ဝိညာဉ်အင်ပါယာအလောင်းပေါ်မှ မဟာလောက(ဃ)
Vol. 42 Ch. 627
သို့သော်လည်း ရွှေချည်မျှင်၏ အပိုင်းအစအများစုသည် လွင့်ပြယ်သွားကြပြီး ဖြစ်၏။ ယခု ရွှေချည်မျှင်၏ အပိုင်းအစသေးသေးလေးတစ်ခုသာ ကျန်ရှိတော့သည်။
ရွှီချင်းသည် ထိုချည်မျှင်အပိုင်းအစကို စိုးထိတ်စွာ ဖမ်းဆုပ်လိုက်လေရာ ယင်းထဲမှ ထုတ်လွှတ်နေသော နွေးထွေးမှုကို သူခံစားမိလိုက်သည်။ သူ၏ နှလုံးသားထဲ၌ အဆုံးမရှိသော စိုးရိမ်စိတ် ဖြစ်ပေါ်လာသောအခါ သူသည် နွေးထွေးမှုက ညွှန်ပြသော ဦးတည်ရာသို့ အမြန်ဆုံးအလျင်ကို အသုံးပြုလျက် ပြေးသွားသည်။
သူသည် မြန်နိုင်သမျှမြန်မြန် လင်းအာ၏ ဝိညာဉ်ကို ရှာတွေ့ရမည် ဖြစ်သည်။ ဝိညာဉ်ကိုရှာတွေ့ပြီးနောက် ဤနေရာမှ ပြန်ထွက်ရန်နည်းလမ်းကို ဖန်ချွန်လမ်းအဖိုးအိုသည် သူ့အား ပြောပြထားခဲ့ပြီး ဖြစ်သည်။ သူ့ကို တစ်ဖက်လူပေးခဲ့သော ကျောက်စိမ်းပြားအများအပြားတွင် ကျောက်စိမ်းပြားတစ်ခုသည် ထူးခြားသည်။
ထိုကျောက်စိမ်းပြားကို သူခြေမွလိုက်သည်နှင့် အဖိုးအိုသည် ပြင်ပကမ္ဘာမှ သစ်ဝိညာဉ်မျိုးနွယ်တစ်ခုလုံး၏ စွမ်းအားကို ငှားယူပြီး သူတို့ပြန်လာနိုင်အောင် အကူအညီပေးနိုင်မည့် မန္တန်တစ်ခုကို အသုံးပြုလိမ့်မည် ဖြစ်၏။
“ အချိန်က ခြောက်ရက်ပဲကျန်တော့တယ်… ”
ရွှီချင်း၏ အံ့မခန်းအလျင်ကြောင့် သူဖြတ်သွားသည့်နေရာတိုင်း ကမ္ဘာသည် အပြင်းအထန် တုန်လှုပ်လာနေသည်။ ဤသေခြင်းလောကနှင့် ဝိညာဉ်များအတွက် သူ၏ တည်ရှိမှုသည် အလွန်အမင်း တောက်ပသော မီးအလင်းရောင်တစ်ခုပမာ ဖြစ်နေ၏။
သေခြင်းဝိညာဉ်များသည် နေရာတိုင်းလိုလိုမှာ ပေါ်ထွက်လာနေကြပြီး ရွှီချင်းဆီသို့ ရက်စက်ကြမ်းကြုတ်စွာ ခုန်အုပ်လာနေကြသည်။
မြေကြီးသည်ပင် ကွဲထွက်သွားပြီး အထဲမှ အရိုးခြောက်လက်များသည် ဆန့်တန်းထွက်လာကြသည်။ ထို့နောက် ပုပ်သိုးဆွေးမြေ့သော အလောင်းကောင်များသည် ရွှီချင်းဆီသို့ အရူးအမူး ပြေးလာကြသည်။
“ ထွက်သွားကြစမ်း ”
ဤအခိုက်အတန့်မှာ ရွှီချင်း၏ ဘဝအဆင့်အတန်းသည် အလွန်အမင်း မြင့်မားနေ၏။ သူ၏ နှုတ်မှ နတ်ဘုရားအသံ ပေါ်ထွက်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်လာပြီး ဝိညာဉ်အများအပြားသည် ချက်ချင်း လွင့်ပြယ်သွားကြသည်။
ဤတစ္ဆေများသည် ကျိန်စာသင့်နေကြသောကြောင့် ဒြပ်နှောများ၏ ကျူးကျော်မှုသည်သာ ၎င်းတို့ကို ဖျက်ဆီးပစ်နိုင်သည်။ ၎င်းတို့ကို သူ့အား လေးစားကြည်ညိုလာအောင် မလုပ်ဆောင်နိုင်ပေ။ ဝိညာဉ်အများအပြားသည် ဆက်လက်ဖွဲ့စည်းသွားကြပြီး မကြာမီ ဝိညာဉ်ပင်လယ်တစ်ခုသည် ရွှီချင်း၏ အရှေ့မှာ ဖြစ်ပေါ်လာသည်။
ရွှီချင်း၏ အမူအရာသည် မည်းမှောင်သွား၏။ နတ်ဘုရားအခွင့်အာဏာနှစ်မျိုးကြောင့် မြင့်တတ်သွားသော သူ၏ ဘဝအဆင့်အတန်းကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းမထားနိုင်ပေ။ သူသည် ခရမ်းလကို ယာယီရုတ်သိမ်းလိုက်ပြီး တားမြစ်အဆိပ်ကို အသက်သွင်းရန် သူ၏ စွမ်းအားအလုံးစုံကို အသုံးပြုလိုက်သည်။
အဆိပ်ထုတ်လွှတ်မှုသည် ချူထျန်းချွင်နှင့် သူရင်ဆိုင်ခဲ့စဉ်ကထက်ပင် ပိုပြီးပြင်းထန်သည်။
ဤနေရာသည် ချိပ်ပိတ်ခံထားရသည့် မဟာလောကတစ်ခုဖြစ်၍ တားမြစ်အဆိပ်ကို ထုတ်လွှတ်ရန် ရွှီချင်းအတွက် သင့်လျော်သော နယ်မြေတစ်ခု ဖြစ်ပေသည်။
နောက်အခိုက်အတန့်မှာ တားမြစ်အဆိပ်၏ ပျံ့နှံ့မှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော လေပြင်းမုန်တိုင်းတစ်ခုသည် ရွှီချင်း၏ ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ဆက်လက်ပျံ့နှံ့သွားသည်။ မုန်တိုင်းသည် ပေတစ်ရာ၊ ပေတစ်ထောင်၊ ပေငါးထောင်၊ နောက်ဆုံးမှာတော့ ပေတစ်သောင်းသို့ ရောက်ရှိသွားသည်။
ပေတစ်သောင်းဧရိယာအတွင်းမှာ ရွှီချင်း၏ တားမြစ်အဆိပ်စွမ်းအားဖြင့် ပြည့်နှက်သွားသည်။ ထိုဧရိယာထဲရှိ ဝိညာဉ်များနှင့် ရက်စက်ကြမ်းကြုတ်သော တစ္ဆေများသည် ယိုယွင်းပျက်စီးသွားကြသည့်အလား ပုံပျက်တွန့်လိမ်လာကြပြီး ပို၍ဆွဲဆွဲငင်ငင် အော်ဟစ်ညည်းညူလိုက်ကြသည်။
မြေကြီးထဲမှ ထွက်ပေါ်လာနေကြသော အလောင်းကောင်များသည်လည်း ထို့အတူပင်။ ၎င်းတို့သည် အသက်မရှိကြသော်လည်း ရွှီချင်း၏ အဆိပ်က ၎င်းတို့ကို ပြာအဖြစ်သို့ ပြောင်းလဲသွားစေသည်။
မည်သို့ဖြစ်စေ တားမြစ်အဆိပ်သည် နတ်ဘုံမှ စွမ်းအားတစ်မျိုး၊ နတ်ဘုရားကျိန်စာတစ်မျိုးဖြစ်သည် မဟုတ်ပါလော။
ရွှီချင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း သူသည် အရှေ့သို့ဆက်သွားနေလျက် သူ၏ အလျင်ကို မလျှော့ချခဲ့ပေ။ တားမြစ်အဆိပ်သည် တစ်ခါမှမဖြစ်ဖူးသော စွမ်းအားဖြင့် ပျံ့နှံ့ထွက်လာသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မရေမတွက်နိုင်သော အော်ဟစ်ညည်းညူသံများသည် သူ၏ အနောက်မှ လိုက်ပါလာကြသည်။ သူ့ကိုယ်ပိုင်ဒြပ်နှောများသည် ကြီးထွားလာကြပြီး သူ၏ ဘေးနားသို့ ရွေ့လျားသွားကြကာ တားမြစ်အဆိပ်စွမ်းအားကို ပိုပြီးသန်မာလာစေသည်။
မုန်တိုင်း၏ အတိုင်းအတာသည် ပေတစ်သောင်းမှ ပေတစ်သောင်းသုံးထောင်သို့ ကျယ်ပြန့်သွားသည်။
သို့သော်လည်း ဤနေရာရှိ ဝိညာဉ်အရေအတွက်သည် အလွန်များပြားပြီး ၎င်းတို့သည် ဆက်လက်ပေါ်ထွက်လာနေကြဆဲ ဖြစ်၏။ ယခုအခိုက်အတန့်မှာ ဤသေခြင်းကမ္ဘာက အသက်ဝင်လာသည့်အလားပင်။
ဝိညာဉ်များ၏ ပျောက်ကွယ်မှုနှုန်းသည် လက်ခံနိုင်သည့် အတိုင်းအတာထဲမှာရှိသော်လည်း ဝိညာဉ်များဖြစ်တည်လာကြသည့် အရေအတွက်သည် အလွန်ကြောက်စရာကောင်းပေသည်။
သူတားဆီးခံရတော့မည်ကို မြင်သောအခါ ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ ဖိနှိပ်ထားသော ခရမ်းလစွမ်းအားသည် ထပ်မံပေါ်လျှိုးလာသည်။ အဆုံးမဲ့ခရမ်းမြူခိုးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားသည်။ မြေကြီးသည် ခရမ်းရောင်ပြောင်းသွားသည်။
မြေကြီးထဲမှ တွားသွားထွက်လာကြသော အလောင်းကောင်များသည် ခရမ်းမြူခိုးကြောင့် သူတို့၏ ခန္ဓာကိုယ်သည် တုန်ယင်လာကြပြီး ပြာအဖြစ်သို့ ပြောင်းသွားကြသည်။ မြေကြီးပေါ်တွင် ပြာသည် တဖြည်းဖြည်း စုပုံလာပြီး အံ့မခန်းအမြင့်ထိ ရောက်ရှိသွားသည်။
ရွှေကျီးကန်း ဒြပ်ထည်ဖြစ်တည်လာသည့်အခါ ရွှီချင်းသည် ၎င်းအပေါ်သို့ တတ်စီးလိုက်သည်။ ရွှေကျီးကန်းသည် မီးတောက်မီးလျှံများကို မှုတ်ထုတ်လိုက်ပြီး အရှေ့သို့ မြန်မြန်ဆန်ဆန် ပျံသန်းသွားသည်။
မြေကြီးပေါ်မှ ခရမ်းမြူခိုးသည် ၎င်းကို ဝန်းရံထားသည်။ ရွှီချင်း အရှေ့သို့ရွေ့လျားသွားသည့်အခါ အလောင်းကောင်များသည် ဆက်လက် ယိုယွင်းပျက်စီးသွားကြသည်။ သို့သော်လည်း ခရမ်းမြူခိုး၏ အပြင်ဘက်၌ မိုးကုပ်စက်ဝိုင်းအထိ ပြည့်နှက်နေသော အလောင်းကောင်များ ရှိကြသည်။
ကောင်းကင်ယံမှာပင် မကောင်းဆိုးဝါးဝိညာဉ်များဖြင့် ပြည့်နှက်နေကြသည်။ အဆိပ်မုန်တိုင်းသည် ၎င်းတို့၏ အရေအတွက်အများအပြားကို ဖျက်ဆီးပစ်နေသော်လည်း ပို၍များပြားသော အရေအတွက်က ဆက်လက်ထွက်ပေါ်လာနေဆဲ ဖြစ်၏။
ဤမည်းမှောင်နေသော လောကတွင် တစ်ခုတည်းသော အလင်းရောင်အရင်းအမြစ်ဟူ၍ ရွှေကျီးကန်းမှ ထုတ်လွှတ်နေသော မီးတောက်မီးလျှံသာ ရှိ၏။ ၎င်း၏ တောက်ပသော မီးရောင်သည် ကောင်းကင်ကို ရောင်ဝါထွန်းလင်းပေးနေ၏။ မီးတောက်ပင်လယ်များ လှုပ်ရှားထကြွလာသောအခါ ရွှေကျီးကန်းသည် အရှေ့သို့ မရပ်မနား ဆက်လက်ပျံသန်းသွားသည်။
၎င်းသည် ရောင်ခြည်တန်းတစ်ခုကဲ့သို့ပင်။
ထိုအလင်းရောင်၏ ဘေးပတ်ပတ်လည်တွင် မကောင်းဆိုးဝါးဝိညာဉ်များသည် ကောင်းကင်ကို ပိတ်ကွယ်ထားကြပြီး အလောင်းကောင်များသည် မြေပြင်ကို ဖုံးလွှမ်းထားကြသည်။ ၎င်းတို့သည် အလိုရမ္မက်၊ ရူးသွပ်မှုနှင့် အမုန်းအာဃာတဖြင့် ပြည့်နှက်နေကြပြီး မီးတောက်များကို ငြိမ်းသတ်ရန်၊ အလင်းရောင်ကို ဖုံးကွယ်ရန် အသည်းအသန် ကြိုးစားနေကြသည်။
အချိန်သည် ကုန်လွန်သွားသည်။
ထိုရောင်ခြည်တန်းသည် ဤမည်းမှောင်နေသော လောကထဲ၌ မြန်မြန်သွက်သွက် အရှေ့သို့ ဆက်လက်ပျံသန်းသွားနေသည်။
နေ့တစ်နေ့ကုန်လွန်ပြီးသောအခါ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ၏ တာအိုဝတ်ရုံသည်လည်း သွေးဖြင့် ရွှဲရွှဲစိုနေသည်။ သူသည် ပင်ပန်းနွမ်းနယ်နေပြီး ဒဏ်ရာများရထားသော်လည်း ယင်းတို့ကို ဖိနှိပ်ထားခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် တစ္ဆေပင်လယ်ထဲမှ လွတ်မြောက်သွားခဲ့သည်။ ရွှီချင်းသည် သူ၏ သွေးလွှမ်းနေသော မျက်လုံးမှတဆင့် သူ့အရှေ့မှ အနက်ရောင် မြစ်ကြီးတစ်စင်းကို မြင်လိုက်သည်။
မြစ်ကြီးသည် အလွန်ကျယ်ပြောပြီး မရဏမြစ်ကြီးတစ်စင်းနှယ် အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည်။
မရေမတွက်နိုင်သော အရိုးခြောက်များသည် ရေပေါ်မှာ ပေါလောပေါ်နေကြသည်။ မျက်နှာအများအပြားသည် ငိုကြွေးညည်းညူနေလျက် ရေထဲမှာ ငုပ်ချည်ပေါ်ချည် ရှိနေကြသည်။
မြစ်ကြီး၏ အဆုံး၌ ဝိညာဉ်အများအပြားကို သယ်ဆောင်ထားသော အနီရောင်ဝေါယာဉ်တစ်လုံးကို ရွှီချင်းသည် မြင်သွားသည်။
ဝေါယာဉ်၏ အရှေ့အနောက် ထိုးဝါးများသည် အရောင်ကွဲပြားသော ဖန်အိုးများဖြစ်ကြပြီး ယင်းတို့သည် သူတို့ဘာသာ ထိုးဝါးများထံမှ ဖြစ်ထွန်းလာကြသည့်အလား ပေါ်ထွက်နေကြသည်။ ဝေါယာဉ်သည် ယိမ်းယိုင်လှုပ်ယမ်းနေသော်လည်း ဖန်အိုးများသည် မလှုပ်မယှက် ရှိနေကြသည်။
ဝေါယာဉ်၏ ဘေးပတ်ဝန်းကျင်တွင် အခြွေအရံတန်းလျားရှည်တစ်ခု ရှိသည်။ ပုံရိပ်အများစုသည် မြွေခေါင်းနှင့် လူခန္ဓာကိုယ်များ ဖြစ်ကြသည်။ သူတို့သည် အနီရောင်ရဲရဲတောက် ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အရှေ့သို့ ရွေ့လျားနေကြသည်။
အခြွေအရံတန်းလျား၏ အရှေ့ဆုံးမှ နားစူးစေမည့် နှဲမှုတ်သံတစ်သံ ပေါ်ထွက်နေသည်။
ထိုအခိုက်အတန့်မှာ အေးစက်စက်လေပြင်းသည် မရဏမြစ်ပေါ်သို့ တိုက်ခတ်သွားသောအခါ ရေလှိုင်းများ ဖြစ်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ လေပြင်းသည် ဝေါယာဉ်၏ ခန်းဆီးပေါ်သို့ တိုက်ခတ်သွားသောအခါ အထဲ၌ မိန်းမောတွေဝေစွာ ထိုင်နေသည့် မိန်းမငယ်လေးတစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာသည်။ မိန်းကလေး၏ မျက်နှာသည် ဖြူဖျော့နေပြီး သူက သတိုးသမီးဝတ်စုံကို ဝတ်ဆင်ထားသည်။
ရွှီချင်း၏ အမူအရာသည် အေးခဲသွားသည်။
သူ၏ အကြည့်သည် မိန်းကလေးပေါ်မှာ မဟုတ်ပေ။ ယင်းအစား ဝေါယာဉ်၏ အရှေ့ထိုးဝါးပေါ်သို့ ဖြစ်၏။ ထိုးဝါးပေါ်တွင် ဖန်ပုလင်းလေးပုလင်းရှိပြီး ထိုအထဲမှ တစ်ခုသည် အဖြူရောင်ဖြစ်၏။
သူ၏ လက်ဖဝါးပေါ်မှ ရွှေချည်မျှင်အပိုင်းအစသည် တစ်ခါမှမဖြစ်စဖူး အပြင်းအထန် ပူလာသည်။