနာမျိုးကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် ဦးလေးလျန့်၏ စိတ်အာရုံထဲတွင် ပုံရိပ်တစ်ခုက ပေါ်လာ၏။
“အဲ့လူသာဆိုရင်တော့...”
ဦးလေးလျန့်သည် ဆက်လက်မစဉ်းစားနိုင်တော့ပေ။
ထိုလူနှင့် ပတ်သတ်ပြီး တိတိပပ ခန့်မှန်းတွက်ဆဖို့က ခက်လေသည်။
သူက အပေါ်ယံမှာတော့ ခပ်ပျော့ပျော့ စာပေသမားလေးပုံစံဖြစ်သော်လည်း သူ့ကျောရိုးထဲမှ လွှမ်းမိုးခြယ်လှယ်နိုင်သည့်အော်ရာက ဖြာထွက်နေ၏။ ထက်ရှသည့်နည်းလမ်းများနှင့်.. သူက သတ်ဖြတ်ဖို့အတွက်လည်း နည်းနည်းလေးမှ ဝန်လေးမနေပေ။
အခြားအရာများကို အသာထား.. ထိုပြတ်သားမှုတစ်ခုတည်းကတင် သူသည် အခြားလူငယ်မျိုးဆက်များ၏ ထိပ်ဆုံးမှာ ရပ်တည်ဖို့ လုံလောက်လေသည်။
ရုတ်တရက်.. ခန်းမအပြင်ဘက်မှ အသံတစ်သံက ထွက်ပေါ်လာလေသည်။
“သတ်ချင်တယ်ဆိုတာ ဘယ်ကောင်တွေလဲကွ”
ထိုအသံက တည်ငြိမ်နေပြီး မတိုးလွန်း မကျယ်လွန်းပေ။ သို့သော်လည်း ထိုအသံက ခန်းမထဲရှိ ဆူဆူညံညံအသံများကို ဖိနှိမ်အုပ်မိုးသွားလေသည်။
ထန်ယုသည် တသိမ့်သိမ့်တုန်သွားပြီး လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှု၏ အရိပ်အယောင်များကို မြင်နိုင်လေသည်။
ကြော့ရှင်းချောမောသည် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်က လျှောက်လှမ်းဝင်လာ၏။ သူသည် ခန်းမနောက်ဘက်သို့ ရောက်သည်နှင့် အေးစက်စွာ လှည့်ပတ်ကြည့်လိုက်သောအခါ ခန်းမတစ်ခုလုံးက ချက်ချင်းတိတ်ဆိတ်ငြိမ်သက်သွားကြ၏။
အဲ့ဒါက ခမ်းနားထည်ဝါသော အော်ရာ ဖြစ်လေသည်။ အဲ့ဒါက ဖော်မပြနိုင်သော်လည်း အကုန်လုံးကို ဖိနှိမ်လိုက်၏။
ဆူဇီမိုက ပြန်ရောက်လာလေပြီ။
သူတို့သည် သူ့ကို မြင်သောအခါ.. လမ်းမရှည်ထက်မှ သွေးလွှမ်းတိုက်ပွဲကို ပြန်လည်မြင်ယောင်လာပြီး သူတို့၏ သတ္တိများက အလိုလို အားနည်းကုန်ကြ၏။
အားလုံး၏ အကြည့်က ဆူဇီမိုအပေါ် ကျရောက်လာကြလေသည်။
“ဟမ့်”
ခန်းမနောက်ဘက်သို့ ဝင်ရောက်လာပြီးနောက် ရှောင်းနင်၏ အခြေအနေကို မြင်လိုက်ရသောအခါ ဆူဇီမို၏ မျက်လုံးများက အေးစက်ခက်ထန်လာပြီး သတ်ဖြတ်လိုစိတ်က ထကြွလာ၏။
ထန်ယုက တိုးတိုးပြောလိုက်၏။
“တာအိုရောင်းရင်းဆူ.. ကျမ ပေါ့ဆတာပါ.. ရှောင်းနင်ကို စောင့်ကြည့်ဖို့ ဂိုဏ်းသားတွေကို ပို့မထားမိလိုက်ဘူး.. အဆိပ်ဂိုဏ်းကလူတွေက သူ့ကို တိုက်ခိုက်လိမ့်မယ်လို့လဲ ကျမ ဘယ်ထင်မိမှာလဲ”
ဆူဇီမိုက သုန်မှုန်နေသော မျက်နှာနှင့် တိတ်တဆိတ် ခေါင်းခါလိုက်၏။
ဤကိစ္စက ထန်ယု၏ အမှားဟု ပြောလို့မရပေ။ ညဝိညာဉ်စောင့်ရှောက်နေတာတောင် ရှောင်းနင်က အဆိပ်မိခဲ့သည်ဆိုတော့.. ယန်ဆေးဂိုဏ်းသားတချို့ သူမအနားရှိနေလျှင်တောင် ဘာမှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
ရှောင်းနင်အသက်ရှိသေးလား၊ မရှိတော့ပြီလားကို ထန်ယု သေချာမသိပေ။ သို့သော် ဆူဇီမိုကတော့ ကောင်းကောင်းသိလေသည်။ သူ၏ ဒွာရခုနှစ်ခုက ရှင်းလင်းသွားပြီဖြစ်တာကြောင့် ရှောင်းနင်၏ ရင်အုပ်မှ ခပ်ယဲ့ယဲ့ နုလုံးခုန်သံလေး ထွက်နေတာကို သူကြားရလေသည်။
ဒါတင်မကသေး.. သူမ၏ နုလုံးခုန်က တဖြည်းဖြည်း ပိုမိုအားကောင်းလာနေ၏။
တစ်နည်းအားဖြင့် ပြောရလျှင်.. ရှောင်းနင်၏ အခြေအနေက သက်သာကောင်းမွန်လာနေလေသည်။
ဆူဇီမိုသည် ရှောင်းနင်ဘေးသို့ လမ်းလျှောက်သွားလိုက်၏။ သူက ခြေလှမ်းအနည်းငယ်သာ လျှောက်ရသေးသည်.. ယန်ကျွင်းက သူ့ရှေ့တွင် ဖျတ်ကနဲဝင်ရောက်ပိတ်ရပ်လိုက်ပြီး ရန်စသလို လှောင်ရယ်လိုက်၏။
“ဆူဇီမို.. မင်းအချိုးကို မြန်မြန်ပြင်လိုက်ရင် ကောင်းလိမ့်မယ်”
ယန်ကျွင်းက အော်ပြောလိုက်၏။
“မင်းညီမက အဆိပ်ဂိုဏ်းလက်ချက်နဲ့ သေခဲ့ရတာပဲ.. အဲ့ဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး.. ဒါပေမယ့်လို့ ငါတို့ဂိုဏ်းသားကို မင်းတောကောင်က သတ်လိုက်တာ ငါတို့အားလုံး မြင်တယ်.. အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ယန်ဆေးဂိုဏ်းဘက်ကို မင်းတာဝန်ယူဖြေရှင်းပေးရမယ်”
“အဲ့လို ဖြစ်သွားတာလား”
ဆူဇီမိုက ရုပ်တည်တည်နှင့် ခေါင်းညိတ်လိုက်၏။
“သတ်လိုက်တာ ကောင်းတယ်”
“မင်း ဘာပြောလိုက်တယ်” ယန်ကျွင်း၏ မျက်လုံးက ပြူးကျယ်သွား၏။
“သွားစမ်းပါကွာ”
“မင်း..”
ဆူဇီမိုက လက်ပြန်ရိုက်ထည့်လိုက်သောကြောင့် ယန်ကျွင်းသည် စကားကိုတောင် ဆုံးအောင် မပြောလိုက်နိုင်ပေ။ ယန်ကျွင်းသည် ချက်ချင်းပင် လွင့်စင်သွားပြီး ထောင့်တစ်ထောင့်မှာ သွားလဲကျကာ သတိလစ်သွားလေတော့သည်။
အကုန် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။