← Chapters

နှစ်ယောက်စလုံး အိပ်မက်ဆန်သူတွေ

Vol. 22 Ch. 323

နှစ်ယောက်စလုံး အိပ်မက်ဆန်သူတွေ

Vol. 22 Ch. 323

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ "ပန်းတိုင်ရှိတာ ကောင်းပါတယ်။ ဒါပေမယ့် ခေတ်မှီလူနေမှုပတ်ဝန်းကျင်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးပြုနိုင်ဖို့က ပိုပြီး အရေးကြီးမယ်ထင်တယ်။ အားလုံးကို တစ်ဖက်ပဲ အနိုင်ရမှ ဖြစ်မယ်လို့ မြင်နေရင်တော့ ရလဒ်က အရမ်း သေးသိမ်လိမ့်မယ်နော်"

"ပြီးတော့လည်း ကျွန်တော်တို့ ဒီထက်ပိုပြီး အမြော်အမြင်ရှိသင့်တယ်လို့ ထင်တယ်။ ရှန်းဟွာရဲ့ ဆဲလ်ဖုန်းလုပ်ငန်းက မဆိုးပါဘူး။ ဒါပေမယ့် ပြည်တွင်း စျေးကွက်မှာပဲ သူတို့က နာမည်ရှိကြတာ။”

ချန်းယောင် ရပ်တန့်သွားသည်။ "ဘော့စ်ဖေး ဘာကို ဆိုလိုတာလဲ"

"ကျွန်တော်တို့ရဲ့ အဆုံးသတ်ပန်းတိုင်က မြင့်မားဖို့လိုတယ်လေ။ ရှန်းဟွာဂိမ်းကို စျေးကွက်ထဲကနေ ကန်ထုတ်ဖို့ဆိုတာထက် ကျွန်တော်တို့ Pineapple ကို အနိုင်ယူသိမ်းပိုက်သင့်တာပေါ့"

ချန်းယောင် ချက်ချင်းပဲ လေးစားမှုများ ပြည့်နှက်သွားခဲ့သည်။ ဒီခံစားချက်ကြီးက ဘာကြီးလဲ။ သူ့အကြောင်း အတွင်းကျကျသိတဲ့ မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ခံစားချက်ကြီး။

ဒါက နှစ်ဖက်သွား ရွေးချယ်မှုမျိုးဖြစ်မှန်း ချန်းယောင် ကောင်းကောင်းသိပါသည်။ ဘော့စ်ဖေးက သူ့ကို အလုပ် ခန့်ရမလား မခန့်ရမလား စဉ်းစားနေစဉ် သူကလည်း ဘော့စ်ဖေးလက်အောက်မှာ အလုပ်လုပ်သင့်သလား မလုပ်သင့်ဘူးလား စဉ်းစားနေခြင်းဖြစ်သည်။

ချန်းယောင်က အမြဲတမ်း ကိုယ့်စိတ်ရှိအတိုင်းကိုယ် ပြောရတာကို အသားကျသူဖြစ်၏။ ဝေ့လည်ကြောင်ပတ် မပြောတတ်ပါ။ ထို့ကြောင့် အငြင်းပွားစရာ Weibo ပို့စ်များကို မကြာခဏတင်တတ်ပြီး သတင်းစာရှင်းလင်း ပွဲတွေမှာလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။ ထို့ကြောင့် 'လေလုံးထွားချန်း' ဟူသည့် နာမည်ပြောင်ကိုတောင် ရရှိခဲ့ပါသည်။

နည်းပညာကုမ္ပဏီများစွာ၏ ဘော့စ်တွေလည်း သူ့ကို သဘောမကျကြပေ။ သူက အလုပ်နဲ့ သက်သေမပြတတ်သော ငကြွားတစ်ယောက်သာဖြစ်သည်ဟု တွေးကြသည်။

ဒီလိုဆိုရင်တောင် သူ့စတိုင်ကို ပြောင်းလဲဖို့ ချန်းယောင် ဘယ်တော့မှ မစဉ်းစားဖူးပေ။ သူတို့ကို စိတ်ထဲကသာ လှောင်ပြောင်ခဲ့၏။ ဒီလို ပမွှားလေးတွေက ကြီးမြတ်သူတွေရဲ့ ရည်မှန်းချက်တွေကို ဘယ်လို ခန့်မှန်းနိုင်ပါ့မလဲ။

တစ်နေ့နေ့တော သူ့ကို နားလည်နိုင်မည့် ဘော့စ်တစ်ယောက်ကို တွေ့နိုင်လိမ့်မည်ဟု သူယုံကြည်ထားသည်။

ယခု ဘော့စ်ဖေးက Pineapple ကို အနိုင်ယူသိမ်းပိုက်မည်ဟု ပြောလိုက်ခြင်းဖြင့် သူ့တွေးပုံခေါ်ပုံက ချန်းယောင်နဲ့ တစ်ထပ်တည်းကျမှန်း ပြသလိုက်ပြီဖြစ်သည်။

ထို့အပြင် ဘော့စ်ဖေးက သူ့ထက်တောင် ပိုပြီး ရည်မှန်းချက် မြင့်နေပါသေးသည်။

ဟုတ်တယ်။ သူများတွေကို ဘာလို့ စျေးကွက်ထဲကနေ ကန်ထုတ်ရမှာလဲ။ သိမ်းပိုက်လိုက်တာက ပိုမကောင်းဘူးလား။

လေးလေးနက်နက် တွေးနေသလိုမျိုး ချန်းယောင် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်ပါသည်။ "အကြံကောင်းပဲ ဘော့စ်ဖေး"

ဖေးချမ့် ခေတ္တစဉ်းစားလိုက်ပြီး မေးလိုက်ပါသည်။ "ခင်ဗျားရဲ့ လုပ်ငန်းစတိုင်က ဘယ်လိုမျိုးလဲ။"

ချန်းယောင် ချက်ချင်းပဲ ပြန်ဖြေလိုက်ပါသည်။ "ကျွန်တော်က တကိုယ်တည်း ဆုံးဖြတ်ပြီး လှုပ်ရှားရတာကို ပိုသဘောကျတဲ့ သီးခြား အလုပ်သမားတစ်ယောက်ပါ။ ကျွန်တော့် လက်အောက်ငယ်သားတွေအကုန်လုံး ကျွန်တော့် အမိန့်ကိုပဲ နာခံဖို့ မျှော်လင့်ထားတယ်။ ကျွန်တော်က ပြီးပြည့်စုံတာကို သဘောကျတဲ့ လူတစ်ယောက်လည်း ဖြစ်တယ်။ ပြီးပြည့်စုံတယ်ဆိုတာထက် နိမ့်တဲ့ အရာမှန်သမျှကို လက်မခံနိုင်ဘူး"

ဖေးချမ့် ခေါင်းငြိမ့်လိုက်၏။ "ကောင်းတာပေါ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ ဒါမျိုးတွေးရမှာ တခြားသူတွေရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ မခံရဘူး။ ကျွန်တော်လည်း ခင်ဗျားလိုပဲ"

"ဆဲလ်ဖုန်းတွေရဲ့ ပုံပန်းသဏ္ဌာန်တွေပေါ် မူတည်ပြီးတော့ကော ခင်ဗျားရဲ့ သဘောထားက ဘယ်လိုရှိလဲ။ ကျွန်တော်တို့ ဆဲလ်ဖုန်းတွေကို Pineapple နဲ့ တူအောင် လုပ်သင့်တယ်ဆိုတာကို သဘောတူလား"

ချန်းယောင်က ဆုံးဖြတ်ချက် ပြတ်သားစွာ ငြင်းဆန်လိုက်ပါသည်။ "ကျွန်တော်တို့ အဲ့တာမျိုး လုံးဝ ခွင့်ပြုလို့ မဖြစ်ဘူး။ ဆဲလ်ဖုန်းတစ်ခုရဲ့ ပုံပန်းသဏ္ဌာန်က ဘရန်းအတွက် အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ ဆဲလ်ဖုန်းတွေကို တခြားသူတွေရဲ့ မော်ဒယ်အတိုင်း လိုက်ဖန်တီးလို့ မရဘူး။ ကျွန်တော်တို့ ဒီဇိုင်းဆွဲမယ့် ဆဲလ်ဖုန်းက ထူးခြား ပြိုင်ဘက်ကင်းနေရမယ်"

ဖေးချမ့် မေးလိုက်သည်။ "ဒါဆို ဆဲလ်ဖုန်း စျေးနှုန်းတွေကိုကော ဘယ်လိုသဘောရလဲ။ ကျွန်တော်တို့ စျေးပေါပေါ ဆဲလ်ဖုန်းတွေကို ရောင်းသင့်လား"

အနည်းငယ်တွေးပြီးနောက် ချန်းယောင် ပြန်ပြောလိုက်ပါသည်။ "အဆင့်မြင့်မော်ဒယ်တွေကို ဖန်တီးမှ ကျွန်တော်တို့ နည်းပညာကုမ္ပဏီရဲ့ စွမ်းရည်တွေကို တကယ် ဖော်ပြနိုင်မှာ ထင်တယ်"

နောက်တစ်ဖန် ဖေးချမ့် ထပ်မေးလိုက်သည်။ "ပြည်တွင်းဆဲလ်ဖုန်းတွေအတွက် ရှန်းဟွာက ကိုယ်စားပြု ဖြစ်နေတာကို ဘယ်လိုထင်လဲ"

ချန်းယောင်က ဝံ့ကြွားစွာ ဖြေလိုက်ပါသည်။ "သူတို့ တော်ကြပါတယ်။ ဒါပေမယ့် တစ်နေ့ကျရင် သူတို့ကို ကျွန်တော်တို့ ကျော်တက်စေရမယ်"

ဖေးချမ့် လက်မထောင်ပြလိုက်ပါသည်။ "အရမ်းကောင်းတယ် ကျွန်တော်လည်း အဲ့လိုပဲ ထင်တာပဲ"

ဖေးချမ့် ချန်းယောင်ကို အလွန်အမင်း ကျေနပ်အားရသွားပါသည်။ သူက ဖေးချမ့်ရဲ့ မျှော်လင့်ချက်တွေနဲ့ လုံးဝ ကိုက်ညီမှုရှိသည်။ ဖေးချမ့်မှာ ဘယ်လို ဆဲလ်ဖုန်းမျိုးကို ထုတ်လုပ်ရမလဲဆိုတာ ယေဘုယျ အစီအစဉ် ချထားပြီးသား ဖြစ်သည်။

နောက်ပိုင်း ထွက်ရှိမည့် ဆဲလ်ဖုန်း ဘရန်းများက ၎င်းတို့၏ စျေးနှုန်း-အရည်အသွေးအချိုးကို အာရုံစိုက်ထားပါက သေချာပေါက် အောင်မြင်နိုင်ဖို့ အခွင့်အရေး အမြင့်ဆုံး ဖြစ်ပါသည်။ အမြတ်အစွန်းကို အနိမ့်ဆုံးဖြစ်အောင် သတ်မှတ်လိုက်ခြင်းအားဖြင့် ထိုဘရန်းတွေက ၎င်းတို့၏ ဆဲလ်ဖုန်းများကို တခြား နာမည်ကြီး ထုတ်လုပ်သူတွေထက် စျေးနှုန်း-အရည်အသွေး အချိုး ပိုပြီး ကောင်းမွန်သည့်ပုံ ပေါက်စေနိုင်သည်။ ဒါမှ နောက်ပိုင်း ပေါ်ထွက်လာမည့် ဘရန်းများက အလယ်လတ်တန်းနဲ့ အဆင့်နိမ့်တန်း စျေးကွက်များကို လွှမ်းမိုးနိုင်မှာ ဖြစ်ပါသည်။

နောက်ထပ် ၁၀ နှစ်ဝန်းကျင်အချိန်အတွင်းမှာ ပြည်တွင်း စီးပွားရေး အခြေအနေက ဆက်လက် ဖွံ့ဖြိုးတိုးတက်နေမှာ ဖြစ်သည်။ သို့သော်လည်း အနှစ်ချုပ်အားဖြင့် တချို့ နယ်ပယ်များတွင် တခြားသူများထက် ပိုပြီး တိုးတက်မှု လျင်မြန်နိုင်ပါသည်။ ထို့ကြောင့် လူတွေက စျေးနှုန်း-အရည်အသွေး အချိုးအပေါ် ဆက်လက် အလေးထား ဆောင်ရွက်ကြလိမ့်မည်။

တစ်နည်းအားဖြင့် စျေးပေါသော်လည်း ကောင်းမွန်သည့် ဆဲလ်ဖုန်းများအတွက် စျေးကွက်တစ်ခုတော့ အမြဲတမ်း ရှိနေပါလိမ့်မည်။

ဖေးချမ့်၏ ရည်မှန်းချက်က သူ့ဆဲလ်ဖုန်း လုပ်ငန်းကို ကျရှုံးစေချင်တာ ဖြစ်သောကြောင့် ဆန့်ကျင်ဘက်ကို လုပ်ရမည်။ အဆင့်နိမ့်တန်း သို့မဟုတ် အလယ်လတ်တန်း စျေးကွက်များအပေါ် အာရုံစိုက်ထားလို့ မရသလို သူ့ဆဲလ်ဖုန်းတွေရဲ့ စျေးနှုန်း - အရည်အသွေး အချိုးကိုလည်း အာရုံစိုက်ထားလို့ မရပါ။

အဆင့်မြင့် စျေးကွက်ကိုသာ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပစ်မှတ်ထားရလိမ့်မည်။

လောလောဆယ် ပြည်တွင်း အဆင့်မြင့်စျေးကွက်ကို လွှမ်းမိုးထားသည့် ဘရန်း ၃ ခုသာ ရှိသည်။ Pineapple, MSC နဲ့ ရှန်းဟွာတို့ ဖြစ်သည်။ ထို့အပြင် ရှန်းဟွာကလည်း ၎င်း၏ ပင်ရင်းမော်ဒယ်ကို ယွမ် ၅,၀၀၀ ဝန်းကျင်သာ စျေးသတ်မှတ်ရဲသည်။

တခြား ကုမ္ပဏီတွေက အဆင့်မြင့် စျေးကွက်ထဲ စျေးကွက်ရှယ်ယာတစ်ခု ရလာအောင် တိုက်ခိုက်ဖို့ ကြိုးစားကြသော်လည်း လုံးဝ ကျရှုံးသွားကြပါသည်။ ထို့ကြောင့် အရှုံးပေါ်ဖို့ စိတ်အချရဆုံး နည်းလမ်းက အဆင့်မြင့် စျေးကွက်ထဲ ကြိုးစားဝင်ရောက်ဖို့ ဖြစ်မှန်း လူတိုင်း ပြောနိုင်ပါသည်။

ချန်းယောင်ကလည်း ဘော့စ်ဖေးနဲ့ တစ်ဖက်တည်းမှာ ရှိနေတာ သိသာပါသည်။

ဒီစကားဝိုင်း အတိုလေးမှ တဆင့် ချန်းယောင်က သူပထမ ခန့်မှန်းထားတာထက် အနည်းငယ် ခြားနားနေမှန်းလည်း ဖေးချမ့် သိလိုက်ရပါသည်။ အစကတော့ ချန်းယောင်က မြင့်မြင့်မားမား ရည်မှန်းချက်ထားတတ်သူတစ်ဦးဟုသာ ဖေးချမ့် တွေးထားခဲ့သည်။

သို့သော်လည်း ယခုတော့ ချန်းယောင်မှာ ရှင်းလင်းသည့် ပန်းတိုင်တစ်ခုရှိမှန်း ဖေးချမ့် သိလိုက်ရပါပြီ။

ထို့အပြင် ဒုဥက္ကဌချန်းကို ခေတ္တ အကဲခတ်ကြည့်ပြီးနောက် တခြား အရည်အချင်းတွေလည်း ရှိနေသေးတာကို ဖေးချမ့် တွေ့လိုက်ရပါသည်။

ဥပမာအားဖြင့်... သူ့ပြိုင်ဘက်တွေကို အထင်မသေးတတ်ပါ။ ထို့အစား ရှန်းဟွာ၏ အောင်မြင်မှုများကို အသိအမှတ်ပြုပြီး ဝန်ခံထားပါသည်။

ထို့အပြင် ဒုဥက္ကဌချန်းက လက်တွေ့မှာ အလွန် ယဉ်ကျေးပြီး ရည်မွန်ပါသည်။ သူ့ဆီက မာန အရိပ်အယောင် အနည်းငယ် ရသော်လည်း ပေါင်းသင်းဆက်ဆံဖို့ မဖြစ်နိုင်တဲ့လူမျိုးတော့ မဟုတ်ပါ။ ထင်သလောက် ခေါင်းမာပြီး ဆရာလုပ်တတ်သည့် ပုံစံလည်း မပေါ်ပေ။

သို့သော်လည်း ဒီပြစ်ချက်အသေးစားလေးများက သူ့အပေါ် ဖေးချမ့်၏ အကဲဖြတ်မှုကို သက်ရောက်မှုမရှိပါ။

ဘာပဲဖြစ်ဖြစ် ချန်းယောင်က အဆင့်မြင့်စျေးကွက်တွင်း ဝင်ရောက်ဖို့ စိတ်ကို ဆုံးဖြတ်ချက်ချထားသည်။ တစ်နည်းအားဖြင့် သူက ဘော့စ်ဖေးနဲ့ တစ်ဖက်တည်းမှာ ရှိနေပြီး အလွန် တန်ဖိုးရှိသည့် လူတစ်ယောက် ဖြစ်ပါသည်။

ဖေးချမ့်က အတည်ပြုဖို့အတွက် ချန်းယောင်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပြင်လိုက်စဉ်... မေးခွန်းအနည်းငယ်ကို ရုတ်တရက် တွေးမိသွား၏။ ချက်ချင်း လက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။

"စိတ်မရှိရင် ဟုံချန်းနည်းပညာမှာ ခင်ဗျားအလုပ်လုပ်ခဲ့တုန်းက တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလားဗျ" ကုမ္ပဏီကြီးရဲ့ ပြိုလဲမှုအတွက် တာဝန်ရှိသူက ချန်းယောင်လား၊ ဟုံချန်းနည်းပညာရဲ့ ဘော့စ်လားဆိုတာကို ဖေးချမ့် အတည်ပြုဖို့လိုပါသည်။

ချန်းယောင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏။ "အင်... အခု ကျွန်တော်လည်း ထွက်လာပြီဆိုတော့ ကျွန်တော့်ရဲ့ အလုပ်ရှင်ဟောင်းအကြောင်း ပြောဖို့က သိပ်မသင့်တော်ဘူး။ အသေးစိတ်ကျကျတော့ မပြောတော့ပါဘူး"

"ကျွန်တော်တို့နှစ်ယောက်စလုံးက အရမ်းကို ခြားနားတဲ့ ခံယူချက်တွေ ရှိကြတယ်လို့ပဲ ပြောနိုင်တယ်"

"ဟုံချန်းနည်းပညာက အဆင့်မြင့်စျေးကွက်ကို ပစ်မှတ်ထားသင့်တယ်လို့ ကျွန်တော် အမြဲတမ်း တွေးခဲ့မိတာ။ ဒါပေမယ့် လက်တွေ့မှာတော့ အဆင့်နိမ့်မော်ဒယ်တွေကိုပဲ ထုတ်လုပ်ကြတယ်။ ပြီးတော့ စျေးနှုန်းတွေကိုလည်း လျှော့တတ်ပြီး ပရိုမိုးရှင်းတွေ ဆင်းတဲ့ အလေ့အထတွေပါ ရှိတယ်။ ရလဒ်အနေနဲ့ ငွေကြေးစီးဆင်းမှုက ကြပ်တည်းလာတာပဲ"

"ဟုံချန်းနည်းပညာရဲ့ဘော့စ်က... နည်းနည်း အသုံးအဖြုန်းကြီးတယ်...။ အဲ့တာကြောင့် ပြဿနာက ပိုဆိုးသွားတယ်"

"နောက်ဆက်တွဲတွေအနေနဲ့... အရင်းအနှီး ကွင်းဆက်မှာ ယိုယွင်းမှုတွေ ဖြစ်လာကော။ ကျွန်တော်တို့ အခြေအနေကို အဖက်ဆယ်ဖို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး"

"ဒါပေါ့။ ရိုးရိုးသားသား ပြောရရင် အဲ့တုန်းက ကျွန်တော် ဦးဆောင်ထားရတဲ့ ပရောဂျက်တစ်ခုအတွက် ဖန်တီးမှုနဲ့ သုတေသန လုပ်ငန်းအတွက် ဘက်ဂျက်ကို ပိုသုံးခဲ့မိပါတယ်။ ဒါပေမယ့် အဲ့ဒီပရောဂျက်ရဲ့ ရလဒ်တွေက မကောင်းဘူး။ အဲ့တာကြောင့်လည်း ကျွန်တော်တို့ အရင်းအနှီးကွင်းဆက်ပြဿနာ ပိုဆိုးသွားတာ ပါတယ်"

ဖေးချမ့် ခေါင်းငြိမ့်လိုက်သည်။ "နားလည်ပါပြီ"

ကြည့်ရတာ ချန်းယောင်ကော၊ သူ့ဘော့စ်ကော နှစ်ယောက်စလုံးက ကုမ္ပဏီ၏ ကျရှုံးမှုအတွက် တာဝန်ရှိသူများဖြစ်ကြသည့်ပုံပင်။ နှစ်ယောက်စလုံး တစ်ယောက် အပြစ်ကို တစ်ယောက် မဖုံးနိုင်ကြပါ။

ဟုံချန်းနည်းပညာက အဆင့်နိမ့် မော်ဒယ်များကိုသာ ထုတ်လုပ်လေ့ရှိသည်။ ဖေးချမ့်လည်း ဒါကို သိပါသည်။

ပရိုမိုးရှင်းများ ဆောင်ရွက်ခြင်းက ဟုံချန်းနည်းပညာ၏ ရောင်းအားများကို တိုးမြင့်စေသော်လည်း ၎င်း၏ ငွေကြေး စီးဆင်းမှုကို အထောက်အကူ မဖြစ်စေခဲ့ပါ။ ထို့ကြောင့် 'ဟုံချန်းနည်းပညာက ဘယ်တော့မှ အကျိုးအမြတ် မရခဲ့ဘူး' ဟု အင်တာဗျူးထဲတွင် ဘော့စ်ပြောသွားတာ ဖြစ်နိုင်ပါသည်။

နောက်ဆုံးမှာတော့ ချန်းယောင်က အဆင့်မြင့် မော်ဒယ်များ ထုတ်လုပ်ဖို့ ခေါင်းမာခဲ့ပြီး ဖန်တီးသုတေသနလုပ်ငန်းစဉ်အတွက် ငွေအများကြီး သုံးဖြုန်းခဲ့သည်။ ထိုအခါ အရင်းအနှီးကွင်းဆက် ယိုယွင်းမှုမှ ကုမ္ပဏီကြီးတစ်ခုလုံး ပြိုလဲသွားသည့်အထိ ဖြစ်သွားခဲ့ပါသည်။

ဟုံချန်းနည်းပညာရဲ့ ဘော့စ် အသုံးအဖြုန်းကြီးတယ် ဆိုတာကတော့...

ချန်းယောင် အပြစ်လွှဲချဖို့ ကြံနေတာဟုသာ ဖေးချမ့် တွေးမိပါသည်။

သူက အသုံးအဖြုန်းကြီးတဲ့လူဆိုရင်တောင် ဘယ်လောက်များများ သုံးနိုင်မှာလဲ။ သန်း ဆယ်ချီ သို့မဟုတ် ရာချီတဲ့ အရင်းအနှီးကွင်းဆက်ကို ထိခိုက်အောင် ဘယ်လိုများ လုပ်နိုင်မှာလဲ။

သို့သော်လည်း ချန်းယောင် အပြစ်လွှဲချဖို့ ကြိုးစားနေတာကို ဖေးချမ့် စိတ်မဆိုးပေ။ ဒီလို ကြီးပွားပြီး အသိပညာကြွယ်တဲ့ ခေတ်ကြီးထဲမှာ ဘော့စ်ဖေးနောက်ဆုံးတော့ သူ့အတွက် ဉာဏ်နီဉာဏ်နက်များတဲ့ ညာလက်ရုံးတစ်ယောက်ကို ရှာတွေ့ခဲ့ပါပြီ။

ဘော့စ်ဖေးရဲ့ ယုံကြည်မှုအပြုံးကို မြင်ပြီး ချန်းယောင်လည်း ပြုံးလိုက်မိပါသည်။

လူယုံတော်တစ်ယောက်ပဲ။

ဟုံချန်းနည်းပညာမှာ ဖြစ်ပျက်ခဲ့သည့် ကိစ္စများအတွက် သူ အမြဲတမ်း စိတ်ဒုက္ခရောက်ရသည်။ ဟုံချန်းနည်းပညာ၏ ဒေဝါလီ ခံရမှုက တကယ်ပဲ သူနဲ့ ဘာမှ မဆိုင်ပါ။

အပေါ်ယံမှာတော့ သူက ဟုံချန်းနည်းပညာမှ ထုတ်လုပ်သည့် ထုတ်ကုန်များအတွက် ဦးဆောင်ရသည့်ပုံပေါက်သည်။ သို့သော်လည်း နောက်ကွယ်မှာတော့ ဆုံးဖြတ်ချက်တွေ ချနေတာ ဘော့စ်သာ ဖြစ်သည်။

ချန်းယောင်က အဆင့်မြင့်စျေးကွက်ထဲ ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ချကာ ကြိုးစားချင်သော်လည်း သူ့ဘော့စ်က ဆက်တိုက် တွန့်ဆုတ်နေခဲ့သည်။ ငွေကြေးမလုံလောက်မှု၊ လူအင်အား မလုံလောက်မှု စသည့် အကြောင်းပြချက်များကိုသာ ပြန်ရွတ်ပြလေ့ ရှိသည်။

ဘော့စ်က သူ့ရဲ့ 'ဝါသနာလေး'အတွက် သန်း ၁၂၀ ယွမ်လောက် သုံးဖြုန်းပစ်ခဲ့ပြီး ဟုံချန်းနည်းပညာ၏ အရင်းအနှီးကွင်းဆက်တွင် ယိုယွင်းမှုဖြစ်စေခဲ့ကာ ကုမ္ပဏီကိုလည်း အကြွင်းမဲ့ ပြိုလဲသွားစေခဲ့သည်။

ချန်းယောင်မှာ တခြားနည်းလမ်းမရှိခဲ့ပေ။ ဒီသတင်း မပေါက်ကြားရသေးသည့် တစ်ခုတည်းသော အကြောင်းအရင်းက သူက သစ္စာရှိပြီး ဖြောင့်မတ်သူ ဖြစ်တာကြောင့်သာ။ သူ့အလုပ်ရှင်ဟောင်းအကြောင်းကို မကောင်းပြောလို့မရပေ။ မဟုတ်ပါက သူ့ကို အတော်လေး စိတ်ပျက်စရာကောင်းသည်ဟု သူများတွေ ထင်သွားနိုင်ပါသည်။

သို့သော် ဘာကြောင့်မှန်းမသိဘဲ သူကပါ အပြစ်သား ဖြစ်လာခဲ့သည်။

ဟုံချန်းနည်းပညာလို ပြီးပြည့်စုံနေသည့် ကုမ္ပဏီကြီးက ချန်းယောင် ဒုဥက္ကဌဖြစ်လာပြီးမှ ဘာကြောင့် ချက်ချင်း ဒေဝါလီခံသွားရတာလဲဆိုတာ အားလုံး တွေးမိကြသည်။ ထိုအချိန်က စတင်ပြီး ချန်းယောင် ဆဲလ်ဖုန်းလုပ်ငန်းလောကထဲ ပြန်ဝင်ဖို့ အလွန်ခက်ခဲခဲ့ပါသည်။ ထုတ်လုပ်သူမှ သုံးစွဲသူအထိ တခြားသူတွေအားလုံးက သူ့ကို ရေသာခိုသမား တစ်ယောက်လိုသာ မြင်နေကြသည်။ ဘယ်သူမှ သူ့ကို မယုံကြည်ကြတော့ပေ။

သို့သော်လည်း ဘော့စ်ဖေးထံမှ မခံစားရတာ ကြာပြီဖြစ်သော နွေးထွေးမှုနဲ့ ယုံကြည်မှုတို့ကို ချန်းယောင် ခံစားမိပါသည်။

ဘော့စ်ဖေး ပြောခဲ့တဲ့ စကားတိုင်းက အစစ်အမှန် ဖြစ်မှန်း သူပြောနိုင်သည်။ ဘော့စ်ဖေးက သူ့ကို လိမ်ညာနေတာ မဟုတ်ပါ။ ထို့အပြင် ထိုနွေးထွေးသည့် အပြုံးကလည်း အတုအယောင် မဟုတ်လောက်ပေ။

ထိုအခိုက်အတန့်တွင် ဘော့စ်ဖေးက သူ့ကို လစာနိမ့်နိမ့် ကမ်းလှမ်းရင်တောင် ဆဲလ်ဖုန်း ထုတ်လုပ်ရေး အသေးစားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ရမယ်ဆိုရင်တောင် ဒီကုမ္ပဏီမှာပဲ အမြဲ စွဲမြဲသွားမည်ဖြစ်ပြီး ဘယ်တော့မှ လက်မလွှတ်တော့ပါဟု ချန်းယောင် ဆုံးဖြတ်လိုက်ပါသည်။

ချန်းယောင် မေးလိုက်၏။ "ဘော့စ်ဖေး ကျွန်တော်တို့ရဲ့ ပထမဆုံး ဆဲလ်ဖုန်းမော်ဒယ်ကို စျေးဘယ်လို သတ်မှတ်ရမလဲဆိုတာ မေးလို့ ရမလား"

ဖေးချမ့် ခေတ္တစဉ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော်တို့ရဲ့ ပထမဆုံး ဆဲလ်ဖုန်း မော်ဒယ်ကိုတော့... နည်းနည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ စျေးသတ်မှတ်သင့်တယ်"

ချန်းယောင် အနည်းငယ် စိတ်ပျက်သွား၏။ ဘာပဲဖြစ်ဖြစ် သူက အဆင့်မြင့်ဆဲလ်ဖုန်းတွေကိုသာ တကယ် ဖန်တီးချင်တာ ဖြစ်သည်။

သို့သော်လည်း ထပ်တွေးကြည့်မှ ဒါဖြစ်သင့်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့က တည်ထောင်ထားတာ မကြာသေးသည့် ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်သည်။ သူတို့ ဖင်မနိုင်ဘဲ ပဲကြီးစားတာမျိုး လုပ်ဖို့ ချန်းယောင် မျှော်လင့်ထားလို့ မရပေ။

ယုတ္တိရှိသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ပထမဆုံး ဆဲလ်ဖုန်းမော်ဒယ်က တည်ငြိမ်ရမည်ဖြစ်ပြီး အခြေအနေများကို စမ်းသပ်ဖို့သာ ရည်ရွယ်သည်။ နောက်ပိုင်းမှ သူတို့ အဆင့်မြင့်စျေးကွက်ထဲ ကြိုးစား ဝင်ရောက်ကြည့်လို့ရပါသည်။

ဘော့စ်ဖေးက ယုံကြည်ရသည့် လူယုံတော် တစ်ယောက် ဖြစ်သဖြင့် ချန်းယောင်က ဒီလောက် အရှုံးအသေးစားလေးကိုတော့ သည်းခံဖို့ ဆန္ဒရှိပါသည်။ ချန်းယောင် ခေါင်းငြိမ့်လိုက်၏။ "ကောင်းပါပြီ။ ဒီတစ်ခေါက်ကတော့ ဘော့စ်ဖေးအတွက် ကျွန်တော် ခြွင်းချက်ထားပေးလိုက်ပါ့မယ်"

ဖေးချမ့်က သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့ ထုတ်ကုန်တွေ ဖန်တီးတဲ့အခါကျရင် စျေးနှုန်းကွာဟချက်တွေကို ဖြည့်တင်းဖို့ ကြိုးစားရမယ်။ ကျွန်တော်တို့ရဲ့ ပထမဆုံး ဆဲလ်ဖုန်းမော်ဒယ်ကို လက်ရှိ ကွာဟချက်တွေအလိုက် စျေးနှုန်း သတ်မှတ် ထားရမယ်”

ချန်းယောင်သည် ခဏလောက် စဉ်းစားပြီးနောက် မေးလိုက်ပါသည်။ "ကျွန်တော်တို့ ယွမ် ၁,၀၀၀ အောက်နိမ့်အောင် သတ်မှတ်ရမလား။ ဒါမှမဟုတ် ၃,၀၀၀ နီးနီး သတ်မှတ်ရမလား"

အခုကာလတွင် အဆင့်နိမ့်မော်ဒယ်များက ယွမ် ၂,၀၀၀ ဝန်းကျင်စျေးသာ ရှိသည်။ အဆင့်မြင့် မော်ဒယ်များက ယွမ် ၄,၀၀၀ မှ ၆,၀၀၀ အထိ ရှိပါသည်။

ထိပ်တန်း Pineapple ဆဲလ်ဖုန်းတွေတောင် လက်ရှိတွင် ယွမ် ၇,၀၀၀ လောက်သာ စျေးသတ်မှတ် ထားကြသည်။

ဖေးချမ့်က ခေါင်းခါလိုက်သည်။ "တစ်ခုမှ မဟုတ်ဘူး"

ချန်းယောင် မှင်သက်သွားသည်။ "အဲ... တခြား စျေးနှုန်းကွာဟချက်တွေမှ မရှိတော့တာ..."

"ရှိပါတယ်" ဖေးချမ့် ပြန်ပြောလိုက်သည်။

"ယွမ် ၇,၀၀၀ အထက်မှာ စျေးနှုန်းကွာဟချက်ကြီး ရှိနေတာပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ ယွမ် ၈,၀၀၀ လောက် တန်မယ့် မော်ဒယ်တစ်ခုကို ဖန်တီးလိုက်ရင် ပြိုင်ဘက် မရှိနိုင်တော့ဘူး"

ချန်းယောင် ကြက်သေ သေသွား၏။

ပထမဆုံးအကြိမ်အဖြစ် သူ့ထက်ပိုပြီး အိပ်မက်ဆန်သည့် လူမျိုးကို တွေ့လိုက်ရသလို ခံစားလိုက်ရလေတော့သည်။

All Chapters