← Chapters

ရင်းနှီးမြှုပ်နှံမှု အကြံတစ်ခုမှ မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံလိုတယ်

Vol. 22 Ch. 319

ရင်းနှီးမြှုပ်နှံမှု အကြံတစ်ခုမှ မပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံလိုတယ်

Vol. 22 Ch. 319

မာယန် အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။ "အာ... အဲ့တာဆို ငါတို့ အလှူအတန်းလုပ်နေသလို ဖြစ်မသွားဘူးလား"

ဖေးချမ့် အမြန်ခေါင်းခါလိုက်ပြီး ရှင်းပြလိုက်သည်။ "ဒါ အလှူအတန်းလုပ်တာ မဟုတ်ဘူးကွ"

"ထန်းတာ့က နောက်ပိုင်း အလှူအတန်းတွေ လုပ်သွားမှာပါ။ ဒါပေမယ့် ဒီကုမ္ပဏီက တရားဝင် အရင်းအနှီးကုမ္ပဏီတစ်ခု ဖြစ်လာမှာ။ ကွာခြားချက်က ငါတို့ အလှူအတန်းလုပ်တဲ့အခါ ဘာငွေမှ ပြန်မရနိုင်ဘူး"

"တစ်ဖက်မှာတော့ ငါတို့ ရင်းနှီးမြှုပ်နှံမှု လုပ်တဲ့အခါ အရှုံးပေါ်နိုင်ပေမယ့် အမြတ်လည်း ရနိုင်ချေရှိတယ်။ ဘယ်သူက အတိအကျ ပြောနိုင်မှာလဲ"

"ငါပြောချင်တာက အမြတ်ရဖို့ကိုပဲ ဦးစားမပေးနဲ့။ ငါတို့ရဲ့ ပထမ ဦးစားပေးက အိပ်မက်တွေကို အကောင်အထည်ဖော်ပေးဖို့ နားလည်လား"

"ငါတို့ အရှုံးပေါ်သွားရင်လည်း ဘာမှမဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် အရင်းအနှီးထုတ်ပေးတာက စွန့်စားရတယ်။ စွန့်စားရတာတွေ ရှိတာကိုလည်း အားလုံး အသိအမှတ်ပြုကြမှာ သေချာပါတယ်"

မာယန် စတင်သဘောပေါက်လာပါသည်။

"အဲ... ညီကိုချမ့်။ အဲ့တာဆို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အိပ်မက်တိုင်းအတွက် ငါတို့က ရင်းနှီးမြှုပ်နှံပေးလို့ရတယ်ဆိုတဲ့ သဘောလား"

ဖေးချမ့်က အားပါပါ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ် မာကြီး မင်းငါ့စကားကို မြန်မြန်ဆန်ဆန် နားလည်နိုင်စွမ်းရှိတာ သဘောကျတယ်"

မာယန် ပိုပြီး စိတ်လှုပ်ရှားလာပါသည်။

အစောပိုင်းတုန်းကတော့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက ငွေပိုရှာသည့် နေရာများဖြစ်သည်ဟု တွေးခဲ့မိသည်။

သို့သော်လည်း ဖေးချမ့်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မာယန် တခြားတစ်ခုခုကို နားလည်သွားရပါသည်။

ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများက အကျိုးအမြတ်ရှာဖွေတာ တစ်ခုတည်းမဟုတ်ဘဲ၊ ဒေဝါလီခံရလုနီးပါးဖြစ်နေသည့် လုပ်ငန်းများကိုလည်း အိပ်မက်တွေ အကောင်အထည် ဖော်နိုင်အောင် ကူညိပေးနိုင်သည်။

ထိုသို့ စဉ်းစားမိသောအခါ မာယန်တစ်ယောက် တခြားသူတွေရဲ့ ဘဝကို ကယ်တင်ဖို့ တာဝန်ယူထားရသည့် အဖြူရောင် နတ်သားလေး တစ်ယောက်လို ခံစားသွားရပါသည်။

ချက်ချင်းဆိုသလို ကိုယ့်ကိုယ်ကို ပိုပြီး အထင်ကြီးမိသွား၏။

"ညီကိုချမ့်။ ငါတို့ဘယ်တော့ စပြီး ရင်းနှီးမြှုပ်နှံကြမလဲ။ ငါမစောင့်နိုင်တော့ဘူးကွာ" ဆက်တောင် မထိုင်နိုင်တော့ဘဲ မာယန် ချက်ချင်းဆိုသလို ထခုန်ဖို့ ကြိုးစားသည်။

သို့သော်လည်း ဖေးချမ့် သူ့ကို အမြန်ထိန်းထားလိုက်ရသည်။ "အရမ်းကြီး မလောပါနဲ့"

"အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ဆိုရင် ငါတို့ ကိရိယာ ကောင်းကောင်းလည်း ပြင်ဆင်ထားရမယ် မဟုတ်လာား။ နောက်ရက်ပိုင်းအတွင်း မင်းအတွက် ငါ လက်ထောက်တစ်ယောက် ရှာပေးမယ်"

ရင်းနှီးမြှုပ်နှံမှုက ရှုပ်ထွေးပြီး အလွန်နည်းစနစ်ရှိသည်။ သာမန် အရင်းအနှီး ကုမ္ပဏီများက ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံဖို့ မဆုံးဖြတ်ခင် ခြေလှမ်းများစွာ အရင်ဆုံး လှမ်းလေ့ ရှိကြပါသည်။

လုပ်ငန်းရှင်များစွာမှ ပေးပိုထားသည့် ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်များကို ရွေးထုတ်ရမည်။ Review လုပ်ရမည်။ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်များကို ရှုထောင့်ပေါင်းစုံမှ အကဲခတ်ရမည်။ လုပ်ငန်း မန်နေဂျာများကို အင်တာဗျူးရမည်။ လုပ်ငန်း၏ သမိုင်းကြောင်းရာဇဝင်ကို နားလည်ထားရမည်။ ရှုပ်ထွေးသည့် ညှိနှိုင်းဆွေးနွေး တန်ဖိုးဖြတ်မှုများတွင် ပါဝင်ရမည်....။

ဒါတွေ တစ်ခုမှ မာယန် မလုပ်တတ်ပါ။

အလွန်ဆုံး ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်များကို ဖတ်ရှုပြီး လုပ်ငန်းတစ်ခုစီမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံရမလဲဆိုတာကို ဆုံးဖြတ်နိုင်ရုံလောက်သာ ရှိသည်။ သို့သော်လည်း နောက်ကွယ်က လည်ပတ်မှု အတိအကျများကို သူ ဘာမှ မသိနိုင်ပါ။

အမှန်ပင်။ ဒီအချက်ကြောင့်လည်း ဖေးချမ့် သူ့ကို ဒီတာဝန်ပေးခဲ့ခြင်း ဖြစ်ပါသည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု ပုံမှန် လည်ပတ်ဖို့ဆို အသေးစိတ်တာဝန်များကို ဆောင်ရွက်ဖို့ တစ်စုံတစ်ယောက် လိုအပ်နေပါသေးသည်။

မာယန်အတွက် ဖေးချမ့် လက်ထောက် မခန့်ပေးထားဘူး ဆိုရင်တောင် အားလုံးကို တစ်ယောက်တည်း မနိုင်မှန်း သိတာနဲ့ မာယန်က တခြား တစ်ယောက်ယောက်ကို အကူအညီ သွားတောင်းလိမ့်မည်။ ထိုအခါ ဖေးချမ့် ပြင်မရသည့် အရှုပ်အထွေးကြီးနဲ့ ရင်ဆိုင်လာရနိုင်ပါသည်။

ထို့ကြောင့် ဖေးချမ့်က ဦးစွာ ခန့်အပ်ပေးထားဖို့ ဆုံးဖြတ်လိုက်သည်။

မာယန်အတွက် အသိပညာကြွယ်ပြီး အတွေ့အကြုံရှိသော်လည်း မာယန်ရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်မနှောင့်ယှက်မည့် လက်ထောက်တစ်ယောက်ကို ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

မာယန် မေးတာတွေကို ထိုလက်ထောက် လုံးဝ မဖြေပေးရင် ပိုကောင်းပါသည်။

ဖေးချမ့် မေးလိုက်သည်။ "ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်လောင်း တစ်ယောက်အနေနဲ့ မင်းရဲ့ အလုပ်အတွက် မျှော်လင့်ထားတာတွေ ဘာတွေ ရှိလား"

မာယန်က ယုံကြည်ချက် ပြည့်ဝစွာဖြင့် ရင်ဘတ် ပုတ်ကာ ပြောလိုက်ပါသည်။ "စိတ်မပူစမ်းပါနဲ့ ညီကိုချမ့်ရာ ငါအားလုံးသိပြီးသားပါ"

"လုပ်ငန်းတွေအများကြီးက ငါ့ဆီကို ကမ်းလှမ်းချက်တွေ လာပို့လိမ့်မယ်။ ပြီးရင် အဲ့တာတွေ အကုန်လုံးကို ငါက ပရော်ဖက်ရှင်နယ်တွေဆီ ပို့ပေးလိုက်မယ်။ သူတို့တွေက ဘယ်လုပ်ငန်းမှာ အလားအလာရှိပြီး ဘယ်လုပ်ငန်းမှာ မရှိကြောင်း ငါ့ကို အသေးစိတ် ရှင်းပြလိမ့်မယ်"

"ပထမဆုံး လူလိမ်တွေကို ပယ်ထုတ်ပစ်မယ် ပြီးရင် အလားအလာအရှိဆုံး လုပ်ငန်းတွေကို ရွေးထုတ်ခိုင်းလိုက်ပြီး အဲ့ဒီလုပ်ငန်းတွေမှာ အလုံးအရင်း ရင်းနှီးမြှုပ်နှံလိုက်မယ်"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

မင်းပြောမှ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကို မင်းလက်ထဲ မအပ်ချင်တော့ဘူး။

ခွေးကောင် မာကြီး... ဘယ်တော့မှ မင်းကိုပေးထားတဲ့ တာဝန်ကို နားလည်မှာလဲ။

ဖေးချမ့် ခေါင်းခါလိုက်သည်။ "မင်းအဲ့လို လုပ်လို့ မရဘူး။ မင်းရဲ့လက်ထောက်ကို ကမ်းလှမ်းချက်တွေ ရွေးထုတ်ခိုင်းလို့ မရဘူး။ မင်းကိုယ်တိုင် လုပ်ရမယ်"

မာယန် ကြောင်စီစီဖြစ်သွားပါသည်။ "ဟင်။ ဘာလို့လဲ။ ငါမှ ဒီလုပ်ငန်းအကြောင်း ဘာမှ မသိတာ။"

ဖေးချမ့် တည်တံ့စွာ ပြောလိုက်သည်။ "ကိန်းဂဏန်းတွေအကြောင်း မင်းနားမလည်ပေမယ့် အိပ်မက်တစ်ခုရှိတဲ့ နှလုံးသားက ဘယ်ပုံဘယ်ဝါရှိတယ်ဆိုတာ မင်းနားလည်မှာပါ"

"စဉ်းစားကြည့်လိုက်စမ်းပါ။ မြင့်မြတ်တဲ့ အိပ်မက်တွေနဲ့ ကုမ္ပဏီအသေးစားတွေမှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်တွေကို လှလှပပ စီရီနိုင်မယ့် အားရှိပါ့မလား"

"အိပ်မက်တွေဆိုတာ အမြဲတမ်း လေထဲမှာပဲ ရှိပြီး စိတ်ခံစားချက်တွေနဲ့ ပြည့်နှက်နေတာ။ ဘယ်သူက အိပ်မက်တစ်ခုကို အသေးစိတ်ကျကျရေးပြီး လက်တွေ့ဆန်၊ ယုတ္တိရှိတဲ့ ပုံစံမျိုးဖြစ်အောင် အေးတိအေးစက် ဂဏန်းတွေအဖြစ် ပြောင်းလဲနိုင်မှာလဲ"

"တခြားတစ်ယောက်ယောက်ကသာ မင်းကိုယ်စား ကမ်းလှမ်းချက်တွေကို ရွေးထုတ်ပေးမယ်ဆိုရင် တကယ်တမ်း ငွေလိုနေတဲ့ မြင့်မြင်တဲ့ အိပ်မက်တွေနဲ့ ကုမ္ပဏီအေသးစားတွေကို ပယ်ထုတ်ပစ်လိုက်ကြလိမ့်မယ်"

"အဲ့တာကြောင့် ဒီအလုပ်ကို မင်းကိုယ်တိုင်လုပ်မှ ဖြစ်မှာပေါ့"

"ဂရုတစိုက် စကားလုံးအရေးအသားတွေနဲ့ရေးသားထားပြီး အသေးစိတ်ကျ၊ လက်တွေ့ကျတဲ့ ဂဏန်းတွေ ထည့်သွင်းထားတဲ့ ကမ်းလှမ်းချက်တွေတိုင်းက အိပ်မက်မပါတဲ့ လုပ်ငန်းတွေပဲ လှလှပပ အရေးအသားနဲ့ ကိန်းဂဏန်းတွေ မပါဘဲ အားအင် ကူးစက်သွားတတ်တဲ့ ကမ်းလှမ်းချက်တွေကမှ တကယ့် အိပ်မက်အစစ်အမှန်တွေပဲ။ အိပ်မက် အကောင်အထည်ဖော်ခြေလှမ်းများက ဒုတိယ အမျိုးအစားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှ အိပ်မက်တွေကို ရင်းနှီးမြှုပ်နှံရာ ရောက်မယ်"

"မင်းဒါကို မှတ်ထားရမယ်နော််။ စိတ်မချရတဲ့ ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်တိုင်းရဲ့ နောက်ကွယ်မှာ ပိုကြီးမားတဲ့ အိပ်မက်တွေရှိတယ်"

မာယန် နားလည်သဘောပေါက်သွားခဲ့ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "ဒီလိုဆိုတော့လည်း အဓိပ္ပာယ် ရှိသားပဲ"

မာယန် စိတ်ပါလာတာကို မြင်ပြီး ဖေးချမ့် ဆက်တိုက်တွန်းလိုက်သည်။

"ငါတို့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ နာမည်က အိပ်မက် အကောင်အထည်ဖော်ခြေလှမ်းများ ဆိုတာကို မမေ့နဲ့နော်'

"ငါတို့ ငွေရရ မရရ အရေးမကြီးဘူး။ ငါတို့ အိပ်မက်တွေအတွက် ရင်းနှီးမြှုပ်နှံပေးဖို့က အရေးကြီးတာ"

"တခြား စံနှုန်းတွေကို လျှော့ချပေးလို့ရရင်ရမယ်။ ဒါပေမယ့် အိပ်မက်အကောင်အထည်ဖော်ဖို့ကိုတော့ လျှော့ပေးလို့ မရဘူး။ အိပ်မက်မရှိတဲ့ ပရောဂျက်တွေကို ဘယ်တော့မှ ရင်းနှီးမမြှုပ်နှံဖို့ စိတ်ပိုင်းဖြတ်ထားရမယ်။ နားလည်လား"

မာယန် အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ"

မာယန်ရဲ့ မျက်နှာထားကိုကြည့်ခြင်းအားဖြင့် သူဦးနှောက်ကျင်းပေးလိုက်တာ အောင်မြင်သွားပြီ ဖြစ်ကြောင်း ဖေးချမ့် သိနိုင်ပါသည်။ မာယန်ရဲ့ နားလည်မှုကို တခြားဘယ်သူမှ ဝင်မရှုပ်သရွေ့ မာယန်က ဒီခံယူချက်နဲ့ အကြာကြီး ရှေ့ဆက်သွားလိမ့်မည် ဖြစ်သည်။

"ညီကိုချမ့်။ ဒါဆို ငါအခုဂူအောင်းတော့မယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကို ဝယ်ပြီး သက်ဆိုင်ရာ ဗဟုသုတတွေကို အကြမ်းဖျင်း နားလည်အောင် လုပ်လိုက်မယ်"

မာယန်က အလွန်စိတ်လှုပ်ရှားနေသည့် ပုံစံပင်။ ဖေးချမ့်က သူ့ကိုတားဖို့ကြံသော်လည်း ဂိမ်းဒီဇိုင်းနဲ့ ပတ်သတ်သည့် နည်းလမ်းစာအုပ်များကို ဖတ်ပြီးတာတောင် မာယန် ဘယ်လိုလုပ်ခဲ့သလဲ ပြန်သတိရသွားသောအခါ ချက်ချင်း စိတ်အေး သွားပါသည်။

မာကြီးကို ဒီတိုင်း အလုပ်ကြိုးစားခွင့်ပေးဖို့ ဆုံးဖြတ်လိုက်၏။ သူ အလုပ်ပိုကြိုးစားလေလေ သူတို့ ကျရှုံးတာ ပိုမြန်လေလေပင်...။

ထန်းတာ့ကို ပြန်ရောက်လာတော့ ဖေးချမ့် လက်ထောက်ရှင်းကို ချဉ်းကပ်ခဲ့သည်။

"ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်တွေအကြောင်း ကောင်းကောင်းနားလည်တဲ့ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ တစ်ယောက်လောက် ငါ့ကို ရှာပေးစမ်းပါ"

"ဒီတစ်ချက်ကလွဲပြီး တခြား ကန့်သတ်ချက် ဘာမှ မထားနဲ့။ ဘော့စ်က ဘာပဲမေးမေး ရင်းနှီးမြှုပ်နှံမှု အကြံဉာဏ် ဘာမှ မပေးဘဲ ဘော့စ်ရဲ့ တွေးပုံခေါ်ပုံတွေကို ဝင်မနှောင့်ယှက်ရဘူး"

လက်ထောက်ရှင်း၏ မျက်လုံးများက ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်သွားရသည်။

"ရင်းနှီးမြှုပ်နှံမှု အကြံဉာဏ်မပေးမယ့် ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံကို ရှာရမှာပေါ့။ ဒါဆို... 'အတိုင်ပင်ခံ'ကို ဘာလုပ်ဖို့ အလုပ်ခန့်မှာလဲဟင်"

ဖေးချမ့် ပြန်ဖြေလိုက်သည်။ "အတိုင်ပင်ခံက ဒီတိုင်း စီမံခန့်ခွဲရေးတာဝန်တွေ ယူပေးရုံပဲ"

လက်ထောက်ရှင်း ခေတ္တစဉ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒါဆို ကျွန်မတို့ ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံဆိုပြီး ရှာစရာမလိုဘူးထင်တယ်။ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေမှာ အလုပ်အတွေ့အကြုံရှိတဲ့ စိစစ်သူ ဒါမှမဟုတ် လက်ထောက်တွေကိုပဲ ရှာတာ ပိုကောင်းလိမ့်မယ်။"

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "အဲ့တာလည်း အဆင်ပြေတာပဲ"

ဘော့စ်ဖေး ဒီ့ထက်ကောင်းတာ မရှာနိုင်တော့ပါ။

လက်ထောက်ရှင်းရဲ့ ပုံမှန် စရိုက်အတိုင်းပဲ မေးခွန်းတွေ အများကြီး ထပ်မမေးတော့ပေ။ "ကောင်းပါပြီ. ကျွန်မ အခုပဲ ရှာလိုက်ပါ့မယ်"

လက်ထောက်ရှင်းရှာပေးသည့် လူက စိစစ်သူဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုလက်ထောက်ဖြစ်ဖြစ်၊ ဒါရိုက်တာကြီး ဖြစ်ဖြစ် လင်းဖန် ဂရုမစိုက်ပေ။ မာယန်ကို ဘာအကြံမှ မပေးဘူးဆိုရင် အားလုံး အဆင်ပြေပါပြီ။

ညနေခင်းအချိန်...

ဟောက်ချုံး အလုပ်ဆင်းကာ အိမ်ပြန်ဖို့ ပြင်နေချိန် ဖြစ်သည်။ သူအနည်းငယ် ခေါင်းမူသလို ခံစားနေရ၏။ အလုပ်မှာ တစ်နေကုန် သရဲဂိမ်းတွေချည်း ထိုင်ကစားနေခဲ့သောကြောင့် ဖြစ်ပါသည်။

နေ့ခင်းကြောင်တောင်ကြီးမှာ သရဲဂိမ်းများ၏ ရသ အပြည့်အဝရဖို့ ခန်းဆီးတွေကိုတောင် ဒါရိုက်တာလင်းက ပိတ်ချသွားပါသည်။ အမှောင်ထုက ပတ်ဝန်းကျင်သွင်ပြင်နဲ့ လေးနက်မှုများကို အထောက်အကူပြုသည်။

ရှန်းယန်ဂိမ်းက ဝန်ထမ်းအားလုံး နားကြပ်များ တပ်လျက် ဖန်သားပြင်ကြီးများကို ကြည့်ကာ သရဲဂိမ်းများထဲ လုံးဝ စိတ်နှစ်ထားကြသည်။

ဆက်တိုက် အော်ဟစ်မိကြသည်။ ထို့အပြင် အော်သံများက တစ်လှိုင်းပြီး တစ်လှိုင်း ပေါ်လာခြင်း ဖြစ်၏။ တစ်ယောက်ယောက်က ကြောက်လန့်ပြီး အော်လိုက်တာနဲ့ သူ့ဘေးနားက လူတွေလည်း ကြောက်လန့်ကာ လိုက်အော်ကြခြင်း ဖြစ်သည်။

ကူးစက်ရောဂါတစ်ခုလိုပင်။ ပတ်ဝန်းကျင် သွင်ပြင်ကြီးက ရူးချင်စရာ ကောင်းလောက်ပါသည်။

ဟောက်ချုံးလည်း ကြောက်ရွံ့ပါသည်။ သို့သော် တခြား ရွေးချယ်စရာမရှိပေ။ ဒါရိုက်တာလင်းကိုယ်တိုင် အမိန့်ပေးထားခြင်းဖြစ်၏။ ၎င်းတို့ရဲ့ နောက်လာမည့် ပရောဂျက်က သရဲဂိမ်းတစ်ခု ဖြစ်သောကြောင့် ဝန်ထမ်းတိုင်း လုံ့လရှိရှိ သရဲဂိမ်းများကို ကစားကြရမည်။ ဒီလိုဆို သူတို့ ဖန်တီးတဲ့ သရဲဂိမ်းလည်း သေချာပေါက် ကြောက်ဖို့ ကောင်းနိုင်လောက်ပါသည်။ နောက်ထပ် ရက်ပိုင်းလောက်ထိ ဒီနည်းအတိုင်း အနှိပ်စက်ခံရဦးမှာကို စဉ်းစားမိရင်နဲ့ ဟောက်ချုံး ခြေကုန်လက်ပန်းကျသွားပါသည်။

ဟောက်ချုံး ရုံးကနေ ထွက်လာခဲ့ပြီး အိမ်ကို လမ်းလျှောက်ပြန်လာခဲ့သည်။ သူက ကုမ္ပဏီအနားရှိ တိုက်ခန်းတစ်ခုတွင် ငှားနေသည်။ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်သွားရသဖြင့် သူ့အတွက် အလွန် အဆင်ပြေပါသည်။

သူ လမ်းလျှောက်နေရင်း အနောက်ဘက်မှ တစ်စုံတစ်ယောက်၏ ချောင်းဆိုးသံကို ကြားလိုက်ရသည်။

"အောင်မယ်လေး"

ဟောက်ချုံးတစ်ယောက် သရဲနဲ့တွေ့ပြီဟု ထင်ကာ သွေးချောက်ချားသွား၏။

သို့သော် နောက်လှည့်ကြည့်လိုက်သောအခါ သူ့ကြောင့်လည်း နောက်ကလူ ချောက်ချားသွားမှန်း မြင်လိုက်ရ၏။ သူတို့နှစ်ယောက်စလုံး ထခုန်လိုက်မိပြီး တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်နေကြသည်။

ဟောက်ချုံးနောက်က ချောင်းဆိုးလိုက်သည့် လူမှာ အသက် ၃၀ ဝန်းကျင် ဝန်ထမ်းတစ်ယောက် ဖြစ်သည်။ ထိုအချိန်တွင် သူကလည်း ဟောက်ချုံးလိုပဲ ထိတ်လန့်နေသည့်ပုံပေါက်ပါသည်။

ကြောင်စီစီဖြင့် ဟောက်ချုံးမေးလိုက်သည်။ "ခင်ဗျား ဘာလုပ်တာလဲ"

အလုပ်သမားက ပို၍ပင် ဇဝေဇဝါဖြစ်သွားသည်။ "...ငါ့ဖာသာငါ ချောင်းဆိုးတာလေ။ မင်းက ဘာလို့ ဒီလောက် အိုဗာ ဖြစ်နေရတာလဲ။”

ဟောက်ချုံး တိတ်ဆိတ်သွားပပြီး သူပြောတာမှန်မှန်း နားလည်သွားပါသည်။ အလုပ်မှာ သရဲဂိမ်းဆော့တာ များပြီး အိုဗာဖြစ်သွားခြင်းပင်။

"တောင်းပန်ပါတယ်ဗျာ ကျွန်တော်လန့်သွားလို့ပါ။ တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

ဟောက်ချုံးက တောင်းပန်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါသည်။

ရုတ်တရက် သူ့နောက်က ဝန်ထမ်းက သူ့ကို လှမ်းတားလိုက်ပါသည်။ "အာ... ညီကို ခဏနေပါဦး။ တကယ်တော့ ကျွန်တော် အရေးကြီး ဆွေးနွေးစရာ ကိစ္စရှိလို့ ခင်ဗျားကို လာတွေ့တာပါ"

"ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က ဟန်းထုဂိမ်း ကုမ္ပဏီ ဝန်ထမ်းစီမံခန့်ခွဲရေးဌာနမှာ အလုပ်လုပ်ပါတယ်။ ကျွန်တော့်နာမည် ဝူပင်ပါ။”

"ညီကို ကုမ္ပဏီပြောင်းချင်လား"

ဟောက်ချင်း မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်မိကာ ဒီလူက အလုပ်သမားရှာဖွေသူ ဖြစ်မှန်း သိလိုက်ရသည်။ ယခု အလုပ်မှာ သရဲဂိမ်းတွေ ခက်ခက်ခဲခဲ ကစားနေရသော်လည်း လစာမြင့်မြင့်၊ ဘောနပ်စ်မြင့်မြင့်၊ မင်ယွမ်စားဖိုဆောင်မှာ စားကောင်းသောက်ဖွယ်များ စားသုံးခွင့်တွေကို ဟောက်ချုံး ရရှိထားသည်။ ဒါတွေအကုန်လုံးကို စိတ်ထဲမှာတွေးပြီး ဆုံးဖြတ်ချက်ပြတ်သားစွာ ခေါင်းခါလိုက်ပါသည်။ "မပြောင်းပါဘူး"

ဟောက်ချုံး လမ်းဆက်လျှောက်သွားသည်။ သို့သော်လည်း ဝူပင်က သူ့ကို အမြန်ထပ်တားလိုက်ပါသည်။

"ညီကို နေပါဦး ညီကိုရဲ့"

"ကျွန်တော့်ကို ဒီလောက်မြန်မြန်ကြီး ငြင်းစရာ မလိုပါဘူးဗျာ။ ကျွန်တော်တို့ ဒီနားက ကော်ဖီဆိုင်တစ်ဆိုင်သွားပြီး စကားပြောကြရအောင်လေ။ အပေးအယူတွေ မအောင်မြင်ရင်တောင် ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်နိုင်သေးတယ် မလား။ ကျွန်တော်တို့ လုပ်ငန်းချင်းလည်း တူကြတာပဲကို။ အချင်းချင်း ရင်းနှီးအောင် လုပ်ကြတာပေါ့"

ဟောက်ချုံးက ထွက်သွားချင်သော်လည်း သူက စိတ်ပျော့သူတစ်ယောက်ဖြစ်သည်။ ဝူပင်ရဲ့ စကားချိုချိုများထံမှ သူ့ကိုယ်သူ မကာကွယ်နိုင်ဘဲ တွန့်ဆုတ်စွာဖြင့် အနီးနားရှိ ကော်ဖီဆိုင်သို့ ဝူပင်နဲ့ စကားပြောဖို့ လိုက်သွားလိုက်ရတော့သည်။

နှစ်ယောက်စလုံး ထိုင်လိုက်ကြ၏။

နဖူးပေါ်က ချွေးများကို ဝူပင်သုတ်လိုက်ပြီးနောက် ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီး နောက်ဆုံးတော့ တစ်ယောက်ယောက်ကို ကော်ဖီတူတူသောက်ဖို့ ဖိတ်ကြားနိုင်ခဲ့ပြီဖြစ်သဖြင့် ရင်ထဲမှာ ပျော်ရွှင်သွားပါသည်။

ဟောက်ချုံးက ဝူပင် နှောင့်ယှက်သည့် ပထမဆုံး ဝန်ထမ်း မဟုတ်ပါ။

ဒီ့မတိုင်ခင်တုန်းက ထန်းတာ့ဂိမ်းနဲ့ ရှန်းယန်ဂိမ်းရှိ ဝန်ထမ်းများကို ဆက်သွယ်နိုင်ဖို့ အီးမေးလ်များပို့ခြင်း၊ ဖုန်းဆက်ခြင်း၊ တခြား ဆက်သွယ်ခြင်း နည်းလမ်းပေါင်းစုံကို ဝူပင် သုံးခဲ့ပါသေးသည်။

သို့သော်လည်း ဘယ်သူမှ သူ့ကို အဖတ်မလုပ်ကြပေ။

ဘယ်သူမှ သူ့ကို အီးမေးလ်ပြန်မပို့သလို သူ့ကိုယ်သူ မိတ်ဆက်ပေးပြီးတာနဲ့ ဖုန်းချသွားလေ့ ရှိကြသည်။

သို့သော်လည်း ဝူပင်တွင် အောင်မြင်အောင် ထမ်းဆောင်ရမည့် မစ်ရှင်တစ်ခုရှိ၏။ နောက်ဆုံးတော့ ကုမ္ပဏီဝင်ပေါက် အပြင်မှာ မတ်တပ်ရပ်ရသည့် ရှေးဟောင်းနည်းလမ်းကြီးကိုပဲ အသုံးပြုရသည့်အထိ အသည်းအသန်ဖြစ်သွားခဲ့သည်။

မျက်နှာချင်းဆိုင်တွေ့ပါက လူတွေကို သိမ်းသွင်းမှုအောင်မြင်နိုင်ချေလည်း ပိုမြင့်ပါသည်။

သူအခြေခံ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဟောက်ချုံးက သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်မှန်း သိခဲ့ရ၏။ ရှန်းယန်ဂိမ်းမှာ အတော်လေး အရာမဝင်သူ ဖြစ်သည်ဟု ဆိုနိုင်သည်။ သူ့ကို သိမ်းသွင်းဖို့ ခက်ခဲလိမ့်မည်ဟု ဝူပင် မထင်ခဲ့ပါ။

အမှန်ပင်။ ယဲ့ကျစ်ကျိုး သို့မဟုတ် လီယာ့တာတို့ကဲ့သို့ အချက်အချာကျသည့် ဝန်ထမ်းများနောက်ကို ဝူပင် မလိုက်ရဲပေ။ ထိုဝန်ထမ်းတွေက ထန်းတာ့မှာ ဂုဏ်စည်းစိမ်းများကို အပြည့်အဝ ခံစားနေကြရသူများဖြစ်၏။ ဂိမ်းကောင်းများ ထုတ်လုပ်နိုင်ကြရုံတင်မကဘဲ ငွေတွေ အများကြီးလည်း ရှာနိုင်ကြသည်။ သူတို့ကို ဝူပင် ချဉ်းကပ် သိမ်းသွင်းလို့ရပါ့မလား။

သို့သော်လည်း ဟောက်ချုံးဆိုသည့် ဒီလူကတော့ ထန်းတာ့ရဲ့ အရန်ကုမ္ပဏီ ရှန်းယန်ဂိမ်းမှာ အခြေခံ အသေးစား ကဏ္ဍတွေမှာပဲ တာဝန်ယူထားသည်။ လစာလည်း ထင်သလောက် မကောင်းလောက်ပေ။

ထန်းတာ့ရဲ့ ဝန်ထမ်းဖူလုံရေးနဲ့ အကျိုးခံစားခွင့်များက ဘယ်လောက်ပဲ ကောင်းနေပါစေ ဟောက်ချုံးလို အရာမဝင်သည့် ဝန်ထမ်းများက ထင်သလောက် ကောင်းကောင်းမွန်မွန် ဆက်ဆံမခံရလောက်ပေဟု ဝူပင် ခန့်မှန်းမိသည်။

လစာ ရက်ရက်ရောရော ကမ်းလှမ်းပေးလိုက်ရင်တော့ ဟောက်ချုံးကို သိမ်းသွင်းနိုင်မှာပါ။ ဟုတ်တယ်မလား။

ဝူပင်မှာ တခြား ရွေးချယ်စရာလည်း မရှိပေ။ ထန်းတာ့ရဲ့ အဆင့်မြင့် လုပ်ကိုင်နည်းများကို လေ့လာသင်ယူနိုင်အောင် ထန်းတာ့ဂိမ်းထံမှ ဝန်ထမ်းတချို့ကို သိမ်းသွင်းခေါ်ယူဖို့အတွက် သူ့ဘော့စ်က သူ့ကို အမိန့်ပေးထား၏။

ထိုအတွေးဖြင့် ဝူပင်က သူတို့နှစ်ယောက်စလုံးအတွက် စိတ်မကောင်းစွာ ကော်ဖီဖိုး ရှင်းပေးလိုက်ပြီး လေလုံးလှလှများ စပစ်ဖို့ ပြင်ဆင်လိုက်ပါတော့သည်။ ဒီ ရိုးရိုးသားသားပုံစံနဲ့ ကောင်လေးကို သူ့ကုမ္ပဏီမှာ အလုပ်လာလုပ်အောင် မြှူဆွယ်ရပါတော့မည်။

All Chapters