← Chapters

ရှန်းဟွာကို စျေးကွက်ထဲက ကန်ထုတ်ဖို့

Vol. 22 Ch. 322

ရှန်းဟွာကို စျေးကွက်ထဲက ကန်ထုတ်ဖို့

Vol. 22 Ch. 322

ဖေးချမ့် ဘယ်လိုတုန့်ပြန်ရမှန်းတောင် မသိတော့ပေ။

ငါ့ပရိတ်သတ်ဟုတ်လား။ ငါက ဘယ်လိုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လောကထဲက လူတွေကြားထဲမှာတောင် နာမည်ကြီးနေရတာလဲ။

ဟဲသယ်ရှန်းက သိသိသာသာ စိတ်လှုပ်ရှားနေသည်။ "ဘော့စ်ဖေး။ ကျွန်တော်က ဘော့စ်လီရဲ့ ရင်းနှီးမြှုပ်နှံမှုလက်ထောက် လုပ်ဖူးတယ်လေ။ မကြာခဏဆိုသလို သူ့ဆီကနေ ဘော့စ်ဖေးအကြောင်း ကြားဖူးပါတယ်"

"ယွီအင်တာနက်ကဖေးမှာပဲဖြစ်ဖြစ်၊ မင်ယွမ်ဗီလာရဲ့ အမည်မဲ့စားဖိုဆောင်ပဲဖြစ်ဖြစ် ဘော့စ်ဖေးရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ဖတ်စာအုပ်ထဲ မှတ်သားထားလောက်စရာ အောင်မြင်မှုတွေကြီးပဲ။ အဲ့ဒီသင်ခန်းစာတွေကို အပြည့်အဝသင်ယူလေ့လာဖို့ နှစ်နည်းနည်း အချိန်ယူရမှာ အရမ်းတန်တယ်"

"ဘော့စ်လီက ဘော့စ်ဖေးအကြောင်းကို ပြောတိုင်း ဘော့စ်ဖေးနဲ့ စိတ်ချင်းစိတ်နွယ်နေသလိုပဲ။ အဲ့တာကြောင့် ဘော့စ်ဖေး ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံ တစ်ယောက် ရှာဖွေနေတယ်လို့ ကြားတော့ ကျွန်တော် လာလျှောက်ဖို့ လက်မတွန့်ခဲ့တာပေါ့"

"ကျွန်တော် ငွေမျက်နှာတစ်ခုတည်းကြောင့် လာခဲ့တာ မဟုတ်ဘဲ ဘော့စ်ဖေးရဲ့ ကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံမှု အသိပညာတွေကို သင်ယူဖို့အတွက်သက်သက် လာခဲ့တာပါ"

ဖေးချမ့် နောက်ဆုံးတော့ နားလည်သွားပါပြီ။

ဒီကောင်လည်း ဘော့စ်လီဆီကနေ ရောဂါကူးခဲ့တာ ဖြစ်မည်။

သို့သော်လည်း ထပ်စဉ်းစားကြည့်မှ ဖေးချမ့်အတွက်တော့ မဆိုးလှပါ။

ဟဲသယ်ရှန်းက သင်ယူချင်စိတ်ဖြင့် ရောက်လာသဖြင့် မေးခွန်းလည်း အများကြီးမေးမှာ မဟုတ်သလို အထင်အမြင်တွေလည်း အများကြီးပေးမှာ မဟုတ်ပါ။

ဖေးချမ့် လည်ချောင်းကို ခပ်ပါးပါး ရှင်းလိုက်ပြီး ပြောလိုက်သည်။ "ဖြစ်ပြီးသားတွေ ပြန်မပြောကြရအောင်။ အဲ့တာတွေက ကံကောင်းတာသက်သက်ပါ"

"မင်းရဲ့အလုပ်က နောက်ပိုင်း ဘော့စ်လီ လိုအပ်လာတိုင်း လုပ်ငဉ်းစဉ်ပေါင်းစုံမာ ကူညီပေးဖို့ပဲ။ ပြီးတော့ ဘော့စ်မာရဲ့ တွေးပုံခေါ်ပုံနဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေမှာ မင်းဝင်မရှုပ်ရဘူး"

ဟဲသယ်ရှန်းက ခပ်မြန်မြန် ခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ ကျွန်တော် ဘော့စ်ကြီးနှစ်ယောက်ဆီက ရင်းနှီးမြှုပ်နှံမှုနည်းလမ်းတွေ သင်ယူနိုင်ပဲ လုံလောက်ပါပြီ။ ကျွန်တော့်မှာ ရင်းနှီးမြှုပ်နှံမှု အသိပညာက အခြေခံနဲ့ အပေါ်ယံပဲရှိတာ။ ခင်ဗျားတို့နှစ်ယောက်ရှေ့မှာ မကြွားရဲပါဘူးဗျာ"

ဖေးချမ့်က ဟဲသယ်ရှန်း၏ သဘောထားကို အလွန် ကျေနပ်သွားပါသည်။

သိပ်ကောင်းတယ်။ ဒီကောင်လေးက ကိုယ့်အတိုင်းအတာကိုယ် သိတယ်။

မင်းက ဒီတိုင်း ကိရိယာတစ်ခုလို အသုံးတော်ခံပဲ လုပ်ရမှာ။ ငါကမင်းကို တတ်နိုင်သမျှ အများဆုံး လစာပေးမယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲ။ ဘယ်လောက် ကောင်းလိုက်သလဲ။

ဒီလျှောက်ထားသူက မဆိုးလှဘူးဟု ဖေးချမ့် တွေးမိကာ အတည်ပြုဖို့ ပြင်လိုက်ပါသည်။

သို့သော်လည်း မာယန်က ဟဲသယ်ရှန်း၏ ကိုယ်ရေးအကျဉ်းကို လှန်ကြည့်နေတာ ကြာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ တိုးတိုးညှင်းညှင်း ပြောလိုက်၏။ "ညီကိုချမ့် သူက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလက်ထောက် ဖြစ်နိုင်မှာလဲ။ သူက ရင်းနှီးမြှုပ်နှံမှု မန်နေဂျာတောင် မဟုတ်သေးဘူး။ အတွေ့အကြုံ နည်းလွန်းတယ်။ တခြားတစ်ယောက် ရှာလို့ မရဘူးလား"

ဖေးချမ့် ဆွံ့အသွားသည်။ "..."

ဒီ မာကြီးကတော့…

ဒီကောင် ကိုယ့်ကိုယ်ကို မိတ်ဆက်နေတုန်းကတော့ အာရုံတွေလွဲ၊ သန်းပါသန်းနေပြီး စကားတစ်ခွန်းမှ မပြောဘဲ အခု ငါတို့ အကုန်လုံးပွဲသိမ်းခါနီးမှ ကိုယ်ရေးအကျဉ်းကို အပြစ်သွားရှာနေတာလား။

သို့သော်လည်း ဖေးချမ့်မှာ တခြားရွေးချယ်စရာ မရှိပေ။ မာကြီးကို သူ့ဉာဏ်ရည်နဲ့ ပါရမီအား အပြည့်အဝ ထုတ်ပြစေချင်သည်။ သူ့ကို အတင်းအဓမ္မ စေခိုင်းလို့ မရပါ။

မာကြီးသာ ဟဲသယ်ရှန်းကို သဘောမကျဘဲ သူ့ကို မယုံမကြည်ဖြစ်သွားပါက တိတ်တဆိတ် ကိုယ်ပိုင် ရင်းနှီးမြှုပ်နှံမှု အတိုင်ပင်ခံကို ထပ်ရှာသွားနိုင်သည်။ ထိုအခါ ဖေးချမ့် လက်ထဲ ပိုကြီးမားသည့် ပြဿနာ ကျရောက်လာနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒီလူက မာကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုလက်ထောက်ဖြစ်သည်။ မာကြီး ဘယ်လို သဘောထားသလဲဆိုတာကိုလည်း ဖေးချမ့် ထည့်တွက်ပေးရမည်။

သို့သော်လည်း မာယန်ကို ဖေးချမ့် ဘယ်လို ဖျောင်းဖျရမလဲ မသိပါ။ ထို့ကြောင့် ဟဲသယ်ရှန်းဘက်သို့သာ လှည့်ပြီးမေးလိုက်ရသည်။ "အင်း... မင်းမှာ တခြား အရည်အချင်း ဘာတွေ ရှိသေးလဲ။ မင်းရဲ့ အားသာချက်တွေကို ကျေးဇူးပြုပြီး ပြောပြပါဦး"

ဖေးချမ့်၏ မျက်နှာထားကို မြင်ပြီးနောက် သေချာပေါက် အလုပ်ရပြီဟု ဟဲသယ်ရှန်း တွေးခဲ့မိသော်လည်း အကြပ်ထပ်ရိုက်သွားမည်ဟု မထင်ထားခဲ့ပါ။

ဖူဟွေ့ရင်းနှီးမြှုပ်နှံမှုမှာ သူ ပါဝင်ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များနဲ့အတူ အောင်မြင်မှုရရှိခဲ့သည့် ရလဒ်များကိုပါ အသေးစိတ် စာရင်းပြုစုပြလိုက်သည်။

ဖေးချမ့်က သူပြောတာ တစ်လုံးမှ နားမလည်ပါ။ မာယန်ကို ခိုးကြည့်လိုက်သော်လည်း မာယန်က အားမရဖြစ်နေဆဲပင်။

အမှန်ပင်။၊ မာယန်လည်း သေချာပေါက် ဟဲသယ်ရှန်း ပြောတာကို နားမလည်နိုင်ပါ။ သူ မကျေမနပ်ဖြစ်တာက ရင်းနှီးမြှုပ်နှံမှုလက်ထောက်ဖြစ်ပြီး အဆင့်နိမ့်လွန်းနေသောကြောင့် ဖြစ်ပါသည်။

ဖေးချမ့် နောင်တတွေ စရလာခဲ့ပါသည်။ ဒီလို ဖြစ်လာမယ်မှန်း စောစောက သိခဲဲ့ပါက ဟဲသယ်ရှန်းရဲ့ ကိုယ်ရေးအကျဉ်းပေါ်က 'ရင်းနှီးမြှုပ်နှံမှုလက်ထောက်' ဟူသည့် စကားလုံးကို 'ရင်းနှီးမြှုပ်နှံမှု မန်နေဂျာ' ဟူသည့် ရာထူးမြင့်မြင့်မျိုးနဲ့ ပြောင်းခဲ့ပါသည်။

မာယန် ခုထိ အယုံအကြည် မရှိသေးတာကိုမြင်ပြီး ဖေးချမ့် ခပ်မြန်မြန်ပဲ ဟဲသယ်ရှန်းကို အရိပ်အမြွက် ပေးလိုက်သည်။ "မင်းရဲ့ တခြား စိတ်ဝင်စားမှုတွေနဲ့ အားသာချက်တွေကိုလည်း ပြောလို့ ရတယ်နော်။ မင်း သီချင်းဆိုတတ်လား၊ ကတတ်လား၊ ဝတ္ထုရေးတတ်လား။ ပုံမှန် ဘယ်လိုဂိမ်းမျိုးတွေကို ကစားလေ့ရှိလဲ"

ဟဲသယ်ရှန်းက ဇဝေဇဝါဖြစ်လျက် ခေါင်းကုတ်လိုက်ပါသည်။

ခေတ္တ တိတ်ဆိတ်သွားပြီးနောက် ဟဲသယ်ရှန်း မေးကြည့်လိုက်သည်။ "God Rising ရဲ့ PvP ပလက်ဖောင်းမှာ စုစုပေါင်း ၁,၉၀၀ မှတ်လောက် ရထားရင်ကော ပြောလို့ရလား"

မာယန် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်သည်။

"ကောင်းတာပေါ့ ညီကိုချမ့် သူမှ သူပဲ"

ဖေးချမ့် ဆွံ့အသွားသည်။

"..."

မာယန်စိတ်ကို ပြောင်းလဲပေးမည့်အရာက ဒါမျိုး ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပါ။ Gods Rising ၏ PvP ပလက်ဖောင်းရှိ ကစားသမားတစ်ယောက်၏ အမှတ်က ထိုကစားသမား၏ စံနှုန်းကို ညွှန်းဆိုပေးသည်။ သာမန်ဆို အမှတ် ၂,၀၀၀ ကျော် ရှိသည့် ကစားသမားများကို ပရော်ဖက်ရှင်နယ် ဂိမ်မာများဟု သတ်မှတ်နိုင်ပါသည်။

ဟဲသယ်ရှန်းသာ တကယ်တမ်းပလက်ဖောင်းပေါ်မှာ အမှတ် ၁၉၀၀ ရှိပါက တချို့ သာမန်ကစားသမားများကို မျက်လုံးမှိတ်ပြီးတောင် အနိုင်ယူနိုင်သည့် သဘောပင်။

အမှတ် ၁,၉၀၀ ရှိသည့် ရှိန်စရာ ကစားသမား တစ်ယောက်ကတော့ မာယန်ကို သေချာပေါက် သိမ်းသွင်းနိုင်မှာပဲ မဟုတ်လား။

ထို့ကြောင့်လည်း မာယန် ချက်ချင်း စိတ်ပြောင်းသွားခြင်း ဖြစ်သည်။ ထိုအမှတ် ၁,၉၀၀ ကြောင့် သိမ်းသွင်းခံလိုက်ရခြင်း ဖြစ်ပါသည်။

အတော်လေးယုတ္တိမရှိသော်လည်း ဒီဇာတ်သိမ်းကိုပဲ လက်ခံဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။

ဖေးချမ့် လိုချင်သည့် ရင်းနှီးမြှုပ်နှံမှုလက်ထောက်ကို မာယန်သဘောကျသရွေ့ ဖေးချမ့်က ဘာလုပ်ငန်းစဉ်ကိုမှ စိတ်မဝင်စားပါ။

ဖေးချမ့် စိတ်ဝင်စားတာဆိုလို့ မာကြီးကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ငွေအားလုံးကို ဆုံးရှုံးအောင် လုပ်ပေးဖို့သာ ဖြစ်သည်။ ဒါဆို အားလုံးအဆင်ပြေပါပြီ။

ဖေးချမ့် အလွန်ကျေနပ်အားရသွားသည်။ "ဟုတ်ပြီ။ အိမ်မက်အကောင်အထည်ဖော်‌ဆောင်ခြင်းခြေလှမ်းများကို မင်းတို့ နှစ်ယောက်ဆီပဲ လွှဲထားလိုက်တော့မယ်နော်။ တစ်ခုခုလိုတာရှိရင် ငါ့ကိုသာ ဖုန်းဆက်လိုက်။ မင်းတို့ ငွေလိုတာမျိုးရှိရင် မရှက်ဘဲ ငါ့ကို ချက်ချင်းသာပြော"

"ပြီးတော့ မာကြီး။ အရင်က မင်းကိုပြောပြထားတဲ့ ရင်းနှီးမြှုပ်နှံမှု လျှို့ဝှက်ချက်တွေကို မမေ့နဲ့ဦး" မာယန်က အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။

"စိတ်မပူပါနဲ့ ညီကိုချမ့် ငါ့တာဝန်သာ ထားလိုက်စမ်းပါ။ အကုန်လုံး အဆင်ပြေစေရမယ်"

ဖေးချမ့် ဟဲသယ်ရှန်းဘက်ကို လှည့်လိုက်ပါသည်။ "ဖူဟွေ့ ရင်းနှီးမြှုပ်နှံမှုက မင်းကို လစာဘယ်လောက် ပေးလဲ"

ဟဲသယ်ရှန်း တွန့်ဆုတ်သွားပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်က ဘော့စ်ဖေးရဲ့ ကြွယ်ဝတဲ့ ရင်းနှီးမြှုပ်နှံမှု အသိပညာတွေကို သင်ယူဖို့လာခဲ့တာလို့ ပြောပြီးပြီလေ။ လစာကတော့... ကျွန်တော့်ကို အများကြီး မပေးလည်း ရပါတယ်"

ဖေးချမ့်က လက်ဖြင့် တားလိုက်သည်။ "အမှန်တိုင်း ပြောစမ်းပါ။ သူတို့ မင်းကို ဘယ်လောက်ပေးလဲ"

ဟဲသယ်ရှန်း ပြန်ဖြေလိုက်၏။ "ယွမ် ၈,၀၀၀ လောက်ပါ။ အဲ့တာကလည်း ကျွန်တော် ရင်းနှီးမြှုပ်နှံမှုလက်ထောက်တစ်ယောက်အနေနဲ့ ရခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှု မန်နေဂျာဆိုရင်တော့..."

ဖေးချမ့် စကားဖြတ်ပြောလိုက်ပါသည်။ "ငါ မင်းကို ၁၆,၀၀၀ ယွမ်ပေးမယ်။ ပြီးတော့ လစဉ် အထူးထောက်ပံ့ကြေအနေနဲ့ ယွမ် ၄,၀၀၀ လည်းပေးဦးမယ်။ အဲ့တော့ စုစုပေါင်း မင်းရဲ့ လစာက ယွမ် ၂၀,၀၀၀ ပဲ"

ဟဲသယ်ရှန်းကြောင်စီစီဖြစ်သွားသည်။ "ဘော့စ်ဖေး အရမ်းများလွန်းပါတယ် ပြီးတော့ ကျွန်တော် အထူးထောက်ပံ့ကြေး ရစရာလည်း ဘာအကြောင်းမှ မရှိဘူးလေ"

ဖေးချမ့်က သူ့ပခုံးကို ပုတ်ပေးကာ ပြောလိုက်ပါသည်။ "အဲ့တာက ဘော့စ်မာနဲ့ ဂိမ်းအတူကစားတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မယ့်အတွက် လျော်ကြေးပေးတာပါ"

ဒီအပတ်အားလပ်ရက်တွင် ဖေးချမ့် ဘာမှလုပ်စရာ များများစားစား မရှိခဲ့ပေ။ အွန်လိုင်းပေါ်မှ အိမ်များကို ရှာဖွေကြည့်နေသည်။ သူ့အစီအစဉ်က အိမ်ခြံမြေ ကောင်းကောင်းတစ်ခုကို ရှာပြီး ငွေအပြည့်ချေကာ သူ့မိဘတွေကို အိမ်ပြောင်းခိုင်းဖို့ဖြစ်သည်။

ဘော့စ်ဖေးအတွက် နေထိုင်ဖို့ကတော့...

သူလည်း အိမ်ပြောင်းဖို့အတွက် စစဉ်းစားလို့ ရနိုင်ပါပြီ။

သို့သော်လည်း ဖေးချမ့်က ယခုနေသည့်နေရာမှာပဲ သက်တောင့်သက်သာရှိနေပါသည်။ အခု အိမ်ပြောင်းရမှာ ပျင်းလွန်းနေသဖြင့် အလောတကြီး လုပ်ဖို့မလိုဘူးဟု တွေးလိုက်၏။

နိုဝင်ဘာလ ၈ ရက်၊ တနင်္လာနေ့...

လက်ထောက်ရှင်းက ချန်းယောင်ကို ဆက်သွယ်ပြီးပြီ ဖြစ်ကာ သူ ကျင်းကျိုးမြို့ကို လာရောက်ဖို့အတွက် လေယာဉ်လက်မှတ်များ ဝယ်ပေးထားပြီးပြီ ဖြစ်သည်။

ဒီတွေ့ဆုံပွဲက ဘော့စ်ဖေးအတွက် အတော်လေး အရေးကြီးသည်။ ညာလက်ရုံးကောင်းကောင်းကို ငှားရမ်းနိုင်ပါက ဘော့စ်ဖေးရဲ့ အနာဂတ်စိုးရိမ် ကြောင့်ကြမှုတွေ အကုန်လုံး ပျောက်ကွယ်သွားပါလိမ့်မည်။

ထိုသို့ဆိုကာမှ ဖေးချမ့် စိတ်အရှုပ်ရဆုံးအချက်မှာ သူ့ရဲ့ မရေမတွက်နိုင်အောင် များပြားသော ဝန်ထမ်းတွေထဲက တစ်ယောက်တစ်လေမှ သူ့ဝန်တွေကို ကူထမ်းမပေးနိုင်ခြင်း ဖြစ်သည်။ တချို့က ပထမတော့ အားကိုးရမည့်ပုံပေါ်သော်လည်း လပိုင်းလောက်ကြာသည့်အခါ ရူးသွပ်သည့်အရာများကို စလုပ်လာတတ်သည်။

သူ့ဝန်ထုပ်ဝန်ပိုးကို တကယ်တမ်းကူသယ်ပေးနိုင်သည့် တစ်ဦးတည်းသော လူမှာ မာယန် ဖြစ်သည်။ သို့သော်လည်း မာယန်က လူတစ်ဝက်စာလောက်သာ အားကိုးရသည့်လူဖြစ်သည်။

ဘော့စ်ဖေး စိတ်ပျက်မိပါသည်။

သူ့ဝန်ထုပ်ဝန်ပိုးများကို ကူထမ်းပေးမည့်လူမျိုးကို ရှာတွေ့နိုင်ဖို့ မစောင့်နိုင်တော့ပေ။ ထို့နောက် ထိုလူ့ကို ချက်ချင်း လေးလံသည့် တာဝန်များ ပေးအပ်ကာ လုပ်ငန်းအားလုံးကို ဦးဆောင်ခိုင်းလိုက်မည်။

ဖေးချမ့် အလွန်မျှော်လင့်ထားမိ၏။ ချန်းယောင်က သူမြေလှန်ရှာဖွေခဲ့ရသည့်လူမျိုးဖြစ်ဖို့ မျှော်လင့်နေပါသည်။

နေ့လည် ၂ နာရီတွင် ဧည့်ကြိုခန်းထဲ၌ ဖေးချမ့် ချန်းယောင်ကို တွေ့ခဲ့ပါသည်။ ဒီ့မတိုင်ခင်က လက်ထောက်ရှင်းထံမှ ဥက္ကဌချန်း၏ လက်ရှိအခြေအနေ အကြောင်းကို ဖေးချမ့် စုံစမ်းထားသေးသည်။

ချန်းယောင်က ဟုံချန်းနည်းပညာ၏ ဒုဥက္ကဌဟောင်းဖြစ်၏။ ရာထူးမြင့်ဝန်ထမ်းတစ်ယောက် ဖြစ်သော်လည်း ဘော့စ်တော့ မဟုတ်ပေ။ ထို့ကြောင့် ဟုံချန်းနည်းပညာ ပြိုလဲသွားပြီးနောက် ဘော့စ်က တရားဝင် အကြွေးတင်သူ ဖြစ်သွားသော်လည်း ချန်းယောင်၏ ဘဝနဲ့ နောက်ဆက်တွဲအလုပ်တွေအပေါ်တော့ သက်ရောက်မှု မရှိခဲ့ပေ။

အမှန်ပင်။ ချန်းယောင်ကလည်း မပျော်ရွှင်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူ့အလုပ်ကို ဆုံးရှုံးခဲ့တာပဲ မဟုတ်လား။ လက်ထောက်ရှင်း ပြောစကားအရဆို ဒုဥက္ကဌချန်းကလည်း အလွန်ရည်မှန်းချက် ကြီးမားသည့် လူတစ်ယောက် ဖြစ်သည်။ ဟုံချန်းနည်းပညာကြီး ပျက်စီးသွားပြီးနောက် ဒုဥက္ကဌချန်းက ကုမ္ပဏီများစွာထံမှ ကမ်းလှမ်းချက်များကို ရရှိခဲ့ပါသည်။ သို့သော်လည်း အားလုံးကို ငြင်းဆန်ခဲ့၏။

အဘယ့်ကြောင့်ဆိုသော် တစ်ခုမှ သူ အကြိုက်မတွေ့တာကြောင့် ဖြစ်ပါသည်။

တချို့က အသေးစား ဆဲလ်ဖုန်းထုတ်လုပ်ရေး လုပ်ငန်းများဖြစ်ကာ တချို့ကတော့ ဆဲလ်ဖုန်း အတုအယောင်များ ထုတ်လုပ်နေကြတာ ဖြစ်သည်။

လေးနက်ပြီး အတည်ပေါက် လုပ်ကိုင်မည့် ဆဲလ်ဖုန်း ကုမ္ပဏီမျိုးကိုသာ ရှာဖွေနေသဖြင့် ချန်းယောင်က အားလုံးကို ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့ လေးနက်သည့် ဆဲလ်ဖုန်းကုမ္ပဏီကြီးများက သူ့ကို အထင်သေးကြပါသည်။

ထို့ကြောင့် ချန်းယောင် အလုပ်လက်မဲ့ ဖြစ်နေဆဲပင်။

ဖေးချမ့်ကတော့ အတော်လေး အဆင်ပြေသည်ဟု ထင်မိပါသည်။

သူ့လို ပါရမီရှင်မျိုးက ဆဲလ်ဖုန်းအတုတွေထုတ်လုပ်တဲ့ လုပ်ငန်းကို ရောက်သွားပါက နှမြောဖို့မကောင်းလွန်းဘူးလား။

ငါနဲ့ ဆဲလ်ဖုန်းတွေ အတူထုတ်လုပ်မှ မင်းရဲ့ အစွမ်းအ စအပြည့်အဝကို ရောက်နိုင်မှာ။

ဖေးချမ့် ထိုအကြောင်း စဉ်းစားနေစဉ် ဧည့်ကြိုအခန်းတံခါး ပွင့်လာခဲ့သည်။

ဖေးချမ့် မတ်တပ်ရပ်လိုက်ပြီး ချန်းယောင်ကို ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် မြင်လိုက်ရပါသည်။ သူက အရပ်မရှည်ပေ။ ၁.၇ မီတာအောက် ပိုပုသည်။ ပိန်ပါးပြီး အားနည်းသည့် ပုံပေါ်သော်လည်း ကိုယ်ထဲက စွမ်းအင်တွေ ဖြာထွက်နေသလို ခံစားရပါသည်။

"ဘော့စ်ဖေး နေကောင်းရဲ့လား"

ချန်းယောင် ဖေးချမ့်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ အတော်လေး ခိုင်မာသည့် လက်ဆွဲနှုတ်ဆက်မှုတစ်ခု ဖြစ်သည်။

အနှစ်ချုပ်အားဖြင့် ချန်းယောင်အပေါ် ဖေးချမ့်၏ ပထမဆုံးအထင်အမြင်မှာ အလုပ်ဖြင့် သက်သေပြတတ်သူ ဖြစ်သည်။ အတော်လေး ခေါင်းမာပြီး အထင်အမြင်ကြီးသူဖြစ်မည်ဟုလည်း ဖေးချမ့် ခန့်မှန်းမိပါသည်။

အလုပ်ဖြင့်သက်သေပြတတ်သူဖြစ်ရင်တော့ ပိုကောင်းတာပေါ့။

ဘော့စ်ဖေးက လူဖျင်းများကို ပိုပြီး ဦးစားပေးသော်လည်း ဒီလိုအချက်အချာကျသည့် စီမံရေးရာထူးတစ်ခုအတွက် အလုပ်ဖြင့် သက်သေပြတတ်သူ တစ်ယောက် အကောင်းဆုံး လောင်းကြေးတစ်ခု ဖြစ်ပါသည်။

ငွေကို များများ ပိုဖြုန်းပေးတတ်သည့် ဝန်ထမ်းများကို ဖေးချမ့်က ပိုသဘောကျသည်။

ထို့အပြင် ချန်းယောင်က ခေါင်းမာသည့်ပုံစံဖြစ်လျှင် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကိုပဲ ကပ်တွယ်နေသူဖြစ်နိုင်သည်။ အဆိုးဆုံးအနေဖြင့် ဧရာမ ဆုံးဖြတ်ချက် အမှားကြီးများ ချလိမ့်မည်။ အကောင်းဆုံးအနေနဲ့တော့ စီမံရေးအဖွဲ့အတွင်းမှာ သဘောထားကွဲလွဲမှုနဲ့ အတိုက်အခံများ ဖြစ်လာအောင် ဦးဆောင်ပေးသွားပါလိမ့်မည်။

အနှစ်ချုပ်အားဖြင့်ဆိုရလျှင် ဒီဒုဥက္ကဌကြီးက ဟုံချန်းနည်းပညာလို ကုမ္ပဏီအကြီးစားတစ်ခုကိုတောင် ပြိုလဲသွားစေခဲ့သူဖြစ်သည်။ ဒီလောက်ခန်းနားသည့် တာဝန်ကြီးကို ဖြစ်မြောက်အောင်လုပ်နိုင်သည့် တကယ့်စကေး ရှိလောက်ပါသည်။

ဖေးချမ့် သူ့အပေါ် မျှော်လင့်ချက်မြင့်မြင့်ထားထားသည်။

ဧည့်ကြိုခန်းထဲတွင် ကိုယ်စီထိုင်လိုက်ကြပြီး တစ်ယောက်ယောက်က လက်ဖက်ရည် လာဧည့်ခံပါသည်။ သူတို့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံကြတာ ဖြစ်သောကြောင့် ယဉ်ကျေးမှုအရ စကားတချို့ ဖလှယ်လိုက်သည်။ ထို့နောက် ဖေးချမ့် အဓိက အကြောင်းအရာကို ပြောလိုက်ပါသည်။ "ဒုဥက္ကဌချန်း အမှန်တိုင်းပြောရရင် ခင်ဗျားရဲ့ ပါရမီကို ကျွန်တော် အသိအမှတ်ပြုတယ်။ ထန်းတာ့က နည်းပညာကုမ္ပဏီတစ်ခု တည်ထောင်ဖို့ စီစဉ်ထားတယ်လေ။ ကျွန်တော်တို့ ဆဲလ်ဖုန်းတွေနဲ့ ခြေလှမ်းစကြမယ်။ ခင်ဗျားရဲ့ အဖိုးတန် အတွေ့အကြုံတွေက အရမ်း အရေးကြီးမယ်ထင်တယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အဖွဲ့ထဲ ဝင်ပေးပါ"

ချန်းယောင် ကြက်သေ သေသွားခဲ့သည်။ ဘော့စ်ဖေး ဒီလောက် တဲ့တိုးဆန်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ချန်းယောင်ကလည်း အလုပ်ရှာဖွေနေသူဖြစ်ပြီး ဘော့စ်ဖေးကလည်း အလုပ်သမား ရှာဖွေနေသူ ဖြစ်၏။ ချန်းယောင်က အရင်ဆုံး တောင်းဆိုရမည့်လူဖြစ်သည်။

သို့သော်လည်း ဘော့စ်ဖေးက ဒါတွေ အရေးမစိုက်ဘဲ ပါရမီရှင်များအား ခန့်အပ်ဖို့ သူ့စိတ်အားထက်သန်မှုကို ထုတ်ပြခဲ့သည်။ ချန်းယောင် သူ့ရဲ့ ရိုးသားမှုကို မြင်နိုင်ပါသည်။

သူ အလွန် စိတ်ခံစားသွားရ၏။

သို့သော်လည်း ချက်ချင်းတော့ သဘောမတူသေးပေ။ ထို့အစား တွန့်ဆုတ်စွာဖြင့် ပြောလိုက်၏။ "ဘော့စ်ဖေး ကျွန်တော်တို့ စိတ်သဘောထားချင်းတူရဲ့လားဆိုတာ အရင်ဆုံး ဆွေးနွေးကြရအောင်လား"

"လုပ်ငန်းတစ်ခု ဖွံ့ဖြိုးတိုးတက်တဲ့ပုံစံအပေါ် ကျွန်တော့်မှာ ကိုယ်ပိုင် အယူအဆတွေရှိတယ်။ နောက်ပိုင်းကျမှ ကျွန်တော်တို့ အမြင်ချင်း ပဋိပက္ခဖြစ်တာမျိုးကို မလိုချင်ဘူး။ အဲ့အချိန်ကျမှဆိုရင် နောက်ပြန်လှည့်ဖို့က အရမ်း ခက်သွားမယ်"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "မှန်ပါတယ်။ ကျွန်တော်လည်း အဲ့လိုပဲ တွေးမိတယ်။ ဒါဆို အသေးစိတ် ပြောကြတာပေါ့။”

"ကုမ္ပဏီတစ်ခုကို ကျွန်တော်တို့ စတည်ထောင်တဲ့အခါ အဆုံးသတ် ပန်းတိုင်က ဘာဖြစ်သင့်တယ်လို့ ထင်လဲ"

ချန်းယောင် ခေတ္တ စဉ်းစားကြည့်လိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ "ရှန်းဟွာကို စျေးကွက်ထဲက ကန်ထုတ်ဖို့ပဲ"

All Chapters