Logo ၃ ခု
Vol. 22 Ch. 325
နိုဝင်ဘာလ ၉ ရက်နေ့၊ အင်္ဂါနေ့...
ယခင်အပတ်တုန်းက ဖေးချမ့် အလုပ်တွေ အများကြီး ရှိခဲ့သည်။ ဖေးဟွမ်လုပ်ငန်းမှာတော့ ကျူးရှောင်စဲနဲ့ ဟွမ်းစစ်ပေါ်တို့ ဖေးချမ့်ရဲ့ ဇာတ်ညွှန်းအပေါ် အခြေခံပြီး ရိုက်ကူးရေးလုပ်ဖို့ ပြင်ဆင်နေကြဆဲ ဖြစ်သည်။
ကျူးရှောင်စဲက ဇာတ်ညွှန်းကို သာမန် ရုပ်ရှင် တစ်ကား၏ ကြာချိန်မျိုးအထိ ရောက်အောင် ဆွဲဆန့်ရမည်ဖြစ်ပြီး ဝန်ထမ်းတွေလည်း အမြန်ဆုံး ခေါ်ယူရမည်။ ဇာတ်ညွှန်းနဲ့ ဇာတ်ဝင်ခန်းတွေ အသင့်ဖြစ်ပြီဆိုတာနဲ့ ကျူးရှောင်စဲက ဇာတ်ညွှန်းကိစ္စ၊ သရုပ်ဆောင်များ ရွေးချယ်မှု၊ ရိုက်ကူးရေးတည်နေရာ ရွေးချယ်မှု အစရှိသည်တို့အတွက် ဆွေးနွေးရဦးမည်။ လုပ်စရာတွေ အများကြီး ရှိပါသည်။
ရှန်းယန်ဂိမ်းမှာ အားလုံးက တတ်နိုင်သမျှ သရဲဂိမ်းတွေ အများကြီး ကစားနေကြဆဲဖြစ်သည်။ ကုန်ကြမ်းနဲ့ မှီငြမ်းမှုများကို ရှာဖွေဖို့ ကြိုးစားနေကြဆဲ ဖြစ်၏။ သို့သော်လည်း ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ရဲ့ ဖန်တီးနိုင်စွမ်းအရဆို ဒီဇိုင်းမူကြမ်း ရက်ပိုင်းအတွင်း ထွက်လာတော့မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအတွက် ဆောင်ရွက်စရာ ကိစ္စ အားလုံးကိုလည်း အနည်းနဲ့အများ ဆောင်ရွက်ပြီးသွားပါပြီ။ ဟဲသယ်ရှန်း၏ အကူအညီဖြင့် အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများကို မကြာခင် ဖွင့်လှစ်နိုင်ပါတော့မည်။
HR ဌာနကလည်း ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ် အသေးစိတ်များကို အချောသပ်နေပြီဖြစ်သည်။ လောလောဆယ် အဆင့်များကို ဖန်တီးပြီးပါပြီ။ သို့သော်လည်း ရေးဖြေစာမေးပွဲအတွက် မေးခွန်းများနဲ့ အင်တာဗျူးများကို မဆုံးဖြတ်ရသေးပါ။ လျှောက်ထားသူများ၏ ဝင်ခွင့်၊ တည်နေရာ သတ်မှတ်ပေးခြင်း၊ ဌာနပေါင်းစုံ၏ ပူးပေါင်းလုပ်ဆောင်မှုနဲ့ ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်အတွင်း အချက်အလက်ပေါက်ကြားမှု ကာကွယ်ရေးများအတွက်လည်း HR ဌာနက စဉ်းစားရဦးမည်။
ဆဲလ်ဖုန်းလုပ်ငန်းမှာတော့ ချန်းယောင်က ဟုံချန်း နည်းပညာမှ သူ့ညီကိုများကို ဆက်သွယ်ပြီးပြီ ဖြစ်ပါသည်။ ကျင်းကျိုးမြို့ကို သူတို့ ရောက်လာကြသောအခါ ရုံးနေရာကောင်းကောင်း တစ်ခုကို ရှာဖွေမည်ဖြစ်သည်။ ထို့နောက် ဖန်တီးထုတ်လုပ်မှုများ စတင်ဖို့ အနည်းနဲ့အများ အသင့်ဖြစ်လောက်ပါပြီ။
ထိုအခါ ဖေးချမ့် သူ့ဘဏ်ကတ်ကို ထုတ်ရမည့်အချိန် ရောက်လာပါပြီ။
မနေ့ကတင် အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများ အတွက် ဖေးချမ့် သန်း ၂၀ သုံးခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၈ ရက်နေ့များက ဂိမ်းတိုင်းအတွက် အမြတ်ငွေရှင်းပေးသည့် တနင်္လာနေ့များ ဖြစ်သည်။
အရင်လ ၃၁ ရက်နေ့ ငွေစာရင်းရှင်းချိန်တွင် စနစ်က စနစ်ရန်ပုံငွေကို ယွမ် ၁၀ သန်းထပ်ဖြည့်ပေးလိုက်၏။ သို့သော်လည်း ဖေးချမ့်သုံးစရာ ၁၀ သန်းပဲ ရှိသည်ဟု မဆိုလိုပေ။
တစ္ဆေစစ်သူကြီး၊ သမုဒ္ဒရာရဲတိုက်၊ Game Designer၊ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ (နိုင်ငံခြားဗားရှင်း အပါအဝင်)၊ Bloody Battle Song မိုဘိုင်းဗားရှင်းစသဖြင့် တစ်ချိန်တည်းမှာ ဝင်ငွေ များစွာ ရှာပေးနေသည့် ဂိမ်းပေါင်းများစွာ ရှိနေပါသည်။
ဥပမာ Bloody Battle Song မိုဘိုင်းဗားရှင်းကိုပဲ ကြည့်လိုက်ပါ။ လစဉ် ယွမ် ၄ သန်း ၅ သန်းလောက် ရှာပေးနေသည်။ ဆိုလိုတာက ၂ ပတ်အတွင်း ယွမ် ၂ သန်းရှာပေးနေသည့် သဘောပင်။
တစ္ဆေစစ်သူကြီးနဲ့ Game Designer တို့လည်း အခြေအနေချင်း တူကြပါသည်။ လောလောဆယ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေဂိမ်းက ရောင်းအား အမြင့်ဆုံး ကာလကို ရောက်နေသည်။
ပြည်တွင်းဗားရှင်းနဲ့ နိုင်ငံခြားဗားရှင်းနှစ်ခုပေါင်း ၂ ပတ်အတွင်း ယွမ် ၇ သန်း ၈ သန်းလောက် ရှာပေးနေပါသည်။
သမုဒ္ဒရာရဲတိုက်၏ ဝင်ငွေက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေထက် ပိုပြီး တည်ငြိမ်နေပါသည်။
ဒါတွေအပြင် ဖေးချမ့် အလွန်အကျွံငွေဖြုန်းတီးခဲ့ခြင်း၏ ဘေးထက်ဆိုးကျိုးများကို ခံစားနေရပြီဖြစ်သည့် ယွီအင်တာနက်ကဖေးနဲ့ ROF တို့ကလည်း ယခုဆို အမြတ်အစွန်းများ ရနေပါပြီ။
အမြဲတမ်း ဝင်ငွေတည်ငြိမ်နေသည့် မင်ယွမ်စားဖိုဆောင်ကို မဆိုဦးနဲ့၊ ကျုံးထျန်တရုတ် နက်ဝေါ့ခ်ကတောင် ရလဒ်ကောင်းတွေကို စတင် ပြသလာပါပြီ။
လေဆန်ပို့ဆောင်ရေးက ဖြုန်းတီးပေးနေသည့် ငွေတွေကို ဖေးချမ့် ဖယ်လိုက်ရင်တောင် လွန်ခဲ့သည့် ၂ ပတ်အတွင်း ယွမ် ၁၀ သန်းကျော် ရရှိနိုင်ပါသေးသည်။
တစ်လအတွင်းဆို စုစုပေါင်း ယွမ် သန်း ၃၀ ကျော် ဖြစ်လာနိုင်သည်။
ငွေစာရင်းရှင်းချိန် အသုတ်က ၅ လကြာမြင့်မည်။ ဒီ ၅ လအတွင်း ဂိမ်းတွေရဲ့ ဝင်ငွေတွေက အတက်အကျ ရှိလိမ့်မည်။ သီးခြားဂိမ်းတွေက သေချာပေါက် ဝင်ငွေ ပိုနည်းသွားနိုင်သော်လည်း Bloody Battle Song နဲ့ သမုဒ္ဒရာရဲတိုက်တို့လို ဝက်ဘ်ဆိုက် ဂိမ်းတွေက သက်တမ်းအလွန်ရှည်တတ်သည်။ ၎င်းတို့က ထန်းတာ့၏ အဓိက ငွေဝင်ပေါက်များ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ဖေးချမ့်က ၅ လအတွင်း ယွမ် ၁၀ သန်း ဖြုန်းဖို့ ရည်ရွယ်ထားတာ မဟုတ်ဘဲ ယွမ် သန်း ၁၅၀ ဖြုန်းဖို့ ရည်ရွယ်ထားတာ ဖြစ်သည်။
ထို့အပြင် ဒါကလည်း ဖေးချမ့်သိထားပြီးသား ငွေဝင်ပေါက်များမှ ပေးမည့် အကျိုးအမြတ်များကိုသာ တွက်ချက်ထားခြင်းဖြစ်သည်။ လာမယ့် ငွေစာရင်းရှင်းချိန် မတိုင်ခင် နောက်ထပ်ပရောဂျက် တစ်ခုက ရုတ်တရက်ကြီး ထအောင်မြင်သွားရင် ဘယ်လိုလုပ်မလဲ။
ဖေးချမ့် တတ်နိုင်သမျှ အများဆုံးနဲ့ အမြန်ဆုံး ငွေဖြုန်းထားတာ ပိုကောင်းပါလိမ့်မည်။
စနစ်က သူ့ကို စဦး ရန်ပုံငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကို အလှူအတန်းအတွက် သုံးခွင့် ပေးသော်လည်း ယွမ် ၅ သန်းမျှသာဖြစ်သည်။
ထို့ကြောင့် ငွေဖြုန်းနိုင်ဖို့ ဖေးချမ့် ကြိုးစားရပါဦးမည်။
ဖေးချမ့်က ရန်ပုံငွေများကို လက်ရှိ လုပ်ငန်းပေါင်းစုံအတွက် ခွဲပေးဖို့ စီစဉ်ထား၏။
အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများ ကုမ္ပဏီအတွက် ယွမ် သန်း ၂၀ ကို ပေးလိုက်ရင်း စတင်လိုက်ပါသည်။ ဒါမှ မာကြီးလည်း သွေးပူလာမည်ဖြစ်သည်။
သူ့အဓိက စဉ်းစားပုံကတော့ မာယန်မှာ အကြောက်တရားအကြောင်း ကောင်းကောင်း နားမလည်သေးသည့် လူငယ်တစ်ယောက်ဖြစ်နေဆဲဟု သတ်မှတ်နိုင်သည်။ ဒါက သူ့အတွက် အရာအားလုံးကို ဖြုန်းတီးပစ်ဖို့ အချိန်ကောင်းဖြစ်သည်။ မာယန်ကို အစောပိုင်း ကတည်းက ငွေနည်းနည်းသာ ပေးထားလျှင် သူအများဆုံး အရှုံးပေါ်နိုင်တာဆိုလို့ ယွမ် ၁ သန်း ၂ သန်းသာ ရှိပါလိမ့်မည်။
သို့သော် မာယန်က ထိုကျရှုံးမှုများမှ သင်ခန်းစာ ပြန်ယူပြီး နောက်ပိုင်း အောင်မြင်သည့် ပရောဂျက်တွေမှာပဲ ပိုပြီး ရင်းနှီးမြှုပ်နှံလာနိုင်သည်။
ဒါဆို ဖေးချမ့်အတွက် ပွဲသိမ်းသွားမှာ မဟုတ်လား။
ထို့ကြောင့် ဖေးချမ့်က မာကြီးကို ယွမ် သန်း ၂၀ ကြိုပေးထားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါမှ သူဖြုန်းချင်သလောက် ဖြုန်းနိုင်မှာ ဖြစ်သည်။
အစောပိုင်းမှာ ငွေလုံလုံလောက်လောက် ဆုံးရှုံးထားပါက နောက်ပိုင်း မာကြီး ဉာဏ်ပိုကောင်းလာလည်း ဖေးချမ့် စိတ်ပူစရာ မလိုတော့ပါ။
သူ့ဝန်ထုပ်ဝန်ပိုးများကို ကူသယ်ပေးဖို့အတွက် ဘော့စ်ဖေး တခြား လုပ်ငန်းတွေအတွက် ဘက်ဂျက်ကိုလည်း အမြင့်ဆုံး ဖြစ်အောင် မြှင့်တင်လိုက်မည်။
ရှန်းယန်ဂိမ်းက နောက်ထုတ်မည့် သရဲဂိမ်း ဖန်တီးထုတ်လုပ်မှုအတွက် အနည်းဆုံး ယွမ် သန်း ၂၀ သုံးရမည်။
ထန်းဒါ နောက်ထပ် ဘာဂိမ်းကို ထုတ်လုပ်မလဲဆိုတာ ဖေးချမ့် မဆုံးဖြတ်ရသေးသော်လည်း ထန်းတာ့က ကုမ္ပဏီများစွာ၏ ဦးစီးဦးဆောင် ဖြစ်သည်။ ကြီးကျယ်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသူသည် ပိုလေးနက်သည့် တာဝန်များကို ယူရတတ်သည်။ ထို့ကြောင့် ဖေးချမ့်က သူတို့ကို ယွမ် ၅၀ လောက် ဖြုန်းခိုင်းလိုက်တာ မဖြစ်နိုင်ဘဲ မနေလောက်ပါဟု တွေးထားပါသည်။
ဖေးဟွမ် လုပ်ငန်းက ရုပ်ရှင်ကားတစ်ကားကို ရိုက်ကူးရမည်။ ရိုက်ကူးစရာ အကြောင်းအရာက အများကြီး မပါဝင်ဘဲ ရုပ်ရှင်က ထုတ်လုပ်မှု တန်ဖိုး နည်းပါးနိုင်သော်လည်း ကွန်ပျူတာ အထူး ပြုလုပ်ချက်များအတွက် သူတို့ ငွေပိုသုံးနိုင်ပါသည်။ သူတို့ကို ယွမ် သန်း ၃၀ လောက် သုံးခိုင်းလိုက်တာက သင့်တော်ပါလိမ့်မည်။
ဆဲလ်ဖုန်းလုပ်ငန်းကတော့... ၎င်းတို့၏ အဆင့်မြင့် မော်ဒယ်များကို အမြောက်အများထုတ်လုပ်ဖို့ အစီအစဉ် မရှိကြသေးပါ။ သို့သော်လည်း စဦး ရင်းနှီးမြှုပ်နှံမှု ယွမ် သန်း ၂၀ လောက်တော့ လိုအပ်လိမ့်မည်ဟု ဖေးချမ့် တွေးထားမိပါသည်။
ဘယ်သူမှ သူတို့ ဆဲလ်ဖုန်းကို မဝယ်ချင်တာ သေချာမှန်း အတည်ပြုပြီးတာနဲ့ ဒီလုပ်ငန်းအတွက် ငွေတွေ ထပ်လောင်းထည့်မည်ဖြစ်ကာ ကုန်တွေ အများကြီး ထပ်ထုတ်လုပ်နိုင်ပါသည်။
သူ့ငွေအားလုံးကို ဖြုန်းလို့မကုန်သေးလျှင် လက်ကျန်ငွေများကို အသီးအပွင့် မခံစားရသေးသည့် လုပ်ငန်းများအတွက် လောင်းထည့်လိုက်မည်။ နောက်ငွေစာရင်းရှင်းချိန် မတိုင်ခင်အထိ အချိန်ဆွဲထားဖို့ ဖေးချမ့် ကြိုးစားနိုင်ပါသည်။
အမှန်ပင်။ အလှူအတန်းလုပ်ရင်း ယွမ် ၅ သန်းလည်း သုံးနိုင်သေးသည်။ ဒါက သူ့ရဲ့ နောက်ဆုံးအားကိုးရာ ဖြစ်သည်။
ဖေးချမ့် ဘယ်လောက်ပဲ စဉ်းစားကြည့်ပါစေ လက်ရှိ သူ့အခြေအနေက အကောင်းကြီး မဟုတ်ပါ။ သို့သော် လောလောဆယ်တော့ အခြေအနေများကို တောင့်ခံနိုင်ပါသေးသည်။
အလွန်ရက်ရောသည့် ခန့်မှန်းချက်များပင် လုပ်ထားပြီးပြီဖြစ်သည်။ အားလုံးအဆင်ပြေ ချောမွေ့ပါက ငွေစာရင်းရှင်းချိန် မတိုင်ခင် စနစ်ရန်ပုံငွေထဲက ပမာဏကို ယွမ် ၁၀ သန်းလောက်အထိ လျှော့ချပစ်နိုင်ပါလိမ့်မည်။
ဖေးချမ့် ရည်မှန်းချက်ကြီးမားလွန်းတာ မဟုတ်ပါ။ သူ့ကိုယ်ပိုင်စည်းစိမ်အတွက် ယွမ် ၄၀၀,၀၀၀ မှ ၅၀၀,၀၀၀ လောက်ရနိုင်ဖို့ ယွမ် ၄ သန်း ၅ သန်းလောက် အရှုံးပေါ်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပဲ စနစ်ထံကလည်း ဆုတစ်ခု ရဦးမည်။ ဒီလိုဆို လစဉ် ယွမ် ၁၀၀,၀၀၀ လောက် ရနေပါလိမ့်မည်။ သူ့ကြိုးစားမှုများ အလကား မဖြစ်ပေ။
အမှန်ပင်။ ငွေတွေအားလုံးကို တစ်ခါတည်း အကုန်ရမှာတော့ မဟုတ်ပါ။ ထို့အစား ငွေများကို သူ့အကောင့်ထဲ အပတ်စဉ် လွှဲပေးသွားမှာ ဖြစ်သည်။ ပရောဂျက်ပေါင်းစုံမှာ သုံးစွဲဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖေးချမ့် လုပ်ငန်းစဉ်တစ်ခု စဉ်းစားရပါဦးမည်။ တစ်ချက်တည်းနဲ့ အကုန် မသုံးနိုင်ပါ။
ဖေးချမ့် တွက်ချက်နေစဉ် တစ်ယောက်ယောက်က တံခါးလာခေါက်လေသည်။ မော့ကြည့်လိုက်တော့ လီယာ့တာကို မြင်လိုက်ပါသည်။
"ဘော့စ်... ဘော့စ်ဖေး။ အာ... ကျွန်မတို့ ဂိမ်းသစ်တစ်ခု ဖန်တီးဖို့ စီစဉ်ရတော့မှာလား"
"ဒါမှမဟုတ် အရှုံးပေးပြီးကယ်တင်ခြင်းခံစေအတွက် DLC ထုတ်ဖို့ လုပ်လိုက်ရမလား"
"အား... အားလုံးက နည်းနည်း ပျင်းနေကြပြီ"
သူမက အလုပ်တာဝန် လာတောင်းနေတာလား။
ဒီလို ဦးဆောင်လမ်းပြ အပြုအမူမျိုးကို ဖေးချမ့် သဘောမကျပေ။
သို့သော်လည်း အများကြီးတော့ ပြန်မပြောခဲ့ပါ။ လေးလေးနက်နက် တွေးနေပုံသာ ဟန်ဆောင်လိုက်ပြီး ပြောလိုက်ပါသည်။
"မလောပါနဲ့။ တွန်းအားအကြီးကြီးပေးခံရမှာမို့လို့ အားလုံးကို အားတွေ စုထားကြပါစေဦး။ မကြာခင် နင်တို့အကုန်လုံးကို အရမ်းအရေးကြီးတဲ့ တာဝန်တစ်ခု ပေးဖို့ ရှိတယ်"
ဖေးချမ့်က ထန်းတာ့ဂိမ်းဌာနကို ဘာတာဝန် ပေးရမယ်မှန်းတောင် မစဉ်းစားရသေးပါ။
သမာရိုးကျဂိမ်းများကို ဖန်တီးရင်း သူတို့ အောင်မြင်သွားနိုင်ခြေက အလွန်မြင့်လွန်းသည်။ ဖေးချမ့်သူတို့ကို ဒါတွေ ဖန်တီးခိုင်းလို့ မဖြစ်ပါ။
နောက်ဂိမ်းအတွက် သူဖြုန်းဖို့ပြင်နေသည့် ယွမ် သန်း ၅၀ ထဲမှ နောက်ထပ် ငွေဝင်ပေါက်ကြီး ထွက်လာတာမျိုး သူမလိုချင်ပါ။ ဒီလိုဆို ဘော့စ်ဖေး လိုချင်တဲ့ အာနိသင်ရဲ့ ဆန့်ကျင်ဘက်မျိုးကိုသာ ရသွားနိုင်သည်။
လီယာ့တာ ခေါင်းငြိမ့်လိုက်ပါသည်။ "သြော် ဟုတ်ကဲ့ပါ။ ဘော့စ်ဖေး ကျွန်မတို့ကို တာဝန်ပေးဖို့ အသင့်ဖြစ်ပြီဆိုရင် ကျွန်မတို့ အချိန်မရွေး လာတွေ့လို့ ရပါတယ်"
လီယာ့တာ ထွက်သွားပြီးနောက် ဖေးချမ့် စိတ်ပျက်လက်ပျက် ထိုင်ခုံတွင် ကျောမှီလိုက်ပါသည်။
ဘော့စ်ဖြစ်ရတာ အရမ်းခက်ခဲတယ်ကွာ။ ငါ့ဝန်ထမ်းတွေကို အလုပ်ပေးဖို့ နေ့တိုင်း ဦးနှောက်စားနေရတယ် သူတို့ကို ၂ ရက်လောက် နားခိုင်းထားရင်တောင် ငါ့ရုံးခန်းထိလာပြီး အလုပ်လာတောင်းကြသေးတယ်။
တော်တော် သည်းမခံနိုင်စရာပဲ။
ဒင် ဒင်
သူ့ဆဲလ်ဖုန်းထဲ မက်ဆေ့တစ်စောင်ကို ဝင်လာခဲ့၏။ ဖေးချမ့် ယူကြည့်လိုက်သောအခါ ချန်းယောင်ထံမှ ဖြစ်နေလေသည်။
"ဘော့စ်ဖေး။ ကျွန်တော်တို့အဖွဲ့ အနည်းနဲ့အများ ဖွဲ့စည်းပြီးပါပြီ။ ဒီအပတ်ထဲ ရုံးတည်နေရာတစ်ခု ရွေးဖို့အတွက် စီစဉ်လိုက်ပါ့မယ်။ ကျွန်တော်တို့ နောက်အပတ်လောက်ထဲ တရားဝင် အလုပ်စဖို့ အနည်းနဲ့အများ အသင့်ဖြစ်လောက်ပါပြီ"
"ပြီးတော့ ကျွန်တော်တို့ ဒီဇိုင်နာက ရွှေ့ပြောင်း ထောက်ပံ့ကြေးကို ရသွားပြီးတော့ အရမ်းသဘောကျသွားပြီး ညတွင်းချင်းပဲ အော့တို နည်းပညာအတွက် Logo လေးတွေ ဆွဲထားပေးပါတယ်။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါဦး"
မက်ဆေ့တွင် ဓာတ်ပုံတစ်ပုံလည်း ပါသည်။
ဖေးချမ့် နှိပ်ကြည့်လိုက်ရာ အဓိပ္ပာယ်ပြည့်ဝသည့် Logo တစ်ခုကို မြင်လိုက်ရပါသည်။
တစ်ချက်လောက် ကြည့်လိုက်တာနဲ့ အပြင်ပိုင်းမှာ ထောင့်မှန်စတုဂံနဲ့ ဆင်တူသည့် ပုံစံတစ်ခုကို မြင်ရမည်။ ထောင့်မှန်စတုဂံရဲ့ အတွင်းပိုင်းမှာတော့ ရှုပ်ရှုပ်ထွေးထွေး တစ်ခုနဲ့ တစ်ခု ထပ်နေသည့် စက်ဝိုင်း ၂ ခုရှိသည်။ ထောင့်မှန်စတုဂံနဲ့ စက်ဝိုင်းများက ထူးခြားစွာ တစ်ခုကိုတစ်ခု ထိဖြတ်နေကြ၏။ ထောင့်မှန်စတုဂံ၏ အနားများက စက်ဝိုင်း၏ အနားများအတွင်း လိမ်ကောက်ကာ ပေါင်းစပ်သွားသည်။ မသဲမကွဲဖြင့် ထိုအတွင်းထဲတွင် T စာလုံးကြီး ၂ လုံးကို မြင်နိုင်သည်။ တစ်နည်းအားဖြင့် ထို Logo က 'OTTO' ဟူသည့် ပုံစံမျိုး ဖော်ဆောင်ထားခြင်း ဖြစ်ပါသည်။
အဝေးကကြည့်လိုက်ရင် ထောင့်မှန်စတုဂံ မျက်မှန်တစ်လက်ရဲ့အတွင်းမှာ ရှင်းလင်းတောက်ပနေသည့် မျက်လုံးတစ်စုံကို မြင်ရနိုင်သည်။ သို့သော် အနီးကပ် ကြည့်လိုက်ရင်တော့ Mobius Loop သဏ္ဌာန်လေး မြင်ရသည်။
ထို့အပြင် စက်ဝိုင်းနှစ်ခု အချင်းချင်းချိတ်ဆက်နေသည့် ပုံစံက ဖေးချမ့်ကို သင်္ချာပညာရပ်မှ Infinity (အန္တကိန်း) သင်္ကေတပုံစံအား ပြန်အမှတ်ရစေသည်။ Logo က ရိုးရှင်းသော်လည်း အတော်လေး အဆင့်မြင့်ပြီး ခေတ်လွန်သည့်ပုံ ပေါက်ပါသည်။
ဖေးချမ့် သဘောကျသွားမိသည်။ ဒါမျိုးကို ပါရမီလို့ ခေါ်တယ်။
'OTTO' က အပေါစားဆန်သည့် နာမည်မျိုး ဖြစ်သော်လည်း ဒီဇိုင်နာက ထိုစာလုံးကို သုံးပြီး အထက်တန်းဆန်တဲ့ Logo မျိုးကို ဖန်တီးနိုင်ခဲ့တာလား။
ဒီ Logo တံဆိပ်ကိုသာ ၎င်းတို့၏ ဆဲလ်ဖုန်း နောက်ဘက်များတွင် ရိုက်နှိပ်လိုက်လျှင် လူတွေ တကယ် စိတ်ဝင်စားသွားနိုင်သည်။
ထို့အပြင် ချန်းယောင် ပို့ပေးလိုက်တာ ဒီ Logo တစ်ခုတည်း မဟုတ်ပေ။
ဒုတိယ Logo တစ်ခုက ကြက်ခြေခတ် ၂ ခု၊ စက်ဝိုင်း ၂ ခုဖြင့် ရေးဆွဲထားသည့် ဂိမ်းခလုတ် တစ်ခုပုံစံ ဖြစ်သည်။ ကြက်ခြေခတ်များ ဘယ်ဘက်အပေါ်နဲ့ ညာဘက်အောက်မှာရှိပြီး စက်ဝိုင်းများက ဘယ်ဘက်အောက်နဲ့ ညာဘက်အပေါ်တို့မှာ ရှိသည်။ စက်ဝိုင်း ၂ ခုက ဂိမ်းခလုတ်၏ အရွှေ့ဘုလုံး ၂ ခုလို သဏ္ဌာန်ဆောင်နေရင်း ဂိမ်းခလုတ်တစ်ခုနဲ့ ဆင်တူအောင် သေချာ ရေးဆွဲထားပါသည်။
ဒီ Logo ကတော့ အရင်တစ်ခေါက်လောက် ရိုးရှင်းပြီး အဆင့်မြင့်သည့်ပုံ မပေါက်ပေ။ ဒီဇိုင်းက အနည်းငယ် ပိုရှုပ်ထွေးကာ၊ အရောင်တွေကလည်း ပိုပြီး ရင့်ပါသည်။ ဂိမ်းတွေနဲ့ ဂိမ်းနဲ့ သက်ဆိုင်သည့် အကြောင်းအရာများကို ဖေးချမ့်အား တွေးမိသွားစေသည်။
တတိယ Logo ကတော့ အားလုံးထဲမှာ ခေတ်ရေစီးကြောင်းနဲ့ အကိုက်ညီဆုံး ဖြစ်သည်။ 'OTTO' ကို စာကြောင်းတစ်ကြောင်းတည်းနဲ့ ရေးသားထားခြင်းသာဖြစ်ပြီး O များက ဝိုင်းဝန်းလုံးစက်ကာ T များက ဖြောင့်မတ် တောင့်တင်းသည့်ပုံပေါက်သည်။ ကြည့်ရတာ အဆင်ပြေပြီး တခြား နည်းပညာကုမ္ပဏီ အများစု၏ စတိုင်မျိုးနောက်ကို လိုက်ပါသည်။
ဒီဇိုင်နာက မတူညီသည့် ဒီဇိုင်း ၃ မျိုးကို ဖန်တီးပေးခဲ့သည်။
ပထမတစ်ခုက စိတ္တဇဆန်ဆန်၊
ဒုတိယတစ်ခုက ဂိမ်းသဏ္ဌာန်၊
တတိယတစ်ခုက သာမန် အက္ခရာတွေသာ ဖြစ်သည်။
ဒီဇိုင်နာက နောက်ဆုံးဒီဇိုင်းအတွက် ဘော့စ်ဖေးကို ဆုံးဖြတ်စေချင်တာ ဖြစ်နိုင်ပါသည်။
ဒီဇိုင်းအားလုံးက ကျေနပ်စရာကောင်းသည်ဟု ဖေးချမ့် တွေးမိပါသည်။ ထို့ကြောင့် သူစာပြန်လိုက်၏။ "အကုန်လုံးက မဆိုးပါဘူး။ အခုတော့ ခဏလောက် ထားလိုက်ဦး။ ဆဲလ်ဖုန်း ဒီဇိုင်းတွေ ပြီးတဲ့အခါကျမှ ဘယ် Logo ကိုသုံးရမလဲ စဉ်းစားဖို့ အချိန်ရှိပါတယ်"
နိုဝင်ဘာလ ၁၂ ရက်၊ သောကြာနေ့...
မာယန်ကိုတွေ့ဖို့အတွက် အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများ ဆီ ဖေးချမ့်သွားဖို့ စီစဉ်နေသည်။
မနေ့က သွားတွေ့ချင်သော်လည်း Single နေ့ ဖြစ်နေသဖြင့် ဖေးချမ့် အွန်လိုင်းပေါ်က ပစ္စည်းပေါင်းစုံကို ဝယ်ယူရင်း အလုပ်ရှုပ်နေခဲ့ပါသည်။
သူ့ပစ္စည်းတွေ ရောက်မလာသေးသဖြင့် မာကြီးကို သွားတွေ့ဖို့ ဖေးချမ့် အချိန်ပို ရှိပါသည်။
တနင်္လာနေ့တုန်းက အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများ ဆီသို့ ယွမ် သန်း ၂၀ လွှဲပေးလိုက်သည်။ ထိုနေ့ကစလို့ ၅ ရက်တာ ကြာခဲ့ပြီ ဖြစ်သည်။ အခုလောက်ဆို ထိုငွေ တစ်စိတ်တစ်ပိုင်းလောက်ကိုတော့ သုံးပြီးသွားကြလောက်ပါပြီ။
သို့သော်လည်း မာယန်၏ စရိုက်လက္ခဏာအရ အခက်တွေ့နေလောက်သည်ဟု ဖေးချမ့် ခန့်မှန်းမိသည်။ အခုချိန်ထိ အလွန်ဆုံး ယွမ် ၂ သန်း၊ ၃ သန်းလောက်သာ သုံးနိုင်လောက်ပါဦးမည်။
မာကြိးကို လုပ်စရာရှိတာကို လုပ်ပြီး မတွန့်ဆုတ်ဖို့အတွက် ဖေးချမ့် အကြိမ်ကြိမ် မှာခဲ့ပြီး ဖြစ်ပါသည်။
သို့သော်လည်း... ယွမ် သန်း ၂၀ တောင် မဟုတ်ပါလား။
မာယန် ဒီငွေတွေ မသုံးရဲမှာကို ဖေးချမ့် စိုးရိမ်နေမိ၏။ ထို့ကြောင့် အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများဆီသို့ လာရောက်ပြီး အခြေအနေတွေကို စစ်ဆေးကာ မာကြီးကို စဉ်းစားဖို့ အကြောင်းအရာ တစ်ခုခု ပေးဖို့ စီစဉ်ထားခြင်း ဖြစ်၏။
အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများက ရုံးနေရာတစ်ခု ငှားပြီးသွားပြီဖြစ်သည်။ ထန်းတာ့မှ ၁၅ မိနစ်လောက် ကားဖြင့် မောင်းလာလျှင် ရောက်ပါပြီ။ ဒီရုံးကလည်း အဆင့်မြင့် ရုံးအဆောက်အဦးကြီး တစ်ခုတွင် တည်ရှိပါသည်။
ဖေးချမ့်က သူ့မှာရှိသည့် လိပ်စာကို ပြလိုက်ပြီး အိမ်မက်အကောင်အထည်ဖော်ဆောင်ခြင်းခြေလှမ်းများဆီသို့ သွားခဲ့ကာ တိုးတိုးတိတ်တိတ် ဝင်လာခဲ့ပါသည်။
ကြမ်းပြင်ပေါ်တွင် ဧရာမ ကောဇောကြီးတစ်ချပ်ကို ခင်းထားသည်။ ထို့ကြောင့် ဖေးချမ့် ရုံးထဲဝင်လာတာ ခြေသံမထွက်ခဲ့ပါ။ ဧရာမ ရုံးကြီးက ဟာလာဟင်းလင်း ဖြစ်နေဆဲဖြစ်သော်လည်း အထဲက အော်သံတွေ ပဲ့တင်သံ ထပ်နေတာကို ကြားလိုက်ရပါသည်။
"မြန်မြန် မြန်မြန် မင်းသတ်နိုင်တယ် မင်းသတ်နိုင်တယ်"
"အဲ့မြေနိုးကို အရင်သတ်လိုက်"
"ငါ့ကို မြန်မြန်ကယ်ပါဦးဟ"
"သက်တော်စောင့် သက်တော်စောင့် ဘော့စ်မာကို ကာကွယ်ထား"