အဲ့ဒါဆိုလဲ သွားသေလိုက်တော့
Vol. 27 Ch. 399
သူ၏ မသိသာသော သတ်ဖြတ်လိုစိတ်ကလေးကို ဆူဇီမိုက အာရုံခံမိသွားလိမ့်မည်ဟု မျက်နှာရှည်ရှည်နှင့်လူ ထင်မထားခဲ့မိပေ။
အခြားသူများက ဆူဇီမိုအပေါ် ရန်လိုစိတ်ရှိသည်မှာ ကျိုးကြောင်းသင့်လေသည်။
သို့သော်လည်း မျက်နှာရှည်ရှည်နှင့် ကျင့်ကြံသူကတော့ ရန်လိုစိတ်မက၊ သတ်ဖြတ်လိုစိတ်ပါ ထုတ်ဖော်ခဲ့လေသည်။
ဦးလေးလျန့်က သက်ပြင်းချလိုက်၏။
“ရှီးယွီရှန်.. မင်းဘာလုပ်ခဲ့လဲ အကုန်ရှင်းပြလိုက်၊ အဲ့ဒါဆို မင်းအသက်ရှင်နိုင်သေးတယ်”
ရှီးယွီရှန်ဟုခေါ်သော မျက်နှာရှည်ရှည်နှင့် ကျင့်ကြံသူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ စောစောက သူနှင့်အတူ ရပ်တည်ခဲ့ကြသော ဂိုဏ်းသားအဖော်များပင်လျှင် နောက်ဆုတ်သွားကြပြီး သူ့ကို စိုးရိမ်တကြီး ကြည့်နေကြတာ သူမြင်လိုက်ရ၏။
ရှီးယွီရှန်က တံတွေးမျိုချပြီး ဆူဇီမိုကို မသိစိတ်အရ အလိုလို ကြည့်မိလိုက်၏။
ဆူဇီမို၏ အကြည့်က ဓါးတစ်လက်လို ထက်ပြီး စူးစူးရှရှ အလင်းရောင်က ဖြာထွက်နေခါ ရံဖန်ရံခါ လျှပ်စီးလေးများ ကခုန်သွားသလို ထင်ရ၏။ အဲ့သည့်အကြည့်က ပုံမှန်ထက် ထူးကဲစွာ ထက်ရှနေပြီး ရှီးယွီရှန်၏ နုလုံးသားထဲရှိ နောက်ဆုံးခံစစ်ကို ချိုးဖောက်၀င်ရောက်သွား၏။
အဲ့ဒါသည် အကြည့်၏ မမြင်ရသော စွမ်းအားပင် ဖြစ်လေသည်။
ဆူဇီမိုသည် မျက်လုံးဒွာရကို ရှင်းလင်းပြီးနောက် သူတို့ကို သားရဲချီများနှင့် မီးဆေးပြီးမှသာလျှင် ဤအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။
မျက်လုံးအကြည့်က လူတစ်ယောက်၏ စိတ်နုလုံး သို့မဟုတ် သတ္တိနှင့် ချိတ်ဆက်နိုင်စွမ်း ရှိလေသည်။
ထို့ကြောင့် နှစ်ယောက်တည်း တိုက်ရသော ရန်ပွဲများတွင် တစ်ဖက်လူ၏ အကြည့်ကြောင့် ထိုသူက စိုးရွံ့စိတ်ဖြစ်ပေါ်လာလျှင် သူ့စိတ်က ဂနာမငြိမ်ဖြစ်ပြီး ဟာကွက်များ ထွက်ပေါ်လာနိုင်လေသည်။
မော်တယ်လောကမှာတောင် မျက်လုံးအကြည့်များက အရေးပါအရာရောက်ပြီး အထူးတလည် လေ့ကျင့်ကြရလေသည်။
ကျင့်ကြံရေးလောကမှာဆို လူတစ်ယောက်၏ မျက်လုံးအကြည့်ကို အဆင့်မြှင့်တင်နိုင်သော နည်းစနစ်များက လျှို့ဝှက်ပညာရပ်များ ဖြစ်ကြလေသည်။
ထိုပညာရပ်ကို ကြောက်စရာကောင်းလောက်အောင် အသုံးချနိုင်သူက ဥပမာပေးရလျှင် နတ်ဆိုးမကျိ ဖြစ်လေသည်။ သူမက ဘာမှ လှုပ်ရှားစရာ မလိုဘဲ အကြည့်တစ်ချက် ညှို့အားနှင့်ပင် တစ်ဖက်လူကို ကိုယ့်ကိုယ်ကိုယ်သတ်သေအောင် လုပ်နိုင်စွမ်း ရှိလေသည်။
ထို့ကြောင့်ပင် ဆူဇီမိုသည် နတ်ဆိုးမကျိနှင့် ဆုံတိုင်း ခေါင်းကိုက်ရပြီး သူမ၏ အကြည့်နှင့် မဆုံမိအောင် တတ်နိုင်သမျှ ရှောင်ရလေသည်။
“ပြောလေ!”
ဆူဇီမိုက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်၏။ သူ့မျက်လုံးက လျှပ်စီးလျှပ်ပန်းများလို တဖျတ်ဖျတ် လက်သွားပြီး အော်ငေါက်လိုက်၏။
သူသည် ထိုစကားသံထဲတွင် မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်းကိုပါ တစ်စွန်းတစ်စ ထည့်လိုက်၏။
ဆူဇီမိုသည် သူ့ပါးစပ်ဒွါရကိုလည်း ရှင်းလင်းထားပြီး ဖြစ်တာကြောင့် သူ့အသံက ရှီးယွီရှန်၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သလို မြည်ဟည်းသွား၏။
ရှီးယွီရှန်သည် ဆူဇီမို၏ အကြည့်နှင့် ရင်ဆိုင်ရကတည်းက သူ့နုလုံးခုန်သံက ဝုန်းဒိုင်းကျဲနေခဲ့ပြီးဖြစ်၏။ ယခု ဆူဇီမိုက အော်ငေါက်လိုက်သောအခါ သူ့စိတ်နုလုံးက လုံး၀ပြိုလဲကျသွားပြီး ကြောက်လန့်တကြား ဖြူလျော့နေသော မျက်နှာနှင့်အတူ မြေပြင်ပေါ်မှာ ဒုတ်ကနဲ ဒူးထောက်ကျသွားလေသည်။
“ကျုပ်မှားပါတယ်ဗျာ.. ကျုပ်မှားသွားပါတယ်”
တုန်ရီနေသော အသံနှင့် ရှီးယွီရှန်က ပြောလိုက်၏။
“အဆိပ်ဂိုဏ်းက တူခိုင်က ကျုပ်နဲ့ ဂျူနီယာညီဖူအပေါ်မှာ အသက်ဖြတ်အဆိပ်မှုန့်ကို သုံးထားလို့ပါ.. အဆိပ်ဖြေဆေးကလဲ သူ့ဆီမှာပဲရှိတာဆိုတော့ ကျုပ်တို့လဲ ဘာမှ မတတ်နိုင်တော့လို့ပါ”
အဆိပ်ဂိုဏ်းက တူခိုင်..
ထန်ယုက မသိမသာ မျက်မှောင်ကြုတ်၍ ဆူဇီမိုကို ရှင်းပြလိုက်၏။
“တူခိုင်က လက်ရှိအဆိပ်ဂိုဏ်းအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ.. သူက မရီးဒါန် ခုနှစ်ခု အခြေတည်အဆင့်၊ အဆိပ်ပညာမှာ နက်နက်ရှိုင်းရှိုင်း ကျွမ်း၀င်နားလည်ပြီးတော့ အရမ်းရက်စက်တတ်တဲ့လူပဲ”
ဆူဇီမိုက မှင်သေသေမျက်နှာနှင့်ပင် ခေါင်းညိတ်လိုက်၏။
လူတိုင်းက သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ရှီးယွီရှန်သည် ပို၍ ထိတ်လန့်လာပြီး အလောတကြီး ပြောလိုက်၏။
“နောက်ပြီး ဂိုဏ်းသားအချင်းချင်း ထိခိုက်အောင် သစ္စာဖောက်ရမယ်ဆို ကျုပ်လုပ်ခဲ့မှာ မဟုတ်ပါဘူး၊ တူခိုင်က ဆူဇီမိုတို့အုပ်စုကိုပဲ ပစ်မှတ်ထားခိုင်းခဲ့တာပါ။ ပြီးတော့ သူတို့ထဲက တစ်ယောက်ကို သတ်နိုင်တာနဲ့ ကျုပ်တို့ကို ဖြေဆေးပေးမယ်လို့လဲ ပြောခဲ့ပါတယ်”
ထိုနေရာအရောက်တွင် လူတိုင်း၏ သံသယအတွေးများက ရှင်းလင်းသွားလေတော့သည်။
ညဝိညာဉ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ယန်ဆေးဂိုဏ်းသားတစ်ယောက်ကလည်း အသက်ဖြတ်အဆိပ် မိထားတာပင်။ ထို့ကြောင့်ပင် သူက ရှောင်းနင်အနားကို ချဉ်းကပ်ရဲခဲ့ခြင်းပင်။
ဦးလေးလျန့်က အေးစက်စက် ဟက်ကနဲ ရယ်လိုက်၏။
“ငါတို့ မသိအောင် ကိစ္စတွေကို ဒီအခြေအနေ ရောက်တဲ့ထိ ထိန်ချန်ထားကထဲက မင်းက ဂိုဏ်းကို သစ္စာဖောက်ပြီးနေပြီပဲ၊ တူခိုင်က ဖြေဆေးနဲ့ လဲလှယ်ဖို့ မင်းရဲ့ဂိုဏ်းသားညီကိုတွေကို သတ်ခိုင်းရင်တောင် မင်းက တွန့်ဆုတ်နေပါ့မလား.. ငါတော့ မထင်ပါဘူး”
များစွာသော ယန်ဆေးဂိုဏ်းသားများသည် ရင်တစ်ချက်ထိတ်သွားကာ တွေးကြည့်ရင်း ကြက်သီးထလာကြ၏။
“မလုပ်- မလုပ်ပါဘူး၊ ကျုပ်ဘယ်လုပ်ရဲပါ့မလဲ”
ရှီးယွီရှန်သည် ဗျာများသွားပြီး သူ့ခေါင်းကို ထပ်တလဲလဲ ခါပြလိုက်၏။
ထန်ယုက နှမြော၀မ်းနည်းသောမျက်နှာနှင့် ပြောလိုက်၏။
“ဂျူနီယာညီရှီ အသက်ဖြတ်အဆိပ်က မရဏခုနှစ်မျိုးထဲကမှ မဟုတ်တာ၊ ငါတို့မှာ ဖြေဆေးမရှိဘူးဆိုပေမယ့်လဲ ငါပြန်ရောက်တဲ့အချိန်ထိ မသေရအောင်တော့ ထိန်းထားပေးနိုင်ပါတယ်။ ငါတို့ဂိုဏ်းက စီနီယာတွေရဲ့ အစွမ်းအစနဲ့ဆို အသက်ဖြတ်အဆိပ်လောက်တော့ အေးဆေးထုတ်ပေးနိုင်မှာပါ။ ဒါပေမယ့် မင်းကတော့…”
“ကျတော် မှားသွားပါတယ်ဗျာ၊ ကျတော် အခု နောင်တရနေပါပြီ”
ရှီးယွီရှန်က ဆက်တိုက် တောင်းပန်နေ၏။
သူ၏ သနားစရာကောင်းသောပုံစံကိုကြည့်ပြီး ထန်ယုသည် နှမြောတမ်းတစွာ မျက်မှောင်ကြုတ်လိုက်မိ၏။
ဦးလေးလျန့်က ကြိတ်ပြီး သက်ပြင်းချလိုက်လေသည်။
သည်နေ့ သည်အချိန်ထိတော့ ထန်ယုမှာ ပြတ်ပြတ်သားသားသတ်ဖြတ်နိုင်စွမ်းက ကင်းမဲ့နေသေးလေသည်။
ရှီးယွီရှန်လိုလူမျိုးကို ဘယ်ဂိုဏ်းကမှ အလွယ်တကူ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ရှီးယွီရှန်ကို နေရာမှာတင် သတ်ဖြတ်ဖို့ ထန်ယုကိုယ်စား ဆုံးဖြတ်ချက်ချပေးရန် ဦးလေးလျန့်က ရှေ့တက်မလို့ လုပ်နေစဉ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။
“မင်းက သေရမှာ အဲ့လောက်တောင် ကြောက်နေမှတော့…”
“အဲ့ဒါဆိုလဲ သွားသာသေလိုက်တော့!”
ဆူဇီမိုက ရုတ်တရက် သူ့ခြေထောက်ကို မပြီး ရှီးယွီရှန်၏ ရင်အုပ်ကို ပြင်းထန်စွာ ကန်ကျောက်လိုက်၏။
ဖျောင်း!
ရှီးယွီရှန်၏ ခန္ဓာကိုယ်က လွင့်စင်ထွက်သွားပြီး နံရံနှင့် ပြင်းထန်စွာ ရိုက်မိကာ ကပ်သွားပြီးမှ သွေးသံရဲရဲနှင့် ကွာကျလာ၏။
သူ့ရင်အုပ်တစ်ခုလုံးက ကျိုးကြေချိုင့်၀င်သွားပြီး မျက်လုံးများက ကြောင်တိကြောင်ကန်း ရီဝေဝေ ငေးနေ၏။ သူ့ခေါင်းက တစ်ဖက်ကို လည်ကျသွားပြီးနောက် အသက်ထွက်သွားလေတော့သည်။
စောင့်ကြည့်နေကြသော ကျင့်ကြံသူများအားလုံး ကြက်သေသေသွားကြ၏။
ထန်ယုက တစ်ခုခုကို ပြောချင်သည့်အလား သူမ၏ ပါးစပ်ကို ဟလိုက်၏။ သို့သော် အဆုံးသတ်မှာတော့ သက်ပြင်းသာ ချပြီး ဘာမှ မပြောဖြစ်တော့ပေ။
“အင်း..”
ထိုအချိန်တွင် အစက ထောင့်မှာအိပ်ပျော်နေသော ရှောင်းနင်ထံမှ အိပ်မှုန်စုံမွှား ညည်းသံက ထွက်ပေါ်လာ၏။
ဆူဇီမိုက ကပျာကယာ လျှောက်သွားပြီး ထိုင်ချလိုက်၏။ သူက ရှောင်းနင်၏ နဖူးပေါ် လက်တင်ကာ ချိုသာစွာ မေးလိုက်၏။
“ရှောင်းနင်.. ဘယ်လိုနေသေးလဲဟင်”
“အစ်ကိုလေးလား”
ရှောင်းနင်သည် သူမ၏ မျက်လုံးများကို မဆိုစလောက်ကလေးသာ ဖွင့်နိုင်ပြီး ရှေ့ကအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ရင်းနှီးနေကျ အသံကြောင့်သာ သူမက အလိုလို မေးလိုက်မိခြင်း ဖြစ်လေသည်။
“ဟုတ်တယ် ငါလေ”
ဆူဇီမိုက ရှောင်းနင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်၏။
ရင်းနှီးနေကျ နွေးထွေးမှုက သူမ၏ နုလုံးသားထဲသို့ ချက်ချင်းစီး၀င်လာပြီး သူမသည် ပို၍ နိုးကြားလာ၏။ သူမသည် အကောင်းဆုံးကြိုးစား၍ မျက်လုံးများကို ဖွင့်ရင်း သူမ၏ နှုတ်ခမ်းများက ပြုံးလာ၏။
“ကိုလေး.. ပြန်လာပြီပေါ့.. ကျမက အဆင်ပြေပါတယ်၊ မပူပါနဲ့”
ရှောင်းနင်၏ အပြုံးကို မြင်သောအခါ ဆူဇီမိုသည်လည်း အလိုလို ပြုံးလိုက်မိ၏။ သူမ၏ နဖူးပေါ် ဝဲကျနေသော ဆံစလေးများကို တယုတယ သပ်တင်ပေးပြီး အနည်းငယ် အပြစ်တင်ဟန်နှင့် မေးလိုက်၏။
“နင်ဘာလို့ အဲ့လောက် နမော်နမဲ့ နိုင်ရတာလဲ အမ်”
ရှောင်းနင်က သူမ၏ လျှာလေးကိုကိုက်ပြီး မျက်တောင်ကို ခတ်နေလိုက်၏။
သူတို့အနားသို့ ထန်ယုက ရောက်လာပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ကမ်းပေးလိုက်၏။
“ရော့ ဒါက မဟာအမြတေအားဖြည့်ဆေးပဲ၊ ရှောင်းနင်ကို ကျွေးလိုက်ပါ၊ အဆိပ်က အခုမှ ထွက်ကာစဆိုတော့ သူက အားနည်းနေတုန်းပဲ”
“ကျေးဇူး အများကြီး တင်ပါတယ်”
ဆူဇီမိုက ကျောက်စိမ်းပုလင်းကို လက်ခံယူ၍ လက်သည်းခွံလောက်ရှိသော ဆေးတစ်လုံးကို ထုတ်ယူကာ ရှောင်းနင်ကို တိုက်ကျွေးလိုက်၏။
ထန်ယု၏ စိတ်ထဲတွင် သံသယတစ်ခုက ရှိနေဆဲဖြစ်တာကြောင့် သူမက မနေနိုင်တော့ဘဲ မေးလိုက်၏။
“တာအိုရောင်းရင်းဆူ၊ ရှင်တို့က အဆိပ်ဂိုဏ်းနဲ့ ရန်ငြိုးရှိတာလား”
ဆူဇီမိုသည် မတ်တပ်ထရပ်လိုက်ပြီး ရွှေအမြုတေ၏ လိုဏ်ဂူခန်းဝါထဲတွင် သူသတ်ခဲ့ဖူးသော အဆိပ်ဂိုဏ်းသားကို ပြန်လည်မြင်ယောင်လာ၏။
“မင်းငါ့ကိုသတ်ရင် မင်းတို့အကုန်လုံးလဲ ရှေးဟောင်းတိုက်ပွဲမြေမှာ သေရလိမ့်မယ်”
အဲ့ဒါသည် ထိုအဆိပ်ဂိုဏ်းသား နောက်ဆုံးပြောခဲ့သော စကားပင် ဖြစ်လေသည်။
ဆူဇီမိုသည် ဘာကိုမှ ဖုံးကွယ်မနေဘဲ ခေါင်းညိတ်ပြလိုက်၏။
“အရင်က အဆိပ်ဂိုဏ်းသားတစ်ယောက်ကို ကျုပ်သတ်ခဲ့ဖူးတယ်”
“အင်း ဒါ့ကြောင့်ကိုး”
နားလည်သဘောပေါက်သွားပြီး ထန်ယုက အလေးအနက်ထား ပြောလိုက်၏။
“အဆိပ်ဂိုဏ်းက စဉ်းလဲပြီးတော့ အရမ်းလက်စားချေတတ်တယ်.. ခရမ်းရောင်အလောင်းဆွေးအဆိပ်ကို သုံးနိုင်တယ်ဆိုထဲက အဲ့လူက အဆိပ်ဂိုဏ်းထဲမှာ အရေးပါအရာရောက်တဲ့သူပဲ။ သူက ရှင်တို့အကုန်လုံးကို သတ်ဖို့ မြို့မြောက်ဘက်ကို ရောက်လာခဲ့တာပဲ၊ ကံဆိုးသွားတာကတော့…”
တစ်ကယ်တော့ ထန်ယု၏ ခန့်မှန်းချက်က အတော်လေး နီးစပ်လေသည်။
ထိုအဆိပ်ဂိုဏ်သား၏ အမည်မှာ လူအန်ဖြစ်ပြီး မရီးဒါန်ခုနှစ်ခုအခြေတည်အဆင့်တစ်ယောက် ဖြစ်လေသည်။ သူသည် ဆူဇီမိုတို့အုပ်စုကို အဆိပ်ခတ်ဖို့အတွက် အလွှတ်ခံလိုက်ရတာဖြစ်၏။ သို့သော်လည်း ညဝိညာဉ်နှင့် ရင်ဆိုင်လိုက်ရပြီး သူ့ဘ၀က အဆုံးသတ်သွားရလေသည်။
ခရမ်းရောင်အလောင်းဆွေးအဆိပ်က ညဝိညာဉ်အပေါ် ဘာအာနိသင်မှ မပြနိုင်ပေ။
လူအန်သည် တစ်ချီတောင် မခံလိုက်ဘဲ ညဝိညာဉ်လက်ချက်နှင့် ပွဲချင်းပြီး ရှောသွားခဲ့လေသည်။