ညဝိညာဉ်၏ သွေး
Vol. 27 Ch. 398
“ဆူဇီမို.. မင်းဘာလုပ်လိုက်တာလဲ”
“မိုက်ရိုင်းလိုက်တာကွာ”
“မင်းတော်တော် ရဲတင်းနေတယ်ပေါ့”
များစွာသော ယန်ဆေးဂိုဏ်းသားများသည် တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြ၏။
ဘာပဲပြောပြော ယန်ကျွင်းသည် ယန်ဆေးဂိုဏ်း၊ တိုက်ခိုက်ရေးခန်းမမှ တပည့်တစ်ယောက်ဖြစ်ပြီး သူ့ထက် ရာထူးအဆင့်အတန်းမြင့်သူက ထန်ယုသာလျှင် ရှိတော့လေသည်။ သူက ဆူဇီမိုလို အပြင်လူတစ်ယောက်နှင့် တန်းတူမနေပေ။
ယန်ကျွင်း၏ ပါးပြင်က ယောင်ကိုင်းသွားသော်လည်း သူက သတိလစ်သွားရုံမျှသာရှိပြီး ပြင်းပြင်းထန်ထန် မည်သည့်ဒဏ်ရာမှ ရမသွားကြောင်း ထန်ယု ရှင်းရှင်းလင်းလင်း မြင်ရလေသည်။
ပြောရမည်ဆိုလျှင် ဆူဇီမိုက သနားညှာတာမှု ပြထားပြီးဖြစ်၏။
အသက်ကို ပြင်းပြင်းရှိုက်ပြီး ထန်ယုက အော်လိုက်၏။
“တိတ်ကြစမ်း”
“သခင်လေး.. သူက အပြင်လူပဲကို.. ကျတော်တို့ ပိုင်နက်ထဲမှာ သူ့ကို လုပ်ချင်ရာလုပ်ခွင့် ပေးထားရမလား”
“ဟုတ်တယ်.. ယန်ဆေးဂိုဏ်းကသာ ကာကွယ်မပေးခဲ့ရင် သူက ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့ရဲ့ လက်ချက်နဲ့ သေခဲ့ရတာ ကြာပေါ့”
“ဟဟ.. ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတင်မကဘူး.. ဒီမောင်နှမနှစ်ယောက်က အဆိပ်ဂိုဏ်းကိုပါ ရန်သွားစထားခဲ့ပုံပဲ”
လူအုပ်ကြီးထဲမှ ဆူဇီမိုကို ပြစ်တင်ဝေဖန်တိုက်ခိုက်သော အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။
“တိတ်တိတ်နေကြစမ်း”
ဦးလေးလျန့်က ခပ်ထန်ထန်ကြည့်၍ ရုတ်တရက် အော်လိုက်၏။
သူ့ဆံပင်မွေး၊ မုတ်ဆိတ်မွေးများက ဖြူနေပြီဖြစ်သော်လည်း သူ့မျက်လုံးများက တောက်ပနေဆဲဖြစ်ပြီး သြဇာတိက္ကမလွှမ်းမိုးနိုင်စွမ်းက ဖြာထွက်နေ၏။ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသောသူများအားလုံး တဖြည်းဖြည်း ငြိမ်ကျသွား၏။
သူတို့ရှေ့မှ လူအိုကြီး၏ နောက်ခံကို ယန်ဆေးဂိုဏ်းသားများအားလုံး ကောင်းကောင်းသိထားကြလေသည်။
ထန်ယု၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ သူတို့ အထွန့်တက်ကောင်းတက်နိုင်၏။
သို့သော် ဒီအဖိုးကြီးကိုတော့ သူတို့ သဘောမကျလျှင်တောင် စိတ်ထဲကနေသာ ကြိတ်ပြီး အပြစ်တင်ကြပေလိမ့်မည်။
ထန်ယုက အလေးအနက် ပြောလိုက်၏။
“ဒီပြဿနာကို ဖြေရှင်းက ငါတို့က နည်းနည်းတော့ အကျိုးသင့်အကြောင်းသင့် မေးမြန်းဖော်ထုတ်မှ ရလိမ့်မယ်.. အားလုံးပဲ ငြိမ်ငြိမ်လေး နေပေးကြပါ”
ခဏမျှ ရပ်တန့်ပြီးနောက် ထန်ယုက မျက်မှောင်ကြုတ်ပြီး ဆူဇီမိုကို လှမ်းပြောလိုက်၏။
“ရှောင်းနင်က အဆိပ်ဂိုဏ်းရဲ့ မရဏ ၉မျိုးထဲက ခရမ်းရောင်အလောင်းဆွေးဆိုတဲ့ အဆိပ်မိထားတယ်.. သတိထားပါ.. အဲ့ဒါက အရမ်းကို အဆိပ်ပြင်းတယ်.. တစ်ချက်လေး သတိလက်လွတ်သွားတာနဲ့ အဆိပ်က ကူးစက်ဖို့ အရမ်းလွယ်တယ်”
ဆူဇီမိုက ခေါင်းညိတ်ပြပြီး ရှောင်းနင်ဘေးသို့ လျှောက်သွား၏။
“ဂူး..”
ညဝိညာဉ်က ခေါင်းငိုက်စိုက်ချပြီး မာန်ဖီလိုက်၏။ သူက အနည်းငယ် မလုံမလဲ ခံစားနေရပုံရ၏။
ဆူဇီမိုက ညဝိညာဉ်၏ ခေါင်းကို ပုတ်ပြီး ခေါင်းခါလိုက်၏။
“အဲ့ဒါက မင်းအမှား မဟုတ်ပါဘူး”
အဲ့ဒါက သာမန်လုပ်ကြံကြိုးပမ်းမှုသာဆိုလျှင် ညဝိညာဉ်ကို ဖြတ်ကျော်ဖို့ရာ မဖြစ်နိုင်ပေ။ သို့သော်လည်း အဆိပ်ဂိုဏ်းက အလွန်တရာ အကောက်ကြံတတ်ပြီး သူတို့ကို အပြည့်အဝ တားဆီးနိုင်ဖို့က မလွယ်ပေ။
တစ်ခဏမှာပင် ရှောင်းနင်၏ သွင်ပြင်အမူအယာက ပိုမိုအခြေနေကောင်းလာ၏။ သူမ၏ ပါးပြင်က အနီရောင်သန်းလာပြီး နုလုံးခုန်ကလည်း ပိုမိုအားကောင်းလာနေ၏။ သူမ၏ အခြေအနေက တိုးတက်ကောင်းမွန်လာနေလေပြီ။
ထိုသည်ကို မြင်သောအခါ ဦးလေးလျန့် ရွှင်ပျသွား၏။
မရဏကိုးမျိုးကို အဆိပ်ဂိုဏ်း၏ ပြင်ပမှလူများ မကုသနိုင်ပေ။
ခရမ်းရောင်အလောင်းဆွေးအဆိပ်မိပြီးနောက် အသက်မသေသည့်သူကို ဦးလေးလျန့်ဘဝတစ်လျှောက် တစ်ခါမှတောင် မကြားဖူးခဲ့ပေ။
ဒါ့အပြင် ကြည့်ရသည်မှာ ခရမ်းရောင်အလောင်းဆွေးအဆိပ်သည် ရှောင်းနင်၏ ကိုယ်တွင်းမှ တဖြည်းဖြည်း ဖယ်ခွာပျောက်ကွယ်လာပုံရ၏။
ရှောင်းနင်၏ နှုတ်ခမ်းပေါ်တွင် ခရမ်းရောင်က ဖျော့တော့နေပြီး အဲ့ဒီမှာ သွေးစက်အနည်းငယ် တင်နေ၏။
သွေးစက်အနည်းငယ်မျှသာ ဖြစ်သော်လည်း အလွန်တရာအားကောင်းသောစွမ်းအင်ကို ဆူဇီမို ခံစားမိလေသည်။
သေချာပေါက် အဲ့ဒါက ရှောင်းနင်၏ သွေး မဟုတ်ပေ။
ဆူဇီမိုသည် ညဝိညာဉ်၏ လက်ကောက်ဝတ်ကို ကြည့်လိုက်မိ၏။ အဲ့ဒီမှာ နက်ရှိုင်းသည့် ဟက်တက်ကွဲဒဏ်ရာတစ်ခု ရှိနေပြီး အခုထိ အပြည့်အဝ ပြန်မကောင်းသေးပေ။
“ဒါကြောင့်ကိုး”
ခရမ်းရောင်အလောင်းဆွေးအဆိပ်က ရှောင်းနင်၏ ကိုယ်ထဲမှ ဖယ်ခွာလာခြင်းမှာ ညဝိညာဉ်၏ သွေးကြောင့် ဖြစ်လေသည်။ သူမက ညဝိညာဉ်၏ သွေးကို သောက်သုံးခဲ့ရ၏။
“အဲ့ဒါချည်းပဲလဲ မဟုတ်လောက်ဘူး”
ဆူဇီမိုသည် ထပ်မံစဉ်းစားလိုက်၏။ ခရမ်းရောင်အလောင်းဆွေးအဆိပ်က အလွန်တရာ အဆိပ်ပြင်းပြီး အသက်ဆယ်ရှိုက်စာအတွင်းမှာ အာနိသင်ကို ကောင်းကောင်းပြလေသည်။
ညဝိညာဉ်၏ သွေးက ရှောင်းနင်၏ ခန္ဓာကိုယ်တွင်းမှ အဆိပ်ကို ဖယ်ထုတ်ပေးနိုင်သော်လည်း ကြားထဲရှိ ကြန့်ကြာချိန်အတွင်း ရှောင်းနင်က အသက်ရှင်အောင် ဘယ်လိုနေနိုင်ခဲ့ပါသလဲ။
ဒွာရခုနှစ်ခုကို ရှင်းလင်းပြီးနောက် ဆူဇီမို၏ အာရုံငါးပါးက ပိုမိုထက်ရှလာ၏။
သူမအနားသို့ သူရောက်လာသောအခါ ရှောင်းနင်၏ ရင်အုပ်မှ ခပ်ဖျော့ဖျော့ ဆေးရနံ့က နွေးထွေးစွာ ဖြာထွက်နေတာကို သူခံစားမိလိုက်လေသည်။
“အဲ့ဒါပဲ”
ဆူဇီမိုသည် နားလည်သဘောပေါက်လာ၏။
အဲ့ဒါက ရှောင်းနင်ပိုင်ဆိုင်ထားသည့် ဆန်းကြယ်သော ဆေးမီးဖိုမှ ဖြစ်နိုင်လေသည်။
ညဝိညာဉ်က သူ့သွေးစက်ကို ချမပေးခင်အထိ ရှောင်းနင်၏ နုလုံးသွေးကြောများက ပေါက်မထွက်ဘဲ အကောင်းအတိုင်း ရှိနေသေးခဲ့သည်မှာ ထိုဆေးမီးဖိုကြောင့်ပင် ဖြစ်နိုင်လေသည်။
ရှောင်းနင်က အခြေအနေကောင်းမွန်တာ သေချာမှသာ ဆူဇီမိုသည် နောက်ဆုံး သက်ပြင်းရှည်ကြီးချပြီး စိတ်သက်သာရာရသွားလေသည်။
သူက မြေပြင်ပေါ်ရှိ အလောင်းဘက်သို့ လှည့်ပြီး စူးစူးရဲရဲ ကြည့်လိုက်၏။
အလောင်း၏ နဖူးပေါ်ရှိ သွေးသံရဲရဲ အပေါက်က ညဝိညာဉ်လက်ချက်ဆိုတာ သေချာသည့် သက်သေအထောက်အထားပင်။
“မင်းတို့က အကြောင်းပြချက် လိုချင်တယ်ဆိုတော့လဲ.. ရတာပေါ့ ငါမင်းတို့ကို ရှင်းပြပေးရမှာပေါ့”
သူ့ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုရင်း.. ဆူဇီမိုက မှင်သေသေနှင့် ပြောလိုက်၏။
“ညဝိညာဉ်က ဘာအကြောင်းမှ မရှိဘဲနဲ့ ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး.. ဒီလူက သေရတယ်ဆိုတာ သူက ညဝိညာဉ်ရဲ့ အောက်စည်းကို သွားကျော်မိလို့ပဲ ဖြစ်ရမယ်”
“အဓိပ္ပါယ်မရှိလိုက်တာ”
မျက်နှာရှည်ရှည်နှင့် ယန်ဆေးဂိုဏ်းသားတစ်ယောက်က ရှူးရှူးရှဲရှဲနှ့င် အော်ပြောလိုက်၏။
“ဂျူနီယာညီလေးဖူက စေတနာကောင်းနဲ့ သွားစစ်ဆေးကြည့်ပေးမလို့ပဲ.. ဒါပေမယ့် မင်းရဲ့တောကောင်က ဘာမဆိုင်ညာမဆိုင်နဲ့ သူ့ကို သတ်ပစ်လိုက်တာ.. ငါတို့အကုန်လုံး မြင်ခဲ့ရတာတောင် မင်းက ငြင်းချင်နေတုန်းပဲလား”
ဆူဇီမိုက ပြုံး၍ ထိုလူကို စူးစိုက်ကြည့်ကာ အေးစက်စက်စွာ ပြန်ပြောလိုက်၏။
“သူက ရှေ့ထွက်ပြီး သွားစစ်ဆေးကြည့်မလို့ဆိုတာတော့ ဟုတ်မှာပါ.. ဒါပေမယ့် စေတနာကောင်းနဲ့ ဟုတ်၊ မဟုတ်ဆိုတာတော့ ဘယ်သူက သိမှာလဲ”
“မင်းက အဲ့ဒါ ဘာသဘောနဲ့ ပြောတာလဲ”
ထိုလူ၏ မျက်လုံးများထဲတွင် ကြောက်လန့်စိုးထိတ်သည့် အရိပ်အယောင်များက ဖြတ်ပြေးသွား၏။
ဆူဇီမိုက ထန်ယုဘက်ကိုလှည့်ပြီး မေးလိုက်၏။
“သခင်လေးထန်.. ခင်ဗျားပြောတော့ ခရမ်းရောင်အလောင်းဆွေးအဆိပ်က အရမ်းကို အဆိပ်ပြင်းပြီး ကူးစက်လွယ်တယ်ဆို.. ဟုတ်တယ်မလား”
“ဟုတ်တယ်လေ”
ထန်ယုက ခေါင်းညိတ်လိုက်ရင်း.. တစ်ခုခုကို အတွေးပေါက်သွားသလို သူမ၏ မျက်လုံးများက အရောင်လက်သွား၏။
“ခင်ဗျားဆိုရင်ရော အဆိပ်မိနေတဲ့သူအနားကို ဒီအတိုင်း ချည်းကပ်ရဲမှာ မဟုတ်ဘူးမလား” ဆူဇီမိုက ဆက်လက်မေးလိုက်၏။
“အင်း”
ထန်ယုက ခေါင်းညိတ်ဝန်ခံလိုက်ရ၏။
ရှောင်းနင်က ခရမ်းရောင်အဆိပ်မိထားသည်ကို သိရှိပြီးပြီးလျှင် ထိုနေရာမှာ သူမဆိုလျှင်လည်း ရှောင်းနင်အနားကို ကပ်ဝံ့လိမ့်မည် မဟုတ်ပေ။ အဲ့ဒါသည် သူမက သွေးအေးသောကြောင့် မဟုတ်ပေ။
ထန်ယုသည် ရုတ်တရက် ဘာမှားနေသည်ကို နားလည်သွားပြီး သူမ၏ နုလုံးက ဒိန်းကနဲ ဆောင့်ခုန်သွား၏။
သူမက တီးတိုးရေရွတ်လိုက်၏။
“ငါတောင် လုပ်ရဲမှာ မဟုတ်တဲ့အရာကို ဂျူနီယာမောင်လေးဖူက ဘာလို့ စစ်ဆေးကြည့်ဖို့ ရှေ့တက်သွားရတာပါလိမ့်”
ဦးလေးလျန့်ကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ထန်ယု ဆက်ပြောလိုက်၏။
“ပိုပြီးတော့ ပြောစရာဖြစ်တာက ခရမ်းရောင်အလောင်းဆွေးအဆိပ်အတွက် ဖြေဆေးမှ မရှိဘဲ။ ဂျူနီယာမောင်လေးဖူက ရှေ့ကို တက်သွားစရာ လုံးဝအကြောင်းမရှိဘူး”
ထိုစကားကိုကြားသောအခါ များစွာသော ယန်ဆေးဂိုဏ်းသားများလည်း သတိဝင်နိုးထလာကြ၏။
သူတို့သာ သူ့နေရာမှာလျှင်လည်း ဘယ်သူမှ ရှေ့တက်ကြလိမ့်မည် မဟုတ်ပေ။
ထန်ယ၏ အကြည့်က အေးစက်လာပြီး ဘာမှ ထပ်မပြောတော့ဘဲ မြေပြင်ပေါ်တွင် လဲကျသေဆုံးနေသော အလောင်းကို စူးစိုက်ကြည့်လိုက်၏။
ဆူဇီမို၏ အကြည့်က မျက်နှာရှည်ရှည် ကျင့်ကြံသူအပေါ်သို့ မိုးကြိုးတစ်စင်းလို ကျရောက်သွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါထင်တာတော့ အဲ့လူက ရှေ့ကို တက်သွားရတာ ရှောင်းနင်အဆိပ်မိတာကို သွားစစ်ဆေးကြည့်ဖို့ မဟုတ်လောက်ဘူး.. အဲ့ဒါ ရှောင်းနင်က အဆိပ်မိပြီးတာတောင် မသေသေးလို့ပဲ”
မျက်နှာရှည်ရှည်နှင့်ကျင့်ကြံသူ၏ အမူအယာက အနည်းငယ် ပျက်ယွင်းသွားပြီး သူ့မျက်လုံးမျာက ဂနာမငြိမ် ဖြစ်လာ၏။ သူက ဆူဇီမိ၏အကြည့်နှင့် မဆုံရဲပေ။
ဆူဇီမိုက မျက်လုံးကို မှေးကျဉ်းလိုက်ပြီး စကားကို တစ်လုံးချင်း ပြောလိုက်၏။
“ရှောင်းနင်မသေသေးတာကို သိလိုက်ရလို့ အဲ့လူက သတ်ဖြတ်လိုစိတ်ပေါ်လာခဲ့လိမ့်မယ်.. အဲ့ဒါကြောင့်ပဲ သူက ညဝိညာဉ်သတ်တာကို ခံလိုက်ရတာပဲ”
“ငါပြောတာ ဟုတ်တယ်မလား” ဆူဇီမိုက ခြိမ်းခြောက်သလို မေးမြန်းလိုက်၏။
မျက်နှာရှည်ရှည်နှင့်လူက အတင်းလုပ်ပြီး ရယ်လိုက်၏။
“ကျုပ်-ကျုပ်က အဲ့ဒါကို ဘယ်လိုလုပ်ပြီး သိမှာလဲ”
ဆူဇီမိုက မျက်နှာရှည်ရှည်နှင့် ကျင့်ကြံသူဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး မေးလိုက်၏။
“မင်းက ဘာကို ကြောက်နေတာလဲ”
“ကျုပ်မကြောက်ပါဘူး...”
“ဒီခဏလေးအတွင်းမှာပဲ မင်းရဲ့နုလုံးခုန်က ကဆုန်ပေါက်လာပြီး အသက်ရှူတာကလဲ မြန်လာတယ်.. မင်းကြောက်နေတာ အသိသာကြီးပဲ.. နောက်ပြီး စောစောက ငါ့အပေါ် မင်းရဲ့ သတ်ဖြတ်လိုစိတ်ကို ငါခံစားမိလိုက်တယ်”
သူစကားပြောလို့ ပြီးသွားချိန်တွင် ဆူဇိမိုသည် မျက်နှာရှည်ရှည်နှင့် ကျင့်ကြံသူရှေ့သို့ ရောက်ချလာပြီဖြစ်၏။
ထိုလူ၏ မျက်နှာက ကြောက်လန့်တကြားနှင့် ဖြူလျော့နေပြီး နောက်သို့ ဒယီးဒယိုင်နှင့် အလိုလို ဆုတ်မိသွား၏။ သူ့ပုံစံက မလုံမလဲနှင့် အမူအယာပျက်ယွင်းနေသည်ကို အခြားသောကျင့်ကြံသူများတောင်မှ ပြောနိုင်လေသည်။