ကောင်းကင်ထဲမှ လျှို့ဝှက်မျက်လုံး
Vol. 42 Ch. 628
မရဏမြစ်သည် နိမ့်ချည်မြင့်ချည်ဖြစ်သွားသည်။ မရေမတွက်နိုင်သော မျက်နှာများသည် မြစ်ပေါ်မှာ ပေါလောပေါ်နေကြပြီး ဆက်လက် အော်ဟစ်ညည်းညူနေကြသည်။
သူတို့အားလုံးသည် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ ကျိန်စာသင့်ပြီးနောက် သူတို့သည် သေဆုံးပြီးသွားသည့်တိုင် အေးအေးချမ်းချမ်း မနေနိုင်ကြဘဲ ဒုက္ခပင်လယ်ထဲမှာ နစ်မြုပ်နေကြရသည်။
သူတို့သည် အသိစိတ်ကို ဟိုးအရင်ကတည်းက ဆုံးရှုံးသွားခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်ထဲ၌ အလိုအလျောက်တုံ့ပြန်မှုသာ ကျန်ရှိတော့သော်လည်း ဤညှဉ်းပန်းနှိပ်စက်မှုသည် ဆက်လက်တည်ရှိနေဆဲ ဖြစ်၏။
သူတို့၏ အော်သံသည် ဝမ်းနည်းကြေကွဲဖွယ်ကောင်းပြီး နားစူး၏။
ထိုအသံကို ပထမဆုံးအကြိမ် ကြားဖူးသူများသည် အလွန်ကသိကအောက်ဖြစ်မှုကို ခံစားကြရလိမ့်မည်။ သူတို့၏ အသိစိတ်များသည်ပင် ဆုတ်ဖြဲခံရတော့မည်ဟု ခံစားကြရလိမ့်မည်။ သို့သော်လည်း တစ်နေ့လုံး ထိုအသံကိုနားထောင်ပြီးနောက် ရွှီချင်းသည် ယင်းကို နေသားကျသွားခဲ့ပြီ ဖြစ်၏။
ယခုအခိုက်အတန့်မှာ သူသည် မြစ်ပေါ်မှာ မတ်တတ်ရပ်နေပြီး ကောင်းကင်ကို ကြည့်နေလေသည်။
မြူခိုးဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံတွင် သူ၏ ခရမ်းလသည် ခရမ်းလရောင်ခြည်ကို အစဉ်မပြတ် ထုတ်လွှတ်ပေးနေသည်။ အဆိပ်မြူခိုးသည် လမင်း၏ အရှေ့၌ ရစ်ဝဲနေလေရာ အဆိပ်အလွှာပါးတစ်ခုက လရောင်ခြည်ကို လွှမ်းခြုံထားသည့်အလား ထင်မြင်ရ၏။
ခရမ်းလကို သူစိုက်ကြည့်လိုက်သည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ ခရမ်းလနတ်နန်းတော်သည် ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာသည်။ သူ၏ မျက်လုံးထဲတွင်လည်း ကောင်းကင်ပေါ်မှ လရောင်ခြည်ကို အလင်းပြန်နေသည့် ခရမ်းရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေ၏။
အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းသည် သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မရဏမြစ်၏ အနက်ရှိုင်းဆုံးပိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ ထွက်ပေါ်လာနေသော ကြောက်မက်ဖွယ် အားလှိုင်းအတတ်အကျကို သူအာရုံခံမိသည်။
လက်ရှိသူသည် ထိုနေရာနှင့် အတော်လေး ဝေးကွာနေသေးသော်လည်း ထိုအားလှိုင်းများသည် သူ၏ စိတ်ထဲမှာ ဆက်လက် မြင့်တတ်လာနေသည်။
ရွှီချင်း၏ သိမြင်နားလည်မှုအရ နတ်ဘုရားများသည်သာလျှင် ထိုသို့လုပ်ဆောင်နိုင်စွမ်း ရှိကြ၏။
“ ဝိညာဉ်အင်ပါယာက တကယ်ပဲ သေသွားခဲ့တာလား ”
ရွှီချင်းသည် တွေးတောချင့်ချိန်လိုက်သည်။ ဤမဟာလောကဆီသို့ သူဆင်းသက်မလာမီ ပထမဆုံး မြင်တွေ့ခဲ့ရသော ဧရာမမြွေကြီးကို ပြန်အမှတ်ရသွားသည်။
ဧရာမမြွေကြီး၏ ခန္ဓာကိုယ်ပေါ်၌ ဤမဟာလောကတစ်ခုတည်းသာ ရှိဟန်တူသော်လည်း ယင်းသည် ၎င်း၏ ကျင့်ကြံခြင်းက ဝိညာဉ်စုစည်းခြင်းပထမအဆင့်မှာရှိသည်ဟု မဆိုလိုကြောင်း ရွှီချင်းသည် ရှင်းရှင်းလင်းလင်း နားလည်ထား၏။
မည်သို့ဖြစ်စေ ဝိညာဉ်အင်ပါယာသည် ထိုမျှကျင့်ကြံခြင်းအဆင့်ဖြင့် ဝမ်ကူးကုန်းမြေတစ်ခုလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် လုပ်ဆောင်ရန် မည်သို့မျှမဖြစ်နိုင်ပေ။
သို့သော်လည်း သူ၏ ခြေလှမ်းများကို မရပ်တန့်ခဲ့ပေ။ သူသည် အရှေ့သို့ ပို၍မြန်မြန် ဆက်လျှောက်သွားသည်။
အချိန်သည် တရွေ့ရွေ့ကုန်လွန်သွားပြီး သုံးရက်ကုန်ဆုံးသွားပြီ ဖြစ်၏။
သုံးရက်အတွင်း ဤကမ္ဘာ၏ ကောင်းကင်သည် တစ်ဆယ်ရာခိုင်နှုန်းပြည့်လုနီးပါး ခရမ်းရောင်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။ မြေကြီးပေါ်မှ ခရမ်းရောင်သည်လည်း ပိုပြီးထင်သာမြင်သာလာသည်။ အရှေ့သို့ သူဆက်လျှောက်သွားသည့်အခါ အရပ်မျက်နှာပေါင်းစုံမှ ရွှီချင်းအပိုင် ဒြပ်နှောလှိုင်းများသည် ဆက်လက် စုစည်းသွားကြသည်။
ယင်းက သူ၏ အနီးနားတစ်ဝိုက်မှာ သိပ်သည်းသော ခရမ်းမြူခိုးသို့ ဖြည်းညင်းစွာ ပြောင်းလဲသွားနေပြီး ယင်းလွှမ်းခြုံထားသော ဧရိယာသည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာနေသည်။ အဝေးမှကြည့်လျှင် ယင်းက အမည်မသိတည်ရှိမှုတစ်ခုမှ ဆင်းသက်ဖြစ်တည်လာသော ထူးထူးဆန်းဆန်း တိမ်တိုက်တစ်ခုနှင့် ဆင်တူ၏။
ဤသည်မှာ ရွှီချင်းသည် ခရမ်းလစွမ်းအားကို ထိုအတိုင်းအတာထိရောက်အောင် ပထမဆုံးအကြိမ် ထုတ်လွှတ်ဖူးခြင်း ဖြစ်သည်။ ခရမ်းလ၏ ပေါ်ထွက်လာမှုကြောင့် ဤမဟာလောကထဲမှ ဝိညာဉ်များသည် အပြောင်းအလဲတချို့ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့သည် ပို၍ရိုင်းစိုင်းကြမ်းကြုတ်လာကြသည်။
ခရမ်းလထံမှ ကျူးကျော်မှုသည် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ကျိန်စာကို လှုံ့ဆော်ပေးလိုက်ဟန်တူသည်။
ဤသုံးရက်အတွင်း ရွှီချင်းသည် မရဏမြစ်ပေါ်၌ များစွာသော အစွမ်းထက် အလောင်းကောင်များနှင့် မကောင်းဆိုးဝါးဝိညာဉ်များဖြင့် တွေ့ကြုံခဲ့ရသည်။ သို့သော်လည်း မရဏမြစ်ထဲမှ ဤဝိညာဉ်များသည် ကန္တာရထဲမှာ ရွှီချင်းကြုံခဲ့ဖူးသော ဝိညာဉ်များနှင့် ခြားနားပေသည်။
သူတို့မှာ ပိုင်နက်များရှိကြပြီး အဆုံးထိ လိုက်လံမတိုက်ခိုက်ကြချေ။ ရွှီချင်းသည် သူတို့နှင့် အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသရွေ့ သူတို့ထဲမှ အများစုသည် ဆက်လက်မလိုက်ကြတော့ချေ။
ရွှီချင်းသည် ထိုအချက်ကိုရှာတွေ့သွားပြီးနောက် သူ၏ အချိန်ကို ထိုဝိညာဉ်များပေါ်မှာ အလဟဿ အကုန်မခံတော့ချေ။ ထိုဝိညာဉ်များနှင့် သူတွေ့ဆုံသည့်အခါ ချက်ချင်း အဝေးသို့ ပျံသန်းသွားလိမ့်မည် ဖြစ်၏။
လေးရက်မြောက်နေ့သို့ရောက်သောအခါ ရွှီချင်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။
သူ့အရှေ့မှ မြစ်ရေမျက်နှာပြင်သည် ရုတ်တရက် အပြင်းအထန် လှုပ်ရှားထကြွလာသည်။ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ ထို့နောက် ဧရာမမျက်နှာကြီးတစ်ခုသည် မြစ်ထဲမှ ပေါ်ထွက်လာသည်။
မျက်နှာကြီးသည် ပေတစ်ရာခန့်ရှည်လျားပြီး မျက်နှာပေါ်မှ အစိတ်အပိုင်းအများစုသည် ပုပ်သိုးဆွေးမြေ့နေ၏။ ကျန်အစိတ်အပိုင်းများတွင်မူ မီးခိုးရောင်အကြွေးခွံများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအခိုက်အတန့်မှာ မြစ်ရေသည် ၎င်း၏ ဘေးနှစ်ဖက်မှ စီးကျလာနေသည်။ မျက်နှာကြီး၏ အကြည့်သည် ရွှီချင်းထံသို့ ဖောက်ထွင်းတော့မည့်အလား ကျရောက်လာသည်။
နောက်တစ်စက္ကန့်မှာ မျက်နှာကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ရုတ်တရက် ပုံပျက်တွန့်လိမ်လာသည်။ ထို့နောက် ၎င်းသည် ဝမ်းနည်းပူဆွေးပြီး ခံပြင်းဒေါသထွက်သော ဟိန်းသံတစ်ခုကို ထုတ်ဖော်လိုက်သည်။ ဟိန်းသံမြည်ထွက်လာသည့်အခါ ၎င်း၏ အရှေ့မှ မြစ်ရေသည် အသံလှိုင်းများကြောင့် တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။
အပုပ်နံ့ပါသော လေပြင်းသည် ရွှီချင်း၏ မျက်နှာပေါ်သို့ တိုက်ခတ်သွားပြီး သူ၏ တာအိုဝတ်ရုံကို တဖျတ်ဖျတ် လှုပ်ခတ်သွားစေသည်။ ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သူက မျက်နှာကြီး၏ ဘေးသို့ ရွေ့လျားတော့မည့်အချိန် မျက်နှာကြီး၏ အရှေ့မှ မြစ်ရေမျက်နှာပြင်သည် လှုပ်ရှားထကြွလာပြီး နောက်ထပ်မျက်နှာကြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုမျက်နှာကြီးသည်လည်း အရွယ်အစား ပေတစ်ရာခန့်ရှိပြီး စောစောတုန်းက ထွက်ပေါ်လာခဲ့သော မျက်နှာကြီးနှင့် တစ်ပုံစံတည်း တူညီ၏။ ထိုမျက်နှာကြီးနှစ်ခုကို မြူခိုးနက်အမျှင်တန်းတစ်ခုဖြင့် အလယ်မှ ဆက်သွယ်ထားသည်။ ထို့နောက် ၎င်းတို့သည် လေထဲသို့ မြှောက်တတ်သွားကြပြီး ရွှီချင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
ယင်းသည် အဆုံးသတ်မဟုတ်သေးပေ။ သိပ်မကြာမီ တတိယမျက်နှာ၊ စတုတ္ထမျက်နှာ၊ ပဉ္စမမျက်နှာ အစရှိသဖြင့် မျက်နှာတစ်ခုပြီးတစ်ခုသည် ဆက်တိုက်ပေါ်ထွက်လာကြလေရာ နောက်ဆုံး ဆယ့်တစ်ကြိမ်မြောက် မျက်နှာပေါ်ထွက်လာပြီးမှ ရပ်တန့်သွားသည်။ မျက်နှာကြီးဆယ့်တစ်ခုသည် မရဏမြစ်ပေါ်၌ ယပ်တောင်ပုံသဏ္ဍာန် စုဝေးသွားကြသည်။ ၎င်းတို့အားလုံးသည် ရွှီချင်းကိုကြည့်၍ ခံပြင်းဒေါသဖြစ်သော ဟိန်းသံများကို ထုတ်ဖော်လိုက်ကြသည်။
မျက်နှာကြီးဆယ့်တစ်ခု၏ ဟိန်းသံများသည် ကမ္ဘာအက်ကွဲစေမည့်အလား ကြောက်စရာကောင်းလှ၏။ ရွှီချင်းသည် အသံလှိုင်းပေါက်ကွဲအားကြောင့် အနောက်သို့ ပေတစ်ရာခန့် ပြန်ဆုတ်လိုက်ရသည်။ သူပြန်ဆုတ်သွားရစဉ် သူ၏ ခြေဖဝါးအောက်မှ မြစ်ရေမျက်နှာပြင်သည် ထပ်မံပေါက်ကွဲသွားပြန်သည်။
အလွန်ကြီးမားသော အရိုးခြောက်ငှက်ဦးခေါင်းသည် ပေါက်ကွဲမှုအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းသည် ပျက်စီးဆွေးမြေ့နေသော အတောင်ပံကြီးများကို တဖျတ်ဖျတ်ခတ်လျက် မြစ်ရေမျက်နှာပြင်ထက်သို့ ပျံတတ်လာသည်။
ငှက်ကြီးသည် လေထဲသို့ ပျံတတ်ပြီးသည်နှင့်ချက်ချင်း ရွှီချင်းဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
ရွှီချင်းသည် သူ့အရှေ့မှ အရိုးခြောက်ငှက်၏ အသွင်အပြင်အပြည့်အစုံကို မြင်တွေ့လိုက်ရသောအခါ မျက်လုံးမှေးကျဉ်းလိုက်သည်။
၎င်းသည် အရွယ်အစားအားဖြင့် ပေသုံးထောင်ကျော် ရှည်လျားသော ရက်စက်ကြမ်းကြုတ်သည့် ဧရာမငှက်ကြီးတစ်ကောင် ဖြစ်သည်။ ၎င်း၏ အသွင်အပြင်သည် ဖီးနစ်နှင့် အလားသဏ္ဍာန်တူသည်။ ငှက်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်း အများစုသည် ပုပ်သိုးဆွေးမြေ့နေပြီး လက်နက်အများအပြားသည် ၎င်း၏ ခန္ဓာကိုယ်အနှံ့ ထိုးစိုက်နေကြသည်။
မျက်နှာကြီးဆယ့်တစ်ခုမှာမူ ၎င်း၏ အမြှီးငှက်မွှေးများမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပေသည်။
ဧရာမငှက်ကြီး၏ လည်ပင်းအောက်မှ တစ်စုံတစ်ခုကို သတိထားမိသောအခါ ရွှီချင်း၏ အမူအရာသည် သုန်မှုန်သွားသည်။ ၎င်း၏ လည်ပင်းအောက်တွင် မရေမတွက်နိုင်သော ကြိုးကဲ့သို့ အသားပုပ်များကို လူသားအသွင် အရိုးခြောက်တစ်ခုနှင့် ဆက်သွယ်ထားသည်။
မသိလျှင် ဖီးနစ်ငှက်သည် လူသားအရိုးခြောက်၏ အသွေးအသားထဲမှ ဖြစ်ပေါ်လာသည့်အတိုင်းပင်။
အရိုးခြောက်သည် အပိုင်းပိုင်းစုတ်ပြဲနေသော ဝတ်ရုံနီကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာပေါ်မှ အစိတ်အပိုင်းအများစုသည် ပုပ်သိုးဆွေးမြေ့နေသော်လည်း သူသည် လူငယ်တစ်ယောက်ဖြစ်ကြောင်း ခွဲခြားသိမြင်ရန် လုံလောက်သေး၏။ လူငယ်၏ အကြည့်သည် ရွှီချင်းထံသို့ ကျရောက်သွားသည်။ သူ၏ ရှုံ့မဲ့သော အမူအရာပေါ်မှာ ဝမ်းနည်းပူဆွေးပြီး ခံပြင်းဒေါသဖြစ်သော အရိပ်အယောင်တချို့ ထင်ပေါ်နေသည်။
လူငယ်သည် ထူးဆန်းသော အော်သံတစ်မျိုးကို ထုတ်ဖော်လိုက်ပြီး ရွှီချင်းထံသို့ လျှပ်စီးပမာ မြန်ဆန်သောအလျင်ဖြင့် တစ်ဟုန်းထိုး ပျံသန်းသွားသည်။ လျှပ်တစ်ပြက်အတွင်း သူသည် ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ပေါ်ထွက်လာပြီး အရေအတွက်များပြားသော အနက်ရောင်နှင်းပွင့်များသည် ရွှီချင်းဆီသို့ တဝီဝီမြည်သံဖြင့် ပျံသန်းသွားကြသည်။
လူငယ်စတင်တိုက်ခိုက်သည်နှင့် သူ၏ အပေါ်မှ ဖီးနစ်သည်လည်း နားကွဲစေမည့် အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ ၎င်းသည် ပါးစပ်ကို ကျယ်လောင်စွာဟ၍ ရွှီချင်းပေါ်သို့ ခုန်အုပ်လိုက်သည်။
ဖီးနစ်၏ အမြှီးငှက်မွှေးများသည် လှုပ်ယမ်းသွားကြပြီး မျက်နှာကြီးဆယ့်တစ်ခုသည် အဆိပ်မြူခိုးကို တစ်ပြိုင်တည်း မှုတ်ထုတ်လိုက်ကြသည်။ လှုပ်ရှားထကြွနေသော ထိုအဆိပ်မြူခိုးထဲမှာ လောက်ကောင်များ အပြုံလိုက်အခဲလိုက် ရှိနေကြသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်ပြီး အနောက်သို့ စတင်ဆုတ်ခွာသည်။ သူသည် အနောက်သို့ ဆုတ်ခွာနေရင်း ညာလက်သီးကို ဆုပ်လိုက်ပြီး အရှေ့သို့ ထိုးလွှတ်လိုက်လေရာ လေပြင်းတစ်ခု ဖြစ်ပေါ်လာပြီး နှင်းပွင့်များကို တိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာ မီးလျှံပင်လယ်သည် သူ၏ ဦးခေါင်းထက်မှာ ဖြစ်ပေါ်လာသည်။
ရွှေကျီးကန်းသည် မီးလျှံပင်လယ်ထဲမှ ထွက်ပေါ်လာပြီး ဖီးနစ်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။
ထို့နောက် အရိပ်လေးသည် ရွှီချင်းအနောက်မှာ ထွက်ပေါ်လာပြီး မျက်လုံးများဖြင့် ပြည့်နှက်နေသော သစ်ပင်ကြီးတစ်ပင်သို့ ပြောင်းလဲသွားသည်။ ၎င်းသည် အဆိပ်မြူခိုးကို မှုတ်ထုတ်နေကြသော မျက်နှာကြီးများထံသို့ ခုန်ပျံသွားသည်။
အထက်ပါ အဖြစ်အပျက်အားလုံးသည် ဖော်ပြရန် အချိန်ကြာသော်လည်း အမှန်တော့ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးသည် အပြန်အလှန် တိုက်ခိုက်နေကြရင်း ကောင်းကင်ပေါ်၌ ကျယ်လောင်သော ပေါက်ကွဲသံများကို တရစပ် ထွက်ပေါ်လာစေသည်။
အချိန်တိုအတွင်းမှာ သူတို့သည် တိုက်ကွက်ဆယ်ကွက်ကျော်ကို ဖလှယ်ကြပြီး ဖြစ်သည်။
ရွှီချင်း၏ တားမြစ်အဆိပ်သည်လည်း ပျံ့လွင့်ထွက်လာသည်။ သို့သော်လည်း လူငယ်သည် ယင်းကို အာရုံခံမိသောကြောင့် မရဏမြစ်ကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းပင် မရဏမြစ်ရေသည် လှိုင်းလုံးကြီးများသဖွယ် အပေါ်သို့ လိမ့်တတ်လာကြပြီး လူငယ်ကို ဝန်းရံလိုက်ကြသည်။ လူငယ်သည် မရဏမြစ်ထဲမှ မရေမတွက်နိုင်သော ဝိညာဉ်များကို အသုံးပြုလျက် ရွှီချင်း၏ အဆိပ်ကို ခုခံတားဆီးလိုက်သည်။
ထိုနည်းလမ်းသည် ချူထျန်းချွင်၏ နည်းလမ်းနှင့် ဆင်တူသည်။ သို့သော်လည်း ထိုနှစ်ခုကို နှိုင်းယှဉ်လျှင် မရဏမြစ်ထဲရှိ ဝိညာဉ်အရေအတွက်သည် အဆုံးမရှိသည့်အလား များပြားလှသည်။ ထို့အပြင် မြစ်သည် လူငယ်နှင့် တူညီသောဇစ်မြစ်မှ ဆင်းသက်လာဟန်တူသည်။ လူငယ်သည် လက်ကိုဝှေ့ယမ်းလိုက်သည့်အခါ ပိုမိုများပြားသော မြစ်ရေသည် စပါးအုံးမြွေနက်ကြီးများအလား ကောင်းကင်ထက်သို့ ပျံတတ်သွားကြပြီး ရွှီချင်းကို ဘက်ပေါင်းစုံမှ ဝိုင်းရံတိုက်ခိုက်လိုက်ကြသည်။
ရွှီချင်းသည် မြန်မြန်ဆန်ဆန် နောက်ဆုတ်သွားသည်။
ဤလူငယ်၏ ကျင့်ကြံခြင်းသည် တမူထူးခြားကြောင်း သူအာရုံခံမိသည်။ လူငယ်သည် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဆက်လက်မြှင့်တင်ရန် မရဏမြစ်ထဲမှ စွမ်းအားကို စုပ်ယူနေဟန်တူသည်။ အစတွင် သူသည် အစောပိုင်း ဝိညာဉ်နတ်သူငယ်အဆင့်မှာသာ ရှိသေး၏။ ရွှီချင်းသည် သူ့ထံမှ ချူထျန်းချွင်ကဲ့သို့ ခံစားမှုမျိုး ခံစားနေမိသည်။
ရွှီချင်း အနောက်ဆုတ်လိုက်သည့်အခါ ငရဲဝိညာဉ်သွေးအတောင်ပံသည် သူ၏ ကျောအနောက်မှာ ပေါ်ထွက်လာသည်။ သူ၏ အလျင်သည် ရုတ်ချည်း မြင့်တတ်သွားသည်။ လူငယ်နှင့် ဝေးရာသို့သွားရန် သူသည် အလျှင်အမြန် ပျံသန်းလိုက်သည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းသည် အလွန်သန်မာပြီး သူ၏ မန္တန်များသည်လည်း ထူးခြားလှသည်။ သူသည် ဤလူငယ်နှင့် တိုက်ခိုက်ပြီး အချိန်မဖြုန်းချင်ပေ။
ခရမ်းလစွမ်းအားသည် နောင်အသုံးတည့်သည့် အချိန်ကျမှသာ ထွက်ပေါ်လာလိမ့်မည်။ ယင်းကို ဤနေရာမျိုးတွင် အလဟဿ အသုံးပြုရန် မသင့်လျော်ပေ။
သို့သော်လည်း ရွှီချင်း တခြားဦးတည်ရာသို့ ပြေးတော့မည့်အချိန် လူငယ်သည် ရုတ်တရက် ခေါင်းလှည့်လိုက်သည်။ သူနှင့်ဆက်သွယ်ထားသော ဖီးနစ်သည် အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်လေရာ လေကြမ်းများ ဖြစ်ပေါ်လာကြသည်။ ၎င်း၏ အလျင်သည် အလွန်အံ့ဖွယ်ကောင်းစွာ မြန်ဆန်ပြီး ရွှီချင်းဆီသို့ လျှပ်စီးတန်းအလား ပျံသန်းသွားသည်။ ၎င်းသည် တည်နေရာပြောင်းရွှေ့ခြင်းကိုပင် လုပ်ဆောင်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး တခြားဦးတည်ရာသို့ လှည့်ပတ်ပြေးသည်။ တစ်ချိန်တည်းမှာ သူ၏ အလျင်ကို ထပ်မံတိုးမြှင့်လိုက်သည်။ သို့သော်လည်း မကြာမီ အရိုးခြောက်လူငယ်သည် သူ့နားသို့ အလျှင်အမြန် ချဉ်းကပ်လာသည်။
ရွှီချင်း၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် လက်ဝှေ့ယမ်းလိုက်လေရာ မိစ္ဆာအသွင်ပြောင်း စာလုံးသုံးဆယ်သည် လေထဲမှာ ပေါ်ထွက်လာကြသည်။ ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ သတ္တမနတ်နန်းတော်သည် အလင်းရောင်ထွန်းလင်းလာသည်။ မိစ္ဆာအသွင်ပြောင်းစာလုံးများ၏ အလျှင်အမြန် လောင်ကျွမ်းမှုအောက်မှာ တစ္ဆေအင်ပါယာ၏ ပုံရိပ်သည် ဤကမ္ဘာထဲ၌ ဒြပ်ထည်ဖြစ်တည်လာသည်။
တစ္ဆေအင်ပါယာ ပေါ်ထွက်လာသည်နှင့်ချက်ချင်း ကမ္ဘာ၏ အရောင်သည် ပြောင်းလဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သည် တုန်ယင်လာပြီး မြစ်သည် လှုပ်ရှားထကြွလာလေရာ ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်ပေါ်စေပြီး ဘေးပတ်ဝန်းကျင်သို့ လွှမ်းခြုံသွားသည်။
“ ထွက်သွားစမ်း ”
ရွှီချင်း၏ အကြည့်သည် ရေခဲတမျှ အေးစက်နေသည်။ အကယ်၍ တစ်ဖက်လူသည် သူ့ကို မရပ်မနား လိုက်လံနှောင့်ယှက်နေဦးမည်ဆိုလျှင် သူက ဆန္ဒမရှိလျှင်တောင် အချိန်တချို့ကုန်ဆုံးစေပြီး သူ့ကို လုံးလုံးအပြတ်ရှင်းပစ်မည် ဖြစ်သည်။
အရိုးခြောက်လူငယ်သည် အန္တရာယ်ကို ရှင်းလင်းစွာ အာရုံခံမိသည်။ သူ၏ ပြေးလိုက်နေသော ခန္ဓာကိုယ်သည် ရုတ်ချည်း ဆတ်ခနဲ ရပ်သွားသည်။ သူသည် မရဏမြစ်ပေါ်သို့ မြန်ဆန်စွာ ဆင်းသက်လိုက်သည်။ သူသည် ခေါင်းမော့လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။ ထို့နောက် တိုးညင်းစွာ မာန်ဖီအော်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ မြစ်ရေသည် လှုပ်ရှားထကြွလာပြီး ရေလှိုင်းများ ဖြစ်ပေါ်လာကြသည်။ ရေလှိုင်းများသည် အပေါ်သို့ မြှောက်တတ်သွားကြပြီး လူငယ်ကို ဝိုင်းရံသွားကြသည်။
ရွှီချင်းသည် အရိုးခြောက်လူငယ်ကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် အရှိန်တင်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။
မရဏမြစ်ပေါ်တွင် အရိုးခြောက်လူငယ်သည် ရွှီချင်း၏ နောက်ကျောကို စိုက်ကြည့်နေလျက် တစ်ခဏမျှ တုံ့ဆိုင်းနေမိသည်။ အဆုံးမှာတော့ သူသည် ရွှီချင်းနောက်သို့လိုက်မည့် အစီအစဉ်ကို လက်လျှော့လိုက်သည်။ သူသည် ဟိန်းသံတစ်မျိုးကို အော်မြည်လိုက်ပြီး မြစ်ထဲသို့ ပြန်နစ်မြုပ်သွားသည်။
“ အဲ့အရိုးခြောက် အသက်ရှင်ခဲ့တုန်းက ကောင်းကင်ရွေးချယ်ခံတစ်ယောက် ဖြစ်ရမယ် ”
အဝေးမှ ကောင်းကင်ယံတွင် ရွှီချင်းသည် တစ္ဆေအင်ပါယာတောင်ကုန်းကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏ အနောက်မှ မရဏမြစ်ကို ကြည့်လိုက်သည်။ သူသည် ကျောအနောက်မှ အတောင်ပံကို တဖျတ်ဖျတ်ခတ်ရင်း အရှေ့သို့ ဆက်လက်ပျံသန်းသွားသည်။ ထိုသို့ဖြင့် သူသည် မရဏမြစ်၏ အနက်ရှိုင်းဆုံးပိုင်းနှင့် နီးသထက် နီးကပ်လာသည်။
တစ်ရက်ကုန်ဆုံးပြီး ငါးရက်မြောက်နေ့တွင် ရွှီချင်းသည် နောက်ဆုံးမှာတော့ မြစ်၏ အဆုံးပိုင်းသို့ ရောက်ရှိသွားသည်။ ရီဝေဝေ အနက်ရောင် နန်းတော်တစ်ခုသည် သူ၏ မျက်စိထဲမှာ ပေါ်လာသည်။
နန်းတော်၏ အရွယ်အစားသည် ဒေသငယ်မြို့တော်နှင့် နှိုင်းယှဉ်နိုင်သည်။
နန်းတော်သည် တွင်းပေါက်များဖြင့် ဇကာပေါက်ဖြစ်နေပြီး ပျက်စီးယိုယွင်းနေသော်လည်း ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ထိုအထဲမှ ပေါ်ထွက်လာနေသည်။ ထိုအရှိန်အဝါသည် ဖော်မပြနိုင်အောင် နက်ရှိုင်းကျယ်ပြောပြီး တစ်ချိန်တည်းမှာ သိပ်သည်းသော အချိန်ကာလခံစားမှုတစ်ခု ပျံ့လွင့်နေလေရာ ရှေးဟောင်းအငွေ့အသက်ကို ပေါ်လွင်စေသည်။
ဤနေရာသည် အချိန်ကာလကြာရှည်စွာ မေ့လျော့ခံထားရသော နယ်မြေတစ်ခုအလား ထင်မှတ်ရသည်။
နန်းတော်ထဲမှ ထွက်ပေါ်နေသော စွမ်းအင်အတတ်အကျလှိုင်းများနှင့် သေခြင်းအရှိန်အဝါသည် အဆုံးမရှိဟန်တူသည်။ နန်းတော်၏ အတွင်းပိုင်းထဲ၌ အနက်ရောင် အသွေးအသားများဖြင့် ပြည့်နှက်နေကြပြီး ယင်းတို့သည် အလွန်အမင်းမြင့်မားသော တောင်ကုန်းတစ်ခုနှယ် စုပုံရှိနေကြသည်။
ထိုအသားတောင်ကုန်းပေါ်တွင် ဝိညာဉ်ရာပေါင်းများစွာသည် ယဇ်ကောင်များအလား မျောလွင့်နေကြသည်။
အဘယ့်ကြောင့် ထိုသို့ပြောရနိုင်ခြင်းမှာ ထိုဝိညာဉ်များ၏ အနောက်ရှိ ကောင်းကင်ပေါ်တွင် ပေတစ်ထောင်ခန့် ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ရှိနေသောကြောင့် ဖြစ်၏။ ထိုနေရာရှိ ကောင်းကင်ပေါ်တွင် ပုန်းကွယ်နေသော မျက်လုံးတစ်လုံးရှိနေဟန်တူသည်။
ဤအခိုက်အတန့်မှာ မျက်လုံးသည် ပိတ်နေပြီး ပွင့်မနေသော်လည်း ၎င်းထံမှ ထွက်ပေါ်နေသော အထွတ်အထိပ် နတ်ဘုရားစွမ်းအင်သည် ဘေးပတ်ဝန်းကျင်ကို ပုံပျက်တွန့်လိမ်စေပြီး အရာအားလုံးကို ဝေဝါးစေ၏။
ရွှီချင်း၏ စိတ်သည် အပြင်းအထန် တုန်လှုပ်သွားသည်။ သူသည် နန်းတော်၏ အတွင်းပိုင်းထဲမှ အသားတောင်ကုန်းနှင့် တောင်ကုန်းပေါ်မှ ဝိညာဉ်ရာပေါင်းများစွာကို လှမ်းကြည့်လိုက်သည်။ သူသည် ထိုနေရာနှင့် အတော်လေး ဝေးကွာနေသေးသော်လည်း ရွှေချည်မျှင်အပိုင်းအစ၏ ညွှန်ပြမှုကြောင့် ထိုနေရာတွင် လင်းအာ၏ လိုအပ်နေသေးသော ဝိညာဉ်အပိုင်းအစရှိနေကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။