ရောနှောအဆင့်ပြိုင်ပွဲပြီးဆုံးခြင်း....
Vol. 43 Ch. 591
"အမှတ် 1.2 သန်း?!"
လီလော့ အံ့သြလွန်းလို့ ဒူးညွတ်ကျတော့မလိုပင်.... အခုဆို ဒုတိယနေရာက လန်လန်တို့အသင်းအား ဖုန်မှုန့်ထဲတွင် ထားခဲ့နိုင်ပြီဖြစ်သည်။
"ငါတို့ ကျောက်သားမြို့တော်ကိုဝင်တုန်းကအမှတ် 700,000 လောက်ပဲရှိတယ်"
"အံ့ဩစရာတော့ မရှိပါဘူး.... သွေးအမြီးနတ်ဆိုးကို သတ်လိုက်တာရယ် ပြီးတော့ ကျောက်သားမြို့တော်ကို ရှင်းပစ်ဖို့ အမှတ် 500,000ဆိုတော့ တခြားအဖွဲ့တွေထက်အပြတ်အသတ်သာသွားတာပေါ့.... "
လီလော့ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ ကျောက်သားမြို့တော်ကိုရှင်းလင်းရန်အတွက် ရမှတ် 500,000 ကို အသင်းများစွာကြားတွင် ခွဲထားယူရမည်ဖြစ်ပြီး ၎င်းတို့အတွက် ရမှတ် 100,000 သို့မဟုတ် ထို့ထက်ပိုသည်ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ အမှတ်အများစုသည် သွေးအမြီးနတ်ဆိုးကို သတ်လိုက်ခြင်းမှရလာခဲ့ခြင်းဖြစ်မည်။
အခြားအဖွဲ့ခေါင်းဆောင်များသည် သွေးအမြီးနတ်ဆိုးကို ဒဏ်ရာရစေခြင်းအတွက် ဂုဏ်ပြုခြင်းခံရသော်လည်း နောက်ဆုံးရိုက်ချက်မှာ လီလော့တို့နှင့်သာသက်ဆိုင်သည်။ ထို့အပြင် ၎င်းတို့နှစ်ဦးသည် ပို၍ကြောက်စရာကောင်းသော ကြက်သွေးရောင်ဗိုလ်ချုပ်ကိုလည်း ဖြုတ်ချနိုင်ခဲ့သည်။
"ဒါဆို ငါတို့ ချန်ပီယံဖြစ်ပြီပေါ့..."
လီလော့က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ကျောင်းအုပ်ကြီးဖန် သူ့အပေါ်ထားခဲ့သော လေးလံသောဝန်ထုပ်ဝန်ပိုးကို နောက်ဆုံးတွင် ရုတ်သိမ်းနိုင်ခဲ့ပြီဖြစ်သည်။အခုဆို ကောင်းကင်ဓမ္မတေးသံ ဒုတိယအပိုင်းကိုရရှိနိုင်တော့မည်။
ထို့အပြင် ရှန့်ပိန်းတွေ့ဆုံပွဲ၏ချန်ပီယံအား ဗဟိုကျောင်းသားသမဂ္ဂမှလည်း ကြီးကြီးမားမား ဆုချီးမြှင့်မည်ဖြစ်သည်။
သူ၏အနာဂတ်တွင် စည်းစိမ်ဥစ္စာများ ပြည့်လျှံနေပေတော့မည်။ ရောနှောအဆင့်ပြိုင်ပွဲသည် ငရဲပြည်ကဲ့သို့ ခက်ခဲကြမ်းတမ်းခဲ့ပြီး ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အန္တရာယ်သည် ကျောင်းအချင်းချင်း ပြိုင်ဆိုင်မှုအဆင့်ထက်ပင် များစွာကျော်လွန်နေခဲ့သည်။
"ကြယ်တာယာခရီးရှည်ကောလိပ်က နင့်ကြောင့်သာ အောင်နိုင်ခဲ့တာ"
ကျန်းချင်းအာက လီလော့ကို ချစ်စဖွယ် ပြုံးပြပြီး ပြောလိုက်သည်။
"နင့်ရဲ့အောင်မြင်မှုတွေကို မကြေငြာချင်တာသေချာလား...မင်းသမီးက နင့်ကိုသဘောကျပြီး အပိုဆုတစ်ခုခုပေးလိမ့်မယ်....."
"သူ့ရဲ့အပိုဆုတွေကို ငါစိတ်မဝင်စားဘူး" လီလော့က လေးနက်စွာပြန်ဖြေသည်။
"မင်းသမီးက တခြားသူတွေအတွက်တော့ နတ်ဘုရားဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါ့အတွက်ကတော့ လော့လန်အိမ်တော်မှာနေတဲ့ ငန်းဝတုတ်တစ်ကောင်နဲ့တင်လုံလောက်နေပြီ....."
ကျန်းချင်းအာက ပြုံးလိုက်ပြီး....
“ကျန်တဲ့သူတွေ နိုးလာပြီ”
လီလော့သည် လန်လန်၊မင်းသမီး၊ ကုန်းရှန်ကျွင်းနှင့် အခြားသူများ၏ ပဲ့တင်ထပ်သံအော်ရာများကိုမြင်လိုက်ရသည်။
ကြက်သွေးရောင်ဗိုလ်ချုပ် အသတ်ခံရပြီးနောက်တွင် သူတို့အပေါ်သက်ရောက်နေသည့် ပုံရိပ်ယောင်များ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူတို့အားလုံး နိုးလာပြီး ပတ်ဝန်းကျင်ကို အံ့ဩစွာကြည့်နေကြသည်။
ကြက်သွေးရောင် ဗိုလ်ချုပ်ကို မတွေ့သဖြင့် အံ့သြသွားကြသည်။
"ကြည့်မနေနဲ့တော့... ကြက်သွေးရောင် ဗိုလ်ချုပ် သေသွားပြီ..." ဟု ကျန်းချင်းအာ ကအားလုံးကြားအောင်အော်ပြောလိုက်သည်။
"သေသွားပြီလား... ?!" အားလုံးက သူမကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
ကျန်းချင်းအာက နံရံနားက အလောင်းကိုသာ လက်ညှိုးထိုးပြလိုက်တော့သည်။
အားလုံးက အလောင်းကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။
ကြက်သွေးရောင်ဗိုလ်ချုပ် တကယ်ပဲ အသတ်ခံလိုက်ရပြီလား......
ဘယ်လိုဖြစ်နိုင်မှာလဲ?!
သူသည် သွေးအမြီးနတ်ဆိုးနှင့် ပေါင်းစည်းခဲ့ပြီး အဆင့်မြင့် ကောင်းကင်ဘုံ ပဲ့တင်ထပ်သံ အဆင့်သို့ ရောက်ရှိခဲ့သည်။ သူတို့ရဲ့ ပေါင်းစပ်ကြိုးပမ်းမှုတွေက ဘယ်လိုမှဖိနှိပ်လို့မရေလောက်အောင်အားကောင်းနေခဲ့သည်။ ဘယ်သူက သူ့ကို အနိုင်ယူခဲ့တာလဲ......
ချင်ယွီက မသေချာမရေရာဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။
" ငါတို့တွေ ပုံရိပ်ယောင်အစီအရင်ထဲမှာပိတ်မိနေတုန်းပဲလား....."
လန်လန်က ခေါင်းခါလိုက်ပြီး....
"ပုံရိပ်ယောင်တွေမရှိတော့ဘူး.... ငါတို့ရှေ့က ကြက်သွေးရောင်ဗိုလ်ချုပ်ရဲ့အလောင်းက တကယ့်အစစ်ပဲ....သူ့ရဲ့ပဲ့တင်ထပ်သံအော်ရာကိုကြည့်ရင် သိသာနေတာကို......"
ထိုအခါမှသာ ကျောက်ပိုင်လီကတအံ့တသြဖြင့်....
"သေပြီလား၊ ဘယ်သူသတ်လိုက်တာလဲ...."
မင်းသမီးက သူတို့အားလုံးထက်အရကင် နိုးထလာတဲ့ ကျန်းချင်းအာကို ကြည့်လိုက်ပြီး....
"ချင်းအာ....နင်သတ်လိုက်တာလား.... "
အခြားအဖွဲ့ခေါင်းဆောင်များ နှုတ်ဆိတ်သွားကြသည်။ ကျန်းချင်းအာသည် အဆင့်ကိုးအလင်းပဲ့တင်ထပ်သံ အသုံးပြုသူဖြစ်နသော်လည်း သူမသည် နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်သာဖြစ်သည်။ ကောင်းကင်ပုလဲအဆင့်နှင့်တန်းတူထားနိုင်သော သူမ၏ ထူးချွန်သောစွမ်းရည်ဖြင့်ပင် ဆင့်မြင့် ကောင်းကင်ပဲ့တင်ထပ်သံအဆင့်ရောက်နေသော ကြက်သွေးရောင် ဗိုလ်ချုပ်ကို သတ်နိုင်ဖို့မလွယ်ပေ။
ကောင်းကင်ပဲ့တင်ထပ်သံအဆင့်သည် မြို့စားအဆင့်အောက်တွင်အသန်မာဆုံးဖြစ်သည်။
အဆင့်ကိုးပဲ့တင်ထပ်သံရှိလင့်ကစား ခွန်အားသက်သက်ဖြင့် အဆင့်နှစ်ဆင့်ကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
ကျန်းချင်းအာက....
" စိတ်ဝိညာဉ်မှန်ကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်ပါ...ဒါဆို အဖြေကိုသေချာသိသွားလိမ့်မယ်....."
သူတို့သည် အမှတ်များကို ကြည့်ကာ မျက်လုံးများ ဝိုင်းသွားကြသည်။
"အမှတ် 1.2 သန်း?!"
"ချင်းအာ....နင်အတော်ဆုံးပဲ"
မင်းသမီးက ဝမ်းသာအားရ အော်လိုက်ပြီး ရွှင်မြူးစွာဖြင့် ကျန်းချင်းအာကို အားရပါးရ ပွေ့ဖက်ရန် ပြေးလာသည်။
ကျန်းချင်းအာသည် ထိုကဲ့သို့ အထိန်းအကွပ်မရှိသော ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို အကျွမ်းတဝင်မရှိသော်လည်း အင်တင်တင်ဖြင့်သာ ငြိမ်နေလိုက်ရသည်။
လီလော့ကတော့ အလွန်ဆွဲဆောင်မှုရှိသောမြင်ကွင်းကို ရှုစားနေရသည်။ တခြားသူတွေကတော့ အခုထိ အံ့သြမှုမပြယ်နိုင်ကြသေးပေ။ အဖြစ်မှန်တွေက မယုံကြည်နိုင်လောက်အောင်ပင်.... မင်းသမီးတို့အဖွဲ့ ထိုကဲ့သို့ အမှတ်ပြည့်အောင် ဆောင်ရွက်နိုင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ထိုနည်းလမ်းကလည်း ကြက်သွေးရောင်ဗိုလ်ချုပ်ကို သတ်ပစ်ရမည့်နည်းလမ်းပင်......
မင်းသမီးက သူတို့နဲ့အတူတူပုံရိပ်ယောင်ထဲမှာပိတ်မိနေသည့်အတွက် ကြက်သွေးရောင်ဗိုလ်ချုပ်ကိုသတ်လိုက်သူမှာ ကျန်းချင်းအာသာဖြစ်နိုင်သည်။
ကျန်းချင်းအာသည် တိုက်ပွဲကိုပြောင်းပြန်လှန်ရန် အံ့သြဖွယ်ကောင်းသော ဝှက်ဖဲအချို့ကို ထုတ်သုံးခဲ့လိမ့်မည်။
တဖြည်းဖြည်းနဲ့ သူတို့ဟာ အံ့သြစရာကောင်းတဲ့ အဖြစ်အပျက်တွေရဲ့ အလှည့်အပြောင်းကို သေချာတွေးကြည့်ရင်း တစ်ယောက်ချင်းစီတိုင်းက ဖြေရှင်းချက်ကိုယ်စီတွေးမိလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် ကြက်သွေးရောင် ဗိုလ်ချုပ်ကို သတ်ဖြတ်ပြီး ၎င်းတို့၏ အသက်အားလုံးကို ကယ်တင်ခဲ့သော ကျန်းချင်းအာကို ကျေးဇူးတင်ရမည်ဖြစ်သည်။
"ဂျူနီယာကျန်း တကယ်ကို အံ့ဩဖို့ကောင်းတယ်...အဆင့်ကိုးအလင်းပဲ့တင်ထပ်သံက သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ နာမည်ကောင်းထိုက်တန်ပါပေတယ်...." ဟု လန်လန်က မနာလိုဟန်ဖြင့် သက်ပြင်ချကာ ချီးကျုးလိုက်သည်။
သိပ်ပျော်နေပုံမပေါ်တဲ့ တစ်ဦးတည်းသောသူကတော့ ကုန်းရှန်ကျွင်းပင်.... ဤသည်မှာ သူမျှော်လင့်ထားသည့် နိဂုံးမဟုတ်ပေ။
သူ၏မစ်ရှင်သည် ကြယ်တာယာခရီးရှည်ကောလိပ်အနိုင်ရခြင်းကိုဟန့်တားရန်ဖြစ်သည်။ သို့သော်လည်း၊ သူလုံးဝပျက်ကွက်ခဲ့သည်။ သွေးအမြီးနတ်ဆို နှင့် ကြက်သွေးရောင် ဗိုလ်ချုပ် နှစ်ယောက်လုံး သေဆုံးသွားပြီး မင်းသမီးတို့အဖွဲ့က အခြားအဖွဲ့အားလုံးထက် သာလွန်သော ပထမနေရာကို ရရှိခဲ့သည်။
ဒါပေမယ့်လည်း သံသယချို့တော့ရှိနေဆဲပင်... ကျန်းချင်းအာက သွေးအမြီးနတ်ဆိုးနဲ့ကြက်သွေးရောင်ဗိုလ်ချုပ်ကို ဘယ်လိုသတ်ခဲ့တာလဲ....
လော့လန်အိမ်တော်ရဲ့အိမ်တော်သခင်နှစ်ပါးက သူမအတွက် တစ်ခုခုချန်ထားခဲ့သလား...
ကုန်းရှန်ကျွင်း အတွေးထဲနစ်မြောနေစဉ် အားလုံးက ကျန်းချင်းအာကိုဂုဏ်ပြုစကားအလုအယက်ပြောနေကြသည်။ထို့ကြောင့် ကုန်းရှန်ကျွင်းကလည်း အများနည်းတူ မချိပြုံးပြုံးနေရသည်။
သူ့တာဝန်ကို မအောင်မြင်ပေမဲ့ သစ္စာဖောက်မှန်း လူသိခံလို့မဖြစ်ပေ။ ကောလိပ်ဘက်ကသာ ဒီအကြောင်းသိသွားရင် သူ့အဖေ စိတိဆိုးတာထက်ပင် ပိုဒုက္ခများကုန်လိမ့်မည်။
ကြယ်လေးပွင့်ခန်မးက မဟုတ်သော အခြားကျောင်းသားများလည်း ဝိုင်းရံလာကြပြီး ကျန်းချင်းအာအနားတွင် စုပြုံလာကြသည်။
ကြက်သွေးရောင် ဗိုလ်ချုပ်ကို ကျန်းချင်းအာ သတ်ဖြတ်လိုက်ကြောင်း ကြားသိရသောအခါတွင် အံ့အားသင့်မှုများ ထပ်မံထွက်ပေါ်လာသည်။
လုမင်က အံ့အားသင့်သွားသော်လည်း လီလော့ထံသာ ချဉ်းကပ်သွားခဲ့ပြီး.....
"ကြက်သွေးရောင်ဗိုလ်ချုပ်ကြီး သေသွားတာ တကယ်နင်နဲ့ဘာမှမဆိုင်ဘူးလား....." ဟု တိုးတိုးလေးမေးလိုက်သည်။
လီလော့ ကျောရိုးတစ်လျှောက် တုန်လှုပ်ချောက်ချားစွာအေးစက်လာသော်လည်း အမူအရာကို ထိန်းထားပြီး....
"နင်ဘာတွေပြောနေတာလဲ... ငါလို ဆရာသခင်အဆင့်က ကြက်သွေးရောင် ဗိုလ်ချုပ်ရဲ့ဘောင်းဘီစကို ထိနိုင်ရင်တောင်ကံကောင်း....."
လုမင်သည် သူ၏ ရွံရှာဖွယ် ဖော်ပြချက်ကြောင့် ထိတ်လန့်သွားသော်လည်း....
"နင်နဲ့ တစ်ခုခုတော့ ဆက်စပ်နေတယ်လို့ ငါထင်နေတုန်းပဲ...."
လီလော့ အံ့အားသင့်သွားသည်။ ဒါက မိန်းမတွေရဲ့ ပင်ကိုယ်အသိစိတ်လို့ ခေါ်တာလား....အံ့သြစရာကောင်းလိုက်တာ
"ကဲ.... ကြက်သွေးရောင်ဗိုလ်ချုပ်နဲ့ သွေးအမြီးနတ်ဆိုးတို့တွေ သေကုန်ပြီ... ရောနှောအဆင့် ပြိုင်ပွဲ ပြီးသွားပြီမို့ ငါတို့ ထွက်သွားသင့်ပြီ" ဟု လန်လန်က ကြေညာခဲ့သည်။
အားလုံး ခေါင်းညိတ်လိုက်ကြသည်။ ဤနေရာသည် အန္တရာယ်များလွန်းသဖြင့် မည်သူကမျှ ဆက်မနေချင်ကြတော့ပေ။
"နောက်ဆုံးတော့ အိမ်ပြန်နိုင်ခဲ့ပြီ. .. ဗဟိုကျောင်းသားသမဂ္ဂက ငါတို့ကို ဒီလိုအန္တရာယ်ကြီးတဲ့ မစ်ရှင်တစ်ခုလုပ်ခိုင်းတာဖတကယ်ကို ယုတ္တိမရှိဘူး" ဟု ကျောင်းသားများက ငြီးတွားကြသည်။
"ဟုတ်တယ်...အဲ့အတွက်လျော်ကြေးများများပေးသင့်တယ်....."
"ငါတို့ ဘယ်လောက်ဒုက္ခခံခဲ့ရလဲ သိလား"
ငြီးတွားနေရင်းဖြင့်ပင် သူတို့အားလုံး ဝိညာဉ်မှန်များကို ဆွဲထုတ်ကာ ရိုက်ချိုးလိုက်ကြသည်။
မကြာမီ ကောင်းကင်ပေါ်တွင် အလင်းတန်းများ ပြည့်နှက်ကာ ၎င်းတို့ကို သယ်ဆောင်သွားခဲ့သည်။
မကြာခင်မှာပဲ ကျောက်သားမြို့တော် ဗလာဟင်းလင်းဖြစ်ကျန်နေခဲ့ပြီး အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေ စုစည်းပြီး ဝင်လာမှသာလျှင် ဒီနယ်မြေဟာ ပြန်လည်အသက်ဝင်ရှင်သန်လာနိုင်ပါလိမ့်မည်။