ယမမင်းနဲ့ တွေ့ပေးမယ်
Vol. 27 Ch. 400
ဆူဇီမိုက မေးလိုက်၏။
“အဆိပ်ဂိုဏ်းက လူတွေကို ဒီအရင်က ကျုပ်ဘာလို့ မမြင်ခဲ့ရတာပါလိမ့်”
“အဆိပ်ဂိုဏ်းက ရွှမ်ထျန်းမြို့ထဲကို ရောက်လာတာတာ သုံးလေးရက်လောက်ပဲ ရှိသေးတယ်.. ငါထင်တာတော့ သူတို့လဲ ဆေးရေအိုင်ဂိုဏ်းအပျက်အစီးနေရာအတွက် ရောက်လာကြတာနေမယ်”
ထန်ယုက ဆူဇီမိုကို ကြည့်ပြီး ပြောလိုက်၏။
“သူတို့အဖွဲ့က လူလေးတစ်ရာကျော်လောက်ပဲ ပါတယ်ဆိုပေမယ့်.. အဆိပ်ဂိုဏ်းသားတွေ အကုန်လုံးရဲ့ တစ်ကိုယ်လုံးက အဆိပ်တွေနဲ့ ပြည့်နှက်နေတာ.. သူတို့က သူတို့ထက်ကျင့်ကြံမှုအဆင့်မြင့်တဲ့သူတွေကို သတ်တဲ့နေရာမှာ ဆရာတစ်ဆူပဲ.. ဖန်သားနန်းတော်တို့၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့တောင် သူတို့ကို ရန်သွားမစချင်ကြဘူး”
တစ်ကယ်တော့ ထန်ယု၏ စကားက ဆူဇီမိုကို သတိပေးနေခြင်းဖြစ်၏။ စိတ်လိုက်မာန်ပါနှင့် အဆိပ်ဂိုဏ်းမှာ ပြဿနာသွားရှာပြီး ကိုယ့်သေတွင်းကိုယ်တူးသလို မဖြစ်စေရန် ဖြစ်လေသည်။
ဆူဇီမိုက ပြုံးရုံသာပြုံး၍ ဘာမှ ပြန်မပြောဖြစ်ပေ။
ဆူဇီမိုက စိတ်ထဲ သိပ်ပြီး အလေးအနက်ထားပုံ မရသည်ကို မြင်သောအခါ ထန်ယုက ဆက်ပြောလိုက်၏။
“ပြောရရင် ဒီတစ်ခေါက်မှာ တစ်ကယ်တမ်း နစ်နာသွားရတာကလဲ အဆိပ်ဂိုဏ်းပဲလေ.. သူတို့က သူတို့ဂိုဏ်းရဲ့ အားထားရတဲ့ ကျင့်ကြံသူတစ်ယောက်ကို ဆုံးရှုံးသွားရတာပဲ အဖတ်တင်တယ်.. ရှောင်းနင်ကလဲ ဘာမှ မဖြစ်တော့ဘူး.. ဒီတစ်ခေါက် ဆုံးရှုံးခဲ့ပြီဖြစ်တော့ သူတို့လဲ သိပ်ပြီး အရမ်းကာရော လုပ်ရဲကြမှာ မဟုတ်တော့ဘူး.. လာမယ့်ကာလအတွင်း ကျမတို့ရဲ့ ခံစစ်ကိုတာ တောင့်တင်းအောင်လုပ်ထားရင် အဆိပ်ဂိုဏ်းက တော်တန်ရုံနဲ့ လာတိုက်ရဲမှာ မဟုတ်လောက်တော့ဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် ထန်ယုက ထပ်ပြောလိုက်၏။
“နောက်ပြီး ရှင်က အဆိပ်ဂိုဏ်းက လူနဲနဲပါးပါး သွားသတ်ပြီး ဘေးမသီရန်မခ ပြန်လာနိုင်ခဲ့ရင်ရော ဘာဖြစ်လဲ”
“ခဏတာ စိတ်ကျေနပ်မှု ရရုံပဲရှိမှာ.. အဲ့ဒါပြီးတာနဲ့ ရှင်နဲ့ သူတို့အကြား ရန်ငြိုးက ဘယ်လိုမှ ဖြေဖျောက်လို့ရမှာ မဟုတ်တော့ဘူး.. နောက်ပြီး သူတို့က အချိန်မရွေး လက်စားပြန်ချေလာနိုင်တဲ့အတွက် ရှင့်အသက်အန္တရာယ်အတွက် ရင်တထိတ်ထိတ်နဲ့ နေနေရတော့မှာ.. အဲ့ဒါက မတန်ဘူးမလား”
“အမ်း”
ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
“ခင်ဗျားပြောတာ မှန်တယ်”
ဆူဇီမို၏ တုံ့ပြန်စကားကို ကြားရသောအခါ ထန်ယုသည် နောက်ဆုံး စိတ်သက်သာရာ ရသွား၏။ သူမ၏ စိတ်က ပြေလျော့သွားပြီး တောက်ပစွာ ပြုံးလိုက်၏။
ဆူဇီမို၏ မျက်လုံးထဲတွင် အလင်းတစ်ချက်က ဖြတ်ပြေးသွားပြီးနောက် သူက မေးလိုက်၏။
“အဆိပ်ဂိုဏ်းရဲ့ မရဏခုနှစ်မျိုးဆိုတာက ဘာတွေလဲ”
“အဆိပ်ဂိုဏ်းရဲ့ မရဏခုနှစ်မျိုးဆိုတာက.. အဆိပ်ဂိုဏ်းရဲ့ အစွမ်းအထက်ဆုံး လက်နက်ပုန်း ဒါမှမဟုတ် အဆိပ် ခုနှစ်ခုကို ပြောတာပဲ.. အဆိပ်ဂိုဏ်းမှာဆိုရင် ချီစုဖွဲ့စစ်သည်တော်တွေနဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေက မရဏခုနှစ်မျိုးထဲက နှစ်မျိုးကို အသုံးပြုခွင့်ရှိတယ်.. အဲ့ဒါ ဝိညာဉ်နုတ်အပ်နဲ့ ခရမ်းရောင်အလောင်းဆွေးအဆိပ်ပဲ”
“ခရမ်းရောင်အလောင်းဆွေးအဆိပ်ဆိုတာ ခရမ်းစိမ်းရောင်သန်းနေတဲ့ အမှုန့်လေးတွေပဲ.. ဘယ်သူဖြစ်ဖြစ် အဲ့ဒါနဲ့ ထိတာနဲ့ သေ...”
ဘေးဘက်ရှိ ရှောင်းနင်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ထန်ယုက ပြောနေတာကို ရုတ်တရက် ရပ်တန့်လိုက်၏။
ခရမ်းရောင်အလောင်းဆွေးအဆိပ်မိတာတောင် မသေသည့်သူက ယခုသူတို့ရှေ့မှာ တစ်ယောက်ရှိနေလေသည်။
ရှောင်းနင်၏ ခန္ဓာကိုယ်တွင် လျှို့ဝှက်ချက်တစ်ခုခု ရှိရမည်ကို ထန်ယုသိလေသည်။ သို့သော်လည်း သူမက အကင်းပါး၏။ အဲ့ဒါကို မမေးခဲ့ပေ။
“ဝိညာဉ်နုတ်အပ်လား”
ဆူဇီမိုက ပြန်လည်အမှတ်ရသွားဟန်နှင့် မေးလိုက်၏။
“အဲ့ဒါက နွားဆံပင်လောက်သေးသွယ်တဲ့ အပြာရောင်ဆူးလေးတွေမလား”
“ဟုတ်တာပေါ့”
ထန်ယုက ခေါင်းညိတ်လိုက်၏။
“ဝိညာဉ်နုတ်အပ်ရဲ့ ကြောက်စရာကောင်းတဲ့အပိုင်းက အဲ့ပေါ်မှာ သုတ်လိမ်းထားတဲ့ အဆိပ်မဟုတ်ဘူး.. အဲ့ဒါက သူကိုယ်တိုင်ပဲ”
“သူကိုယ်တိုင်လား” ဆူဇီမိုက မသိမသာ မျက်မှောင်ကြုတ်လိုက်၏။
ထန်ယုက ရှင်းပြလေသည်။
“ဝိညာဉ်နုတ်အပ်က နွားဆံပင်လောက်သေးတယ်.. အဲ့ဒါက ခန္ဓာကိုယ်ထဲကို ရောက်တာနဲ့ သွေးစီးကြောင်းအတိုင်း လိုက်သွားပြီး နုလုံးဆီကို ရောက်တာနဲ့ အဲ့ဒါကို ဖျက်ဆီးပစ်လိုက်လိမ့်မယ်.. အပ်မှာ သုတ်ထားတဲ့ အဆိပ်ကို ဖယ်ထုတ်နိုင်ခဲ့ရင်တောင် အလကားပဲ.. ဝိညာဉ်နုတ်အပ်ကိုယ်တိုင်က သူ့ပစ်မှတ်ကို ရှာပြီး ဖျက်ဆီးပစ်နိုင်တယ်”
ဆူဇီမို ခေါင်းညိတ်လိုက်၏။
ထို့ကြောင့်ပင် အဲ့နေ့တုန်းက အပြာရောင်အပ်ကလေးများနှင့် ရင်ဆိုင်ရချိန် သူ့နုလုံးက တဒုတ်ဒုတ်ခုန်ခဲ့ရခြင်းဖြစ်လေသည်။
ထိုခံစားချက်သည် ဝိညာဉ်နုတ်အပ်ပေါ်ရှိ အဆိပ်မှ လာခြင်းမဟုတ်၊ ၎င်းအပ်ကိုယ်တိုင်မှ လာခြင်း ဖြစ်လေသည်။
ခဏကြာပြီးနောက် ရှောင်းနင်က အိပ်မောကျသွား၏။ သူမ၏ မျက်နှာက အနီရောင်သန်းလာပြီး အသက်ရှူနှုန်းကလည်း တည်ငြိမ်လာလေသည်။
“သခင်လေးထန်.. ရှောင်းနင်ကို ဂရုစိုက်ပေးထားလို့ ရမလား.. ကျုပ် စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်ချင်လို့”
“ရတာပေါ့”
ထန်ယုက သိပ်အများကြီး စဉ်းစားမနေဘဲ ခေါင်းညိတ်ပြလိုက်၏။ ဆူဇီမိုကို အရမ်းဝေးဝေး လျှောက်မသွားဖို့နှင့် ဂရုစိုက်ဖို့သာ သတိပေးလိုက်လေသည်။
ယန်ဆေးဂိုဏ်းမှ ဆူဇီမို ထွက်လာတော့ မွန်းတည့်ချိန် ဖြစ်လေသည်။
မြို့၏ မြောက်ဘက် လမ်းထောင့်တစ်နေရာမှာ မတ်တပ်ရပ်ရင်း ဆူဇီမိုသည် တောက်ပနေသော နေလုံးကို မော့ကြည့်လိုက်၏။ နေရောင်ခြည်ကြောင့် သူ့မျက်လုံးက ကျိန်းစပ်မသွားဘဲ.. အေးစက်စက်နှင့် ပိုမိုတောက်ပလာ၏။
“အဆိပ်-ဂိုဏ်း..”
ဆူဇီမို၏ ပါးစပ်မှ စကားနှစ်လုံး ထွက်လာ၏။
သူသည် ရွှမ်ထျန်းမြို့၏ လမ်းမရှည်တစ်လျှောက် တောင်ဘက်သို့ လျှောက်သွားလိုက်လေသည်။
. . .
မြို့တောင်ဘက်ကို မူလက မိစ္ဆာဒိဋ္ဌိဝါဒီငါးခုထဲမှ နှစ်ခုဖြစ်သော ရုပ်သေးဂိုဏ်းနှင့် အုတ်ဂူဂိုဏ်းတို့က စောင့်ကြပ်ကြလေသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်က အဆိပ်ဂိုဏ်းသည် ရွှမ်ထျန်းမြို့ထဲသို့ ဝင်ရောက်လာပြီး မြို့တောင်ပိုင်းတွင် နယ်မြေတစ်ခုစာကို အတင်းဝင်ရောက် ရယူခဲ့လေသည်။
အစတုန်းကတော့ ဤနေရာသည် ကျပန်းပေါက်ရောက်နေသော မြက်ပင်များ၊ ပေါင်းပင်များနှင့် စိမ်းလန့်စိုပြေကာ ကြပ်ပိတ်၏။ သို့သော် အဆိပ်ဂိုဏ်း အထိုင်ချပြီး ရက်နည်းနည်းကြာတော့ ထိုမြက်ပင်များအားလုံးသည် ညှိုးခြောက်ကာ သေကုန်ကြလေသည်။
နေရာတစ်ခုလုံးက မကောင်းဆိုးဝါးဆန်ဆန်နှင့် တိတ်ဆိတ်ခြောက်ကပ်ကာ အင်းဆက်များ၊ ပုရွက်ဆိတ်များတောင် ပျောက်ကွယ်သွားလေသည်။ ထိုအဆိပ်ဂိုဏ်းသားများမှအပ အခြားသော သက်ရှိတစ်ကောင်မှ မရှိတော့သလိုပင်။
ဒီနေ့မွန်းတည့်ချိန်တွင် အစိမ်းရောက်ဝတ်ကျင့်ကြံသူတစ်ယောက်က ထိုနေရာသို့ လျှောက်လှမ်းလာ၏။ သူ့ပုံစံက စာပေသမားဆန်ဆန်၊ ကြော့ရှင်းပြီး လက်တစ်ဖက်ကို နောက်ပစ်ကာ လမ်းလျှောက်လာ၏။
“အာ.. အဲ့လူကို ကြည့်ရတာ မြင်ဖူးနေသလိုပဲ”
“အဲ့ဒါ ဟိုလမ်းမထက်က တိုက်ပွဲတုန်းက ကြမ်းခဲ့တဲ့တစ်ယောက်.. ဆူဇီမို မဟုတ်ဘူးလား”
“ဟာ ဟုတ်တာပေါ့.. အဲ့ဒါသူပဲ”
“ထူးဆန်းတယ်.. သူက အဆိပ်ဂိုဏ်းရဲ့ ပိုင်နက်ထဲကို ဘာလာလုပ်တာလဲ”
ခပ်လှမ်းလှမ်းမှနေ၍ ကျင့်ကြံသူအချို့က ဆူဇီမိုကို သတိထားမိသွားကြ၏။
ပြောရမည်ဆိုလျှင် အဆိပ်ဂိုဏ်း၏ ပိုင်နက်ထဲမှာ သူတစ်ယောက်တည်း ရှိနေပြီး သူ၏ အစိမ်းရောင်ဝတ်ရုံက အဆိပ်ဂိုဏ်း၏ အသွင်အပြင်နှင့် လုံးဝခြားနားနေကာ မျက်စိစူးစရာ ဖြစ်နေ၏။
သိပ်မကြာမီ အားလုံး၏ စောင့်ကြည့်နေကြသော မျက်လုံးများ ရှေ့မှောက်မှာတင်.. ဆူဇီမိုသည် အဆိပ်ဂိုဏ်း၏ အိမ်တော်ရှေ့သို့ ရောက်သွားလေသည်။
ဖြူဖတ်ဖြူရော်မျက်နှာနှင့် အဆိပ်ဂိုဏ်းသားနှစ်ယောက်က ဝင်းတံခါး၏ တစ်ဖက်တစ်ချက်စီတွင် စောင့်ကြပ်နေကြ၏။ သူတို့က ချည်းကပ်လာသော ဆူဇီမိုကို အထင်အမြင်သေးစွာနှင့် စိုက်ကြည့်နေကြ၏။
သူတို့အတွက်တော့.. ဆူဇီမိုက အရမ်းအားနည်းလွန်းပြီး ခြိမ်းခြောက်ဖွယ်ရာ တစ်ခု ဟုတ်မနေပေ။
ဒါ့အပြင် ဆူဇီမိုသည် သူ့ခါးတွင် မည်သည့်ဂိုဏ်းတံဆိပ်ပြားကိုမှ ချိတ်ဆွဲမထားပေ။ ပြောရမည်ဆိုလျှင် သူက ထိပ်သီးဂိုဏ်းများမှ ဘာကောင်ညာကောင်မျိုး မဟုတ်ပေ။
“မင်း ဒီကို ဘာလာလုပ်တာလဲ”
ဘယ်ဘက်ရှိ အဆိပ်ဂိုဏ်းသားတစ်ယောက်က မျက်ခုံးပင့်၍ မေးလိုက်၏။
ဆူဇီမိုက ပြုံးယောင်သန်း၍ အိမ်တော်ဘက်ကို လက်ညိုးထိုးကာ ပြန်မေးလိုက်၏။
“ဒါက အဆိပ်ဂိုဏ်း.. ဟုတ်တယ်မလား”
“ဟုတ်တယ်ကွာ.. အဲ့တော့ ဘာဖြစ်လဲ” အခြားသောကျင့်ကြံသူက လှောင်ရယ်လိုက်၏။
ဆူဇီမိုက ပြန်မဖြေဘဲ ထပ်မေးလိုက်၏။
“အဲ့မှာ တူခိုင်ရှိလား”
“မိုက်ရိုင်းလိုက်တာ”
“မင်းကတော့ သေချင်နေပြီ”
အဆိပ်ဂိုဏ်းသားနှစ်ယောက်သည် ထောင်းကနဲ ဒေါထသွားကြပြီး အော်ဟစ်လိုက်ကြ၏။
ဘယ်ဘက်က ကျင့်ကြံသူသည် အေးစက်စက် ဟိန်းဟောက်လိုက်၏။
“စီနီယာအစ်ကိုတူရဲ့ နာမည်က မင်းလိုမျိုးကောင်တွေ ဒီအတိုင်းလျှောက်ခေါ်လို့ ရတဲ့ အရာ မဟုတ်ဘူးကွ”
အခြားသော ကျင့်ကြံသူကလည်း ရန်လိုစွာကြည့်၍ ထပ်ပြောလိုက်၏။
“ခွေးကောင်.. ငါမင်းကို မသတ်ရမယ့် အကြောင်းပြချက်တစ်ခု မြန်မြန်ပေးစမ်း.. မဟုတ်ရင်တော့ နောက်ခဏနေရင် ငါမင်းကို ယမမင်းနဲ့ ပေးတွေ့လိုက်မယ်”
“ယမမင်းလား”
ဆူဇီမိုက သွားဖြဲလိုက်၏။
“ဘာလို့ ခဏစောင့်နေရမှာလဲ.. အခုပဲ ငါမင်းတို့နှစ်ယောက်ကို သူနဲ့ပေးတွေ့လိုက်မယ်”
ဆူဇီမိုက ရှေ့သို့ခုန်တက်၍ ရုတ်တရက် သူ့လက်ဝါးကို ဆန့်ထုတ်ကာ နောက်ကိုအားယူပြီး ရှေ့သို့ လွှဲရိုက်လိုက်၏။
ဆင်နှာမောင်းတစ်ခုလို သူ့လက်က ညာဘက်က ကျင့်ကြံသူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာပြီး ဖျောင်းကနဲ မြည်သံက ထွက်ပေါ်လာ၏။
ထိုလူ၏ ဦးနှောက်ရည်များက ပြန့်ကျဲထွက်သွားကာ အသံတစ်ချက်တောင် မထွက်နိုင်ဘဲ ပွဲချင်းပြီး စင်းသွားလေသည်။
ဘယ်ဘက်က ကျင့်ကြံသူသည် အလန့်တကြား ဖြစ်သွား၏။ အဆိပ်ဂိုဏ်း၏ ပိုင်နက်ထဲမှာတောင် ဆူဇီမိုက သူတို့ကို သတ်ဖြတ်ဖို့ ကြိုးပမ်းရဲလိမ့်မည်ဟု သူထင်မထားမိပေ။
“မင်း..”
သူက စကားတစ်လုံးသာ ပြောရသေးသည်.. ဆူဇီမိုက သူ့ရှေ့မှောက် ရောက်ချလာလေပြီ။ ဘာစကားမှ ပြောမနေဘဲ ဆူဇီမိုက ထိုလူ၏ ဦးခေါင်းပေါ်ကို လက်ဝါးဖြင့် ဖိချပြီး ခွန်အားကို ဖျစ်ထုတ်လိုက်၏။
ထိုလူ၏ ဦးခေါင်းက ရင်ခေါင်းထဲကို ကျွံဝင်သွားပြီး လည်ပင်းက ကျိုးကြေသွားလေသည်။ သူ့ခန္ဓာကိုယ်က မြေကြီးပေါ်ကို လဲမကျသေးခင်မှာပင် သေနှင့်လေပြီ။
ဆူဇီမိုက လူနှစ်ယောက်ကို သတ်ပြီးတာတောင် ထူးမခြားနား အမူအယာ တည်ငြိမ်စွာနှင့် အဆိပ်ဂိုဏ်းအိမ်တော်ထဲသို့ လှမ်းဝင်သွားလေသည်။
အဝေးကနေ စောင့်ကြည့်နေကြသော ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ သူတို့သည် အခုလေးတင် ဖြစ်ပျက်ခဲ့သော အရာနှင့် အသားမကျနိုင်ပေ။
ခဏနေပြီးနောက် အကုန်ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
ကိစ္စတစ်ခုခု ဖြစ်ပျက်တော့ပေမည်..
သူတို့အားလုံး၏ ခေါင်းထဲတွင် ထိုအတွေးက ဝင်လာကြလေသည်။
ဆူဇီမိုနှင့် အဆိပ်ဂိုဏ်းအကြား ဘယ်လိုရန်ငြိုးရန်စ ရှိခဲ့သည်ကို သူတို့မသိပေ။
သို့သော်လည်း သူတို့သိသည်မှာ.. ရွှမ်ထျန်းမြို့ထဲ၌ တုန်လှုပ်ဖွယ်ရာကောင်းသည့် တစ်စုံတစ်ရာက နောက်တစ်ဖန် ဖြစ်ပျက်လာပေတော့မည်။
ကျင့်ကြံသူများသည် အကြည့်ချင်းဖလှယ်ကြပြီးနောက် သူတို့၏ ရွေ့လျားခြင်းဆိုင်ရာ နည်းစနစ်များကို အသီးသီး ထုတ်ဖော်ကာ အဘက်ဘက်သို့ ပြန့်ကျဲထွက်ခွာသွားကြလေတော့သည်။
သိပ်မကြာမီ.. ရွှမ်ထျန်းတစ်မြို့လုံးက ဤကိစ္စကို သိရှိကြပေတော့မည်။