← Chapters

တူခိုင်ဆိုတာ ဘယ်ကောင်လဲ

Vol. 27 Ch. 401

တူခိုင်ဆိုတာ ဘယ်ကောင်လဲ

Vol. 27 Ch. 401

ရွှမ်ထျန်းမြို့ မြောက်ဘက်.. ယန်ဆေးဂိုဏ်းတွင်..

ရှောင်းနင်ကို နေရာချပေးပြီးနောက် ထန်ယုသည် သံသယဖြစ်ဖွယ်ရာများကို သတိထားဖို့နှင့် ပတ်ဝန်းကျင်ကို စောင့်ကြပ်ကြည့်ရှုဖို့ ယန်ဆေးဂိုဏ်းသားများအားလုံးကို အမိန့်ပေးထားလိုက်၏။

သူမသည် အဆိပ်ဂိုဏ်းနှင့် ပတ်သတ်၍ အလွန်တရာ စိုးရိမ်ပူပန်နေလေသည်။

အဆိပ်ဂိုဏ်းသည် ခရမ်းရောင်းအလောင်းဆွေးအဆိပ်ကို ထုတ်သုံးနိုင်သော ပင်မတပည့်တစ်ယောက်ကို ဆုံးရှုံးပြီးနောက် လက်စားချေဖို့အတွက် တစ်ခုခုလုပ်မလာနိုင်ဘူးလို့ အာမမခံနို်ငပေ။

ကြိုတင်အစီအစဉ်ချထားက ဘယ်တော့မှ မမှားတတ်ပေ။

ဒါ့အပြင် အဖြစ်အပျက်များပြီးနောက် ထန်ယုသည် စိတ်ထဲမှာ မအီမသာ ခံစားနေရ၏။ ကိစ္စကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်လာတော့မည်ဟု စိတ်ထဲမှာ ထင့်နေသလိုပင်။

ကျင့်ကြံသူများအားလုံးနီးပါးကို နှိုးဆော်ထား၏။ သူတို့သည် ဆယ်ယောက်တစ်စု အဖွဲ့ငယ်လေးများ ဆယ်ဖွဲ့ဖွဲ့ကာ လူတစ်ရာနှင့် ယန်ဆေးဂိုဏ်းဧရိယာကို ကင်းလှည့်နေကြ၏။

ထိုအချိန်မှာပင် ကျင့်ကြံသူနှစ်ယောက်က ရောက်ချလာကြ၏။ အမျိုးသားတစ်ယောက်၊ အမျိုးသမီးတစ်ယောက်ဖြစ်၏။ အမျိုးသားက ရုပ်ရည်ချောမောပြီး အမျိုးသမီး အေးစက်စက်နှင့် လှပနေ၏။ သူတို့က ကျိချန်းရှန်နှင့် လမ့်ရိုတို့ ဖြစ်လေသည်။

အစတုန်းက ကျိချန်းရှန်သည် သူ့အခန်းထဲမှာသာ ကျင့်ကြံနေခြင်းဖြစ်၏။ သို့သော် သူသည် ကိစ္စကြီးတစ်ခုခု ဖြစ်ပေါ်လာသလို အပြင်ဘက်မှ ဆူဆူညံညံအသံများကို ကြားခဲ့ရ၏။

သူအပြင်ထွက်လာပြီး မေးမြန်းစုံစမ်းကြည့်လိုက်သောအခါ ရှောင်းနင်က တိုက်ခိုက်ခံရပြီး ဆူဇီမိုက ပြန်ရောက်လာပြီဆိုတာကို သိလိုက်ရ၏။ သူသည် အသေးစိတ်ကျကျ သိရဖို့အတွက် ချက်ချင်းပင် ကပျာကယာ ထထွက်လာခဲ့၏။

လမ့်ရိုသည်လည်း အစတုန်းက ကြိုးကြာတစ်ထောင်ဂိုဏ်းမှာ ကျင့်ကြံနေခြင်းဖြစ်၏။ သူမသည်လည်း ကြိုးကြာတစ်ထောင်ဂိုဏ်းများ ကျင့်ကြံသူများ ဤအကြောင်း ပြောနေကြသည်ကို ကြားသိခဲ့ရ၏။ သူမအခု ဒီကို ရောက်လာသောအခါ ကျိချန်းရှန်နှင့် ပက်ပင်လာတိုးခြင်း ဖြစ်လေသည်။

ထန်ယုက သူတို့နှစ်ယောက်ကို မြင်သောအခါ ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်၏။

“တာအိုရောင်းရင်းတို့.. ရောက်တာလာနဲ့ အတော်ပဲ.. ကျုပ်ကလဲ ခင်ဗျားတို့ကို သတိထားဖို့ ပြောမလို့.. ခင်ဗျားတို့အုပ်စုကို အဆိပ်ဂိုဏ်းက ပစ်မှတ်ထားနေပြီ”

“ရှောင်းနင် ဘယ်လိုနေလဲ.. ကျုပ်ကြားတာ သူက အဆိပ်မိထားတယ်ဆို” ကျိချန်းရှန်က မေးလိုက်၏။

“သူ အဆင်ပြေပါတယ်”

ထန်ယုက ပြုံးလိုက်၏။

“လောလောဆယ်တော့ သူအိပ်နေတယ်.. သုံးလေးရက်လောက် နားပြီးရင်တော့ သူပြန်ကောင်းသွားလောက်မှာပါ”

“ဇီမိုကရော”

လမ့်ရိုက ရုတ်တရက် မေးလိုက်၏။

ထန်ယုက ပြန်ဖြေလိုက်၏။

“သူလမ်းလျှောက်ထွက်ဦးမယ်လို့တော့ ပြောသွားတာပဲ.. သိပ်မကြာလောက်ပါဘူး.. သူပြန်လာတော့မှာပါ.. ခင်ဗျားတို့ ဒီမှာ ခဏလောက် စောင့်ကြဦးမလား”

ထိုသည်ကို ကြားသောအခါ ကျိချန်းရှန်နှင့် လမ့်ရိုတို့၏ အမူအယာက ပြောင်းလဲသွားပြီး အကြည့်ချင်းဖလှယ်လိုက်ကြ၏။ တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် စိုးရိမ်ပူပန်မှုကို မြင်နေကြရလေသည်။

“ဘာဖြစ်လို့လဲ”

သူတို့၏ အကြည့်များက မူမမှန်တာကို ခံစားမိလိုက်ပြီး ထန်ယုက မနေနိုင်ဘဲ မေးလိုက်၏။

ကျိချန်းရှန်က တည်တံ့သော အမူအယာနှင့် အလေးအနက် ပြောလိုက်၏။

“ဇီမိုက အဆိပ်ဂိုဏ်းကို ပြဿနာသွားရှာနေပြီထင်တယ်”

“အ”

ထန်ယုက ခဏမျှ မှင်တက်သွားပြီးနောက် မဝံ့မရဲနှင့် ပြန်ပြောလိုက်၏။

“အဲ့လိုတော့.. မဟုတ်လောက်ပါဘူး.. ဟုတ်တယ်မလား”

ကျိချန်းရှန်က ညင်သာစွာ သက်ပြင်းချပြီး ခေါင်းခါလိုက်၏။

“ခင်ဗျားက ဇီမိုနဲ့ သိတာမကြာသေးဘူးဆိုတော့ သူ့အကြောင်းကောင်းကောင်း မသိလောက်သေးဘူး.. သူ့ပုံစံက အေးဆေးတည်ငြိမ်နေပေမယ့်လို့.. သူ့အရိုးထဲမှာက ထက်ရှတဲ့ဓါးတွေရှိတယ်”

“တခြားတစ်ယောက်ယောက်သာဆိုရင် အဆိပ်ဂိုဏ်းရဲ့ ခွန်အားအကြောင်း သိရတာနဲ့ အဲ့လူက မကျေနပ်တာတွေကို ပြန်မျိုချနိုင်လောက်တယ်.. ဒါပေမယ့် ဆူဇီမိုကတော့ အဲ့လိုလူမျိုး မဟုတ်ဘူး”

လမ့်ရိုက ထပ်ပြောလိုက်၏။

“ပိုဆိုးတာက အဆိပ်ဂိုဏ်းက ရှောင်းနင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပဲ”

နဂါးများမှာ လည်ပင်းနား၌ အခြားကြေးခွံများနှင့် လားရာဘက်မတူသော ပြောင်းပြန်ကြေးခွံဆိုတာ ရှိလေသည်။ ထိုပြောင်းပြန်ကြေးခွံကို သွားထိမိလျှင် နဂါးများသည် ဒေါမာန်အမျက် ပြင်းစွာထပြီး သွေးရူးသွေးတန်းနှင့် တစ်ဖက်သူ မသေမချင်း တိုက်ခိုက်ပေလိမ့်မည်။ ပြောင်းပြန်ကြေးခွံကို သွားထိလျှင် ထိမိသူက သေရပေမည်။ ရှောင်းနင်က ဆူဇီမို၏ ပြောင်းပြန်ကြေးခွံပင် ဖြစ်လေသည်။

ဆူဇီမို ထွက်သွားတုန်းက အမူအယာပုံစံနှင့် လေသံကို ပြန်စဉ်းစားပြီး ထန်ယုက မျက်မှောင်ကြုတ်လိုက်၏။

“ဒါပေမယ့်.. အဲ့တုန်းက သူ့ပုံစံကြည့်ရတာ အေးအေးဆေးဆေးပါပဲ.. စိတ်ဆိုးဒေါသထွက်သထွက်နေတဲ့ပုံလဲ မပေါက်ပါဘူး”

“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

ကျိချန်းရှန်နှင့် လမ့်ရိုက ခေါင်းခါလိုက်ကြ၏။

ဆူဇီမို၏ စိတ်နေစရိုက်အရ.. ရှောင်းနင်၏ အသက်ကို ရန်ရှာလာသော ကိစ္စကို သည်အတိုင်း မသိမသလို ထားလိုက်စရာ အကြောင်းမရှိပေ။

ကျိန်ချန်းရှန်က မေးလိုက်၏။

“ဇီမိုက မသွားခင် ဘာပြောခဲ့သေးလဲ”

“ဘာမှ သိပ်မရှိပါဘူး.. ငါတောင် ပြောလိုက်သေးတယ်.. သူ့ကို စိတ်အေးအေးထားဖို့၊ သူက အဆိပ်ဂိုဏ်းသား နည်းနည်းပါးပါးကို သွားသတ်လိုက်လဲ ခဏတာ စိတ်ကျေနပ်ရုံပဲရမှာလို့၊ အဲ့ဒါက အကူအညီမဖြစ်တဲ့အပြင် အဆိပ်ဂိုဏ်းရဲ့ အကောက်ကြံလက်စားချေခံရတာပဲ အဖတ်တင်လိမ့်မယ်လို့”

ခဏစဉ်းစားပြီးနောက် ထန်ယုက ဆက်ပြောလိုက်၏။

“နောက်ပြီး သူကတောင် ငါပြောတာမှန်တယ်ဆိုပြီး ငါ့အကြံကို လက်ခံသွားသေးတယ်”

ကျိချန်းရှန်၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

“မှားစရာ မရှိတော့ဘူး.. ဇီမိုက အဆိပ်ဂိုဏ်းကို သွားတာ အသေအချာပဲ”

“အမ်” ထန်ယုသည် စိတ်ရှုပ်ထွေးသွား၏။

“ငါထင်တာ မမှားဘူးဆိုရင်.. ဇီမိုက သူ့စိတ်ထဲမှာ ရှိတဲ့စကားကို တစ်ဝက်ပဲ ထုတ်ပြောခဲ့တာပဲ.. ကျန်တစ်ဝက်ကိုတော့ သူက အသံထွက်ပြောခဲ့ပုံ မရဘူး”

“ကျန်တစ်ဝက်ကဘာလဲ” ထန်ယုက အလိုလို မေးလိုက်မိ၏။

“ခင်ဗျားပြောတာမှန်တယ်.. ဒါကြောင့်မလို့ ကျုပ်က အဆိပ်ဂိုဏ်းက လူအကုန်လုံးကို သတ်ပစ်လိုက်ရင် ရပြီမလား”

အကုန်လုံး..

ထန်ယု၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများက တုန်လှုပ်မှုနှင့် ပြည့်လာလေသည်။

“တာ-တာအိုရောင်းရင်းဆူက တစ်ယောက်ထဲ.. သူ အဲ့ကိုသွားရင် သေမှာ မဟုတ်ဘူးလား”

“အဆိပ်ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ လက်နက်ပုန်းတွေ၊ ထောင်ချောက်တွေက ရေလို့တောင် မရဘူး.. အပြည့်ပဲ၊ သူ...”

ထန်ယုသည် ကြောက်လန့်တကြားနှင့် တီးတိုးရေရွတ်လိုက်၏။

“အဲ့တာအိုရောင်းရင်းဆူက တော်တော် တဇွတ်ထိုးဆန်တာပဲ.. သူက ဘယ်လောက်သန်မာသန်မာ.. အဆိပ်ဂိုဏ်းသားတွေရဲ့ နည်းလမ်းတွေက အရမ်းကို ကောက်ကျစ်ဆိုးယုတ်တာ.. သူက အဆိပ်ဂိုဏ်းရဲ့ မရဏခုနှစ်မျိုးကိုတောင် ကြားဖူးတာ မဟုတ်ဘူး.. သူ့ဘက်က အရေးနိမ့်နေပြီဆိုတာ ပြောစရာတောင် မလိုတော့ဘူး”

“သူ့ဘက်က အရေးနိမ့်သလား၊ မနိမ့်ဘူးလားတော့ မသိဘူး”

ကျိချန်းရှန်က ခေါင်းခါလိုက်၏။

“ဒါပေမယ့်လို့ ကျုပ်သိသလောက်ဆိုရင် အဲ့ဒါမျိုးက ဆူဇီမို လုပ်နေကျပဲ.. နောက်ပြီး အဲ့ဒါက သူ့မှာ ရှိသင့်တဲ့ တုံ့ပြန်မှုပုံစံပဲ”

“ကျမပြန်ပြီး ကြိုးကြားတစ်ထောင်ဂိုဏ်း ကျင့်ကြံသူတွေကို အကူအညီ သွားတောင်းကြည့်လိုက်ဦးမယ်”

အချိန်ဆက်ဖြုန်းမနေတော့ဘဲ လမ့်ရိုက လှည့်ထွက်သွား၏။

ထန်ယုသည် သူမကိုယ်သူမ ဣန္ဒြေဆယ်ပြီး အလေးအနက် ပြောလိုက်၏။

“ငါလဲ အခုလောလောဆယ် ရနိုင်သမျှ အင်အားစုပြီးတော့ မြို့တောင်ဘက်ကို အတတ်နိုင်ဆုံး မြန်မြန် သွားတော့မယ်.. ငါသိပ်နောက်မကျဖို့ မျှော်လင့်ရတာပဲ”

. . .

မြို့တောင်ဘက်.. အဆိပ်ဂိုဏ်းတွင်..

ကျယ်ဝန်းသော ခန်းမကြီးတစ်ခုထဲတွင်.. တံခါးများကို တင်းကျပ်စွာ ပိတ်ထား၏။ မွန့်တည့်ချိန်ကို ရောက်ပြီး အပြင်ဘက်တွင် နေကခြစ်ခြစ်ပူနေပြီဖြစ်သော်လည်း ခန်းမတွင်းတွင် အလင်းရောင် သိပ်မရှိဘဲ အမှောင်ကျကာ ကျောချမ်းဖွယ်ရာကောင်းနေ၏။

ခန်းမအတွင်းကျကျ အလယ်ဗဟို အမှောင်ထဲမှ.. အသံတစ်သံက ထွက်ပေါ်လာ၏။

“လုအန်သွားတာ ဘယ်လောက်ကြာသွားပြီလဲ”

အေးစက်သည့် အရိပ်အယောင်နှင့် စူးရှပြီး မိန်းမဆန်ဆန် အသံက ကြားရသူကို ဖိမ့်ဖိမ့်တုန်သွားစေ၏။

“လေးနာရီနီးပါးလောက်တော့ ရှိသွားပါပြီ စီနီယာအစ်ကိုတူ”

ကျင့်ကြံသူတစ်ယောက်က ပေါ်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။

“တော်တော် ကြာနေပြီ..”

မိန်းမဆန်ဆန်အသံက စိတ်မရှည်တော့သည့်ဟန်နှင့် ထပ်မံထွက်ပေါ်လာ၏။

“ကျတော်သိရသလောက်ဆို.. မြို့မြောက်ဘက်မှာ ပစ်မှတ်သုံးခု ရှိတယ်.. ဆူဇီမိုအပြင် အဲ့မှာ ကျိချန်းရှန်နဲ့ လမ့်ရိုလဲ ရှိသေးတယ်.. ဖြစ်နိုင်တာက.. သူက သုံးယောက်စလုံးကို အပြတ်ရှင်းမလို့ အချိန်ယူနေတာလား မသိဘူး”

ပြောလိုက်သောသူက အဆိပ်ဂိုဏ်း၏ မရီးခြောက်ခု အခြေတည်အဆင့် ကျင့်ကြံသူ ဝေ့ချီဖြစ်လေသည်။

အမှောင်ထုထဲမှာ ပုန်းကွယ်နေသောလူကတော့ အဆိပ်ဂိုဏ်းအဖွဲ့၏ ခေါင်းဆောင်၊ မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့်ကျင့်ကြံသူ တူခိုင် ဖြစ်လေသည်။

“အဲ့လူတွေက ပမွှားလေးတွေပါ.. ငါတစ်ကယ် သတ်ချင်တာက ဆူဇီမိုပဲ”

တူခိုင်၏ အသံက အဆုံးမရှိ သတ်ဖြတ်လိုစိတ်နှင့် ပြည့်နေ၏။

“အဆိပ်ဂိုဏ်းက ဘယ်သူကိုမဆို လာထိရဲတဲ့သူ ဘယ်သူမဆို.. ငါတို့ရဲ့ နည်းလမ်းတွေကို မြည်းစမ်းကြည့်ခိုင်းရတာပေါ့”

ခဏမျှ နေပြီးနောက် တူခိုင်က ထပ်မေးလိုက်၏။

“အဲ့ဆူဇီမိုက ဘယ်သွားနေတာလဲ.. သူက ဘာလို့ အခုထိ မြို့ထဲကို ပြန်မရောက်သေးတာလဲ”

“စီနီယာအစ်ကိုတူ ဘာမှပူမနေနဲ့.. သူ့ညီမက ရွှမ်ထျန်းမြို့ထဲမှာ ရှိနေမှတော့ သူက သေချာပေါက် ပြန်လာမှာပါ” ဝေ့ချီက တိကျသေချာသောလေသံနှင့် ပြန်ဖြေလိုက်၏။

ထို့နောက် အပြင်ဘက်မှ ဆူဆူညံညံအသံများကို သူတို့ ခပ်သဲ့သဲ့ ကြားလိုက်ရ၏။

တူခိုင်က မျက်မှောင်ကြုတ်လိုက်သော်လည်း စိတ်ထဲသိပ်မထားပေ။

ဤနေရာသည် အဆိပ်ဂိုဏ်း၏ ပိုင်နက်ဖြစ်၏။ ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းလို ထိပ်သီးဂိုဏ်းကြီးများပင်လျှင် တော်တန်ရုံနှင့် ပြဿနာလာရှာရဲလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူညံသံများက တဖြည်ဖြည်း နီးကပ်လာပြီး ထိုအထဲမှာ စူးစူးဝါးဝါးအော်သံများနှင့် ငိုယိုညည်းညူသံများကပါ ရောပါလာ၏။

“ဟမ့်”

တူခိုင်သည် မျက်လုံးကို မှေးကျဉ်းပြီး အေးစက်စွာ ပြောလိုက်၏။

“ဝေ့ချီ.. အပြင်မှာ ဘာတွေဖြစ်နေတာလဲ သွားကြည့်စမ်း”

“နားလည်ပါပြီ”

ဝေ့ချီ ကျုံးထလိုက်သည့်အချိန်မှာပင် ဝုန်းကနဲ မြည်သံနှင့်အတူ မြေပြင်က တုန်ခါသွား၏။

ဖုန်မှုန်များက တထောင်းထောင်းထလာပြီး ခန်းမကြီးတစ်ခုလုံးက ပြိုကျတော့မည့်အလားပင်။

ရုတ်တရက် တံခါးက ပေါက်ကွဲထွက်သွားပြီး ကျောက်ခဲစများက အဘက်ဘက်သို့ လွင့်ပျံသွား၏။ တံခါးပေါက်ကနေ နေရာင်ခြည်က တိုးဝင်လာပြီး ခန်းမက လင်းသွား၏။

ခန်းမ၏ ဝင်ပေါက် နေရောင်အောက်၌ မပုလွန်းမရှည်လွန်းသော ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေ၏။ စူးရှသော သတ်ဖြတ်လိုစိတ်နှင့် အလွန့်အလွန်အားကောင်းသော အော်ရာကို ပိုင်ဆိုင်ထား၏။

“တူခိုင်ဆိုတာ ဘယ်ကောင်လဲ”

ထိုလူ၏ အကြည့်က ပြင်းပြတောက်လောင်နေပြီး အပြင်ဘက်က ခြစ်ခြစ်တောက်ပူနေသော နေထက်ပင် ပိုမိုတောက်ပနေသေး၏။

All Chapters