ခုခေတ် HR ဝန်ထမ်းတွေက အဲ့လောက် ပရော်ဖက်ရှင်နယ် မဆန်ကြတော့တာလား
Vol. 22 Ch. 320
ဝူပင်လည်း လူတွေကို သိမ်းသွင်းနည်း တစ်ခုနှစ်ခုလောက် သိထားပါသည်။
အရေးအကြီးဆုံးက တစ်ဖက်လူရဲ့ မျှော်လင့်ချက်များကို မြှင့်တင်ပေးကာ ၎င်းတို့ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်းပေးဖို့ ဖြစ်သည်။
တစ်ခါတစ်လေ စကားလုံးအခွံလွတ်ကြီးများ ရွတ်ပြရသည်။ တစ်ခါတစ်လေ 'အကျိုးအမြတ်'ဆိုတာကို 'ငါးစာ'အဖြစ် အသုံးပြုရပြီး တစ်ခါတစ်လေမှာတော့ သိုးရေခြုံသောဝံပုလွေလို နည်းလမ်းမျိုး သုံးရပါသည်။
ဝူပင်က ကြိုတင် စုံစမ်းထားပြီးသား ဖြစ်၏။ ဟောက်ချုံးက ရှန်းယန်ဂိမ်းတွင် စီမံခန့်ခွဲမှု အစီအစဉ်ဆွဲသူ တစ်ယောက် ဖြစ်ကာ အသေးအဖွဲတာဝန်များကိုသာ ယူထားရသူဖြစ်သည်။
ကျင်းကျိုးမြို့ရှိ စီမံခန့်ခွဲရေးအစီအစဉ်ဆွဲသူများက တစ်လကို ပျမ်းမျှ ၂,၀၀၀ - ၃,၀၀၀ ယွမ် ရကြသည်။
အမှန်ပင်။ ကြိုတင်စုံစမ်းထားပြီးသားဖြစ်သဖြင့် ထန်းတာ့က ဝန်ထမ်းတွေကို အလွန်တရာကောင်းမွန်စွာ ဆက်ဆံမှန်းလည်း ဝူပင် သိပြီးသား ဖြစ်သည်။
သို့သော်လည်း 'အလွန်တရာကောင်းမွန်ခြင်း'ဆိုရာတွင် ဘယ်လိုပုံစံမှန်း အတိအကျ မသိသေးပါ။
အဘယ့်ကြောင့်ဆိုသော် ခုချိန်အထိ လူတွေ ထန်းတာ့ဆီ အပြေးသွားကြတာကိုသာ မြင်ဖူးပြီး ထန်းတာ့ဆီမှ ထွက်ပြေးလာကြတာကို မမြင်ဖူးသောကြောင့် ဖြစ်ပါသည်။ ထန်းတာ့ရဲ့ လက်ရှိဝန်ထမ်းများကို နမူနာနဲ့ ပုံဖော်ပြဖို့ တောင်းဆိုရင်တောင် သူတို့ ပြောပြကြမှာ မဟုတ်ပါ။
သူ အတည်ပြုနိုင်သည့် တစ်ခုတည်းသော မသေချာမရေရာစံနှုန်းက တရားဝင်ပလက်ဖောင်း၏ အင်တာဗျူးထဲက အချက်တစ်ချက်ပဲ ဖြစ်သည်။ ဟွမ်းစစ်ပေါ် ထန်းတာ့မှာ အင်တာဗျူးသွားဖြေတုန်းက သူ့ရဲ့မျှော်မှန်းလစာထက် ၂ ဆကို ကုမ္ပဏီက ပေးလိုက်သည် ဆိုတာပင်။
သို့သော်လည်း လိုက်မေးကြည့်ဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားပြီးနောက် ဟွမ်းစစ်ပေါ်ရဲ့ နဂိုလစာက ယွမ် ၂,၀၀၀ သာ ဖြစ်တာကို ဝူပင် သိလိုက်ရသည်။ ထိုပမာဏလောက်ကို နှစ်ဆတိုးတာက ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါ။ ထို့အပြင် ဟွမ်းစစ်ပေါ်က ဘယ်လိုလူမျိုးလဲဆိုတာကိုလဲ ထည့်စဉ်းစားရဦးမည်။ ထန်းတာ့က သူ့ကို သူတို့ရဲ့ အစီစဉ်ရေးဆွဲသူချုပ်လုပ်ဖို့ ခေါ်ယူခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူ့ကို လစာမြင့်မြင့်ပေးရမှာ ပုံမှန်ပဲ ဖြစ်ပါသည်။
နောက်တစ်ဖက်မှာတော့ ဟောက်ချုံးလို့ သာမန်ဝန်ထမ်းတစ်ယောက်က ရှန်းယန်ဂိမ်းမှာ ဟွမ်းစစ်ပေါ် ရခဲ့သလောက်ပဲ ရနိုင်မှာ မဟုတ်လား။ အံကြိတ်ရင်း ဝူပင် အများဆုံး ကမ်းလှမ်းနိုင်တာက ယွမ် ၅,၀၀၀ ဖြစ်သည်။ ထို့ထက် ၁ ယွမ်လောက် ပိုပြီး ကမ်းလှမ်းရင်တောင် ဝူပင်ရဲ့ ဉာဏ်ရည်ကို စော်ကားရာ ကျပါမည်။
အမှန်ပင်။ အခြေခံလစာက ဟောက်ချုံးရဲ့ တစ်ခုတည်းသော ဝင်ငွေရင်းမြစ် မဟုတ်လောက်ပေ။ သူ ရရှိထားသည့် ဘောနပ်စ်များကိုပါ ဝူပင် ထည့်တွက်ရပါမည်။
ထို့ကြောင့် ခေါင်းထဲတွင် ဝူပင် တွက်ချက်ကြည့်လိုက်သည်။ Bloody Battle Song မိုဘိုင်းဗားရှင်းက တစ်လကို ယွမ် ၄ သန်း ၅ သန်းလောက် ရလိမ့်မည်။ ဒါက ဂိမ်းရဲ့အဆင့်သတ်မှတ်ချက် ဇယားပေါ်က အဆင့်၊ ဂိမ်းထဲကဝယ်ယူနိုင်သည့် ပစ္စည်းများ၊ ကစားသမားအရေအတွက်၊ ဂိမ်းရဲ့ရေပန်းစားမှု အစရှိသည်တို့အပေါ် ဝူပင်၏ ခန့်မှန်းခြေ တွက်ချက်မှုဖြစ်သည်။
ဒါကို အများကြီးဟု သတ်မှတ်လို့မရပေ။ ဘာပဲဖြစ်ဖြစ် စေတနာကောင်းတဲ့ ဂိမ်းတွေမှာ Paywall အများကြီး မရှိတတ်ကြပေ။
ဝူပင် ဆက်ပြီး ခက်ခက်ခဲခဲ စဉ်းစားကြည့်လိုက်၏။ သာမန်ဂိမ်းကုမ္ပဏီတွေကတော့ ဂိမ်းတစ်ခုရဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းလောက်ကို ပရောဂျက် ဘောနပ်စ် အဖြစ် မျှဝေပေးလိမ့်မည်။ ဆိုလိုတာက ဝန်ထမ်းတွေ စုစုပေါင်း ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ အထိ ရနိုင်သည့် သဘောပင်။
၅၀၀,၀၀၀ ယွမ်ဆိုတာတောင် အလွန်ရက်ရောသည့် ခန့်မှန်းခြေ ဖြစ်နေပါပြီ။
သို့သော်လည်း သူ့ပရောဂျက်အဖွဲ့မှာ အနည်းဆုံး လူအယောက် ၃၀ မှ ၄၀ အထိရှိကြသည်။ အချက်အချာ ဝန်ထမ်းများက ပိုများများ ရနိုင်ပြီး ဟောက်ချုံးလို အရံကဏ္ဍများမှ ပါဝင်ရသည့် အသေးစားဝန်ထမ်းတွေကတော့ အလွန်ဆုံး ယွမ် ၅,၀၀၀ သာ ရနိုင်လိမ့်မည်။
ထိုတွက်ချက်မှုများကို အခြေခံပြီး အခြေခံလစာကော ဘောနပ်စ်ကတော နှစ်ခုပေါင်းပြီး လစဉ် ဟောက်ချုံး အများဆုံး ယွမ် ၁၀,၀၀၀ ရနိုင်လိမ့်မည်ဟု ခန့်မှန်းမိပါသည်။ တခြား ဝန်ထမ်းသက်သာချောင်ချိရေး အကျိုးခံစားခွင့်တွေကိုတော့ ဝူပင်လည်း သေချာ မသိပါ။
သို့သော်လည်း လစဉ် ယွမ် ၂,၀၀၀ မှ ၄,၀၀၀ အထိ တိုးပေးလိုက်ပါက ထိုအကျိုးခံစားခွင့်တွေကို ကာမိမှာပဲ မဟုတ်လား။
ဝူပင်က ဟောက်ချုံးကို လစာ ၁၂,၀၀၀ မှ ၁၄,၀၀၀ ယွမ်အထိ ကမ်းလှမ်းဖို့ စီစဉ်ထားသည်။ သူ့အတွက်တော့ ဒါတောင် အတော်လေး မယုံနိုင်စရာ ပမာဏဖြစ်နေပါပြီ။ ကျင်ကျိုးမြို့က သာမန် အစီစဉ််စွဲသူချုပ်တွေတောင် တစ်လကိ ယွမ် ၇,၀၀၀ - ၈,၀၀၀ သာ ရကြသည်။ ယခု သူက သာမန် စီမံခန့်ခွဲရေးအစီစဉ်ဆွဲသူ တစ်ယောက်ကို ပျမ်းမျှ တစ်လ ယွမ် ၁၃,၀၀၀ နဲ့ သိမ်းသွင်းဖို့ ကြိုးစားနေရတာ မဟုတ်လား"
တကယ်ပဲ မယုံနိုင်စရာ ကောင်းလွန်းပါသည်။
ထို့ကြောင့် ဝူပင်ရဲ့ တခြားဝန်ထမ်းများကို သိမ်းသွင်းမည့် ဗျူဟာက တစ်ဖက်လူ၏ မျှော်မှန်းချက်များကို မြှင့်တင်ဖို့ ဖြစ်သည်။
အောက်ပါစကားလုံးများက သူစီစဉ်ထားသည့် ဇာတ်ညွှန်း ဖြစ်သည်။
ဝူပင် : "ခင်ဗျား လစာမြင့်မြင့်ရမှာပဲနော်။ ခင်ဗျားရဲ့ အခြေခံလစာက ၆,၀၀၀ ယွမ်လောက် ရမယ်ထင်တယ်နော်"
ဟောက်ချုံး : "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အများကြီးမဟုတ်ပါဘူးး။ ဒီတိုင်း ယွမ် ၅,၀၀၀ ဝန်းကျင်လောက်ပါပဲ"
ဝူပင် : "အာ... ဒါဆို တစ်လကို ဘောနပ်စ်တွေ အများကြီး ရမှာပေါ့။ တစ်လကို ယွမ် ၇,၀၀၀ - ၈,၀၀၀ လောက်အထိ တက်သွားမယ်ထင်တယ်"
ဟောက်ချုံး : "နည်းနည်းလေးတောင် မနီးစပ်ဘူး။ ကျွန်တော် ယွမ် ၅,၀၀၀ ဝန်းကျင်လောက်ပဲ ရတာပါ"
ဝူပင် : "ဒါဆို ခင်ဗျားက တစ်လကို ယွမ် ၁၀,၀၀၀ လောက်ပဲ ရတယ်လို့ ဆိုလိုတာလား။ ကျွန်တော်ထင်ထားတာထက် နည်းတာပဲ"
ဟောက်ချုံး : "မဆိုးပါဘူး။ ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တွေက ကောင်းတယ်လေ"
ဝူပင် : "ဒါပေမယ့် အဲ့ဒီအကျိုးခံစားခွင့်တွေက ဗိုက်ဖြည့်လို့မှ မရတာ။ ခင်ဗျားရဲ့ အတွေ့အကြုံနဲ့ စကေးတွေအရ ကျွန်တော်တို့ ကုမ္ပဏီမှာဆို အနည်းဆုံး ၁၂,၀၀၀ ယွမ်လောက် ရမှာပဲ"
ဟောက်ချုံး : "တကယ်လား"
ဝူပင် : "တကယ်ပေါ့ ခင်ဗျားက အဲ့လောက်ထိုက်တန်တာပဲကို"
ဟောက်ချုံးသာ တွန့်ဆုတ်နေသေးသည့်ပုံ ပေါက်ပါက ဝူပင် ကမ်းလှမ်းချက်ကို ဆက်တင်ပြီး ၁၅,၀၀၀ ယွမ်လောက်အထိ တိုးပေးလိုက်မည်။
သာမန်လူတွေကတော့ တစ်လကို ယွမ် ၅,၀၀၀ ပိုရမည့် မက်လုံးအား ခံနိုင်ရည်ရှိမှာ မဟုတ်ပါ။
ထိုအချိန်တွင် သိမ်းသွင်းသည့် မစ်ရှင် အောင်မြင်ပြီဟု သတ်မှတ်လို့ရပါသည်။ ပေးရမှာ စျေးမြင့်သော်လည်း သူ့ဘော့စ်ပေးအပ်ထားသည့် မစ်ရှင်ကို အောင်မြင်ဖို့အတွက် ဝူပင်မှာ တခြား ရွေးချယ်စရာမရှိပေ။
ဘယ်လိုပဲဖြစ်ဖြစ် ဟောက်ချုံးကို အရင်ဆုံး သိမ်းသွင်းနိုင်အောင် ကြိုးစားကြည့်ရပါဦးမည်။
ဝူပင်က သူရေးထားသည့် ဇာတ်ညွှန်းအတိုင်း စတင် သရုပ်ဆောင်ပါတော့သည်။
"ထန်းတာ့ရဲ့ အကျိုးခံစားခွင့်တွေက သိပ်မဆိုးဘူးလို့ ကြားမိတယ်။ ခင်ဗျား လစာအများကြီးရမှာပေါ့နော်။ ခင်ဗျားရဲ့ အခြေခံလစာက ယွမ် ၆,၀၀၀ လောက် ရှိလောက်မယ် ထင်တယ်နော်"
ဟောက်ချုံးက ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ် အဲ့လောက်ပါပဲ"
ဝူပင် "?"
သူ အနည်းငယ် ခေါင်းချောင်သွားသည်။
ဝူပင်၏ ခန့်မှန်းချက်က ဟောက်ချုံးရရှိသည့် အများဆုံး အခြေခံလစာထက် ၁,၀၀၀ တောင် ပိုများသည်။ ဒါတောင် ဟောက်ချုံးက တည်တည်ငြိမ်ငြိမ်ပဲ အသိအမှတ်ပြုလိုက်ပါသည်။
ဒီလိုတုန့်ပြန်မှုမျိုးကို မျှော်လင့်ထားသယောင်ဖြင့် ဝူပင် ခပ်မြန်မြန် တုန့်ပြန်လိုက်သည်။ "လစဉ် ဘောနပ်စ် ယွမ် ၇,၀၀၀ - ၈,၀၀၀ လောက် ရမှာပဲနော်"
ဟောက်ချုံးက ရယ်သံသဲ့သဲ့ဖြင့် ပြောလိုက်၏။ "ဟုတ်ပါတယ်"
ဝူပင် "?"
သူ ချက်ချင်း နာကျင်သွားရသည်။
'ဟုတ်ပါတယ်' ဆိုတာ ဘာကို ပြောတာလဲ။
ယွမ် ၇,၀၀၀ - ၈,၀၀၀ ထက်တောင် ပိုရနေတာလား။
သာမန်ဂိမ်းကုမ္ပဏီတွေမှာ ၎င်းတို့ ဂိမ်းများ၏ ဝင်ငွေ ၁၀ ရာခိုင်နှုန်းကိုသာ ဘောနပ်စ်အဖြစ် မျှဝေပေးမှန်း နားလည်ရမည်။ ဒါတောင် သဘောကောင်းသည့် ကုမ္ပဏီများ ဖြစ်သည်။ တခြား ကုမ္ပဏီများဆို ဂိမ်းများမှ ဝင်ငွေ ရသော်လည်း ဝန်ထမ်းတွေကို ဘောနပ်စ် မပေးတတ်ကြပေ။
သို့သော် ရှန်းယန်ဂိမ်းရဲ့ သာမန် စီမံခန့်ခွဲရေးအစီအစဉ်ဆွဲသူ တစ်ယောက်က ဘောနပ်စ် ၇,၀၀၀ - ၈,၀၀၀ ကျော် ရနေတာလား။
ကြည့်ရတာ အနည်းဆုံး ၈,၀၀၀ ယွမ်ရှိမည့်ပုံစံပင်။
သူ့တွက်ချက်မှုမှာ ကြီးကြီးမားမား အမှားတွေ ပါသွားမှန်း ဝူပင် ခံစားလိုက်ရသည်။
စုစုပေါင်း ဟောက်ချုံးက လစဉ် ၁၅,၀၀၀ လောက်နီးနီး ရနေပြီးသား ဖြစ်သည်။
ဆိုလိုရင်းက သူ့ကို သိမ်းသွင်းနိုင်ဖို့ဆို ဝူပင် ၁၈,၀၀၀ - ၁၉,၀၀၀ လောက် ကမ်းလှမ်းဖို့ လိုအပ်ပါလိမ့်မည်။
ဒါက လက်ခံဖို့ ခက်ခဲလွန်းလှသည်။
သို့သော်လည်း အခုလို ဖြစ်လာမှတော့ ဝူပင်လည်း ရွေးချယ်စရာ မရှိတော့ပါ။
ဝူပင် အခုမှ နောက်ပြန်ဆုတ်လို့ မရပေ။ ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ပြောလိုက်ပါသည်။ "ဆိုလိုတာက ခင်ဗျား တစ်လကို ယွမ် ၁၅,၀၀၀ လောက် ရတယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော် ထင်ထားတာထက် နည်းနေတာပဲ။ အနည်းကြီးတော့ မဟုတ်ပါဘူး"
ဟောက်ချုံးက ရူးသွပ်စွာ ပြုံးလိုက်ပါသည်။ "မဆိုးပါဘူး။ ကုမ္ပဏီအကျိုးခံစားခွင့်တွေက ကောင်းတယ်လေ"
နောက်ဆုံးတော့ သူ ရေးထားသည့် ဇာတ်ညွှန်းအတိုင်း ဖြစ်လာပါပြီ။ သူအမြန် ပြန်ပြောလိုက်၏။ "ဒါပေမယ့် ကုမ္ပဏီအကျိုးခံစားခွင့်တွေက ဗိုက်ဖြည့်လို့မှ မရတာ"
သူပြောလို့ မပြီးသေးခင်မှာပဲ ဟောက်ချုံးက ကြားဖြတ်ပြောလိုက်သည်။ "ဗိုက်ဖြည့်လို့ရတာပေါ့။ ဒီကုမ္ပဏီမှာ အစားအသောက် ၃ နပ်စလုံးကို ယွီသရေစာလုပ်ငန်းကနေ ထောက်ပံ့ပေးထားတယ်။ နေ့တိုင်း မီနူးတွေလည်း မတူဘူး။ အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းမှန်း စိတ်ချထားလို့ရတယ်"
ဝူပင် ဆွံ့အသွား၏။
သူ့တွ့က်ချက်မှုအရဆို ထန်းတာ့က ဟောက်ချုံးရဲ့ စားသောက်စရိတ်တစ်ခုတည်းအတွက် တစ်လကို ယွမ် ၁,၀၀၀ နီးပါး သုံးစွဲနေသည်။ နောက်တစ်ခေါက် စျေးထပ်တက်သွားပြန်ပါပြီ။
ဟောက်ချုံးက ထပ်ပြောလိုက်သေးသည်။ "ကျွန်တော်တို့ အမည်မဲ့စားသောက်ဆိုင်ကိုလည်း ပုံမှန် သွားရတယ်"
ဝူပင် ဆွံ့အသွားသည်။
သူတော့ သွားပြီ။ ဟောက်ချုံးက ဝူပင်ကို ရူးအောင် လုပ်နေတာလား။
အမှန်ပင်။ ထိုအမည်မဲ့ စားသောက်ဆိုင်အကြောင်းကို ဝူပင်လည်း သိပါသည်။ ထိုဆိုင်က အစားအသောက်အများ အလွန်အကြူး စျေးကြီးလွန်း၏။ ထိန်းထိန်းသိမ်းသိမ်း စားမယ်ဆိုရင်တောင် ထိုဆိုင်မှာ တစ်ခေါက် သွားစားလျှင် လူတစ်ယောက်ကို ပျမ်းမျှ ယွမ် ၂၀၀ - ၃၀၀ လောက် ကုန်ကျပါလိမ့်မည်။
ကုမ္ပဏီအများစုက ထိုဆိုင်မှာ တစ်လတစ်ကြိမ် ညစာခေါ်ကျွေးဖို့တောင် မတတ်နိုင်ကြပေ။ ဒီ့ထက်ပိုများပါက ပိုဆိုးပါသည်။
ဒီစကားဝိုင်းကို ရှေ့ဆက်ဖို့ အဓိပ္ပာယ်မရှိတော့သလို ဝူပင် ခံစားလာရသည်။ သူ ဗျူဟာ ပြောင်းလဲရပါမည်။
သူ့ရှေ့က ရိုးရိုးအေးအေး လူငယ်ကို အိပ်မက်တွေအကြောင်း ပြောရမည်။
ဝူပင်က လည်ချောင်းရှင်းကာ ပြောလိုက်၏။ "သြော် လူတစ်ယောက်က ဗိုက်ပြည့်ဖို့ပဲ စဉ်းစားမနေသင့်ဘူးလို့ ကျွန်တော်တော့ထင်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ချမ်းသာမှုနောက်ကိုကော မလိုက်သင့်ဘူးလား"
ဟောက်ချုံးက အားရပါးရ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တာပေါ့ ကျွန်တော်လည်း အဲ့တာပဲ ပြောတော့မလို့။ ကျွန်တော်တို့ ရုံးမှာ ကြိုက်တဲ့အချိန် ဂိမ်းဆော့လို့ ရတယ်။ ကွန်ပျူတာတွေအကုန်လုံးက အဆင့်မြင့်ပြီး မော်နီတာတောင် ၂ လုံးနဲ့ဗျ"
"ကျွန်တော်တို့ ဂိမ်းတွေထဲ ငွေဖြည့်သွင်းနိုင်ဖို့ သုံးစွဲစရိတ် အကန့်အသတ်နဲ့လည်း ရသေးတယ်။ ပြီးတော့..."
ဝူပင် ခပ်မြန်မြန် လက်မြှောက်ကာ ဟောက်ချုံးကို တားလိုက်သည်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ အခု ကုမ္ပဏီ အကျိုးခံစားခွင့်တွေအကြောင်း နားလည်ပါပြီ။ ဒါပေမယ့် ကိုယ့်ရဲ့ လုပ်ငန်း တိုးတက်မှုအတွက်လည်း စဉ်းစားဖို့ လိုသေးတယ်လေ"
"ထန်းတာ့ကော်ပိုရေးရှင်းမှာ ဝန်ထမ်းတွေ အများကြီး ရှိတယ်။ နောက်ထပ် အစီစဉ်ဆွဲသူချုပ် ဖြစ်လာချင်ကြတဲ့ ဝန်ထမ်းတွေက အများကြီးပဲ။ အဲ့ဒီလို ကုမ္ပဏီမျိုးမှာ ခင်ဗျားတိုးတက်ဖို့ဆိုတာ အရမ်းခက်ခဲမှာပေါ့"
ကြောင်စီစီဖြင့် ဟောက်ချုံး ပြန်ပြောလိုက်ပါသည်။ "ရပါတယ်။ တစ်ခါတစ်လေ ကုမ္ပဏီက ထူးချွန် ဝန်ထမ်းတွေကို လုပ်ငန်းသစ်ချဲ့ထွင်ဖို့နဲ့ နယ်ပယ် အသစ်တွေထဲ ခြေချနိုင်ဖို့ စီစဉ်ပေးတယ်လေ"
"လက်ရှိ အစီစဉ်ဆွဲသူချုပ်ဆိုရင် အရင်က တောက်တိုမယ်ရအလုပ်ကနေ အခုလို ရာထူးမျိုး ရဖို့ ၇ လလောက်ပဲ ကြာခဲ့တာ"
"ကျွန်တော်လည်း အလုပ်ကို ကောင်းကောင်းလုပ်ရင် မကြာခင် ကျွန်တော့်အလှည့် ရောက်လာမှာပါ"
ဝူပင် ဆွံ့အသွားခဲ့သည်။
တခြားဘာမှ ပြောစရာ မကျန်တော့ပေ။ တကယ်ပဲ ဘာမှ ပြောဖို့ မရှိတော့ပါ။ ဝူပင် ကုမ္ပဏီအကျိုးခံစားခွင့်အတွေအကြောင်းလည်း ထပ်ပြောလို့ မရပေ။ သူတို့သာ အကျိုးခံစားခွင့် အားလုံးကို စာရင်းပြုစုပြလိုက်ပါက ဟောက်ချုံးကို တစ်လ ယွမ် ၂၀,၀၀၀ ထက် ပိုပြီး ကမ်းလှမ်းသွားရနိုင်သည်။
ဝူပင် ထိုသို့ ကမ်းလှမ်းရင်တောင် ထန်းတာ့မှာ ဟောက်ချုံးရရှိထားသည့် အကျိုးခံစားခွင့်တွေနဲ့ ယှဉ်လိုက်ပါက ကုမ္ပဏီပြောင်းချင်သေးမှာ မဟုတ်လောက်ပါ။
အများကြီး စဉ်းစားပြီးနောက် ဝူပင် ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ဧရာမ ကမ်းလှမ်းချက်ကြီး တစ်ခု ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။
"ကျွန်တော် လိုရင်းပဲ ပြောတော့မယ် ကျွန်တော်တို့ ကုမ္ပဏီကိုလာရင် တစ်လ ယွမ် ၂၂,၀၀၀ ပေးမယ်။ ဘယ်လိုလဲ"
ဝူပင် ဟောက်ချုံးကို စိုက်ကြည့်နေ၏။
ဟောက်ချုံးကလည်း ဝူပင်ကို ပြန်စိုက်ကြည့်နေ၏။
နှစ်ယောက်စလုံး အသံတိတ်သွားသည်။
အချိန်အတော်ကြာမှ ဟောက်ချုံးက ခေါင်းကုတ်လိုက်ပါသည်။ "ခင်ဗျားတို့ တခြားသူတွေကို သိမ်းသွင်းဖို့ ကြိုးစားတိုင်း အဲ့လို လစာနိမ့်နိမ့် ကမ်းလှမ်းနေကြလား"
ဝူပင် "?"
ဝူပင် လုံးဝ ကြက်သေ သေသွားပါသည်။
လစာနိမ့်တယ် ဟုတ်လား။
အလွန်ဇဝေဇဝါ ဖြစ်သွားသည်။ "ဒါက ခင်ဗျားရဲ့ အခြေခံလစာနဲ့ ဘောနပ်စ်နှစ်ခုပေါင်းထက်တောင် ပိုမြင့်နေပြီလေ။ ခင်ဗျား အခု ရထားတဲ့ ကုမ္ပဏီ အကျိုးခံစားခွင့်တွေကိုတောင် ကာမိလောက်တယ်"
ဟောက်ချုံး ဘာပြောရမှန်း မသိတော့ပေ။ "ကျွန်တော့် အခြေခံလစာနဲ့ ဘောနပ်စ်နှစ်ခုပေါင်းထက် ဘယ်မှာ မြင့်လို့လဲ"
ဝူပင် ခေါင်းချောင်သွားခဲ့သည်။ "ခုနကပဲ တစ်လကို အနည်းဆုံး ဘောနပ်စ် ၈,၀၀၀ လောက်ရတယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား"
ဟောက်ချုံးက ပြန်ဖြေသည်။ "ကျွန်တော် ဘောနပ်စ် ယွမ် ၈,၀၀၀ ကျော်ရတယ်လို့ပဲ ဆိုလိုတာပါ။ အတိအကျ မပြောရတာက ခင်ဗျား နာကျင်သွားမှာ ဆိုးလို့လေ"
ဝူပင် ဆွံ့အသွားသည်။ ငါ့ကိုနာကျင်သွားမှာဆိုးလို့ ဆိုတာ ဘာစကားလဲကွ။ ဝူပင် ရင်ထဲ သက်ပြင်း ချလိုက်ပြီး ဟောက်ချုံးကို ထပ်ကြည့်လိုက်ပါသည်။
"ညီကို ငါ့ကို တကယ် မနာကျင်စေချင်ဘူးဆိုရင် အမှန်တိုင်းသာ ပြောစမ်းပါ။ မင်း ဘောနပ်စ် ဘယ်လောက်ရလဲ"
ဟောက်ချုံးက ပြန်ဖြေလိုက်သည်။ "ယွမ် ၁၀,၀၀၀ အထက်လေ"
ဝူပင် "... ညီကို။ ပိုပြီးတိတိကျကျ ပြောပြလို့ ရမလား။ ငါ့ကို အပြတ်သာ ပြောလိုက်ကွာ။ ယွမ် ၁၀,၀၀၀ အထက်ဆိုတာ ဘာကို ဆိုလိုတာလဲ"
ဟောက်ချုံး "... ယွမ် ၁၀,၀၀၀ ရဲ့ ၂ ဆ"
ဝူပင်၏ မျက်နှာမှောင်မိုက်သွားသည်။ သူ့ဉာဏ်ရည်ကို ပြင်းပြင်းထန်ထန် စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။
"... ညီကို ကျွန်တော့်ကို အရူးထင်နေတာလား"
"ခင်ဗျားတို့ဂိမ်းက တစ်လကို ယွမ် ၄ သန်း ၅ သန်းလောက်ပဲ ရမှာပါ။ တစ်လကို ဘောနပ်စ် ၂၀,၀၀၀ လောက်ရတယ်ဆိုရင် ဆိုလိုတာက ဒီပရောဂျက်ရဲ့ ဝင်ငွေထဲက ယွမ် ၁ သန်းကို ဘောနပ်စ်အနေနဲ့ မျှဝေပေးထားတဲ့ သဘောဖြစ်သွားမှာပေါ့ မဟုတ်ဘူးလား"
ဟောက်ချုံးက ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်လေ"
ဝူပင်အတွက် အလွန် မယုံကြည်နိုင်စရာ ဖြစ်သွားသည်။ "ဂိမ်းရဲ့ ဝင်ငွေ ၅ ပုံ ၁ ပုံကို ဘောနပ်စ်အနေနဲ့ ပေးတယ်လို့ ပြောချင်တာလား"
ဟောက်ချုံးက ခေါင်းခါလိုက်သည်။ "အဲ့လို တွက်ချက်တာတော့ မဟုတ်ဘူး။ ဘောနပ်စ်တွေက အမြတ်အစွန်းပေါ် မူတည်ပြီး တွက်ချက်တာမဟုတ်ဘဲ ဂုဏ်သတင်းပေါ် မူတည်ပြီး တွက်ချက်တာပါ"
"အခု ကျွန်တော်တို့ ဂိမ်းက ဂုဏ်သတင်း အဆင့် A ရထားတယ်။ ဆိုလိုတာက ၆ လကြာတဲ့အထိ လစဉ်လတိုင်း ဂိမ်းအတွက် ရင်းနှီးမြှုပ်နှံခဲ့တဲ့ငွေ စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံကို ဘောနပ်စ်အနေနဲ့ မျှဝေပေးသွားမှာ။ ဂိမ်းဖန်တီးသုတေသနလုပ်ငန်းနဲ့ မားကတ်တင်းတွေအတွက် စုစုပေါင်း ယွမ် ၁၀ သန်းလောက် ကုန်ခဲ့တာလေ။ အဲ့တာကြောင့် လတိုင်း အဲ့ဒီပမာဏရဲ့ ၁၀ ပုံ ၁ ပုံကို ဘောနပ်စ်အနေနဲ့ ပေးတာပါ"
ဝူပင်က ဟောက်ချုံးပြောတာကို နားကြားမှားသည်ဟု ထင်သွားသည်။ "ခင်ဗျားတို့ ဂိမ်းအရှုံးပေါ်ရင်ကော"
ဟောက်ချုံး စိတ်ရှုပ်လာ၏။ "ခင်ဗျားက ဘာလို့ ကျွန်တော့်ထက်တောင် ပိုနုံနေရတာလဲ။ ကျွန်တော်တို့ ဘောနပ်စ်တွေကို ဂုဏ်သတင်းအပေါ် မူတည်ပြီး ပေးတာလို့ ခုပဲပြောပြီးပြီလေ။ ဂိမ်းအရှုံးပေါ်ရင်တောင် ကျွန်တော်တို့ ဘောနပ်စ် ရမှာပဲ"
ဝူပင် အကြာကြီး နှုတ်ဆိတ်သွား၏။ နောက်ဆုံးတော့ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "သြော်... ဂိမ်းဖန်တီးမှုမှာ ပါဝင်ခဲ့တဲ့ ခင်ဗျားတို့အကုန်လုံးက ငွေတွေ အများကြီး ရကြတာပေါ့။ ခင်ဗျားတို့ကို အားကျလိုက်တာ..."
ဟောက်ချုံးခေါင်းခါလိုက်ပါသည်။ "မဟုတ်ဘူး အဲ့လို မဟုတ်ပါဘူး။ ကျွန်တော့်ကုမ္ပဏီမှာ လူသားရင်းမြစ်ဌာနမှာပဲလုပ်လုပ်၊ စီမံခန့်ခွဲရေးမှာပဲလုပ်လုပ်၊ ဘဏ္ဍာရေးမှာပဲလုပ်လုပ်... အများကြီးရကြတာပဲ။ ကျွန်တော့်လစာက... ကုမ္ပဏီထဲမှာ သာမန်အဆင့်ပဲ ရှိတယ်လို့တောင် ပြောလို့ရတယ်"
ဝူပင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
"ညီကိုတို့ ကုမ္ပဏီ ဝန်ထမ်းခေါ်ယူနေသေးလားဟင်။ ကျွန်တော် အလုပ်လျှောက်ချင်ရင် လျှောက်လွှာ ဘယ်မှာ တင်ရမလဲ"
ဟောက်ချုံး ပခုံးတွန့်လိုက်သည်။ "ကျွန်တော်လည်း သေချာမသိဘူး။ နောက်ပိုင်း လျှောက်ထားသူတွေ ရေးဖြေစာမေးပွဲ ဖြေရမယ်လို့ ကြားမိတယ်။ စာမေးပွဲက ဘယ်လိုလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူး။ အခုချိန်မှာ ကျွန်တော်တို့ မိတ်ဆွေတွေကို ကုမ္ပဏီထဲ နေရာပေးဖို့တောင် မလွယ်တော့ဘူး"
"ဟမ် နေပါဦး။ မဟုတ်သေးပါဘူး။ ခင်ဗျားက ကျွန်တော့်ကို ဆွယ်ဖို့လာတာ မဟုတ်ဘူးလား"
သူတို့နှစ်ယောက်အခြေအနေ ပြောင်းပြန် ဖြစ်သွားမှန်း ဟောက်ချုံး ရုတ်တရက် သတိထားမိသွားသည်။
ဝူပင် လက်သီးဆုပ်လျက် ပြောလိုက်သည်။ "နှုတ်ဆက်ပါတယ်"
ထို့နောက် ထပြန်သွားတော့သည်။ ဝူပင်ထွက်သွားတာကို ဟောက်ချုံး ငေးကြည့်နေမိ၏။ ဇဝေဇဝါဖြစ်စွာဖြင့် ကော်ဖီသာ ဆက်သောက်နေလိုက်ပါတော့သည်။ ခုခေတ် HR ဝန်ထမ်းတွေက အဲ့လောက်လောက် ပရော်ဖက်ရှင်နယ် မဆန်ကြတော့တာလား။