← Chapters

အိုင်ဒီယာတိုင်းကို ပယ်ချတယ်

Vol. 22 Ch. 328

အိုင်ဒီယာတိုင်းကို ပယ်ချတယ်

Vol. 22 Ch. 328

ဖေးချမ့် သူ့မှတ်စုစာအုပ်လေးကို လှန်ကြည့်လိုက်သည်။ လောလောဆယ်အတွက်တော့ ကုမ္ပဏီအတွက် သူ လုပ်နိုင်တာအကုန် လုပ်ပြီးပါပြီ။

ကိုင်တွယ်ရမည့် ကိစ္စတွေက အများကြီးဆိုတာထက် ပိုများခဲ့သော်လည်း အများစုကို ရှင်းပြီးသွားပြီ ဖြစ်သည်။ အခုတော့ ဌာနပေါင်းစုံလည်း အလုပ် ရှုပ်နေလောက်ပြီ။ တစ်ဖက်မှာတော့ ဖေးချမ့်က အနားယူနိုင်ပါပြီ။

ရုံးထိုင်ခုံတွင် မှီထိုင်လိုက်ပြီး အနားယူဖို့ ပြင်လိုက်၏။ ထို့နောက် ဖေးချမ့် အင်တာနက်ထဲဝင်ကြည့်ကာ သင့်တော်သည့် အိမ်များကို လိုက်လံရှာဖွေလေသည်။

ယခုက ၂၀၁၀ ခုနှစ်ဖြစ်သဖြင့် အိမ်စျေးများ တက်မည့် အရိပ်အယောင်ကို ပြသနေပါပြီ။ သို့သော်လည်း ဖေးချမ့်ရဲ့ အမြင်မှာတော့ တတ်နိုင်သည့်စျေး ဖြစ်နေပါသေးသည်။

ပျမ်းမျှအားဖြင့် ပေကျင်းနဲ့ ရှန်ဟိုင်းမြို့ရှိ အိမ်များက ၁ စတုရန်းမီတာကို ယွမ် ၂၅,၀၀၀ ခန့် တန်သည်။ ပေကျင်းက ကျောင်းနယ်မြေရှိ အိမ်များကတော့ ၁ စတုရန်းမီတာကို ယွမ် ၃၈,၀၀၀ လောက်အထိ ကုန်ကျနိုင်ပါသည်။

လူပေါင်းများစွာအတွက် ဒါက မိုးထိုးနေသည့် စျေးမျိုး ဖြစ်သည်။ သို့သော်လည်း မဟုတ်မှန်း ဖေးချမ့် ကောင်းကောင်းသိပါသည်။

ကျင်းကျိုးမြို့က ပြည်နယ်အဆင့်မြို့တစ်မြို့ဖြစ်ပြီး တခြား ဒုတိယအဆင့်မှီမြို့များနဲ့ ယှဉ်ကြည့်လျှင် အတော်လေး ကောင်းမွန်ပါသည်။ ဒီက ပျမ်းမျှ အိမ်စျေးနှုန်းက ၁ စတုရန်းမီတာကို ၁၃,၀၀၀ ယွမ် ဝန်းကျင် ရှိသည်။

မြို့တော်ဗဟိုက ပိုကောင်းသည့် နေရာများတွင် စျေးနှုန်းများက ၁ စတုရန်းမီတာကို ၁၅,၀၀၀ - ၁၆,၀၀၀ ယွမ်လောက် ရှိသည်။ သို့သော်လည်း ဖေးချမ့်က မြို့တော်ဗဟိုက အိမ်မျိုးကို ဝယ်မှာ မဟုတ်ပါ။

လောလောဆယ်အချိန်မှာ အမြန်ရထားဘူတာများကို နိုင်ငံတော်တစ်လျှောက် ဆောက်လုပ်နေဆဲ ဖြစ်သည်။ အများစုက နောက်နှစ်လယ်လောက်တွင် စတင်အသုံးပြုလို့ ရတော့မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။

ဖေးချမ့် ရှာဖွေနေသည့် အိမ်က သူ့မိဘများအတွက် ဖြစ်သည်။ သူတို့ရဲ့ အသိုင်းအဝိုင်းအများစုက ကျင်းကျိုးမြို့၏ တောင်ဘက် ကောင်တီစီရင်စု အတွင်းမှာသာ ရှိသည်။ တိုက်ဆိုင်စွာဖြင့် ကျင်းကျိုးမြို့၏ ကျင်းကျိုးတောင်ပိုင်းဘူတာဟု ခေါ်ဆိုမည့် အမြန်ရထားဘူတာတစ်ခုကိုလည်း ထိုတောင်ပိုင်းတွင် ဆောက်လုပ်မည်ဖြစ်ပြီး စီရင်စုနယ်နဲ့ သိပ်မဝေးလှပါ။

ထို့ကြောင့် ဖေးချမ့်က ကျင်းကျိုးမြို့ တောင်ပိုင်းဘူတာအနီးတွင် အိမ်တစ်လုံးဝယ်ဖို့ စဉ်းစားမိသည်။ ဒီလိုဆို သူ့မိဘတွေရဲ့ လုပ်ငန်းနေရာနဲ့ နီးကပ်ပြီး သူတို့ အပေါင်းအသင်းတွေနဲ့လည်း နီးနိုင်ပါသည်။

အမြန်ရထားဘူတာများကို ဖွင့်လှစ်သောအခါ အမြန်ရထားဖြင့် တခြား မြို့များသို့ အလွယ်တကူ သွားရောက်နိုင်သည်။

ထို့အပြင် ဖေးချမ့်၏ အတွေ့အကြုံအရ ကျင်းကျိုးမြို့ တောင်ပိုင်းဘူတာ အနီးရှိ နယ်မြေက အနာဂတ်တွင် ပိုပြီး စီးပွားရေးဖွံ့ဖြိုးလာမည် ဖြစ်သည်။ ထိုနေရာက လုပ်ငန်း၊ အဆောက်အဦးများ တိုးတက်လာဖို့ အချိန် အနည်းငယ်သာ လိုပါသည်။

ထို့အပြင် အိမ်စျေးတွေကလည်း မတက်သေးပါ။

ဖေးချမ့် လိုက်ကြည့်လိုက်သည်။ လောလောဆယ် တောင်ပိုင်းရှိ အိမ်ခြံမြေ စျေးက ၁ စတုရန်းမီတာကို ၁၁,၀၀၀ - ၁၂,၀၀၀ လောက်သာ စျေးရှိပါသည်။ ဆိုလိုရင်းက ၁၅၀ စတုရန်းမီတာရှိသည့် အိမ်တစ်လုံးကို ၁.၈ သန်း ယွမ်နဲ့ ဝယ်ယူနိုင်သည်။

ဒီလောက်ဆို သူ့မိဘတွေအတွက် အဆင်ပြေနိုင်ပါလိမ့်မည်။ ဖေးချမ့်က အိမ်သစ်မှာ နေထိုင်မှု အဆင်ပြေနိုင်ချေ ရှိမရှိကိုသာ ဂရုစိုက်သည်။ ဒီကမ္ဘာက သူ လာခဲ့တဲ့ ကမ္ဘာနဲ့ အတော်လေး ခြားနားလွန်းသည်။ အိမ်ခြံမြေး စျေးများက သူ မှတ်မိသလို ပြောင်းလဲသွားမလားဆိုတာ ဖေးချမ့် ရာနှုန်းပြည့် မသေချာနိုင်ပါ။

ဖေးချမ့်က စျေးနှုန်းတက်သွားမည့် အိမ်ခြံမြေ တစ်ခုအတွက် ၁.၈ သန်း မသုံးချင်တာ မဟုတ်ပါ။ သို့သော်လည်း ဒီကမ္ဘာကြီးက ခြားနားလွန်းနေသည်။ သူ မှတ်မိသလို ဟုတ်မနေပါ။

တစ်ခုခုမှားယွင်းသွားပြီး အားလုံး ဆုံးရှုံးသွားပါက ဖေးချမ့် ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။ စနစ်ကိုလား။ မဖြစ်နိုင်ပါ။ သူ့ကိုယ်သူသာ အပြစ်တင်ရပါမည်။

ထို့ကြောင့် အနည်းငယ် တွေးတောပြီးနောက် ဘာမှ အသစ်အဆန်း ကြိုးစားမကြည့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ထို့အစား စနစ်ထံမှ တရားဝင် ငွေရရှိဖို့ကိုသာ အာရုံစိုက်ထားပါမည်။ စနစ်ထံမှ ငွေကို ယူနိုင်ပြီး သူ့မိဘတွေရဲ့ နေထိုင်မှုစံနှုန်းကိုလည်း တစ်ချိန်တည်းမှာပဲ တိုးမြှင့် ပေးနိုင်ပါလိမ့်မည်။ ဒီလောက်ဆို အဆင်ပြေပါပြီ။

ဖေးချမ့် အင်တာနက် အကြာကြီး သုံးခဲ့ပြီး ဝယ်ယူနိုင်ချေ ရှိသည့် အိမ်ပေါင်းများစွာ၏ အချက်အလက်ကို မှတ်သားလိုက်သည်။ သို့သော်လည်း အတိအကျတော့ မရွေးချယ်ရသေးပါ။

လက်ထောက်ရှင်းနဲ့ တခြား ဝန်ထမ်းတွေကိုလည်း အကူအညီ မတောင်းခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်။ ကုမ္ပဏီ လုပ်ငန်းနဲ့ လားလားမှ မသက်ဆိုင်ပေ။

ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဝန်ထမ်းများကို ဖေးချမ့် ကူညီခိုင်းပါက အဓိပ္ပာယ်မဲ့ပါလိမ့်မည်။

ထို့အပြင် ဖေးချမ့်ကလည်း အရမ်းကြီး အလုပ်များနေတာ မဟုတ်ပေ။ တစ်ရက်ကို ၃ နာရီ ၄ နာရီသာ အလုပ်လုပ်ရ၏။ ဒီလို လုပ်မနေရင်တောင် ရှိုးတွေကိုသာ ထိုင်ကြည့်နေလောက်သည်။

အိမ်ဝယ်မည်ဆိုသောကြောင့် သူကိုယ်တိုင် လိုက်ရှာတာ ပိုပြီး သက်တောင့်သက်သာ ရှိနိုင်ပါသည်။ လောလောဆယ်တော့ ကိုယ်တိုင်အတွက် အိမ်ဝယ်ဖို့ကို ဖေးချမ့် အစီအစဉ် မရှိသေးပါ။ စနစ်၏ အကျိုးခံစားခွင့်များကို စားဖို့ နည်းလမ်းများ ရှာဖွေနေဆဲဖြစ်သည်။

ကုမ္ပဏီကြီး ကျယ်ပြန့်လာလေလေ စနစ်က ဖေးချမ့်ကို ဝန်ထမ်းများအား အကျိုးခံစားခွင့် ပိုပေးခွင့် ပြုလေလေဖြစ်သည်။ ဥပမာအားဖြင့် သူ့ဝန်ထမ်းများ၏ လစာကို အရင်တုန်းက တစ်လှိုင်းချင်း တိုးပေးခဲ့ရသည်။ သူ ထောက်ပံ့ပေးချင်ခဲ့သည့် သုံးစွဲစရိတ်များ၊ ဝင်ငွေ အထောက်အပံ့များက ကန့်သတ်ချက် ရှိခဲ့ပါသည်။

သို့သော်လည်း ထန်းတာ့၏ လုပ်ငန်း အဆင့်မြင့်လာပြီး ကျယ်ပြန့်လာပါက ကန့်သတ်ချက်များ ဖြည်းဖြည်းချင်း တိုးမြင့်လာခဲ့ပါသည်။

ဒီနှစ် ဇွန်လမှ စတင်ပြီး ဖေးချမ့် ဝန်ထမ်းတိုင်းကို နေထိုင်မှုစရိတ် ယွမ် ၁,၀၀၀ ထောက်ပံ့ပေးနိုင်သည်။ ဝန်ထမ်းတွေက ကျင်းကျိုးမြို့ရှိ အိမ်ကောင်းကောင်း တစ်လုံး ငှားနိုင်ဖို့ဆို ပမာဏ အနည်းငယ်သာ ထပ်ဖြည့်ဖို့လိုပါသည်။

သို့သော်လည်း ဖေးချမ့် ဒီလောက်နဲ့ ရပ်လိုက်လို့ မရပါ။

ထန်းတာ့က ဆက်လက်ကျယ်ပြန့်နေဦးမည်ဖြစ်ပြီး သူ့ဝန်ထမ်းများကိုလည်း အကျိုးခံစားခွင့် ပိုပေးနိုင်မည် ဖြစ်သည်။ အနှေးနဲ့အမြန် ဝန်ထမ်း အိမ်ရာတစ်ခု တည်ဆောက်ပေးနိုင်လာပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ကုမ္ပဏီအကြီးစား အများစုတွင် ဝန်ထမ်းအိမ်ရာများ ရှိတတ်ကြသောကြောင့် ဖြစ်သည်။ ဒါက အဓိပ္ပာယ် မရှိသည့် အကျိုးခံစားခွင့်မျိုး မဟုတ်ပါ။

လောလောဆယ် ထန်းတာ့က တည်ဆောက်ပေးဖို့ မလိုသေးသော်လည်း ၁ နှစ် ၂ နှစ်လောက်ကြာသည့် အခါ ကိစ္စတွေ ပြောင်းလဲသွားနိုင်ပါသည်။

စနစ်၏ စည်းမျဉ်းစည်းကမ်းများ လျော့ကျသွားတာနဲ့ ဖေးချမ့် ဆောင်ရွက်ပါမည်။ ထို့နောက် သူ့ဝန်ထမ်းများကို စတင် ရွှေ့ပြောင်းပေးလိုက်မည်။ ဘော့စ်ဖေးက အကြီးဆုံး အိမ်ကိုတော့ သူကိုယ်တိုင်ပဲ ယူထားလိုက်မည်။ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ထိုအတွေးဖြင့် ဖေးချမ့် ရုတ်တရက်ကြီး ဆွေးမိသွားသည်။

ဝန်ထမ်းတွေက သူရဲ့ အကျိုးခံစားခွင့်တွေကို မှီခိုနေတာလား သူကပဲ ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်ကို မှီခိုနေတာလား မပြောတတ်တော့ပါ။ ဒါမှမဟုတ် တစ်ယောက်ရဲ့ အကျိုးခံစားခွင့်ကို တစ်ယောက်က အချင်းချင်း မှီခိုနေကြတာလား။

နောက်ဆုံးတော့လည်း သူ့အတွက်သူ အိမ်တစ်လုံးဝယ်ဖို့ လောစရာ မလိုပေ။

လောလောဆယ် ဒီအိပ်ခန်း ၂ ခန်းပါ တိုက်ခန်းမှာ နေရတာ ဖေးချမ့် အတော်လေး သက်တောင့်သက်သာ ရှိပါသည်။ ထို့အပြင် ကျောင်းသွားဖို့၊ ရုံးသွားဖို့နဲ့ ယွီအင်တာနက်ကဖေးသွားဖို့ ပိုပြီး လွယ်ကူသည်။ ဒီနေရာကြီးက သူ့အတွက် ခိုလှုံရာ သက်သက်ဖြစ်ပြီး တန်ဖိုးကြီး ဇိမ်ရှိစရာလည်း မလိုပါ။

ဖေးချမ့် ဒါတွေစဉ်းစားနေစဉ် ဆဲလ်ဖုန်းထဲ မက်ဆေ့တစ်စောင် ဝင်လာခဲ့ပါသည်။ ယဲ့ကျစ်ကျိုးထံမှ ဖြစ်သည်။

"ဘော့စ်ဖေး။ ကျွန်တော်တို့ သရဲဂိမ်းအတွက် ဦးတည်ချက် အကြမ်းဖျင်းတစ်ခု စဉ်းစားပြီးပါပြီ။ ဘော့စ်ဖေး အချိန်ရရင် ကျွန်တော်တို့ စလိုက်ကြမလား"

ဖေးချမ့် နာရီကို လှမ်းကြည့်လိုက်၏။ ညနေ ၅ နာရီ ထိုးနေပါပြီ။ နောက်ကျနေပြီ ဖြစ်ကာ သူ့ဝန်ထမ်းတွေလည်း မကြာခင် အလုပ်ဆင်းရပါတော့မည်။

နောက်တစ်နေ့မှ တွေ့ဖို့ စီစဉ်ရန် ကြံရုံရှိသေးသည်။ နောက်တစ်နေ့က စနေနေ့ဖြစ်နေမှန်း မြင်လိုက်ရ၏။

အနည်းငယ်တွေးပြီးနောက် ဖေးချမ့် ပြန်ပြောလိုက်ပါသည်။ "ငါတို့ တနင်္လာနေ့ မနက်ကျမှ တွေ့ကြတာပေါ့"

ဖေးချမ့် ရက်သတ္တပတ် အားလပ်ချိန်တွင် ကောင်းကောင်း အနားယူခဲ့သည်။ မာကြီး ပေးခဲ့သည့် စိတ်ဒဏ်ရာများကို ပြန်လည်ကုသဖို့ ကြိုးစားခဲ့ရသည်။

တစ်ချိန်တည်းမှာပဲ အိမ်တွေလည်း ဆက်ရှာခဲ့သည်။ သူ့ရွေးချယ်စရာကို ၂ အိမ် ၃ အိမ်လောက်အထိ လျှော့ချပစ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ပထဝီတည်နေရာ၊ တည်ဆောက်ပုံနဲ့ ဆောက်လုပ်သူများ၏ ယုံကြည်စိတ်ချရမှု၊ တခြား အသေးစိတ်အချက်များကို လေ့လာကြည့်ဖို့ လိုအပ်ပါသေးသည်။

တနင်္လာနေ့ မနက်ခင်းတွင် ဖေးချမ့် ရှန်းယန်ဂိမ်းသို့ ရောက်ရှိလာခဲ့၏။ သူဝင်လာတာနဲ့ အခြေအနေ တစ်ခုခု ထူးဆန်းနေမှန်း သတိထားမိသည်။

အပြင်မှာ လင်းထိန်နေတာကို ဘာလို့ ခန်းဆီးတွေ ပိတ်ထားကြတာလဲ။

ရုံးတစ်ရုံးလုံးက မှောင်မဲနေသည်။ တစ်ခုတည်းသော အလင်းရောင်များက ခပ်မှိန်မှိန် မော်နီတာများထံကသာ ထွက်နေပါသည်။ အားလုံးက နားကြပ်တပ်ရင်း မော်နီတာရှေ့မှာ မလှုပ်မရှားဘဲ ထိုင်နေကြ၏။

ဒီမြင်ကွင်းကြီးက တော်တော်ကို ထူးဆန်းနေပါသည်။

အချိန်ခဏလောက် ဖေးချမ့် နေရာမှားပြီး ရောက်လာသည်ဟု တွေးမိသွား၏။ ကြီးကြီးမားမား၊ ဆန်းကြယ်သည့် ပွဲအခမ်းအနားတစ်ခုထဲ ရောက်လာမိသည်ဟု ထင်သွားသည်။

သို့သော်လည်း ဝင်ပေါက်နဲ့ သိပ်မဝေးသည့်နေရာတွင် ထိုင်နေသည့် ဟောက်ချုံးကို မြင်လိုက်ရပါသည်။ ထို ရိုးရိုးသားသား ကောင်လေး မော်နီတာပေါ်မှာ ဖြစ်ပျက်နေသည့် အရာများကို လေးလေးနက်နက် အာရုံစိုက်နေသည်။ သူ့ဂိမ်းခလုတ်ကို ဂရုတစိုက် လှုပ်ရှားရင်း သူ့ပခုံးလည်း မြင့်ချည် နိမ့်ချည် ဖြစ်နေပါသည်။

ဖေးချမ့် သူ့ပခုံးကို ပုတ်လိုက်။ "အာ... ယဲ့ကျစ်ကျိုးတို့ ဘယ်မှာ--"

ယဲ့ကျစ်ကျိုး ဘယ်မှာလဲ မေးဖို့ ကြိုးစားလိုက်သော်လည်း စကားမဆုံးခင် ဟောက်ချုံးက ထိုင်ခုံမှ ထခုန်လိုက်လေသည်။

"အား"

"အား"

"အား အား အား အား အား အား"

ရုံးထဲက လူတွေ အားလုံးထံမှ အော်သံများ ထွက်ပေါ်လာသည်။ ဟောက်ချုံးဘေးက လူတွေက တစ်ယောက်ပြီးတစ်ယောက် ထအော်ကာ ဟောက်ချုံးကို ဗဟိုပြုပြီး လှိုင်းထသလို ပျံ့နှံ့သွားပါသည်။

ဖေးချမ့် ကြောင်သွားသည်။ သူ့ဝန်ထမ်းတွေ မကောင်းတာ တစ်ခုခုဖြစ်နေပြီဟု တွေးမိမလိုတောင် ဖြစ်သွားသည်။ သိပ်မကြာခင် လူတချို့က ဆဲဆို ကြိမ်းမောင်းလိုက်ကြသည်။ "မြေနိုးတွေ ဘယ်ကောင် ထအော်ပြန်ပြီလဲ"

"ထပ်အော်တဲ့ကောင်ခွေးလို့ ပြောထားတယ် မဟုတ်ဘူးလား"

"စိတ်အေးအေးထားစမ်းပါဟ။ မင်းတို့ ထပ်အော်ရင် ငါဆက်ကစားရဲမှာ မဟုတ်ဘူးနော်..."

ဟောက်ချုံး အပြစ်ရှိသလိုပုံစံ ဖြစ်သွား၏။ "ငါ့ကို အပြစ်မတင်နဲ့လေ။ ငါလည်း အေးအေးဆေးဆေး ငါ့ဂိမ်းငါ ကစားနေတာကို တစ်ယောက်ယောက်က ပခုံးလာပုတ်-- ဟမ်... ဘော့စ်ဖေးလား။ မင်္ဂလာနံနက်ခင်းပါ ဘော့စ်ဖေး"

တခြားသူတွေလည်း နားကြပ်ကို ဖယ်လိုက်ကြပြီး ကြည့်လိုက်ကြသည်။

ဖေးချမ့် အစက ထူးထူးဆန်းဆန်းခံံစားချက်သာ ရခဲ့သော်လည်း ဒီမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျောရိုးထဲအထိ အေးစိမ့်သွားသည်။ ပိန်းပိတ်အောင် မှောင်နေသည့် ရုံးကြီးထဲမှာ မော်နီတာများစွာက ခပ်မှိန်မှိန် အပြာရောင် အလင်းကို ထုတ်လွှတ်နေကြသည်။

မော်နီတာတိုင်း၏ ရှေ့တွင် လူခေါင်းအရိပ်များ ရှိနေကြ၏။ အစက ထိုလူခေါင်းတွေမှာ မော်နီတာကိုသာ အာရုံစိုက်ထားကြသော်လည်း 'ဘော့စ်ဖေး' ဟူသည့် စကားလုံးကို ကြားသောအခါ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။

ကြောက်ဖို့ ကောင်းလွန်းပါသည်။

ဖေးချမ့်က ဘေးက မီးခလုတ်ကို လက်ဖြင့် အမြန် စမ်းလိုက်ပြီး ဖွင့်ကြည့်လိုက်ပါသည်။

မီးလင်းလာမှ ထူးဆန်းပြီး ဖိအားများသည့် အခြေအနေကြီးလည်း ပျောက်ကွယ်သွားတော့သည်။ "မင်းတို့တွေ ဘာလုပ်နေတာလဲ...။ နေ့ခင်းကြောင်တောင်ကြီး ဘာလို့ ခန်းဆီးတွေ ပိတ်ထားကြတာလဲ..."

ဖေးချမ့် ဘာပြောရမှန်း မသိတော့ပါ။

ဘော့စ်ဖေးကို လန့်သွားအောင် လုပ်မိပြီဟု ဟောက်ချုံး သိသွားပြီး ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်ပါသည်။ "တောင်းပန်ပါတယ် ဘော့စ်ဖေး။ ကျွန်တော်တို့ သရဲဂိမ်းတွေထဲမှာ စီးမျောလို့ရအောင်ဆိုပြီး ဒါရိုက်တာလင်းက မီးတွေ ပိတ်ခိုင်းထားလို့ပါ"

ဖေးချမ့် "... မင်းတို့ ဒီလောက် အတိုင်းအတာအထိတော့ လုပ်စရာ မလိုဘူးမလား"

ဟောက်ချုံးက ခေါင်းကုတ်လျက် ခွကျစွာ ပြုံးလိုက်ပါသည်။ "ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာမှ မရှိတာ။ ကျွန်တော်တို့ ဘယ်သူမှ သရဲဂိမ်းဖန်တီးဖူးတဲ့ အတွေ့အကြုံ မရှိဘူး။ ဒီတာဝန်အသစ်ကို ကျွန်တော်တို့ ကျရှုံးလို့ မဖြစ်ဘဲ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ဆောင်ရမယ်လို့ ဒါရိုက်တာလင်းက ပြောထားတယ်"

ဘာကြောင့်မှန်းမသိဘဲ ဒီလူတွေအတွက် ဖေးချမ့် စိတ်မကောင်းဖြစ်သွားမိပါသည်။

သရဲဂိမ်းတစ်ခု မဖန်တီးခင်မှာ ကိုယ့်ကိုယ်ကို အသေ ကြောက်အောင် လုပ်ရမှာလား။

ဟောက်ချုံးက ထပ်ပြောလိုက်၏။ "ကျွန်တော်တို့ ဘော့စ်ဖေးရဲ့ တွေးခေါ်ပုံမျိုးကို အတုယူပြီး သူများတွေကို မနှိပ်စက်ခင် ကိုယ့်ကိုယ်ကို နှိပ်စက်ရမယ်လို့ ဒါရိုက်တာလင်းက ပြောထားလိုပါ။ အရှုံးပေးပြီးကယ်တင်ခြင်းခံစေကို ပြီးပြည့်စုံအောင် ဘော့စ်ဖေးက အရမ်းကြိုးစားပြခဲ့တာကိုး။ ဘော့စ်ဖေးက ကျွန်တော်တို့အတွက် စံပြပုဂ္ဂိုလ်ပဲ"

ဖေးချမ့် ဆွံ့အသွားခဲ့သည်။ "..."

အရှုံးပေးပြီးကယ်တင်ခြင်းခံစေအကြောင်း ထပ်မပြောစမ်းပါနဲ့။ အဲ့ဂိမ်းကြောင့် ငါကြုံတွေ့ခဲ့တာတွေ ပြန်မစဉ်းစားချင်ဘူး။

ဒါရိုက်တာလင်းက ငါ့ကို ကြီးကြီးမားမား နားလည်မှု လွဲနေတာပဲ။ လုံးဝ နားလည်မှု လွဲနေတာကွ။

သို့သော်လည်း ဒီလိုပြောလိုက်သောအခါ ဖေးချမ့် သူတို့အားလုံးကို ပို၍ပင် သနားသွားမိပါသည်။

"မင်းတို့ အားလုံး ပင်ပန်းသွားကြပြီ။ မင်းတို့ စိတ်ပိုင်းဆိုင်ရာ ခံစားခဲ့ရတာတွေအတွက် တစ်ယောက်ကို ယွမ် ၁,၀၀၀ ဆီ ပိုပေးမယ်..."

လူတိုင်း အောင်ပွဲခံကာ ကျေးဇူးတင်နေစဉ် ဖေးချမ့် အစည်းအဝေးခန်းထဲသို့ လျှောက်လာခဲ့ပါသည်။

ပရော်ဂျက်တာကို အသုံးမပြုထားပါ။ ထို့အစား ပရင့်ထုတ်ထားသည့် ဒီဇိုင်းမူကြမ်းစာရွက်တစ်ရွက်သာ ရှိပါသည်။ ရှန်းယန်ဂိမ်းကို ဖေးချမ့် သရဲဂိမ်းဖန်တီးခိုင်းထားတာ ၂ ပတ်ကျော်ကြာခဲ့ပါပြီ။ ဒီလောက်ဆို သူတို့ ဂိမ်းအတွက် မူကြမ်းတစ်ခု ရေးသားဖို့ အချိန် လုံလောက်တာထက် ပိုနေပါပြီ။

သို့သော်လည်း ရှန်းယန်ဂိမ်း ဝန်ထမ်းများက ယခင်က သရဲဂိမ်းတစ်ခါမှ မဖန်တီးဖူးတာကိုလည်း ထည့်တွက်ရမည်။ အားလုံးက ဒီနှစ်ပတ်အတွင်း သရဲဂိမ်းများကို ကစားရင်း အချိန်ဖြုန်းကာ မှီငြမ်းဖို့ ရှာဖွေခဲ့ကြသည်။ ဆိုလိုတာက ဂိမ်းကစားနည်းနဲ့ ဇာတ်လမ်းတို့အတွက် စဉ်းစားဖို့ အချိန်အများကြီး မရှိခဲ့သည့်သဘောပင်။

မူကြမ်းက အကြမ်းဖျင်းသဘောသာ ဖြစ်သည်။ သို့သော်လည်း သေချာ စစ်ဆေးကြည့်ပြီးနောက် ဦးတည်ချက်က မှန်ကန်နေကြောင်း ဖေးချမ့် သိလိုက်ရပါသည်။

ဒီဂိမ်းက အောင်မြင်မည်ဟု ဖေးချမ့် အာမမခံရဲပါ။ သို့သော် သူတို့ ဒီဦးတည်ချက်အတိုင်း ဆက်သွားပါက အနည်းဆုံး အမြတ်အစွန်းတချို့တော့ ရမှာ သေချာပါသည်။

ဘော့စ်ဖေး ဒါကို ပြောင်းလဲဖို့ လာခဲ့ခြင်း ဖြစ်သည်။

ယဲ့ကျစ်ကျိုးက သူ့မူကြမ်းမှာ သိသိသာသာ ယုံကြည်ချက် ရှိနေသည့်ပုံစံပင်။ "ဘော့စ်ဖေး ကျွန်တော်တို့ရဲ့ လက်ရှိ တွေးခေါ်ပုံကို အကြမ်းဖျင်း ရှင်းပြပါရစေ"

"ပထမဆုံး ကျွန်တော်တို့ ဇာတ်လမ်းအတိအကျ ရှိတဲ့ သီးခြားဂိမ်းတစ်ခုကို ဖန်တီးဖို့ စီစဉ်ထားပါတယ်။ ဂိမ်းက အရှေ့တိုင်း မွန်းစတားတွေနဲ့ သရဲတစ္ဆေတွေကို အဓိကထားပြီး အသုံးပြုမယ်။ ဘာလို့လဲဆိုတော့ အဲ့တာတွေက ပိုပြီး ကြောက်ဖို့ ကောင်းတယ်လို့ ကျွန်တော်တို့ ထင်လို့ပါ"

"နောက်ဆုံးကျရင်တော့ ကစားသမားတွေကို ဘာလက်နက်မှ မပေးဖို့ စဉ်းစားထားတယ်။ ခိုကိုးရာ မဲ့မှုက သူတို့အတွက် ကြောက်ရွံ့မှုကို အမြင့်ဆုံးဖြစ်အောင် တိုးမြင့်သွားစေလိမ့်မယ်"

ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားပါသည်။

ဒီအိုင်ဒီယာက ကောင်းလွန်းနေသည်။

အောင်မြင်ခဲ့သည့် သရဲဂိမ်းတချို့ ဖေးချမ့်၏ စိတ်ထဲတွင် ပေါ်လာခဲ့ပါသည်။

သရဲဂိမ်းများက ကစားသမား လူနည်းစုကိုသာ ပစ်မှတ်ထားသော်လည်း အလွန်အမင်း ရေပန်းစားလာပါက အကျိုးအမြတ်များစွာ ရနိုင်ပါသေးသည်။

ထို့အပြင် ရှန်းယန်ဂိမ်းကိုလည်း ဒီတစ်ခေါက် ဘက်ဂျက် ယွမ် သန်း ၃၀ ပေးထားမှာ ဖြစ်သည်။ သူတို့ ဒီဂိမ်းထုတ်လုပ်မှုမှာ သန်း ၃၀ စလုံးကို သုံးလိုက်ပါက သက်ရောက်မှုများက အလွန် ကြောက်ဖို့ ကောင်းလွန်းပါလိမ့်မည်။

ဂိမ်းကလည်း သေချာပေါက် အကျိုးအမြတ် ရလာလိမ့်မည်။

အဆင်မပြေပါ။

အနည်းငယ် တွေးတောပြီးနောက် ဖေးချမ့် ခေါင်းကို ဖြေးညင်းစွာ ခါလိုက်ပါသည်။ "အဲ့တာက ရိုးလွန်းတယ်"

ဘေးက တစ်ချိန်လုံး တိတ်ဆိတ်စွာ နားထောင်နေခဲ့သည့် လင်းဝမ်မှာ ဒီတုန့်ပြန်မှုကို ကြိုမျှော်လင့်ထားသည့် ပုံစံပင်။ ဘော့စ်ဖေးတွင် အမြဲတမ်း ဆန်းသစ်သည့် အိုင်ဒီယာများ ရှိတတ်သည်။ ဒီလို ရိုးရှင်းသည့် အိုင်ဒီယာတွေကို ဘယ်လက်ခံပါ့မလဲ။

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ခပ်မြန်မြန် စာရွက်နဲ့ ဘောပင်များကို ထုတ်လိုက်ကြပြီး မှတ်စုများ ရေးသားဖို့ ပြင်လိုက်ကြပါသည်။

ဖေးချမ့်က သူ့ရှေ့ရှိ မူကြမ်းပေါ်က ယေဘုယျအိုင်ဒီယာာ တချို့ကို ကြည့်လိုက်ပြီး ချိန်ညှိမှုတချို့ လုပ်လိုက်ပါသည်။

"သရဲဂိမ်းတစ်ခုမှာ ဘယ်လို ဇာတ်လမ်းမျိုး လိုအပ်လို့လဲ။ ဘာဇာတ်လမ်းမှ လုပ်မနေန့။ သီးခြား သရဲဂိမ်းတွေက အများကြီး ရှိတာ။ ဝက်ဘ်ဆိုက် ဂိမ်းမျိုး ဖန်တီးရအောင်"

"ငါတို့ ဘာလို့ သရဲတွေ၊ မွန်းစတားတွေကို ထည့်ဦးမှာလဲ။ ငါတို့ သိပ္ပံပညာကို ယုံကြည်ရမယ်။ ဂိမ်းထဲမှာ သရဲတွေ မွန်းစတားတွေ ထည့်မနေနဲ့။ စိတ်ရူးပေါက်နေတဲ့ လူတွေကိုပဲ အလွန်ဆုံး ထည့်လို့ ရမယ်။ သန္ဓေပြောင်းလဲနေတဲ့ အကောင်ကြီးတွေတို့၊ အငြှိုးကြီးတဲ့ ဝိညာဉ်တွေကို အကုန်ရှောင်"

"လက်နက်ကတော့..."

ထိုအချိန်တွင် ဖေးချမ့် တွန့်ဆုတ်သွားခဲ့၏။

ဒါက စဉ်းစားဖို့ မလွယ်ပါ။

လက်နက်စနစ်မရှိပါက ဂိမ်းမှာ Outlast ဂိမ်းလို ဖြစ်သွားနိုင်ပြီး လက်နက်စနစ်ပါလျှင်လည်း Resident Evil ဂိမ်းလို ဖြစ်သွားနိုင်ပါသည်။

Outlast က အလွန်ကြောက်ဖို့ကောင်းပြီး လေးနက်လွန်း၏။ Resident Evil က ဂိမ်မာတွေ Speed Run ကစားဖို့ အလွန်လွယ်ကူပြီး တခြား အာနိသင်တွေလည်း ရှိပါသေးသည်။

ဒီနည်းလမ်း ဘယ်တစ်ခုမှ မမှားသော်လည်း တစ်ခုမဟုတ် တစ်ခု အောင်မြင်သွားပါက အကျိုးအမြတ်တွေ အများကြီး ရနိုင်ပါသည်။

ဆိုလိုတာက ဖေးချမ့် တတိယ ရွေးချယ်မှုကို ရွေးချယ်ရပါမည်။

"လက်နက်စနစ်တစ်ခုကို ဖန်တီးပြီး ရွေးစရာနည်းအောင်၊ စွမ်းအားနည်းအောင် ဖန်တီးလိုက်။ အကောင်းဆုံး လက်နက်က ပစ္စတိုတစ်လက်ပဲ ဖြစ်ရမယ်"

"ဟုတ်ပြီ အဲ့ဒီ ဦးတည်ချက်အတိုင်း လုပ်လိုက်ကြ"

ဖေးချမ့်က ဂိမ်းကို ဟိုမရောက်ဒီမရောက်ဖြစ်အောင် လုပ်လိုက်ရသည်။ လက်နက်စနစ်တစ်ခုပါမည် ဖြစ်သော်လည်း လက်နက်စနစ်က စုတ်ပြတ်လွန်းပါလိမ့်မည်။

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ထိုညွှန်ကြားချက်များကို ချရေးသားလိုက်ပြီး အဓိပ္ပာယ်ရှိသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်ကြပါသည်။

လခွမ်း... သူတို့ ဆုံးဖြတ်ထားတဲ့ အိုင်ဒီယာ တစ်ခုမှ မမှန်ဘူး။ အကုန်လုံး ပယ်ချခံလိုက်ရတယ်...။

All Chapters