← Chapters

လှုပ်ရှားမှုများ

Vol. 27 Ch. 404

လှုပ်ရှားမှုများ

Vol. 27 Ch. 404

တူခိုင်က သူ့ပါးစပ်ကို ဟလိုက်ချိန်တွင် နွားဆံပင်လောက်သေးသော ဝိညာဉ်နုတ်အပ်ကလေးများက ဆူဇီမိုရှေ့သို့ အစုလိုက်အပြုံလိုက် ရောက်ချလာ၏။

သူတို့အကြား အကွာအဝေးက နီးကပ်လွန်းနေပေပြီ။

ထိုအချိန် ဆူဇီမိုက သွေးသောက်သူဖြင့် ခုခံဖို့နေနေသာ ရှောင်ဖို့အတွက်တောင် နောက်ကျလွန်းနေလေပြီ။

ဖောင်း..

တူခိုင်၏ ရင်အုပ်က အရင်ဆုံး အခုတ်ခံလိုက်ရ၏။

သူ့ခန္ဓာကိုယ်အား နှစ်ပိုင်းပြတ်လုနီးပါး ဒဏ်ရာကြီးမှ သွေးများက ပန်းထွက်လာလေသည်။

သို့သော်လည်း သူသည် နာကျင်မှုကို မခံစားရသည့်အလား တူခိုင်က ရူးသွပ်သွားသော မျက်လုံးများနှင့် ကြောက်မက်ဖွယ်ရာ ရယ်ချလိုက်၏။

“ငါသေရမယ်ဆိုရင်တောင် မင်းကိုပါ အပါ...”

“သတ်....”

တူခိုင်၏ စကားသံကို ရုတ်တရက် ပစ်ထွက်လာသော အလွန်ကျယ်လောင်သည့်အသံက ဝင်ရောက်နှောက်ယှက်ဟန့်တားလိုက်ပြီး သူသည် ဆက်လက်မပြောနိုင်တော့ပေ။

သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ့နားထဲတွင် ဝုန်းကနဲ မြည့်သံကြီးက ထပ်တလဲလဲ ပဲ့တင်ထပ်နေ၏။ သူသည် မခံမရပ်နိုင်လောက်အောင် တဆတ်ဆတ်နာကျင်လာပြီး သူ့အသိစိတ်က ခဏတာ လွတ်ထွက်သွားလေသည်။

ဤအချိန်မှာ တူခိုင်သည် သူ့ကိုယ်သူ မှန်ထဲမှာ ပြန်မြင်နိုင်မည်ဆိုလျှင်.. သူ့နားထဲမှ သွေးများက ပန်းထွက်လာပြီး သူ့မျက်လုံးများက စုတ်ပြဲသွားသည်ကို မြင်တွေ့လိုက်ရပေမည်။

မိုးကြိုးထစ်ချုန်း သတ်ဖြတ်ခြင်း..

ဆူဇီမိုသည် အသံလှိုင်း တိုက်ခိုက်ခြင်းနည်းစနစ်တစ်ခုကို သိထားလေသည်။ အဲ့ဒါက သူ၏ သွေးချီစွမ်းအားနှင့် လျှို့ဝှက်ပညာရပ်များကို မမီသေးသော်လည်း အဲ့ဒါကို လျှပ်တစ်ပြက် ထုတ်ဖော်နိုင်ပြီး တစ်ဖက်လူကို နဝေတိမ်တောင် ဖြစ်သွားစေနိုင်သော အကျိုးသက်ရောက်မှု ရှိလေသည်။

အစတုန်းကတော့ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းအားက အခုလောက်အဆင့်ထိ တစ်ခါမှ ရောက်မလာခဲ့ဖူးပေ။

သို့သော်လည်း သူ၏ ပါးစပ်ဒွာရကို ရှင်းလင်းပြီးနောက် မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်း၏ စွမ်းပကားသည် နောက်ထပ်အဆင့်တစ်ခုသို့ ဆင့်ကဲ့တိုးတက်ပြောင်းလဲသွားပြီး အလွန်တရာ ခြိမ်းခြောက်နိုင်စွမ်း မြင့်မားလာလေသည်။

ဒါ့အပြင် သူတို့နှစ်ယောက်အကြား အကွာအဝေးက လွန်စွာနီးကပ်နေသောကြောင့် ဆူဇီမို၏ အသံလှိုင်းတုန်ခါအားဖြင့် တူခိုင်၏ ဒွာရခုနှစ်ပေါက်မှ သွေးများက ချက်ချင်း စီးကျလာလေသည်။

တစ်ကယ့်ကြောက်စရာကောင်းသည့်အရာက ကျန်နေသေးလေသည်။

ဆူဇီမိုသည် ထိုသို့ဟိန်းဟောက်ဖို့အတွက် သူ့ပါးစပ်ဒွာရကိုသာမက.. သူ့အင်္ဂါငါးခုမှ သိပ်သည်းသော စွမ်းအားများကိုပါ ထုတ်သုံးခဲ့လေသည်။ သူ့ပါးစပ်ကို ဖွင့်လိုက်ချိန်၌ ကြီးမားပြင်းထန်သည့် လေစီးကြောင်းကြီးက ဖြစ်ပေါ်လာလေသည်။

ဆူဇီမိုကို ထိုးစိုက်တော့မည့် ဝိညာဉ်နုတ်အပ်များက လေထဲမှာ ရပ်တန့်သွားပြီးနောက် ပို၍ မြန်သောအရှိန်နှင့် နောက်ပြင်လွင့်ထွက်သွားလေသည်။

တူခိုင်သည့် တောက်ပသော အပြာရောင်အလင်းတန်းလေးများကို မြင်လိုက်ရပြီး သူ့သူငယ်အိမ်များက တဆတ်ဆတ်တုန်သွားလေသည်။

ဖောက်.. ဖောက်.. ဖောက်..

အသားထဲသို့ ထက်ရှသော အရာလေးများ ဖောက်ဝင်သော အသံက ထွက်လာ၏။ ဝိညာဉ်နုတ်အပ်ကလေးများ အတွဲလိုက်သည် သွေးတစ်စက်မထွက်ဘဲ တူခိုင်၏ မျက်နှာထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။

တူခိုင်းသည် နောက်သို့ ဒယီးဒယိုင်နှင့် ဆုတ်သွား၏။

သူသည် ခြေလှမ်းအနည်းငယ်သာ ဆုတ်ရသေးသည်.. သူ့မျက်နှာက ညိုပုပ်လာပြီး ပါးစပ်ထဲမှ သွေးများက စီးကျလာလေသည်။ သူသည် တောင့်တင်း၍ ဝုန်းကနဲ ပစ်လဲကျကာ သေဆုံးသွားလေတော့သည်။

တူခိုင်သည် ငယ်ငယ်ကလေးတည်းက အဆိပ်များနှင့် ဆော့ကစားခဲ့ပြီး သူ၏ လက်တည့်စမ်း လှုပ်ရှားမှုများကြောင့် သေဆုံးခဲ့ရသော ကျင့်ကြံသူများက မရေမတွက်နိုင်ပေ။

သို့သော်လည်း သူသည် သူ၏ အဆုံးစွန်အထိရောက်ဆုံး လှုပ်ရှားကွက်နှင့်ပင် ပြန်ခံရ၍ သေရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ဆူဇီမိုသည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

စောစောက ဖြစ်ပျက်ခဲ့သော အရာများက သူ့ကိုလည်း တုန်လှုပ်သွားစေခဲ့လေသည်။

သူသာ မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းကို တတ်မြောက်မထားခဲ့လျှင် အခုလောလောဆယ် မြေပြင်ပေါ်မှာ လဲကျသေဆုံးနေသူက သူဖြစ်နေပေလိမ့်မည်။

ဆူဇီမိုသည် ခန်းမအပြင်ဘက်တွင် ပုန်း၍ စောင့်ကြည့်နေကြသော အဆိပ်ဂိုဏ်းသားများဘက်သို့ လှည့်ကာ အေးစက်စွာ ပြုံးပြလိုက်၏။

အဆိပ်ဂိုဏ်းက ရှောင်းနင်ကို လာထိခြင်းသည် ဆူဇီမို၏ အောက်စည်းကို ဖြတ်ကျော်လာခဲ့ခြင်းပင် ဖြစ်လေသည်။

သူသည် သည်နေရာသို့ ခြေချလာကတည်းက တစ်ယောက်မှကို လွှတ်ပေးဖို့ စိတ်ကူး မရှိပေ။

ကျိချန်းရှန်၏ ခန့်မှန်းချက်က မှန်လေသည်။ ဆူဇီမို၏ စိတ်ဆန္ဒမှာ သူတို့အားလုံးကို အမြစ်ပါမကျန် ရှင်းပစ်ဖို့ပင် ဖြစ်လေသည်။

ဆူဇီမိုသည် ရှောင်းနင်အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များကို တစ်စွန်းတစ်စမကျန် ဖယ်ထုတ်ပစ်ရပေမည်။

ညဝိညာဉ်သည် ခန့်မှန်းလို့မရလောက်အောင် သန်မာလေသည်။

ပြောရမည်ဆို တစ်ကယ်တမ်း အသေအကြေ တိုက်ခိုက်ရမည်ဆိုလျှင် ဆူဇီမိုတောင် ညဝိညာဉ်ကို အနိုင်ရမည်ဟု မပြောနိုင်ပေ။

သို့သော်လည်း ဆူဇီမိုသည် ရှေးဟောင်းတိုက်ပွဲမြေထဲသို့ ဝင်လာကတည်းက ညဝိညာဉ်ကို တာဝန်တစ်ခုတည်းသာ ပေးထား၏။ ရှောင်းနင်ကို ကာကွယ်ပေးဖို့ပင် ဖြစ်လေသည်။

သူသည် ကြီးမားသည့် အန္တရာယ်နှင့် ရင်ဆိုင်နေရလျှင်တောင် ညဝိညာဉ်ကို အကူအညီမတောင်းခဲ့ပေ။

ထိုအချက်ကပင် ရှောင်းနင်သည် ဆူဇီမိုအတွက် ဘယ်လောက်အရေးပါကြောင်း သိသာထင်ရှားလေသည်။

သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပေါ်လာ၏။

ဆူဇီမိုက တစ်ယောက်တည်းသာ ဖြစ်သော်လည်း ကျန်ရှိနေသော အဆိပ်ဂိုဏ်းသားများအားလုံးသည် ခုခံတိုက်ခိုက်ဖို့ကို မတွေးတော့ဘဲ အလောတကြီးနှင့် ကတိုက်ကရိုက် ထွက်ပြေးကုန်ကြလေသည်။

. . .

မြို့အရှေ့ဘက်.. ဖန်သားနန်းတော်တွင်..

“တင်ပြစရာ ပါလာပါသည်..”

ဖန်သားနန်းတော်မှ ကျင့်ကြံသူတစ်ယောက်က တစ်လမ်းလုံး ပြေးချလာပြီးနောက် အိမ်တော်တစ်ခုသို့ ရောက်ရှိလာ၏။ သူ့ရှေ့ရှိ ရုပ်ချောချောနှင့်လူကို လက်သီးဆုပ်နှုတ်ဆက်ပြီးနောက် သူက ပြောလိုက်၏။

“စီနီယာအစ်ကိုဖေး.. မြို့တောင်ဘက် အဆိပ်ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ ပြင်းထန်တဲ့တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်.. ဒီမနက်စောစောပဲ ဆူဇီမိုက မြို့ထဲပြန်ရောက်လာတာကို တစ်ယောက်ယောက်က တွေ့ခဲ့ပါတယ်.. သိပ်မကြာလိုက်ဘူး သူက မြို့တောင်ဘက်က အဆိပ်ဂိုဏ်းထဲကို အတင်းဝင်သွားတော့တာပဲ”

“အို့”

ဖေးချွန်ယွီသည် မသိမသာ မျက်ခုံးပင့်ရင်း အနည်းငယ် သိချင်စိတ်ပေါက်သွား၏။

“အဆိပ်ဂိုဏ်းပိုင်နက်ထဲကို အတင်းဝင်သွားတာဟုတ်လား.. ဆူဇီမိုက သူနဲ့အတူ လူဘယ်နှစ်ယောက်‌ ခေါ်သွားလဲ”

“သူတစ်ယောက်ထဲပါပဲ” ကျင့်ကြံသူက ပြန်ဖြေလိုက်၏။

“တစ်ယောက်ထဲလား”

ဖေးချွန်ယွီက မျက်မှောင်ကြုတ်ရင်း ခဏမျှ စဉ်းစားလိုက်၏။ သူသည် ခပ်ပေါ့ပေါ့ ရယ်မော၍ ခေါင်းကိုခါလိုက်မိ၏။ သူက အေးအေးဆေးဆေးပုံစံနှင့်ပင် မှတ်ချက်ပေးလိုက်၏။

“အဆိပ်ဂိုဏ်းတစ်ခုလုံးက ထောင်ချောက်တွေ၊ အဆိပ်တွေနဲ့ပြည့်နေတာ.. အဲ့မှာ စောင့်ကြပ်နေကြတဲ့ ကျင့်ကြံသူတစ်ရာကျော်လဲ ရှိသေးတယ်.. အဆိပ်လူသား တူခိုင်တောင် ရှိနေတာကို.. ဆူဇီမိုက တစ်ယောက်ထဲဝင်သွားတယ်ဆိုတော့ သက်သက် သေချင်နေတာပဲ”

“ခီး ခီး.. ဆူဇီမိုသာ အဲ့လောက်ဉာဏ်နဲမှန်းသိရင်.. သူ့ကိုသတ်ဖို့ အဲ့လောက်ထိ ငါမကြိုးစားခဲ့သင့်ဘူး”

ဆူဇီမိုနောက်ကို အမဲလိုက်ဖို့သွားရင်း အခုထိ ပြန်မလာတော့သည့် လျှိုယွင်အကြောင်း တွေးလိုက်ချိန်တွင် ဖေးချွန်ယွီသည် နောင်တရသလို ခံစားမိလာ၏။

လျှိုယွင်က ဆယ်ရက်ကျော်တာတောင် ပြန်ရောက်မလာမှတော့ သူက အသက်မရှိတော့တာ ဖြစ်ပေမည်။

သူက ဆူဇီမိုကို မသတ်နိုင်ခဲ့သည့်အပြင် ပြန်အသတ်ခံလိုက်ရတာ ဖြစ်နိုင်၏။ မည်သို့မည်ပုံ အသတ်ခံရသည်ဆိုတာကတော့ တွေးရခက်နေဆဲ ဖြစ်လေသည်။

ဘာပဲပြောပြော လျှိုယွင်က မရီးဒါန်ခုနှစ်ခု အခြေတည်အဆင့် ဖြစ်လေသည်။ ခွန်အားအရာမှာဆိုလျှင်လည်း လျှိုယွင်မှာအထက်မှာ သူသာလျှင် ရှိတော့လေသည်။ လမ်းမထက်က တိုက်ပွဲမှာ ဆူဇီမိုပြသခဲ့သော တိုက်ခိုက်ရည်အရဆို လျှိုယွင်က ဆူဇီမိုကို ရှုံးနိမ့်စရာ အကြောင်းမရှိပေ။

ဖေးချွန်ယွီက ပြောလိုက်၏။

“ငါတို့ အခုလဲ လုပ်စရာမှ ရှိမနေတာ.. ပွဲလေးဘာလေး သွားကြည့်ကြတာပေါ့”

. . .

မြို့မြောက်ဘက်.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတွင်..

မှောက်မိုက်ပြီး အနိဋ္ဌာရုံဆန်ဆန် နန်းတော်ထဲတွင်.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းသားတစ်ယောက်က ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်ပြီး အလေးအနက် ပြောလိုက်၏။

“ဒီနေ့ ဆူဇီမိုက မြို့ထဲကို ပြန်ရောက်နေပါပြီ။ သိပ်မကြာသေးခင်ကပဲ သူက အဆိပ်ဂိုဏ်းထဲကို တစ်ယောက်ထဲဝင်သွားပြီး လိုက်လံသတ်ဖြတ်နေပါတယ်.. တိုက်ပွဲရဲ့ လက်ရှိအခြေအနေကတော့ မှန်းလို့ မရသေးပါဘူး”

“ဟမ့်”

ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၏ မိစ္ဆာအမွေခံသူ ရွှယ်ယန်သည် လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင်နှင့် သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

“သေချင်နေတဲ့သူကို နတ်ဘုရားတောင်မှ မကယ်နိုင်ဘူးပဲ.. အဆိပ်ဂိုဏ်းထဲကို တစ်ယောက်ထဲ ဝင်သွားတယ်ဟုတ်လား.. ဟဟား”

ရွှယ်ယန်က မတ်တပ်ထရပ်ပြီး ပြင်းပြစွာ ဆိုလိုက်၏။

“လာကြကွာ.. ငါတို့ သူ့အလောင်းကို သွားကူကောက်ပေးရတာပေါ့”

. . .

ရွှမ်ထျန်းမြို့၏ မြောက်ဘက်နှင့် တောင်ဘက်ကို ဆက်သွယ်ထားသော လမ်းမရှည်ပေါ်တွင်..

ယန်ဆေးဂိုဏ်းနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းမှ ကျင့်ကြံသူတစ်ထောင်ကျော်က မြို့တောင်ဘက်သို့ ဓါးပျံများစီးနင်း၍ ပျံသန်းလာကြ၏။ သူတို့၏ သိပ်သည်းများပြားလှသော လူအုပ်ကြီးက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်မိသွားလေသည်။

သူတို့အဖွဲ၏ ခေါင်းဆောင်များမှာ ယန်ဆေးဂိုဏ်းက ထန်ယုနှင့် ကြိုးကြာတစ်ထောင်ဂိုဏ်းက ဖုန့်မန်းမန်တို့ ဖြစ်လေသည်။

ကျိချန်းရှန်နှင့် လမ့်ရိုကလည်း သူတို့နှစ်ယောက် အနောက်ကနေ သုန်မှုန်နေသော မျက်နှာနှင့် တိတ်တဆိတ် လိုက်ပါလာကြ၏။

တစ်ကယ်တော့ ဤကိစ္စက ကြိုးကြာတစ်ထောင်ဂိုဏ်းနှင့် ပတ်သတ်မှုမရှိပေ။

ဖုန့်မန်းမန်က ယခုလောက်များပြားသည့် ကျင့်ကြံသူများကို ခေါ်ပြီး ချီတက်လာခဲ့ရခြင်းမှာ သူတို့ဂိုဏ်းနှစ်ဂိုဏ်းက အရမ်းရင်းနှီးပြီး ထန်ယုကို မျက်နှာသာပေးလိုသောကြောင့် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် လမ့်ရို၏ နားပူနာဆာတိုက် တောင်းဆိုမှုကြောင့်လည်း ဖြစ်လေသည်။

ထန်ယုက ထိတ်ထိတ်ပျာပျာ ဖြစ်နေပြီး သူမ၏ နဖူးမှာ ချွေးများက စိုနေ၏။ သူမက ဓါးပျံပေါ်မှာ စီးနင်းနေရင်း ကြေညာလိုက်၏။

“တာအိုရောင်းရင်းတို့.. အဲ့ကို ရောက်ရင် ကျုပ်အမိန့်ကို စောင့်ပေးကြပါ.. ကျုပ်တို့ရဲ့ ပထမဦးစားပေးက တာအိုရောင်းရင်းဆူကို ကယ်ထုတ်ဖို့ပဲ.. အဆိပ်ဂိုဏ်းတွေနဲ့ ခိုက်ရန်မဖြစ်ဘဲ ပြေပြေလည်လည် ညှိနှိုင်းနိုင်ကြရင် အကောင်းဆုံးပေါ့”

“အမှန်ပဲ”

ဖုန့်မန်းမန်က ထပ်ပေါင်းပြောလိုက်၏။

“ဒါက ကယ်ဆယ်ရေးမစ်ရှင်ပဲ.. တိုက်ခိုက်ဖို့ မဟုတ်ဘူး”

ထို့နောက် ဖုန့်မန်းမန်က နှစ်သိမ့်သည့်အနေနှင့် တီးတိုးကပ်ပြောလိုက်၏။

“ရှောင်ယု.. သိပ်လဲ စိုးရိမ်မနေပါနဲ့.. တာအိုရောင်းရင်းဆူက အရမ်းသန်မာတာကို.. ငါတို့ အချိန်မီရောက်မှာပါ”

တစ်ကယ်တော့ ဖုန့်မန်းမန်သည် ထိုသို့ပြောလိုက်သော်လည်း သိပ်ပြီး မျှော်လင့်မထားပေ။

သူမအတွက်တော့ သူတို့သည် ဆူဇီမို၏ အလောင်းကို ကောက်ဖို့အတွက်သာ အချိန်မီလောက်ပေမည်။

“ကျေးဇူးပါ အစ်မမန်းမန်” ထန်ယုက အားတင်းပြုံးကာ ကျေးဇူးတင်ကြောင်း ပြလိုက်၏။

တစ်ခဏအတွင်းမှာပင် ရွှမ်ထျန်းမြို့ရှိ အဖွဲ့များအားလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြပြီး မြို့တောင်ဘက်ရှိ အဆိပ်ဂိုဏ်းရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေသည်။

All Chapters