← Chapters

ဝိညာဉ်အင်ပါယာအလောင်းပေါ်မှ မဟာလောက(ဂ)

Vol. 42 Ch. 626

ဝိညာဉ်အင်ပါယာအလောင်းပေါ်မှ မဟာလောက(ဂ)

Vol. 42 Ch. 626

လျှပ်တစ်ပြက်အတွင်း များစွာသော အနက်ရောင်အစက်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ သေခြင်းအရှိန်အဝါသည် သူ့အား လွှမ်းခြုံလာသည်။

“ ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ မဟာလောက ”

ရွှီချင်းသည် ဘေးဘီသို့ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ တားမြစ်အဆိပ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှာ ချက်ချင်း ပျံ့နှံ့ထွက်လာသည်။

ချက်ချင်းဆိုသလို တရှဲရှဲမြည်သံသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။ ကြောက်စရာကောင်းသော တစ္ဆေဦးခေါင်းနှင့် လောက်ကဲ့သို့ ခန္ဓာကိုယ်ရှိသော အကောင်ပလောင်များစွာသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်အစက်များထဲမှ တိုးထွက်လာကြပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားကြသည်။ ထိုအကောင်ပလောင်များ ခြောက်သွေ့သေဆုံးသွားကြသောအခါ မြူခိုးနက်သို့ ပြောင်းလဲသွားပြီး လွင့်ပြယ်သွားသည်။

ထိုအကောင်ပလောင်များ လွင့်ပြယ်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်အစက်များသည် တဖြည်းဖြည်း သေးငယ်လာပြီး ပျောက်ကွယ်သွားသည်။

“ ငါသူ့ကို ဘယ်လိုရှာရမလဲ ”

ရွှီချင်းသည် ဤမဟာလောကထဲမှ အန္တရာယ်ကို အာရုံခံမိသည်။ ညာလက်ကောက်ဝတ်သို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးထဲ၌ အလေးအနက်ထား‌သော အရိပ်အယောင်  ထွက်ပေါ်လာသည်။

“ ရှေးဟောင်းဝိညာဉ်မျိုးနွယ်က ကောင်းကင်ဘုံတာအိုနဲ့ ဆက်စပ်နေတယ်ဆိုတော့… ”

အတွေးတစ်ခု ခေါင်းထဲပေါ်လာသည်နှင့် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ဆဌမနတ်နန်းတော်ကို လှည့်ပတ်လိုက်သည်။ နတ်နန်းတော်ထဲမှ ကောင်းကင်ဘုံတာအို မိုဆာဆောသည် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ရွှီချင်း၏ ညာလက်ကောက်ဝတ်သို့ စီးဆင်းသွားစေသည်။

သူ၏ လက်ကောက်ဝတ်တွင် မည်သည့်အပြောင်းအလဲမှ ထွက်ပေါ်မလာချေ။

ရွှီချင်းသည် လက်မလျှော့ပေ။ သူက ကောင်းကင်ဘုံတာအို၏ အရှိန်အဝါကို သူ၏ ညာလက်ကောက်ဝတ်ဆီသို့ ဆက်လက်ပေါင်းစပ်စေသည်။ အချိန်တစ်ခဏအကြာမှာ သူ၏ ညာလက်ကောက်ဝတ်ထံမှ နွေးထွေးမှုကို ရုတ်တရက် ခံစားရလိုက်သည်။ သူ၏ အရိုးများထဲမှာ ဖုံးကွယ်နေသော ရွှေချည်မျှင်သည် သူ၏ အသွေးအသားပေါ်၌ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။

အက်ကွဲရာများနှင့် ပြည့်နှက်နေသော ရွှေချည်မျှင်ကိုကြည့်လျက် သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သူခံစားရသော အပြစ်ရှိစိတ်သည် ပိုပြီးနက်ရှိုင်းလာသည်။

သူသည် လက်မြှောက်လိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ အာရုံခံလိုက်သည်။ ခဏအကြာမှာ သူက ညာဘက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

သူ၏ လက်ကောက်ဝတ်ကို ထိုဦးတည်ရာသို့ ရွေ့လျားစေသည့်အခါ နွေးထွေးသော ခံစားမှုသည် သိသာစွာ ပိုပြင်းထန်လာသည်။

“ အဲ့ဒီဘက်ပဲ ”

ရွှီချင်း၏ အကြည့်ထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်သွား၏။ ဤမဟာလောကတွင် အန္တရာယ်များနှင့်ပြည့်နှက်နေသော်လည်း ယခုအချိန် ယင်းကို သူဂရုမစိုက်နိုင်ပေ။ သူသည် ချက်ချင်း ညာဘက်သို့ တစ်ဟုန်ထိုး ပြေးသွားသည်။

သူ၏ ကျင့်ကြံခြင်းအခြေခံသည် လုံးလုံးလျားလျား ပေါက်ကွဲထွက်လာသည်။ သူ၏ စွမ်းအင်အားလုံးကို အရှိန်တိုးမြှင့်ရန် အသုံးပြုလိုက်သည်။ တားမြစ်အဆိပ်စွမ်းအားသည်လည်း ပျံ့လွင့်ထွက်ပေါ်လာသည်။ သူဖြတ်ကျော်သွားသည့်နေရာတိုင်း လေဟာနယ်သည် လှုပ်ခါသွားပြီး လေခွင်းအသံလှိုင်းများသည် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားကြသည်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းရန် အချိန်ကြာပြီးနောက် ရွှီချင်းသည် ရုတ်တရက် သူ၏ ဘယ်လက်ကို မြှောက်လိုက်ပြီး မြေကြီးပေါ်သို့ ဖိချလိုက်သည်။ ချက်ချင်းဆိုသလို ရွှေကျီးကန်းသည် သူ၏ အနောက်မှာ ထွက်ပေါ်လာပြီး အော်ဟစ်မြည်တမ်းလိုက်လေရာ မီးတောက်မီးလျှံများသည် ဘေးပတ်ဝန်းကျင်သို့ အလင်းရောင်ထွန်းလင်းပေးလိုက်ပြီး မြေကြီးဆီသို့ ဦးတည်သွားကြသည်။

ရွှေကျီးကန်း ပျံသန်းထွက်လာသည်နှင့်ချက်ချင်း အလွန်ကြီးမားသော တစ္ဆေလက်သည် ရွှီချင်း၏ ခြေဖဝါးအောက်မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် ရွှီချင်းကို ဖမ်းဆုပ်ရန် ကြိုးစားသည်။ သို့သော်လည်း ယခုအချိန်မှာ ၎င်းသည် ရွှေကျီးကန်းနှင့် တွေ့ဆုံသွားသည်။

ထိုတစ္ဆေလက်ကြီး၏ တစ်ကိုယ်လုံးသည် စိမ်းပုပ်ရောင်ဖြစ်ပြီး ၎င်းကို ပြည်ဖုများဖြင့် ဖုံးလွှမ်းထားသည်။ ပြည်ဖုများထဲမှာ ဆွဲဆွဲငင်ငင် အော်ဟစ်ငိုကြွေးနေကြသော ဝိညာဉ်အများအပြားဖြင့် ပြည့်နှက်နေသည်။ ဝိညာဉ်များသည် ရွှီချင်းကို စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်ထဲမှာ ရူးသွပ်မှုနှင့် လောဘရမ္မက်ဖြင့် ပြည့်နှက်နေသည်။

တစ္ဆေလက်ကြီးသည် ရွှေကျီးကန်၏ တိုက်ခိုက်မှုအောက်မှာ တိုက်ရိုက် ပြိုလဲပျက်စီးသွားသည်။ တစ္ဆေလက်ကြီး ပြိုလဲပျက်စီးသွားသောအခါ အထဲမှာပါရှိသော ဝိညာဉ်များသည် ရွှီချင်းဆီသို့ ပြိုင်တူခုန်အုပ်လာကြသည်။

သို့သော်လည်း ၎င်းတို့ ရွှီချင်း၏ အနားသို့မရောက်မီ ရွှေကျီးကန်း၏ မီးတောက်မီးလျှံများက လောင်ကျွမ်းပစ်လိုက်သည်။ နာကျင်ဖွယ် ငိုကြွေးသံများနှင့် အော်ဟစ်သံများသည် ဝိညာဉ်များ၏ ပါးစပ်ထဲမှ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ သူတို့သည် မီးပုံထဲတိုးဝင်သော ပိုးဖလံများကဲ့သို့ သေဆုံးသွားကြသည်။

ရွှီချင်းသည် ရွှေချည်မျှင်၏ လမ်းညွှန်မှုနောက်သို့လိုက်ပြီး ဆက်လက်အရှိန်တင်လိုက်သည်။

သိပ်မကြာမီ ရက်စက်ကြမ်းကြုတ်သော ဧရာမတစ္ဆေမျက်နှာသည် သူ၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် သူ့အား ဝါးမျိုတော့မည့်ဟန် ပါးစပ်ကြီးဖြဲဟလိုက်သည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာမှ ဝိညာဉ်များသည် ကျိန်စာတစ်ခုပိုင်ဆိုင်ကြကြောင်း သူအာရုံခံမိသည်။ သို့သော်လည်း ယခုအချိန်သည် ယင်းကို စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။ ရွှီချင်းသည် အရှိန်မလျော့ဘဲ ဆက်လက်ပြေးသွားသည်။

တစ်နာရီကြာပြီးနောက် သူ၏ လက်ကောက်ဝတ်မှ ရွှေချည်မျှင်၏ အပူသည် ရုတ်တရက် တိုးပွားလာသည်။ ထို့နောက် ရွှီချင်းကို နှလုံးတုန်ယင်စေမည့် တစ်စုံတစ်ခု ဖြစ်ပျက်လာသည်။

တစ်ခုခုကျိုးပျက်သွားသော အသံသည် သူ၏ လက်ကောက်ဝတ်ဆီမှ ထွက်ပေါ်လာသည်။

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ချက်ချင်း ခေါင်းငုံ့ကြည့်လိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှေချည်မျှင်သည် အက်ကွဲသွားပြီး ရွှီချင်း၏ လက်ကောက်ဝတ်ပေါ်မှ တချို့တလေ ပြတ်ကျသွားသည်။

တစ်စုံတစ်ခု ဆုံးရှုံးသွားသော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

ထို့နောက် ယင်းက ကြီးမားသော စိုးရိမ်ပူပန်စိတ်သို့ ပြောင်းလဲသွားပြီး သူ့အား စူးရှသော နာကျင်မှုကို ခံစားရစေသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူက ပြန့်ကျဲသွားသော ရွှေချည်မျှင် အပိုင်းအစများကို ဖမ်းဆုပ်ရန် ကြိုးစားသည်။ သို့သော်လည်း ရွှေချည်မျှင်သည် သူ၏ လက်ကောက်ဝတ်ပေါ်မှ ပြတ်ကျသွားသည်နှင့် အလျှင်အမြန် လွင့်ပြယ်သွားနေသည်။

သူမဖမ်းဆုပ်နိုင်ခဲ့ပေ။

ယင်းက သူ၏ မှတ်ဉာဏ်များထဲမှ မသဲမကွဲပုံရိပ်တစ်ခု အဝေးသို့ လွင့်ပြယ်သွားနေသလိုပင်။

စူးရှသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ဆဌမနတ်နန်းတော်ထဲမှ မိုဆာဆောသည် သူ၏ ဦးခေါင်းထက်မှာ ရုတ်တရက် ထွက်ပေါ်လာပြီး ၎င်း၏ ကောင်းကင်ဘုံတာအိုအစွမ်းကို ရွှေချည်မျှင်ထဲသို့ အများအပြား ထည့်သွင်းလိုက်သည်။

မိုဆာဆောသည် ရွှီချင်း၏ စိုးရိမ်ပူပန်မှုကို အာရုံခံမိသောကြောင့် ၎င်း၏ ကောင်းကင်ဘုံတာအိုအစွမ်းကို ရူးရူးမူးမူး ထုတ်လွှတ်လိုက်သည်။

ထိုနည်းလမ်းသည် အမှန်တကယ် အသုံးဝင်၏။ သို့သော်လည်း ဤလောက၌ တချို့အရာများသည် ပြန်လည်ရရှိရန် အလွယ်တကူ မဖြစ်နိုင်ကြချေ။ မိုဆာဆော၏ ကောင်းကင်ဘုံတာအိုအစွမ်းသည် ရွှေချည်မျှင်ထဲသို့ စီးဝင်သွားပြီး ရွှေချည်မျှင်အပိုင်းအစများ၏ လွင့်ပြယ်နေခြင်းကို နှေးကွေးသွားစေသော်လည်း ယင်းတို့ကို မရပ်တန့်နိုင်သေးပေ။

သိသာစွာပင် မိုဆာဆော၏ စွမ်းအားတစ်ခုတည်းဖြင့် ရွှေချည်မျှင်အပိုင်းအစများ၏ လွင့်ပြယ်နေခြင်းကို ရပ်တန့်ရန် မလုံလောက်သေးချေ။

ဆက်လက်လွင့်ပြယ်နေသော ရွှေချည်မျှင်ကိုကြည့်လျက် ရွှီချင်း၏ နှလုံးသားထဲမှ စူးရှသော နာကျင်မှုသည် ပို၍ပြင်းထန်လာသည်။ သူသည် မျက်လုံးပိတ်လိုက်သည်။ အသက်သုံးခါရှူချိန်ကြာပြီးနောက် သူ မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူ၏ ဘယ်မျက်လုံးသည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ သူ၏ သူငယ်အိမ်ထဲမှာ လွန်စွာတောက်ပသော ခရမ်းလတစ်ခု ရှိသည်။

သူ၏ ညာမျက်လုံးသည် လုံးလုံးလျားလျား မည်းနက်သွားပြီး ထိုအထဲမှာ အဆုံးမရှိသော အဆိပ်ဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာ ခရမ်းလပုံရိပ်သည် သူ၏ အနောက်မှာ ပေါ်ထွက်လာပြီး ခရမ်းလ၏ အနောက်မှာ မထူးမခြားနား မျက်လုံးနက်တစ်စုံ ပေါ်ထွက်လာသည်။

ဘေးပတ်ဝန်းကျင်သည် ချက်ချင်း မှုန်ဝါးလာပြီး ကမ္ဘာသည် ပုံပျက်တွန့်လိမ်လာသည်။ နတ်ဘုရားအခွင့်အာဏာများ၏ အစွမ်းသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး သူ၏ ဘဝအဆင့်အတန်းကို တစ်ဟုန်ထိုး မြင့်တတ်သွားစေသည်။ ရွှီချင်းသည် လွင့်ပြယ်နေသော ရွှေချည်မျှင်ကိုကြည့်ပြီး ပြောသည်။

“ ရပ်တန့်စမ်း ”

သူ၏ နှုတ်မှ စကားသံမြည်ထွက်လာသည့်အခါ ကောင်းကင်သည် လှုပ်ခါသွားပြီး မြေပြင်သည် တုန်ယင်သွားသည်။

ရွှီချင်းသည် ဤနတ်ဘုရားအစွမ်းအသုံးပြုနည်းကို ချူထျန်းချွင်၏ တုပသရုပ်လုပ် ရေရွတ်ခြင်းမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားအခွင့်အာဏာနှစ်မျိုး၏ အကူအညီကြောင့် သူသည် နတ်ဘုရားအသစ်တစ်ပါးနှယ် ဖြစ်လာသည်။ ထို့ကြောင့် သူ၏ နှုတ်မှ ထွက်ကျလာသော စကားလုံးများသည် နတ်ဘုရားအသံ ဖြစ်ပေသည်။

ရွှီချင်းသည် မိုဆာဆော၏ အစွမ်းက မလုံလောက်ဘူးဟု ခံစားမိသောကြောင့် နတ်ဘုရားအသံကို ထပ်မံပေါင်းထည့်လိုက်ခြင်း ဖြစ်သည်။ ရလဒ်သည်ကား…

နတ်ဘုရားအသံ မြည်ထွက်လာသောအခါ လွင့်ပြယ်နေသော ရွှေချည်မျှင်အပိုင်းအစများသည် တုန်ခါလာကြသည်။ နတ်ဘုရားအသံနှင့် မိုဆာဆော၏ ပေါင်းစပ်စွမ်းအားအောက်မှာ လွယ်ပြယ်နေခြင်းသည် ဖြည်းညင်းစွာ ရပ်တန့်သွားသည်။

All Chapters