အော့တို နည်းပညာ
Vol. 22 Ch. 324
သို့သော်လည်း ဖေးချမ့်၏ ရည်ရွယ်ချက်က ယွမ် ၈,၀၀၀ ဝန်းကျင်စျေးရှိသော ဆဲလ်ဖုန်းတစ်လုံးကို ဖန်တီးဖို့ဖြစ်မှန်း ကြားလိုက်ရသည့်အခါ ချန်းယောင် တွန့်ဆုတ်ရမည့်အလှည့်ကို ရောက်လာ၏။။
"ဘော့စ်ဖေး ဒီစျေးနှုန်းမျိုးက အရမ်းကို အဆင့်မြင့်တဲ့ မော်ဒယ်တွေအတွက် ရည်ရွယ်တာနော်။ အခုချိန်မှာ Pineapple တောင် အဲ့လိုခြေလှမ်းမျိုး မလှမ်းသေးဘူး..."
"အဲ့လိုစျေးနှုန်းမျိုးကို သတ်မှတ်လိုက်မယ်ဆိုရင် ဖြစ်နိုင်ချေက ၂ ခုပဲ ရှိတယ်"
"တစ်ခုက ကျွန်တော်တို့ ဘရန်းရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေကို အခြေခံပြီး ကျွန်တော်တို့ စျေးနှုန်းမြင့်နေတာကို ရှင်းပြလို့ ရပါတယ်။ ဒါပေမယ့် အဲ့တာမျိုးက ကျွန်တော်တို့ဘရန်းကို စျေးကွက်က သဘောကျပြီးသားဖြစ်မှ အောင်မြင်လိမ့်မယ်"
"ဒုတိယတစ်ခုက ကျွန်တော်တို့ရဲ့ နည်းပညာ၊ ဝန်ဆောင်မှု စတဲ့အပေါ် အခြေခံပြီး စျေးနှုန်းမြင့်နေတာကို ရှင်းပြလိုရတယ်။ ကျွန်တော်တို့ ဆဲလ်ဖုန်းစျေးနှုန်းနဲ့ အရံ အကျိုးခံစားခွင့်တွေက ဒီစျေးနှုန်းနဲ့လိုက်ဖက် ကိုက်ညီမှုရှိအောင်လည်း သေချာလုပ်ရမယ်"
"အရှေ့တစ်ခုကတော့ သေချာပေါက် မဖြစ်နိုင်ဘူး။ အနောက်တစ်ခုက... တော်တော်လေး ခက်ခဲလိမ့်မယ်"
"ပါဆယ်နယ်အရဆိုရင် ကျွန်တော်တို့ ယွမ် ၄,၀၀၀ - ၅,၀၀၀ လောက် စျေးနှုန်းရှိတဲ့ အဆင့်မြင့်ဆဲလ်ဖုန်းတွေကို အရင်ဆုံး ထုတ်သင့်တယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ဒါဆို ကျွန်တော်တို့ အောင်မြင်နိုင်ခြေက ပိုတိုးမြင့်သွားမယ်"
ဒီလိုစကားလုံးမျိုးတွေ သူ့ပါးစပ်ထဲက ထွက်လာရလိမ့်မည်ဟု ချန်းယောင် တစ်ခါမှ မစဉ်းစားဖူးပေ။
သူဟုံချန်းနည်းပညာမှာ အလုပ်လုပ်နေခဲ့တုန်းက ဘော့စ်နဲ့ တခြား မန်နေဂျာများကို ယွမ် ၁,၀၀၀ ဝန်းကျင်ရှိသော အဆင့်နိမ့်ဖုန်းများ၊ သို့မဟုတ် ယွမ် ၂,၀၀၀ ဝန်းကျင်ရှိသော အလယ်လတ်တန်း ဖုန်းများကို မထုတ်လုပ်ဘဲ အဆင့်မြင့်ဖုန်းများကို ထုတ်လုပ်ဖို့ အမြဲတမ်း ချန်းယောင် တွန်းအားပေးခဲ့ရ၏။
ယွမ် ၄,၀၀၀ - ၅,၀၀၀ ဝန်းကျင်လောက်ရှိသည့် အဆင့်မြင့်ဆဲလ်ဖုန်းများကို ထုတ်လုပ်သင့်သည်ဟု အမြဲတမ်း တိုက်တွန်းခဲ့ရသည်။
သို့သော်လည်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ခဲ့ပါ။ အဆင့်နိမ့်မော်ဒယ်များကို ထုတ်လုပ်ပြီး ငွေဝင် မြန်တာမျိုးကိုသာ ကျေနပ်နေခဲ့ကြသည်။
ယခုတော့ လုံးဝ ဆန့်ကျင်ဘက်လို ဖြစ်နေသည်။
သူ့ဘော့စ်က ယွမ် ၈,၀၀၀ တန် ဆဲလ်ဖုန်းများကို ထုတ်လုပ်ဖို့ ပြောနေပြီး ပုံမှန်ဆို ရည်မှန်းချက် ကြီးမားတတ်သည့် ချန်းယောင်ကတော့ ခြွေတာတဲ့ လူ ဖြစ်လာခဲ့ပါသည်။
ဒီလို အခိုက်အတန့်မျိုးကို ချန်းယောင် နေသားကျဖို့ အခက်တွေ့နေသည်။ လူတွေ သူ့ကို 'ခြွေတာသည်'ဟု နာမည်တပ်မည့် နေ့မျိုး ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။
သို့သော်လည်း ဖေးချမ့်ကလည်း ဒီ့အတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
အဆင့်မြင့်ဆဲလ်ဖုန်းတွေကို ထုတ်လုပ်ဖို့ မစဉ်းစားခင် အဲ့တာတွေ ဘာမှ မချင့်ချိန်ထားဘူးလို့ မင်းထင်နေတာလား။
IQ ခွန်ကောက်ချင်ရင်တောင် စနစ်က ငါ့ကို ခွင့်ပြုမှာ မဟုတ်ဘူးကွ။
ဖေးချမ့်သာ ၃,၀၀၀ ယွမ်တန် ဆဲလ်ဖုန်းတစ်လုံးကို ထုတ်လုပ်ပြီး ၎င်း၏ စျေးနှုန်းကို ယွမ် ၈,၀၀၀ အထိ တိုးဖို့ ကြိုးစားပါက စနစ်က ခွင့်ပြုမှာ မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် ဆဲလ်ဖုန်း၏ ရောင်းစျေးက ၎င်း၏ အရင်းစျေးထက် အများကြီး ပိုမြင့်နေတာကြောင့် ဖြစ်ပါသည်။
စနစ်က ဖေးချမ့်ကို သတ်မှတ်ထားသည့် အတိုင်းအတာအတွင်း ရောင်းစျေး သတ်မှတ်ခွင့်ပြုသည်။ သို့သော် ထိုအတိုင်းအတာကိုတော့ ကျော်လွန်လို့ မရပါ။
ပရီမီယံအမြင့်စားများ တောင်းခံသည့် အင်တာနေရှင်နယ် ဘရန်းအကြီးစားများက အမြတ်နှုန်း ၃၀ ရာခိုင်နှုန်းလောက် ရှိသော်လည်း ပြည်တွင်းဘရန်းများ၏ အမြတ်နှုန်းကတော့ ၁၀ ရာခိုင်နှုန်းသာ ရှိသည်။
ဆိုလိုရင်းက ဖေးချမ့် ဆဲလ်ဖုန်းများ ထုတ်လုပ်ချင်လျှင် အမြတ်နှုန်း ၃၀ ရာခိုင်နှုန်းထက် ပိုပြီး ယူလို့ မရပါ။
တကယ်တော့ ဖေးချမ့်က ထိုအမြတ်နှုန်းကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လုပ်ချင်နေခြင်းသာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် အဆင့်မြင့်စျေးကွက်က ဘောစိသူဌေးများကိုသာ ပစ်မှတ်ထားမှာ ဖြစ်တာကြောင့်ပင်။ Red Kilin သေနတ်တုန်းက ဖေးချမ့် သင်ခန်းစာ ရခဲ့ပြီးပြီ ဖြစ်ပါသည်။ ဘောစိတွေကတော့ ယွမ် ၈,၀၀၀ လောက်ကို အလွယ်လေး သုံးပျော်ကြသည်။ ယွမ် ၅၀၀ သို့မဟုတ် ၁,၀၀၀ လောက် ပိုသုံးရဖို့ဆိုတာ သူတို့အတွက် ဘာမှ အပန်းမကြီးပါ။
တစ်နည်းအားဖြင့်...
သူတို့ဆဲလ်ဖုန်းများကို ရောင်းချဖို့ မအောင်မြင်ပါက ၎င်းတို့ စျေးနှုန်း ဘယ်လောက်ဖြစ်ဖြစ် အရေးမကြီးပါ။ ဘော့စ်ဖေး အရှုံးပေါ်နေဦးမှာပဲ ဖြစ်သည်။
သို့သော် သူတို့ ဆဲလ်ဖုန်း အနည်းငယ်လောက် ရောင်းချနိုင်ခဲ့လျှင် ဖေးချမ့် စျေးနှုန်းပိုမြင့်မြင့် သတ်မှတ်လေလေ အရှုံးပေါ်တာ ပိုနည်းသွားလေလေ ဖြစ်လိမ့်မည်။
ထို့ကြောင့် စျေးနှုန်းနိမ့်နိမ့်တစ်ခုကို သတ်မှတ်လိုက်ခြင်းဖြင့် သူရရှိနိုင်မည့် အမြတ်အစွန်းတိုင်းကိုလည်း အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည်။ ဆဲလ်ဖုန်းတချို့ ရောင်းချနိုင်မယ် ဆိုရင်တောင် ဖေးချမ့် အများကြီးရမှာ မဟုတ်ပါ။ အနှစ်ချုပ်အားဖြင့် အရှုံးပေါ်နိုင်ပါဦးမည်။
ထို့ကြောင့် ဂိုထောင်ထဲ ကုန်များ ရာချီ သိုလှောင်ထားဖို့ ငွေအမြောက်အများကို အသုံးချမည်ဖြစ်သည်။ ဘယ်သူမှ မဝယ်ကြပါက စျေးနှုန်းကို ဆက်လျှော့သွားလိုက်မည်။ ဒီလိုဆိုရင် ဖေးချမ့် ပျော်ပျော်ကြီး အရှုံးပေါ်နိုင်မှာပဲ မဟုတ်လား။
ဖေးချမ့်က ယုံကြည်ချက်ပြည့်ဝစွာ ပြုံးလိုက်ပြီး ချန်းယောင်ကို ပြောလိုက်ပါသည်။ "ကျွန်တော်တို့ ဆဲလ်ဖုန်းတွေရဲ့ ဝန်ဆောင်မှုကို တိုးမြှင့်ပေးလိုက်ရင် IQ ခွန်ကောက်သလို ဖြစ်သွားမှာပေါ့။ ဘယ်လိုလုပ် အဲ့လို လုပ်လို့ရမလဲ။ အရမ်းကို အထင်သေးစရာ ကောင်းတဲ့ လုပ်ရပ်ပဲ"
"ဟာ့ဒ်ဝဲနဲ့ နည်းပညာတွေအပေါ် သုံးနိုင်သမျှ အများဆုံး သုံးရမယ်"
"အမြတ်နှုန်းအတွက်တော့ ၅ ရာခိုင်နှုန်းလောက်ဆို လုံလောက်ပြီထင်တာပဲ။ အရင်ဆုံး ရောင်းအားကောင်းအောင် လုပ်ကြတာပေါ့"
ချန်းယောင် အတွေးများ နက်ရှိုင်းသွားခဲ့သည်။
ဆဲလ်ဖုန်းလုပ်ငန်းနဲ့ ပတ်သတ်ပြီး သူ့မှာ အထင်အမြင် များစွာ ရှိပါသည်။ သို့သော်လည်း ယခုအချိန်တွင် ပြောစရာ စကားလုံးပါ ပျောက်ဆုံးနေပါပြီ။
ဟာ့ဒ်ဝဲနဲ့ နည်းပညာအတွက် သုံးနိုင်သမျှ အများဆုံး သုံးရမယ် ဟုတ်လား။ အမြတ်နှုန်း ၅ ရာခိုင်နှုန်းလောက်ဆို လုံလောက်ပြီတဲ့လား။ အောင်မြင်နိုင်ခြေရှိသော်လည်း အစီအစဉ်က တစ်ချိန်တည်းမှာပဲ စိတ်မချရသည့်ပုံပေါက်ပါသည်။
ချန်းယောင်၏ နာကျင်နေသော မျက်နှာထားကို မြင်ပြီး ဖေးချမ့် စိတ်ပူလာသည်။ သူမေးလိုက်၏။
"ကျွန်တော်တို့ ဟာ့ဒ်ဝဲနဲ့ နည်းပညာကို ဒီလို စျေးနှုန်း အတိုင်းအတာအထိ တိုးမြှင့်လိုက်တာ ပြဿနာ ရှိလို့လား"
ချန်းဆောင်က တွန့်ဆုတ်သွားကာ ပြောလိုက်ပါသည်။ "ကျွန်တော်တို့ ဟာ့ဒ်ဝဲနဲ့ နည်းပညာကို ဒီစျေးနှုန်းအတိုင်းအတာအတွင်း ရောက်အောင် တွန်းတာက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
"ဒါပေမယ့် ပြဿနာ ၂ ခုတော့ ရှိလိမ့်မယ်"
"ပထမဆုံးအနေနဲ့ ကျွန်တော်တို့ အဲ့လောက် ဆဲလ်ဖုန်းတွေ အများကြီးရောင်းရမှာ မဟုတ်ဘူး။ စျေးနှုန်းမြင့်တယ်ဆိုရင် ဝယ်လိုအားလည်း နည်းမှာပဲ။ အဲ့တာက တစ်ချက်"
"ဒုတိယအနေနဲ့ စျေးကြီးတဲ့ ဟာ့ဒ်ဝဲနဲ့ နည်းပာာတွေအတွက် တွန်းအားပေးထုတ်လုပ်ချင်တယ်ဆိုရင် အရမ်းကြီး အပြည့်အဝ အဆင့်မြင့်နေမှာ မဟုတ်ဘူးဆိုတာကိုတော့ ကြိုပြီး တွက်ထားရမယ်။ ဟိုနားတစ်ကွက် ဒီနားတစ်ကွက် ပြဿနာအသေးစားလေးတွေ ပေါ်လာနိုင်တယ်။ ကျွန်တော်တို့ ဆဲလ်ဖုန်းရဲ့ နောက်ဆုံး အောင်ချက်ကို အာမခံနိုင်မှာလည်း မဟုတ်ဘူး"
"အရှေ့ကတစ်ချက်ကိုတော့ အလွယ်လေး ဖြေရှင်းလို့ ရပါတယ်။ ကျွန်တော်တို့ ငွေနည်းနည်းလောက် ထပ်သုံးလိုက်ရုံပဲ။ ဒါပေမယ့် အနောက်က အချက်က အဆင့်မြင့် ဆဲလ်ဖုန်း ဘရန်းတွေအတွက် အန္တရာယ်များလိမ့်မယ်။ တကယ်တော့ အရမ်းအန္တရာယ်များတယ်လို့ ပြောရမယ်"
"ယွမ် ၈,၀၀၀ တန်ဆဲလ်ဖုန်းက ၂ ရက် ၃ ရက်လောက် ကြာတိုင်း ပျက်နေလို့တော့ မဖြစ်ဘူးလေ။ အဲ့တာဆို ကျွန်တော်တို့ ကတ်စတမ်မာတွေ ဘယ်လို ထင်သွားမလဲ"
"ဟုတ်ပါတယ်။ ပြဿနာတွေက အဲ့လောက်ဆိုးမယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဖုန်း ၁၀ လုံးတိုင်းမှာ ၈ လုံးက သုံးမရအောင် ဖြစ်လိမ့်မယ်လို့ ပြောချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ဆဲလ်ဖုန်း ၁၀၀ မှာ ၈ လုံး ၉ လုံးလောက် သုံးမ ရဖြစ်လာရင် ပြဿနာ တက်လိမ့်မယ်။ ကျွန်တော်တို့ ဂုဏ်သတင်းလည်း အကြီးကြီး ထိခိုက်သွားလိမ့်မယ်"
"ကျွန်တော်တို့ နည်းပညာအသစ်တွေကို ပိုပြီး သုံးလေလေ ပြဿနာတွေက ပိုပြီး များလာလေလေပဲ"
နောက်ဆုံးအောက်ချက် နိမ့်နိုင်တယ် ဟုတ်လား။
ဖေးချမ့် ပြုံးလိုက်၏။ "အဲ့တာက ဖြေရှင်းဖို့ လွယ်ပါတယ်။ ကျွန်တော်တို့ ဒေတာလွှဲပြောင်း လုပ်ဆောင်ချက်တစ်ခုကိ ဖန်တီးလိုက်ရုံပဲပေါ့။ ကျွန်တော်တို့ ကတ်စတမ်မာရဲ့ ဆဲလ်ဖုန်းတစ်လုံး ပျက်သွားမယ်ဆို သူတို့အိမ်ရှေ့ထိ ဆဲလ်ဖုန်း အသစ်တစ်လုံးကို ပို့ဆောင်ပေးလိုက်ရုံပဲ။ ကျွန်တော်တို့ ဖုန်းက အဆင့်မြင့် ဘရန်းဆိုတော့ ပြန်ပြင်ပေးလို့မရဘဲ အစားထိုးလဲပေးလို့ပဲ ရတယ်"
ဘယ်လိုပဲဖြစ်ဖြစ် လူတချို့ကတော့ ဆဲလ်ဖုန်းကို လာဝယ်ကြလိမ့်မည်ဟု ဖေးချမ့် တွေးထားပြီးသား ဖြစ်သည်။ ၎င်းတို့ ဂိုထောင်ထဲ ကုန်အများကြီး သွင်းထားမှာ ဖြစ်၏။ ကံမကောင်းစွာနဲ့ တစ်ယောက်ယောက်က ပြဿနာရှိနေသည့် ဖုန်းမျိုးကို ဝယ်မိသွားပါက ခြွင်းချက်မရှိ ပြန်လဲပေးမည်ဟု သူတို့ ကတိပေးလို့ ရပါသည်။
ထိုအချိန်တွင် ဖေးချမ့် နောက်ထပ် ပြဿနာတစ်ခုကို တွေးမိသွားသည်။ တစ်ပြိုင်တည်း ဖြေရှင်းလို့ရမည့် ပြဿနာမျိုး ဖြစ်သည်။ "နောက်တစ်ခုကျန်သေးတယ်။ကျွန်တော်တို့ ကတ်စတမ်မာတွေကို ပေးမယ့် အပိုထပ်ဆောင်း အထူးဝန်ဆောင်မှုတွေအတွက်ပါ စဉ်းစားရမယ်"
"ဥပမာတစ်ခုက အခမဲ့ အိမ်တိုင်လာရောက် ပို့ပေးပေးခြင်းမျိုးပေါ့။ ကတ်စတမ်မာတွေရဲ့ ဆဲလ်ဖုန်း ပျက်သွားပြီး သူတို့က ကျင်းကျိုးမြို့မှာ နေတာဆိုရင် ကျွန်တော်တို့ ဝန်ထမ်းတွေက သူတို့ရဲ့ အိမ်ရှေ့ထိ အသစ်တစ်လုံး လာရောက်ပို့ဆောင်ပေးမယ်။ ချက်ချင်း ဒေတာ လွှဲပြောင်းမှုကို ကူညီပေးပြီး ဆဲလ်ဖုန်းအဟောင်းကို ပြန်ယူလိမ့်မယ်။ တောင်းပန်ကြောင်းပြသဖို့အတွက် သူတို့နဲ့အတူ လက်ဆောင်တွေကိုပါ ထည့်ပေးလိုက်ဦးမယ်"
"ကျင်းကျိုးမြို့ပြင်မှာ နေတယ်ဆိုရင်တော့ တခြား ဒလီဘာရီကုမ္ပဏီတွေနဲ့ ပူးတွဲပြီး သူတို့ဆဲလ်ဖုန်းကို ပို့ဆောင်ပေးလို့ရတယ်။ ဒေတာလွှဲပြောင်းတာကို ကူညီပေးပြီး ဆဲလ်ဖုန်းအဟောင်းကို ပြန်ယူလာလို့ ရတယ်"
"သူတို့ ဆဲလ်ဖုန်းကို ထုတ်ပြတာ ဘာညာ လုပ်နိုင်ရင် လစဉ် ယွီအင်တာနက်ကဖေးမှာ အခမဲ့ နာရီပိုင်း ဂိမ်းကစားခွင့် ဘာညာ ရနိုင်တယ်"
"အနှစ်ချုပ်အားဖြင့် ကတ်စတမ်မာတွေ ပေးရတဲ့ စျေးနဲ့တန်အောင် ထပ်တိုး ဝန်ဆောင်မှုတွေ ပေးရမယ်ပေါ့ဗျာ"
ဆဲလ်ဖုန်းက ပေးရသည့်စျေးနဲ့ တန်ရမည်ဟု စနစ်က သတ်မှတ်ထားသဖြင့် ထောက်ပံ့ရေး ဆက်သွယ်မှုထဲ စျေးကြီးသည့် နည်းပညာတချို့ ထပ်ပေါင်းထည့်ကာ အသုံးမဝင်သည့် အပိုဝန်ဆောင်မှုတချို့ ပေးဖို့ ဖေးချမ့် စဉ်းစားထားပါသည်။ အနည်းဆုံးတော့ စနစ်၏ ကန့်သတ်ချက်များကို အကြမ်းဖျင်း ဖြေရှင်းပေးနိုင်လိမ့်မည်။
ချန်းယောင် ဘော့စ်ဖေးကို စိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများက ဇဝေဇဝါဖြစ်မှုတွေနဲ့ ပြည့်နှက်နေပြီး လေးစားမှု အရိပ်အယောင်တချို့လည်း ပေါ်လွင်နေသည်။
ပြဿနာက အများကြီးရှိသော်လည်း ဖေးချမ့်က ဆုံးဖြတ်ချက် ပြတ်သားစွာနဲ့ ဖြေရှင်းပစ်နိုင်ခဲ့သည်။
အမှန်ပင်။ အဆုံးသတ်မှာ ဒီဖြေရှင်းချက်တွေ အလုပ်ဖြစ်ပါ့မလား ချန်းယောင် မပြောတတ်ပါ။ သို့သော် အနည်းဆုံးတော့ သူတို့မှာ လက်တွေ့ကျ ပလန်တစ်ခု ရှိနေတာပဲ မဟုတ်လား။
ချန်းယောင်ခေတ္တ စဉ်းစားကြည့်လိုက်ပြီး ရုတ်တရက် ထခုန်လိုက်မိသည်။ ရင်ထဲမှာလည်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်မိ၏။
ချန်းယောင်၊ ချန်းယောင်... ဘယ်တုန်းက မင်းမုန်းတဲ့ လူတိုင်းရဲ့ ပုံစံမျိုး မင်း ပြောင်းလဲသွားခဲ့တာလဲ။
ဟုံချန်းနည်းပညာမှာ ရှိခဲ့စဉ်က အခြေအနေများကို ပြန်စဉ်းစားကြည့်လိုက်သည်။ ထိုအချိန်တုန်းက သူ့ဘော့စ်ကို နည်းပညာ အသစ်များသုံးဖို့၊ သူတို့ ဆဲလ်ဖုန်းများကို စျေးမြင့်မြင့်သတ်မှတ်ဖို့၊ အဆင့်နိမ့် စျေးကွက်ထဲက ထွက်ဖို့ ကြိုးစားပမ်းစား တိုက်တွန်းခဲ့ရသည်။ သို့သော်လည်း သူ့ဘော့စ်နဲ့ တခြားရာထူးမြင့်ဝန်ထမ်းများက သူ့အကြံပြုချက်များကို အမြဲတမ်း ပြစ်ချက်ရှာကာ လက်ခံဖို့ ရှောင်ပြေးနေခဲ့ကြသည်။
နေ့တိုင်းဆိုသလို 'ကျွန်တော်တို့ အဆင့်မြင့် မော်ဒယ်တွေ လုပ်လို့မရဘူး'၊ 'ကတ်စတမ်မာတွေ ကြိုက်မှာ မဟုတ်ဘူး'၊ 'နောက်ဆုံး အောင်ချက်ကို အာမ မခံနိုင်ဘူး' အစရှိသဖြင့် အငြင်းပွားမှုများကို ကြားခဲ့ရသည်။
ထိုအချိန်တုန်းက သူအလွန်ဒေါသထွက်ခဲ့သည်။ ဒီပြဿနာများ ရှိသော်လည်း ပြောတာ မှန်ရုံနဲ့ သူတို့ ဒီတိုင်း ထိုင်နေပြီး ဘာမှ လုပ်လို့ မရပေ။ ထို့အစား ပိုကြိုးစားပြီး ထိုပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားသင့်ပါသည်။
သိုသော် အခုတော့ ဘော့စ်ဖေးရဲ့ ရှေ့မှာ ချန်းယောင်က ဇာတ်ကောင် လုံးဝ ပြောင်းလဲ သွားသလိုပင်။
သူက ပြစ်ချက်များ ဆက်တိုက်ရှာဖွေပေးနေပြီး တစ်ဖက်မှာတော့ ဘော့စ်ဖေးက ဆက်တိုက် ဖြေရှင်းချက်များ ပေးနေလေသည်။
ချန်းယောင်၊ ချန်းယောင်... ပြဿနာတွေကနေ ရှောင်ပြေးပြီး တာဝန်ခံမှုကို လျှော့ချနေမယ်ဆိုရင် ဘော့စ်ဖေးက မင်းကို ဘယ်လိုယုံရတော့မလဲ။
သူ့ကိုယ်သူ ထိုမေးခွန်းမေးပြီးနောက် ချန်းယောင် စိတ်ဆုံးဖြတ်ချက် ချလိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး ဒီအစီအစဉ် အလုပ်ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ် ကျွန်တော် အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားပါ့မယ်"
"ဒါပေမယ့်... ဘော့စ်ဖေး။ ကျွန်တော် အရဲတဝံ့ တောင်းဆိုစရာတစ်ခု ရှိပါတယ်"
ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ပြောပါ။ စိတ်ထဲ ရှိတဲ့အတိုင်းသာပြော"
ချန်းယောင် ပြောလိုက်သည်။ "ကျွန်တော် ဟုံချန်း နည်းပညာမှာ အလုပ်လုပ်နေတုန်းက ညီကိုတစ်သိုက် ရှိခဲ့တယ်။ ကုမ္ပဏီကြီး ပြိုလဲသွားတော့ ကျွန်တော်တို့ လမ်းတွေ ကွဲသွားကြတယ်ဆိုပါတော့။ တချို့က အလုပ်အခွင့်အလမ်းတွေ ဆက်စောင့်နေကြပြီး တချို့ကတော့ တခြား ကုမ္ပဏီတွေကို ကူးပြောင်း သွားကြတယ်။ ကျွန်တော်တို့ အဆက်အသွယ် ရှိတုန်းပါပဲ"
"ဘော့စ်ဖေး စိတ်မရှိဘူးဆိုရင် ကျွန်တော် သူတို့ အားလုံးကို ထန်းတာ့ဆီ ခေါ်လို့ ရမလား။ စိတ်မပူပါနဲ့ ဘော့စ်ဖေး။ သူတို့ကို လစာအများကြီး မပေးလည်း ရပါတယ်"
ဟမ်...
ထိုစကားကိုကြားတော့ ဘော့စ်ဖေးမျက်လုံးများ အရောင်တောက်သွားခဲ့သည်။
ဒါ ဟုံချန်းနည်းပညာကုမ္ပဏီကို ပြိုလဲသွားအောင် လုပ်ခဲ့တဲ့ အိပ်မက်အဖွဲ့ မဟုတ်လား။ ကောင်းတာပေါ့ ငါလည်း လူတွေ ထပ်ရှာဖို့ ဒုက္ခခံစရာ မလိုတော့ဘူး။
ချန်းယောင်က ဒီနယ်ပယ်ထဲမှာ သိပ်ပြီး လူကြိုက် မများတာကို ဖေးချမ့် ကောင်းကောင်းသိပါသည်။ သို့သော်လည်း နည်းပညာကုမ္ပဏီသစ်က ထန်းတာ့၏ လက်အောက်ခံကုမ္ပဏီ ဖြစ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် ထန်းတာ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မည်။
ချန်းယောင်သာ ထန်းတာ့ရဲ့ ဂုဏ်သတင်းကို မှီခိုပြီး တခြားသူတွေ ခေါ်ယူဖို့ ကြိုးစားပါက ဒီနယ်ပယ်ထဲမှာ အကျော်အမော်တွေနဲ့ တွေ့နိုင်သည်။ ထိုအကျော်အမော်တွေက ချန်းယောင်ကို သဘောမကျဘူးဆိုရင်တောင် ထန်းတာ့ရဲ့ ဂုဏ်သတင်းမျက်နှာနဲ့ ကုမ္ပဏီထဲ ရောက်လာနိုင်သည်။ သူ့အဖွဲ့ထဲဝင်ဖို့ အကျော်အမော် တချို့ကို ချန်းယောင် ခေါ်ယူနိုင်ခဲ့ပါက ဒီလုပ်ငန်း တကယ် အောင်မြင်သွားနိုင်သည်။ ဒါဆို ဖေးချမ့် ဘယ်လိုလုပ်ရမလဲ။
ယခုတော့ ချန်းယောင်က ဟုံချန်းနည်းပညာကို ပြိုလဲစေခဲ့သည့် အိပ်မက်အဖွဲ့ကို ကုမ္ပဏီသစ်ထံသို့ ခေါ်ယူဖို့ ရည်ရွယ်ချက်ရှိသည်။ အမှန်ပင်။ ဖေးချမ့် အံ့အားသင့် ပျော်ရွှင်သွားရပါသည်။
"ကိစ္စမရှိပါဘူး အလုပ်ခန့်ချင်တဲ့လူတိုင်းကို ခန့်လိုက် ခင်ဗျား တစ်ခွန်းသာ ပြောလိုက် ကျွန်တော် ဝင်မရှုပ်ဘူး"
"ဒါပေမယ့် ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားရမယ့် အရာတွေတော့ ရှိတယ်။ ခင်ဗျားရဲ့ ညီကိုတွေကို ကျင်းကျိုးဆီ အလုပ်လုပ်ဖို့ ခေါ်လာမယ်ဆိုရင် သူတို့ကို ကောငးကောင်းမွန်မွန် ဧည့်ခံဖို့ လိုအပ်မယ်။ သူတို့ကို ရွှေ့ပြောင်းစရိတ်နဲ့ နေထိုင်စရိတ် အပိုထောက်ပံ့ကြေးပေးရမယ်"
"ခင်ဗျားရဲ့ ညီအစ်ကိုတွေအတွက်လည်း ကျွန်တော်တို့ ကပ်စေးမနဲပါဘူး။ သူတို့ရဲ့ လစာက သူတို့ရနေကျ နှုန်းထားထက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပိုမြင့်စေရမယ်"
"ထုတ်ကုန်တွေ ဖန်တီးပြီးတာနဲ့ ရောင်းအားက ဘယ်လိုပဲ ဖြစ်နေပါစေ ကုမ္ပဏီရဲ့ စံနှုန်းအတိုင်းပဲ ဘောနပ်စ်တွေ ဆုချမယ်။ လုံးဝ မတွန့်တိုရဘူး"
ချန်းယောင်၏ လက်များ အနည်းငယ် တုန်ယင်လာ၏။ သူ ပျော်လည်း ပျော်ရွှင်သွားသလို ကြည်လည်း ကြည်နူးသွားရပါသည်။
ဘာလဲဟ... သူ့ဘော့စ်က သူ့ကို အကြွင်းမဲ့ ယုံကြည်နေပါ့လား။
ဒီလိုနဲ့ ချန်းယောင် သူခန့်အပ်ချင်တဲ့ လူတိုင်းကို အလုပ်ခန့်အပ်ခွင့်နဲ့ အလုပ်ဖြုတ်ချင်သူတိုင်းကို ဖြုတ်ခွင့် အာဏာ ရသွားခဲ့သည်။ ချန်းယောင်ရဲ့ စွမ်းရည်နဲ့ ပါရမီကို အပြည့်အဝယုံကြည်မှုမရှိဘဲ ဒီလိုအာဏာမျိုးကို ပေးအပ်ပါ့မလား။
ပထမတော့ ဖန်တီးသုတေသန လုပ်ငန်းမျာားက အလွန် ဖိအားများလိမ့်မည်ဟု ချန်းယောင် ထင်ခဲ့မိသည်။ မပြည့်စုံသေးသည့် နည်းပညာများနဲ့ သူအလုပ်လုပ်ရမည်။ ၎င်းတို့ကို ဒီတိုင်းချိတ်ဆက်တာမျိုး ဆိုရင်တောင် ပြဿနာ မြောက်များစွာရှိနိုင်ပါသည်။
သို့သော်လည်း အခုတော့ အရင်တုန်းက သူနဲ့အတူတူ အလုပ်လုပ်ခဲ့သည် ညီကိုများနဲ့ ပြန်ဆုံရတော့မည်။ ယခင်က လမ်းလယ်ရောက်မှ ရပ်တန့်ခဲ့ရသည့် ပရောဂျက်အတွက် အလုပ်တူတူပြန်လုပ်နိုင်ကြပါပြီ။
ထို့အပြင် ဘော့စ်ဖေးက ချန်းယောင်ကို အလွန် ယုံကြည်ထားသည်။ ချန်းယောင်က ဒီပြဿနာများကို ဖြေရှင်းဖို့ အသက်ကို ပေးဆပ်ရမည်ဆိုရင်တောင် သူ ပေးဆပ်ချင်နေပါပြီ။
ဖေးချမ့် နောက်ထပ် ပြဿနာတစ်ခုကို တွေးမိကာ ကိစ္စတွေကို စောစောစီးစီးရှင်းထားလိုက်တာ ပိုကောင်းမည်ဟု တွေးလိုက်ပါသည်။
"ဒုဥက္ကဌချန်း နောက်တစ်ခု ရှိသေးတယ်"
"ခင်ဗျားက ဒီကုမ္ပဏီသစ်အောက်က ပရောဂျက် အားလုံးကို ဦးဆောင်ရမယ်ဆိုပေမယ့် ထန်းတာ့က ဒါရိုက်တာ တစ်ယောက်ကို ခန့်အပ်ထားမှာနော်။ သူက ခင်ဗျားထက် ကုမ္ပဏီထဲမှာ ရာထူးအဆင့် ပိုမြင့်တယ်"
"ဒါပေမယ့် ခင်ဗျားရဲ့ ကိုယ်ပိုင်အထင်အမြင်လည်း ရှိရမယ်နော်။ ခင်ဗျားတို့နှစ်ယောက် အငြင်းပွားစရာ ကြုံလာတဲ့အခါ ကျွန်တော်တို့သာ အသိလာပေး။ ကျွန်တော် ပြေလည်အောင် ရှင်းပေးမယ် ဟုတ်ပြီလား"
ဒီဆဲလ်ဖုန်းလုပ်ငန်းအတွက် ဒုတိယ ရည်ရွယ်ချက် ရှိသေးတာကိုလည်း ဖေးချမ့် မမေ့ပါ။ လင်းဝမ်ကို တတ်နိုင်သမျှ အမြန်ဆုံး မိသားစုလုပ်ငန်းကို တာဝန် ပြန်ယူအောင် တွန်းအားပေးဖို့ဖြစ်ပါသည်။
လင်းဝမ်ကို ဆဲလ်ဖုန်းလုပ်ငန်းအား လုံးဝ ထိတွေ့ခွင့် မပေးထားပါက နောက်ပိုင်း ကျရှုံးခဲ့ရင်တောင် သူမအပေါ် ဘာမှ သက်ရောက်မှုရှိမှာ မဟုတ်ပါ။
ထို့ကြောင့် အမည်ခံပဲဆိုရင်တောင် လင်းဝမ်ကို ဆဲလ်ဖုန်းလုပ်ငန်း တစ်ခုလုံးအတွက် လင်းဝမ်ကို ဦးဆောင်ခိုင်းရပါမည်။
အဆုံးသတ်ပန်းတိုင်ကတော့ လင်းဝမ်ကို ဆဲလ်ဖုန်းလုပ်ငန်း စီမံရေးတွင် ကိုင်တွယ်ခွင့်ပေးရမည် ဖြစ်သော်လည်း သူမရဲ့ ဝန်ထမ်းတွေကိုတော့ ခရေစေ့တွင်းကျ စီမံခွင့် မပြုဖို့ ဖြစ်သည်။ အကောင်းဆုံး ရလဒ်က ဒီလုပ်ငန်း ကျရှုံးသွားလျှင် လင်းဖန် တာဝန်မကင်းသလို ခံစားသွားရမှာ ဖြစ်သည်။
ထို့ကြောင့် ဖေးချမ့်က ချန်းယောင်ကို လျှို့ဝှက်စွာ ကူညီပေးရမည်။
ချန်းယောင် ခေါင်းငြိမ့်လိုက်သည်။ "စိတ်မပူပါနဲ့ ဘော့စ်ဖေး။ ကျွန်တော် ဒါရိုက်တာကြီးနဲ့ အဆင်ပြေအောင် နေပါ့မယ်"
ဒီပြဿနာရဲ့ လေးနက်မှုကို ချန်းယောင် နားမလည်မှန်း သိသာပါသည်။ သို့သော်လည်း ဖေးချမ့် အများကြီး ထပ်ရှင်းပြလို့ မရပါ။ တကယ့် ပြဿနာတွေ ပေါ်လာတဲ့အချိန်အထိသာ စောင့်နိုင်ပါသည်။
ထိုအချိန်တွင် နောက်ထပ် အရေးကြီးသည့် ပြဿနာ တစ်ခုကို ချန်းယောင် တွေးလိုက်မိသည်။
"ဘော့စ်ဖေး ကျွန်တော်တို့ ကုမ္ပဏီအတွက် နာမည်တစ်ခု မစဉ်းစားရသေးဘူးနော်"
ချန်းယောင် သတိပေးမှ ဖေးချမ့်လည်း မှတ်မိသွားသည်။
ဟုတ်သားပဲ။ ထုတ်လုပ်ရေး အစီအစဉ်တွေကိုတောင် ချပြီးသွားပြီဆိုပေမယ့် ကုမ္ပဏီနာမည် မပေးရသေးပါလား။
ဖေးချမ့် ဘယ်လိုနာမည်မျိုးက အကောင်းဆုံး ဖြစ်မလဲဆိုတာကို ခေတ္တ စဉ်းစားကြည့်လိုက်သည်။
အဆင့်မြင့်ဆဲလ်ဖုန်းဘရန်းတစ်ခုမှာ ဘယ်လို နာမည်မျိုး ရှိသင့်သလဲ။ အဆင့်နိမ့်တဲ့ပုံစံပေါက်တဲ့ နာမည်မျိုးပဲပေါ့။
ဘရန်းရဲ့ နာမည်က ကတ်စတမ်မာတွေရဲ့ ပထမဆုံး အထင်အမြင်ကို ကြီးကြီးမားမား လွှမ်းမိုးမှု ရှိနိုင်သည်။
ဘရန်းများစွာ၏ အမည်က အဆင့်နိမ့်ပြီး အပေါစား ဆန်သည့်ပုံစံပေါက်သည်။ ထို့ကြောင့် ၎င်းတို့ အဆင့်မြင့် မော်ဒယ်များကို ထုတ်လုပ်ရင်တော့ လူအများစုက ၎င်းတို့ ထုတ်ကုန်များ၏ တန်ဖိုး အစစ်အမှန်ကို မမြင်နိုင်ကြပါ။
ထို့ကြောင့် အပေါစားအဆန်ဆုံး နာမည်ကို ဖေးချမ့် စဉ်းစားရပါမည်။
သို့သော် သူ့ကုမ္ပဏီနာမည်ကို 'ကောက်ထန် မိုဘိုင်း' သို့မဟုတ် 'ချွေ့ဟွာ ဆဲလ်ဖုန်း' စသည်ဖြင့် ပေးလို့တော့ ရမှာ မဟုတ်ပေ။ ချန်းယောင် ဘယ်တော့မှ သဘောတူမှာ မဟုတ်ပါ။
ခေတ္တစဉ်းစားကြည့်ပြီးနောက် ဖေးချမ့် ပြောလိုက်ပါသည်။ "အင်တာနက်နေရှင်နယ် စျေးကွက်ထဲ ကုမ္ပဏီအတွက် လမ်းခင်းပေးဖို့နဲ့ ကြီးမားတဲ့ အင်တာနက်ရှင်နယ် ဘရန်းကြီးတစ်ခု ဖြစ်လာစေဖို့ မျှော်လင့်ချက်နဲ့ ကျွန်တော်တို့ အင်္ဂလိပ်စာလုံး တစ်လုံးတည်းပါတဲ့ နာမည်မျိုး စဉ်းစားရမယ်...။ အဲ့တာဆို မှတ်မိလည်း လွယ်မယ်"
"အဓိပ္ပာယ် လေးလေးနက်နက်ပါတဲ့ တရုတ်နာမည်တစ်ခုရဲ့ အက္ခရာဖလှယ်မှုမျိုးလည်း ဖြစ်ရမယ်"
ချန်းယောင်က ထောက်ခံသည်။ "ဟုတ်တယ် အဲ့အကြံ မဆိုးဘူး"
ဖေးချမ့်ခေတ္တ စဉ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော်တို့ အော့တို နည်းပညာလို့ ခေါ်ကြမယ်။ မန်ဒရင်းမှာဆိုရင်တော့ အောက်တု နည်းပညာပေါ့"
" 'အောက်'ဆိုတာက ကောင်းကင်နဲ့ ပင်လယ်အကြား နေရာမှာ ကမ္ဘာတစ်ဝှမ်းလုံးကို လှည့်ပတ်လေ့ရှိတဲ့ စင်ရော်ငှက်တစ်မျိုးကို ဆိုလိုတယ်။။ အဲ့တာက ကျွန်တော်တို့ ကုမ္ပဏီ အဲ့ဒီစင်ရော်ငှက်မျိုးလိုပဲ ကမ္ဘာတစ်ဝှမ်းလုံးကို ချဲ့ထွင်သွားမယ်ဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကြွယ်ဝမှုက ကောင်းကင်ကြီးလောက် ကျယ်ပြန့်ပြီး ပင်လယ်ကြီးလောက် ခမ်းနားလိမ့်မယ်"
" 'တု' ဆိုတာက စကြဝဠာကြီးထဲက အရှင်သခင် ဖြစ်လာစေဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ကိုယ်စားပြုတယ်။ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မြင့်မားတဲ့ ပန်းတိုင်တွေပေါ့"
တကယ်တော့ ကုမ္ပဏီကြီး ခပ်မြန်မြန် တုန့်ဆိုင်း ရပ်တံ့သွားပြီး အမြန်ဆုံး ပြိုလဲသွားဖို့ ဖေးချမ့် မျှော်လင့်ခြင်းဖြစ်ပါသည်။
ချန်းယောင် အတွေးနက်ရှိုင်းသွား၏။ ဒီနာမည်ရဲ့ တင်စားမှုက အတော်လေး ကောင်းမွန်ပြီး ရွတ်လို့လည်း ကောင်းပါသည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ နာမည်က အနည်းငယ် စိတ်လေးစရာ ကောင်းနေသည်ဟုလည်း ထင်မိပါသေးသည်။