← Chapters

ဂလူး… ဂလူး…

Vol. 42 Ch. 628

ဂလူး… ဂလူး…

Vol. 42 Ch. 628

ထိမ်းမြှားမင်္ဂလာလှည့်လည်ခြင်းသည် အရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။ နှဲမှုတ်သံသည်လည်း ဈာပနပို့ဆောင်သည့် အလွမ်းအဆွေးသီချင်းနှယ် ဆက်လက်ပျံ့လွင့်နေသည်။

လက်ဆောင်ပဏ္ဏာများဖြစ်ဟန်တူသော ထမ်းဝါးများပေါ်ရှိ ဖန်ပုလင်းလေးပုလင်းသည် အပြာ၊ အနက်၊ အနီနှင့် အဖြူဟူ၍ အရောင်လေးမျိုး အသီးသီးရှိကြသည်။

ရွှီချင်းသည် ထိုအရာအားလုံးကို ကောင်းကင်ယံမှ ကြည့်နေခြင်း ဖြစ်သည်။ သူ၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ပေါ်ထွက်လာသည့်အခါ သူသည် ခန္ဓာကိုယ်တစ်ချက်လှုပ်ယမ်းလိုက်ပြီး ဝေါယာဉ်ဆီသို့ ပျံသန်းသွားသည်။

သူ၏ ပေါ်ထွက်လာမှုသည် အခြွေအရံများ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ သူတို့ထဲမှ မြွေခေါင်းဝိညာဉ်ပုံရိပ် ခုနစ်ခုရှစ်ခုသည် ရွှီချင်းထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

ရွှီချင်း၏ အမူအရာသည် လုံးဝမပြောင်းလဲသွားချေ။ သူသည် အရှေ့သို့ ဆက်လက်ရွေ့လျားသွားနေသည်။ သူ၏ အကြည့်သည် ဝေါယာဉ်ပေါ်သို့ ကျရောက်နေလေရာ သူ၏ အမြင်အာရုံထဲ၌ ဝေါယာဉ်တစ်ခုတည်းသာ ရှိနေသည့်အလားပင်။

အရှေ့သို့ ခြေတစ်လှမ်း သူလျှောက်လိုက်သည့်အခါတိုင်း မရဏမြစ်သည် အပြင်းအထန် လှုပ်ယမ်းလာသည််။ သူ၏ အရှိန်အဝါသည် အသွားထက်သော ဓားမော့တစ်ချောင်းနှယ် သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထင်သာမြင်သာစွာ ပေါ်ထွက်နေသည်။

ဝိညာဉ်ပုံရိပ် ခုနစ်ခုရှစ်ခုသည် ရွှီချင်းဆီသို့ အလျှင်အမြန် ရောက်ရှိလာကြသည်။ သို့သော်လည်း သူတို့ အနားရောက်သည်နှင့်ချက်ချင်း တားမြစ်အဆိပ်လေပြင်းသည် သူတို့အား တိုက်ခတ်သွားသည်။ ချက်ချင်းဆိုသလို သူတို့၏ ဝိညာဉ်များသည် ယိုယွင်းပျက်စီးသွားကြပြီး ဆွဲဆွဲငင်ငင် အော်ဟစ်ညည်းညူလိုက်ကြသည်။

သူတို့ လွင့်ပြယ်သွားကြတော့မည့်အချိန်မှာ ဝိညာဉ်များသည် တစ်ခုနှင့်တစ်ခု ထူးဆန်းစွာ ပေါင်းစပ်သွားကြပြီး ဆယ်ပေခန့်ရှည်လျားသော ဝိညာဉ်ပုံရိပ်ကြီးတစ်ခုသို့ အသွင်ပြောင်းလဲသွားသည်။ ၎င်းသည် လက်ကြီးနှစ်ဖက်ကို ဖြန့်ကားလျက် အသံကုန်အော်ဟစ်လိုက်ပြီး ရွှီချင်းထံသို့ ခုန်အုပ်လိုက်သည်။

သို့သော်လည်း ထိုဝိညာဉ်ပုံရိပ်ကြီးသည် ရွှီချင်း၏ အရှေ့၌ ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် အက်ကွဲရာများသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာကြပြီး တစ်ကိုယ်လုံးသို့ အလျှင်အမြန် ပျံ့နှံ့သွားကြသည်။ မကြာမီ ဝိညာဉ်ပုံရိပ်သည် ထိန်းချုပ်မရအောင် ပြိုလဲပျက်စီးသွားပြီး ပေါက်ကွဲထွက်သွားသည်။ ၎င်း၏ အစိတ်အပိုင်းများသည် ဖုန်မှုန့်သို့ ပြောင်းလဲသွားပြီး မရဏမြစ်ပေါ်သို့ ပြန့်ကျဲသွားသည်။

ရွှီချင်းသည် လေထဲတွင် အမူအရာကင်းမဲ့လျက် သူ၏ လက်သီးကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် အရှိန်ထပ်တင်လိုက်ပြီး အရှေ့သို့ဆက်သွားသည်။ ဝေါယာဉ်နားသို့ သူရောက်ခါနီးတွင် သူ့အရှေ့ရှိ အခြွေအရံအတန်းသည် ပူဖောင်းတစ်လုံးနှယ် ရုတ်ချည်း ပျောက်သွားသည်။

ထိုနေရာနှင့် သိပ်မဝေးသောနေရာတွင် အခြွေအရံအတန်းသည် ထပ်မံပြန်ပေါ်လာသည်။ သူတို့သည် ရပ်တန့်ခြင်းမရှိဘဲ အရှေ့သို့ ဆက်လက်ရွေ့လျားသွားကြသည်။

ဤတစ်ကြိမ်တွင် ဝေါယာဉ်၏ ခန်းဆီးကို ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်တစ်ဖက်က ဆွဲမတင်လိုက်သည်။ ဝေါယာဉ်ထဲမှာ ထိုင်နေသည့် မိန်းမငယ်လေးသည် လည်တိုင်ရှည်ကို ဆန့်လိုက်ပြီး ရွှီချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ယင်းမှာ ရွှီချင်းသည် ဤမဟာလောကထဲသို့ ဝင်ရောက်ပြီးနောက် ဝိညာဉ်မဟုတ်သည့်ပုံရိပ်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သို့သော်လည်း ထိုမိန်ကလေးသည် လုံးဝပုံမှန်မဟုတ်ကြောင်း သိသာထင်ရှားသည်။ သူ၏ အမူအရာထဲ၌ အေးစက်မှုသာရှိဟန်တူသည်။ မိန်းကလေးက ရွှီချင်းကို စိုက်ကြည့်နေသည့်အခိုက် အခြွေအရံအတန်းထဲမှ များစွာသော မြွေခေါင်းဝိညာဉ်များသည် ရက်စက်ကြမ်းကြုတ်သောပုံစံဖြင့် ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။

သူ့ထံသို့ ပြေးလာနေကြသော ထိုဝိညာဉ်များကို ရွှီချင်းသည် ဂရုမစိုက်ချေ။ သူသည် ဝေါယာဉ်ကိုကြည့်လျက် ညာဘက်လက်ဖြင့် ကောင်းကင်သို့ ညွှန်လိုက်သည်။

ရုတ်ချည်း ကောင်းကင်သည် လှုပ်ခါသွားပြီး အဆိပ်မြူခိုးမုန်တိုင်းသည် မရဏမြစ်ပေါ်သို့ ဆင်းသက်လာသည်။ ယင်းက ဝေါယာဉ်၏ အရှေ့သို့ ကျဆင်းသွားပြီး ဝေါယာဉ်ကို အရှေ့ဆက်မသွားနိုင်အောင် ရပ်တန့်စေသည်။

ထို့နောက် သူသည် ခြေထောက်ကိုမြှောက်ပြီး မရဏမြစ်ပေါ်တွင် ဖနောင့်တစ်ချက်ပေါက်လိုက်သည်။ လျှပ်တစ်ပြက်အတွင်း ခရမ်းမြူခိုးသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာပြီး မြစ်ထဲသို့ အလျှင်အမြန် ပေါင်းစပ်သွားသည်။ ထိုအခါ မြစ်၏ အရောင်သည် ခရမ်းရောင်သို့ ပြောင်းလဲသွားသည်။ ခရမ်းမြူခိုးသည်လည်း အရှေ့သို့ မြန်မြန်ဆန်ဆန် ဆက်လက်ပျံ့နှံ့သွားသည်။

ယင်းက ဤနယ်မြေတစ်ခုလုံးကို ချိပ်ပိတ်ပစ်လိုက်၏။

အခြွေအရံအတန်းသည် နောက်တစ်ကြိမ် ဝေဝါးလာလေရာ သူတို့သည် ပျောက်သွားကြတော့မည့်ဟန်ရှိသည်။ သို့သော်လည်း တားမြစ်အဆိပ်နှင့် ခရမ်းလ၏ ဖုံးလွှမ်းမှုအောက်မှာ သူတို့၏ တည်နေရာပြောင်းရွှေ့ခြင်းသည် ကျရှုံးသွားခဲ့သည်။

အခြွေအရံများသည် ချက်ချင်း ခေါင်းလှည့်လိုက်ကြပြီး ရွှီချင်းကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် ရက်စက်ကြမ်းကြုတ်တော့မည့် အမူအရာဖြင့် သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးလာကြသည်။

မရဏမြစ်သည် အပြင်းအထန် ထကြွလှုပ်ရှားလာသည်။ အရေအတွက်များပြားသော အလောင်းကောင်များသည် မြစ်ထဲမှ တွားသွားထွက်လာကြပြီး မရေမတွက်နိုင်သော မကောင်းဆိုးဝါးဝိညာဉ်များသည် လေထဲမှာ ဖြစ်ပေါ်လာကြသည်။

ရွှီချင်း၏ အလျင်သည် လျော့ကျသွားခြင်းမရှိပေ။ သူသည် အရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။ သံချောင်းနက်သည် သူ၏ ဘေးမှာ ထွက်ပေါ်လာပြီး လျှပ်စီးရောင် ဖျတ်ခနဲ လင်းလက်သွားသည်။ ထို့နောက် ၎င်းသည် လျှပ်စီးသွားများကို လှုံ့ဆော်ပေးပြီး ဝိညာဉ်များဆီသို့ အလျှင်အမြန် ထိုးစိုက်သွားသည်။

သံချောင်းနက်သည် ဝိညာဉ်များကို ဆက်လက်ထိုးဖောက်နေသည်။

အရိပ်လေးသည်လည်း ပေါ်ထွက်လာသည်။ ၎င်းသည် ရွံရှာဖွယ်ကောင်းသည်ဟု ခံစားရသော်လည်း ထိုဝိညာဉ်များကို ရူးရူးမူးမူး ဆက်လက်ဝါးမျိုနေဆဲပင်။

ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပြေးလာနေကြသော ဝိညာဉ်များသည် ဆွဲဆွဲငင်ငင် အော်ဟစ်ညည်းညူလိုက်ကြသည်။ တချို့သည် ယိုယွင်းပျက်စီးသွားကြပြီး တချို့သည် အဆိပ်ကြောင့် အရည်ပျော်သွားကြသည်။ တချို့သည် ဝါးမျိုခံလိုက်ရကြသည်။

ရွှီချင်းသည် ဝေါယာဉ်နှင့် နီးသထက် နီးကပ်လာသည်။ ရံဖန်ရံခါ သူသည် လေကို ဖမ်းဆုပ်လျက် သူ့ဘေးနားသို့ ရောက်ရှိလာကြသော ဝိညာဉ်များကို ခြေမွဖျက်ဆီးပစ်လိုက်သည်။

အရှေ့သို့ သူဆက်ရွေ့လျားသွားသည်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် တဖြည်းဖြည်း တိုးမြှင့်လာပြီး ကြောက်စရာကောင်းလာသည်။ တစ်ချိန်တည်းမှာ နားစူးစေမည့် နှဲမှုတ်သံသည် သူ၏ အရှေ့မှ ရုတ်တရက် ပျံ့လွင့်လာသည်။

ယင်းက ဝိညာဉ်များကို ပစ်မှတ်ထားနိုင်သော အင်အားတစ်မျိုးကို ဖြစ်ပေါ်စေပြီး ရွှီချင်းကို တိုက်ခိုက်သည်။

သို့သော်လည်း ထိုမျှအင်အားသည် နတ်ဘုရားတစ်ပါး၏ ရေရွတ်ခြင်းကို တောင့်ခံဖူးသည့် ရွှီချင်းအတွက် ဘာမှမဟုတ်ပေ။ ထီးနက်သည် ဒြပ်ထည်ဖြစ်တည်လာပြီး နှဲမှုတ်သံကို သူအာရုံမစိုက်တော့ပေ။ သူသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရပ်လိုက်သည့်အခါ နှဲမှုတ်သံသည် အက်ရှရှအသံနှင့် အော်ဟစ်ညည်းညူသံသို့ ပြောင်းလဲသွားသည်။

ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်များသည် ဆက်လက် ယိုယွင်းပျက်စီးသွားကြပြီး သေဆုံးသွားကြသည်။ ရွှီချင်း၏ ပုံရိပ်သည် နတ်မိစ္ဆာတစ်ပါးကဲ့သို့ပင် သူ့အား မည်သို့မျှ မရပ်တန့်နိုင်ပေ။

ဝေါယာဉ်ဆီသို့ သူရောက်ရှိတော့မည့်အချိန် ဝေါယာဉ်မှ ခန်းဆီးသည် အလျှင်အမြန် မတင်သွားပြီး သတိုးသမီးဝတ်စုံဖြင့် မိန်းကလေးသည် အပြင်သို့ ထွက်လျှောက်လာသည်။ သူ၏ အမူအရာသည် အလွန်အေးစက်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်နေသော စွမ်းအင်လှိုင်းများသည် ဝိညာဉ်နတ်သူငယ်အဆင့်နှင့် အလွန်အမင်း နီးကပ်နေပြီ ဖြစ်၏။

ထိုအခိုက်အတန့်မှာ သူ၏ လက်ချောင်းများပေါ်ရှိ လက်သည်းများသည် ရှည်ထွက်လာကြပြီး အလွန်အမင်း ထက်ရှလာကြသည်။ ရွှီချင်းထံသို့ အကြည့်ကျရောက်သွားသည့်အခါ သူ၏ မျက်လုံးထဲ၌ သူငယ်အိမ်နှစ်ထပ် ထွက်ပေါ်လာသည်။

မိန်းကလေး၏ မျက်နှာသည် မည်းနက်သွားပြီး ပုပ်သိုးဆွေးမြေ့သော အကြေးခွံများသည် သူ၏ မျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းသွားကြသည်။ ထို့နောက် သူသည် ရွှီချင်းဆီသို့ အံ့မခန်းအမြန်နှုန်းဖြင့် ပျံသန်းသွားသည်။

မိန်းကလေး၏ အမြန်နှုန်းသည် မနှေးကွေးပေ။ သူ၏ ပျံသန်းမှုကြောင့် အလွန်သိပ်သည်းသော သေခြင်းအရှိန်အဝါအားလှိုင်းများပင် ဖြစ်ပေါ်လာကြသည်။ သို့သော်လည်း ရွှီချင်းနားသို့ သူရောက်ရှိသွားသည့်အခါ ရွှီချင်းသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။

မြွေမိန်းမပျို ပြန်မတုံ့ပြန်နိုင်ခင် သံမဏိလက်သဖွယ် မာကျောသော လက်တစ်ဖက်သည် သူ့အနောက်မှ ဆန့်တန်းထွက်လာပြီး သူ၏ လည်တိုင်ကို ဖမ်းဆုပ်သွားသည်။

ယင်းသည် ရွှီချင်း၏ လက်ဖြစ်သည်။

မြွေမိန်းမပျိုသည် ချက်ချင်း ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော်လည်း ထိုလက်ထဲမှ ကြောက်မက်ဖွယ် အင်အားတစ်ခုသည် စီးဆင်းလာသည်။ အက်ကွဲသံနှင့်အတူ သူ၏ လည်တိုင်သည် ချက်ချင်း ဖျစ်ညှစ်ခံလိုက်ရသည်။

ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး မြွေမိန်းမပျို၏ ခန္ဓာကိုယ်ကို အဝေးသို့ လွှတ်ပစ်လိုက်သည်။

သို့သော်လည်း မြွေမိန်းမပျိုသည် မသေသွားခဲ့ပေ။ သူသည် လေထဲမှာ နာကျင်ဖွယ် အော်ဟစ်ညည်းညူလိုက်သည်။ သူက ပြန်ရုန်းကန်ထတော့မည့်အချိန် တားမြစ်အဆိပ်မုန်တိုင်းသည် သူ့အပေါ်သို့ သက်ဆင်းလာပြီး လွှမ်းခြုံသွားသည်။

ထို့နောက် ခရမ်းမြူခိုးသည်လည်း ရောက်ရှိလာပြီး သူ့ကို ဝိုင်းရံထားကာ အချုပ်အနှောင်စွမ်းအားတစ်မျိုးကို ဖြစ်ပေါ်စေသည်။

ထိုအကြောင်းအရာအားလုံးသည် ဖော်ပြရန် အချိန်တော်တော်ကြာ ရယူလိမ့်မည်။ သို့သော် တကယ့်လက်တွေ့တွင် ယင်းသည် မြွေမိန်းမပျို ရွှီချင်းအနားသို့ရောက်သည်နှင့် လျှပ်တစ်ပြက်အတွင်း အားလုံးဖြစ်ပျက်သွားခဲ့ပြီး ဖြစ်၏။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် အမူအရာကင်းမဲ့လျက် ရှိနေ၏။ သူသည် အော်ဟစ်ညည်းညူနေသော မြွေမိန်းမပျိုကို တစ်ချက်လေးပင် လှည့်မကြည့်ချေ။ သူသည် ဖန်ပုလင်းအဖြူရှိရာ ဝေါယာဉ်ဘေးသို့ လျှောက်သွားသည်။

သူ့လက်ဖဝါးထဲမှ ရွှေချည်မျှင်အပိုင်းအစ၏ ပြင်းထန်သော အပူသည် သူ့အား ထိုဖန်ပုလင်းဆီသို့သွားရန် လမ်းညွှန်နေသည်။

ရွှီချင်းသည် ဖန်ပုလင်းအဖြူကို သေချာဂရုတစိုက် ကောက်ယူလိုက်ပြီး အဖုံးကို ညင်သာစွာ ဖွင့်လိုက်သည်။

ဝိညာဉ်အခိုးအငွေ့သည် ဖန်ပုလင်းထဲမှ မြူခိုးပမာ ထွက်ပေါ်လာပြီး လေထဲ၌ ဖြည်းဖြည်းချင်း စုဝေးသွားသည်။ နောက်ဆုံးမှာတော့ ယင်းသည် မြွေဖြူလေးတစ်ကောင်သို့ ပြောင်းလဲသွားသည်။ မြွေဖြူလေးသည် မပြည့်မစုံသေးသည့်အလား ကြည်လင်ထင်ရှားခြင်းမရှိဘဲ အနည်းငယ် မှုန်ဝါးနေသည်။

မြွေဖြူလေးကို ရွှီချင်းကြည့်လိုက်သည့်အခါ ဂူထဲ၌ တင်ပျဉ်ခွေလျက် တရားထိုင်နေသော ဝတ်ရုံဖြူမိန်းကလေး၏ ပုံရိပ်က သူ၏ အသိစိတ်ထဲမှာ ပေါ်ထွက်လာသည်။

မြွေဖြူလေးသည် အလွန်အားနည်းနေသည်။ ၎င်းသည် မျက်လုံးဖွင့်ချင်ပါသော်လည်း ထိုသို့လုပ်ဆောင်ရန်အတွက်ပင် အားအင်မရှိသည့်အလား အားနည်းနေသည်။ ရွှီချင်းသည် သူ၏ လက်ကို မြွေဖြူလေးအနားသို့ တိုးသွားစေသည်။

မြွေဖြူလေးသည် မျက်လုံးမဖွင့်နိုင်သော်လည်း ရွှီချင်း၏ အရှိန်အဝါကို အာရုံခံမိဟန် ရသည်။ ၎င်း၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး ရွှီချင်း၏ လက်ပေါ်သို့ အလိုအလျောက် ဆင်းသက်လိုက်သည်။ ၎င်းသည် လက်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ထုတ်ဖော်လိုက်သည်။

ရွှီချင်း၏ နှလုံးသားသည် ပျော့ပျောင်းသွားသည်။ သူ၏ ညာလက်ကို ညင်သာစွာ ပိတ်လိုက်ပြီးနောက် သူ၏ အကြည့်သည် တခြားဖန်ပုလင်းသုံးပုလင်းထံသို့ ကျရောက်သွားသည်။

ထိုဖန်ပုလင်းသုံးပုလင်းတွင်လည်း ဝိညာဉ်များရှိကြသည်။ သို့သော်လည်း သူတို့သည် လင်းအာ၏ ဝိညာဉ်နှင့် မသက်ဆိုင်ချေ။

သူတို့သည် လင်းအာကဲ့သို့အဖြစ်မျိုးနှင့် တွေ့ကြုံခဲ့ကြရသည့် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်များ ဖြစ်နိုင်ကြသည်။ သူတို့၏ အမွေအနှစ်ဆက်ခံမှုသည် ကျရှုံးသွားခဲ့ပြီး သူတို့၏ ဝိညာဉ်သည် ဤလောကထဲသို့ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မည်သည့်အမှားမှမဖြစ်ရလေအောင် ရွှီချင်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သေးသည်။ ဖန်ပုလင်းသုံးပုလင်းသည် ချက်ချင်း ပွင့်သွားကြပြီး ပုလင်းအထဲမှ မတူညီသောအရောင်နှင့် ဝိညာဉ်များသည် ပျံ့လွင့်ထွက်လာကြသည်။ ရွှီချင်းသည် ဂရုတစိုက် စစ်ဆေးကြည့်သည်။ အထဲမှာ လင်းအာ၏ ဝိညာဉ်မရှိကြောင်း အတည်ပြုပြီးနောက် သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အဆိပ်မြူခိုးနှင့် ခရမ်းမြူခိုး၏ အစွမ်းဖြင့် အကျဉ်းချခံထားသော မြွေမိန်းမပျိုဆီသို့ လှည့်ကြည့်လိုက်သည်။

ဝေါယာဉ်ထဲမှာ ထိုင်နေသော မြွေမိန်းမပျို၏ မြင်ကွင်းသည် သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။

“ သူက စုပ်ယူနေတာဖြစ်မယ်… ”

ယင်းသည် ရွှီချင်း စောစောတုန်းက မြွေမိန်းမပျိုကို အပြီးတိုင်မဖျက်ဆီးပစ်ခဲ့ရသည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ထမ်းဝါးများပေါ်၌ ဖန်ပုလင်းလေးပုလင်းကို တင်ထားပုံသည် ယင်းတို့က အသုံးတော်ခံရန် စောင့်ဆိုင်းနေသည်ဟူသော ခံစားမှုအား ပေး၏။

ရွှီချင်းသည် အရှေ့သို့ ဆက်လျှောက်သွားသည်နှင့် အေးစက်စက် အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။

အရိပ်လေးသည် သူ၏ အနောက်၌ ဖြန့်ကားလျက် လိုက်ပါလာပြီး သံချောင်းနက်သည် သူ၏ ယာဘက်မှ လိုက်ပါလာသည်။ တားမြစ်အဆိပ်သည် သူ၏ အရှေ့မှာ ပျံ့နှံ့ထွက်လာသည်။ ခရမ်းမြူခိုးသည် ရွှီချင်း မြွေမိန်းမပျိုဆီသို့ သွားရောက်နိုင်ရန် လမ်းကြောင်းတစ်ခုကို ဖန်တီးပေးလိုက်သည်။

မြွေမိန်းမပျို၏ ဝိညာဉ်ခန္ဓာကိုယ်သည် ယိုယွင်းပျက်စီးတော့မည့် အခြေအနေမှာရှိနေသော်လည်း သူ၏ အမူအရာသည် အလွန်အေးစက်နေဆဲပင် ဖြစ်၏။ သူ၏ စိတ်ထဲမှာ အေးစက်မှုကလွဲ၍ တခြားစိတ်ခံစားချက်မရှိဟန်တူသည်။

ရွှီချင်းသည် မြွေမိန်းမပျိုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ရွှေကျီးကန်း၏ ပုံရိပ်သည် သူ၏ အနောက်မှာ ထွက်ပေါ်လာသည်။ မီးတောက်မီးလျှံများက လေထဲမှာ ပြည့်နှက်သွားသောအခါ ရွှေကျီးကန်းသည် မြွေမိန်းမပျိုကို စုပ်ယူလိုက်သည်။ ချက်ချင်းပင် မြွေမိန်းမပျို၏ ဝိညာဉ်ခန္ဓာကိုယ်သည် တုန်ယင်လာပြီး လွင့်ပြယ်သွားကာ ဝိညာဉ်မြူခိုးသို့ ပြောင်းလဲသွားသည်။

မြူခိုးထဲတွင် အရောင်ကွဲပြားသော ဝိညာဉ်အမျှင်တန်းတချို့ ရှိသည်။ ထိုအထဲမှ တစ်ခုသည် အဖြူရောင်ဖြစ်သည်။

ရွှီချင်း၏ ဘယ်လက်သည် အောက်လမ်းတာအိုလုယက်အတတ်ကြောင့် ကြည်လင်ရှင်းလင်းလာသည်။ သူသည် ဝိညာဉ်မြူခိုးထဲသို့ လက်ထည့်လိုက်ပြီး အဖြူရောင်ဝိညာဉ်အမျှင်တန်းကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ထို့နောက် ဝိညာဉ်အမျှင်တန်းကို မြွေဖြူလေး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။

မြွေဖြူလေး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ၎င်းသည် ယခင်ကဲ့သို့ မှုန်ဝါးဝါးမဟုတ်တော့ဘဲ ရှင်းလင်းထင်ရှားလာသည်။ မြွေဖြူလေးသည် အနည်းငယ် မူးဝေနေဟန်ရပြီး ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ကာ အသံတစ်သံ ထုတ်ဖော်လိုက်သည်။

“ ဂလူး… ဂလူး… ”

ရွှီချင်းသည် နှလုံးနာကျင်သွားသည်။ လင်းအာ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေဆဲဖြစ်ကြောင်း သူသတိပြုမိသည်။ ၎င်းသည် ဝိညာဉ်အများအပြား မရရှိသေးပေ။ မပြည့်မစုံသေးသော ခံစားမှုသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်၏။ ဤအခိုက်အတန့်မှာ ၎င်းသည် နောက်တစ်ကြိမ် အိပ်မောကျသွားတော့မည့်ဟန် ထင်ရသည်။

ရွှေချည်မျှင်အပိုင်းအစသည် သူ့အား မရဏမြစ်စီးဆင်းသည့် ဦးတည်ရာအတိုင်းသွားရန် ညွှန်ပြနေကြောင်း ရွှီချင်း အာရုံခံမိသည်။

ထိုနေရာတွင် လင်းအာ၏ နောက်ထပ်ဝိညာဉ်အပိုင်းအစတစ်ခု ရှိ၏။

ရွှီချင်းသည် မရဏမြစ်၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ လှမ်းကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ နက်ရှိုင်းသော အော်သံများသည် မရဏမြစ်၏ အဆုံးပိုင်းမှ ထွက်ပေါ်လာကြသည်။ ထိုအော်သံသည် ဝိညာဉ်ကို ခြိမ်းခြောက်နိုင်စွမ်းရှိပြီး မရဏမြစ်ကိုပင် လှုပ်ခါသွားစေသည်။ အတွင်းပိုင်းထဲမှာ နတ်ဘုရားတစ်ပါး အသက်ရှူနေသည့်အလား ကမ္ဘာသည် နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။

အဆုံးမရှိသော အန္တရာယ်အငွေ့အသက်သည် ရွှီချင်း၏ နှလုံးထဲမှာ အစဉ်မပြတ် ထွက်ပေါ်လာနေသည်။ အန္တရာယ်အငွေ့အသက်သည် ပိုပိုပြီး သိပ်သည်းလာကာ ခြောက်ခြားစရာကောင်းသော သတိပေးမှုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။

ယင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိတ်အပိုင်းတိုင်းက ထိုနေရာသည် အလွန်အန္တရာယ်များအကြောင်း ရွှီချင်းကို သတိပေးနေသည့်အလားပင်။

ထိုခံစားမှုသည် တဖြည်းဖြည်း မရှင်းမလင်းဖြစ်လာပြီး သူ၏ စိတ်ကို လွှမ်းခြုံသွားသည်။

ရွှီချင်းသည် ငြိမ်သက်သွားသည်။ သူသည် သူ၏ လက်ဖဝါးပေါ်၌ နောက်တစ်ကြိမ် အိပ်မောကျသွားပြန်သော မြွေဖြူလေးကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ခေါင်းမော့လိုက်ပြီး မရဏမြစ်၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် သူ၏ ညာလက်ကို ပိတ်လိုက်သည်။ အောက်လမ်းတာအိုလုယက်အတတ်ကို လှည့်ပတ်လိုက်သည့်အခါ သူ၏ လက်မောင်းတစ်ခုလုံးသည် ကြည်လင်ရှင်းလင်းလာသည်။ သူသည် ညာလက်ကို သူ၏ ရင်ဘက်ထဲသို့ ထည့်သွင်းလိုက်ပြီး အသိစိတ်ပင်လယ်ဆီသို့ ရောက်ရှိစေသည်။ ထို့နောက် လင်းအာ၏ အိပ်ပျော်နေသော ဝိညာဉ်ကို ထိုနေရာမှာ ညင်သာစွာ ချထားလိုက်သည်။

ထိုနေရာသည် လောလောဆယ် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်၌ အလုံခြုံဆုံးနေရာ ဖြစ်ပေသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် ရွှီချင်းသည် မရဏမြစ်၏ အဆုံးဆီသို့ ဆက်လျှောက်သွားသည်။

အကယ်၍ ယင်းက အလွန်အန္တရာယ်များလျှင်ပင် သူလုပ်ဆောင်မှဖြစ်မည့် ကိစ္စတချို့ရှိပေသည်။ သူ့အပေါ် စိတ်ရင်းစေတနာဖြင့် ကောင်းမွန်စွာ ဆက်ဆံပေးသူတိုင်းကို သူဘယ်တော့မှ စိတ်ပျက်အောင်လုပ်လိမ့်မည်မဟုတ်။

အရှေ့သို့ သူဆက်လျှောက်သွားသည့်အခါ မရဏမြစ်၏ အနက်ရှိုင်းဆုံးပိုင်းမှ အော်သံများသည် ပိုပြီးပဲ့တင်ထပ်လာသည်။

ရွှီချင်းသည် အော်သံကိုနားထောင်ရင်း ရုတ်တရက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ ညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ဤအမှောင်ကမ္ဘာတွင် ခရမ်းလတစ်စင်းသည် အဆိပ်မြူခိုးနှင့်အတူ လေထဲသို့ ဖြည်းဖြည်းချင်း မြှောက်တတ်သွားသည်။

အလင်းရောင်သည် အရပ်မျက်နှာပေါင်းစုံသို့ ပြန့်ကျဲသွားသောအခါ ခရမ်းစိတ်ဆန္ဒသည် မြေကြီးပေါ်သို့ သက်ဆင်းလာသည်။

မူလက လမရှိခဲ့သည့် ဤမဟာလောကတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးနောက် ယခုအခါ ပထမဆုံးအကြိမ် လတစ်စင်း ပေါ်ထွက်လာခဲ့ချေပြီ ဖြစ်၏။

All Chapters