ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေကို ကောက်ချက်နိုင်တဲ့ စံနှုန်း
Vol. 22 Ch. 329
ယဲ့ကျစ်ကျိုးက သူ့မှတ်စုစာအုပ်ထဲမှာ ရေးသားထားတာကို ကြည့်လိုက်ပါသည်။
ဘာလို့... အကုန်လုံးက သူတို့ အရင်က ဆုံးဖြတ်ထားတာနဲ့ ဆန့်ကျင်ဘက်လို ဖြစ်နေတာလဲ။ ဖေးချမ့်က သူတို့ကို ဆန့်ကျင်ဘက် ဦးတည်ချက်များ ပေးဖို့ကလွဲပြီး တခြားရည်ရွယ်ချက် ရှိပုံမပေါ်ပါ။
"ဘော့စ်ဖေးမှာ အောင်မြင်တဲ့ ဂိမ်းတွေဖန်တီးဖို့ လျှို့ဝှက်ချက် အမြဲတမ်း ရှိနေတာလား"
"စျေးကွက်ထဲက မြင်နေကျ ဂိမ်းတွေရဲ့ ထူးခြားတဲ့ အချက်တွေကို ထုတ်ပြီး ဂိမ်မာတွေ လုံးဝ ဆန်းသစ်တဲ့ ရသကို ရဖို့ အဲ့ဒီအချက်တွေနဲ့ ဆန့်ကျင်ဘက် ဦးတည်ချက်ကို တမင်သက်သက် သွားတာလား"
"အောင်မယ်လေး..."
ယဲ့ကျစ်ကျိုး ဒါကို အတော်လေး မယုံကြည်နိုင် ဖြစ်နေပါသည်။ ဘော့စ်ဖေးကို စော်ကားရုံသာမကဘဲ သူ့ကိုယ်သူလည်း စော်ကားရုံ ကျပါသည်။
အောင်မြင်ဖို့ အလွန်လွယ်ကူပါက ဘယ်လိုဂိမ်းမျိုး ဖန်တီးရမလဲဆိုတာကို နေ့တိုင်း ခေါင်းစားဖို့ လိုခဲ့ပါ့မလား။
သို့သော်လည်း သေချာ ဆန်းစစ်ကြည့်မှ ယဲ့ကျစ်ကျိုး နောက်ထပ် ပြဿနာ တစ်ခုကို ရှာတွေ့သွားပါသည်။ ဖေးချမ့် ပေးထားသည့် တချို့ ဆန့်ကျင်ဘက် ဦးတည်ချက်များက အတော်လေးကို အဓိပ္ပာယ်မဲ့ရာ ကျပါသည်။
ဝက်ဘ်ဆိုက် ထိတ်လန့်ဖွယ်ဂိမ်း (သရဲ၊ တစ္ဆေ၊ လူသတ်ဂိမ်း စသည်) တစ်ခုကို ဖန်တီးရမည်ဟူသည့် ဘော့စ်ဖေးရဲ့ တောင်းဆိုချက်ကို နမူနာယူကြည့်ပါ။
သူတို့ အဲ့တာမျိုး ဘယ်လိုလုပ်ရမှာလဲ။
လူနှစ်ယောက်သို့မဟုတ် နှစ်ယောက်ထက်ပိုသည့် လူတွေက တစ်ပြိုင်တည်း ထိတ်လန့်ဖွယ်ဂိမ်းကို ကစားနေကြမည်။ အဲ့တာဆို ကြောက်ဖို့တောင် ကောင်းပါဦးမလား။
စျေးကွက်ထဲမှာ ဒီလိုဂိမ်းမျိုး တစ်ခါမှ မမြင်ဖူးပါ။
သို့သော်လည်း တခြား ရှုထောင့်တစ်ခုမှ ကြည့်လိုက်သောအခါ ထိုအချက်ကပဲ ဂိမ်းကို ဆန်းသစ်ပြီး သစ်လွင်စေတာ ဖြစ်နိုင်သည်။ ဧကန္တ အဲ့ဒီအချက်ကပဲ ဂိမ်းကို ရေပန်းစားအကြောင်းအရာ ဖြစ်လာစေမှာ ဖြစ်နိုင်ပါသည်။
ဘာမှန်းမသိလိုက်ပဲ ယဲ့ကျစ်ကျိုးတစ်ယောက် စိတ်ခံစားချက် ဝဲဂယက်ထဲသို့ ကျရောက်သွားသည်။ အတွေးပေါင်းစုံက သူ့အာရုံထဲ ဝင်ရောက်လာပြီး မူးတောင် မူးလာခဲ့ပါသည်။
ဝမ်ရှောင်းပင်လည်း သာတူညီမျှ မူးနောက်နေသည့် ပုံစံပင်။ ဘော့စ်ဖေးရဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီမှု ရှိတဲ့ ဂိမ်းမျိုးကို ဖန်တီးဖို့ ဖြစ်နိုင်မည်ဟု သူ မထင်ပါ။
အဘယ့်ကြောင့်ဆိုသော် လက်ရှိတွင် ထိုကဲ့သို့ ဂိမ်းမျိုး လုံးဝ ရှိမနေတာကြောင့် ဖြစ်သည်။ သူတို့ အကုန်လုံးကို ဘယ်လိုလုပ်ပြီး သုညက စတင်နိုင်မှာလဲ။
"ဘော့စ်ဖေး ကျွန်တော်တို့ကို အကြံတချို့ နည်းနည်းလောက် ထပ်ပေးလို့ရမလား" ဖေးချမ့် ရင်ထဲမှာ တခစ်ခစ် ရယ်မောလိုက်၏။
အကြံထပ်ပေးရမယ် ဟုတ်လား။ ဘာအရိပ်အမြွက်မှ မပေးနိုင်ဘူး။ မင်းတို့ဖာသာ မင်းတို့ စဉ်းစားကြ။ ဒီဂိမ်း အရှုံးပေါ်ဖို့ကလွဲပြီး တခြားဘာမှ ငါမတောင်းဆိုဘူး။
ဖေးချမ့်က တောင်းဆိုချက်ကို ငြင်းပယ်ဖို့ ပြင်လိုက်စဉ် လင်းဝမ်က ဖြတ်ပြောလိုက်၏။
"တော်လောက်ပြီ။ ဘော့စ်ဖေးက ငါတို့ကို လိုက်နာရမယ့် ယေဘုယျ ဦးတည်ချက်တစ်ခု ပေးပြီးသွားပြီလေ။ အဲ့ဒီ ညွှန်ကြားချက်တွေမှာ ဂိမ်းရဲ့ ပိုလေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေလိမ့်မယ်"
"ငါတို့ရဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဂိမ်းကစားခဲ့တဲ့ အတွေ့အကြုံတွေ အားလုံးကို စုပေါင်းပြီး ဖန်တီးကြမယ်။ ငါတို့ အမှီအခိုကင်းတဲ့ တွေးခေါ်မှုတွေ ရှိဖို့လိုအပ်တယ်။ အမြဲတမ်း ဗိုက်ဆာနေတဲ့ ကလေးလေးတွေလိို ဘော့စ်ဖေး ဇွန်းနဲ့ ခွံ့ကျွေးမှာကိုပဲ စောင့်နေလို့ မရဘူး"
ဖေးချမ့် ဆွံ့အသွား၏။ "..."
တော်လိုက်တဲ့ ဒါရိုက်တာလင်း ငါစဉ်းစားနေတာတွေချည်းပဲ ပြောသွားတာ။
ဝမ်ရှောင်းပင်က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပါသည်။
ဟုတ်သားပဲ။ ဘော့စ်ဖေးက ငါတို့ကို ယေဘုယျ ဦးတည်ချက်တစ်ခုတောင် ပေးပြီးသွားပြီ။ ဒီ့ထက် ပိုအသေးစိတ်ကျတဲ့ အိုင်ဒီယာတွေ စဉ်းစားပြီး ဟာကွက်တွေ ဖြည့်ဖို့တောင် ငါတို့ အစွမ်းအစ မရှိကြဘူးလား။ ဒါဆို ငါတို့တွေရဲ့ ဒီဇိုင်နာဆိုတဲ့ နာမည်နဲ့ မထိုက်တန်ဘူး။
"ဒါဆို ကျွန်တော်တို့ အစီအစဉ်သစ်ကို သွားစဉ်းစားလိုက်ပါ့မယ်" ဝမ်ရှောင်းပင်နဲ့ ယဲ့ကျစ်ကျိုးတို့ အလုပ်စားပွဲဆီ ပြန်သွားလိုက်ကြပြီး အလုပ်စများကြလေသည်။
ဖေးချမ့်က လင်းဝမ်ကို နေခဲ့ခိုင်းပြီး သူမအား အော့တို နည်းပညာ အကြောင်း အကြမ်းဖျင်း ရှင်းပြလိုက်၏။
ဒီ့မတိုင်ခင်က ချန်းယောင်ကို ခန့်အပ်ခဲ့သည်ဟု လင်းဝမ်ကို အကြမ်းဖျင်းပြောပြခဲ့ဖူးပါသည်။ သို့သော်လည်း ဖုန်းနဲ့ ပြောခဲ့ခြင်းသာ ဖြစ်ပြီး စကားဝိုင်းကလည်း တိုတောင်းခဲ့ပါသည်။
ယခုတော့ ဖေးချမ့် အချိန်နည်းနည်းလောက် ပိုယူပြီး အသေးစိတ် ဆွေးနွေးဖို့ စီစဉ်ထားသည်။ ဘာပဲဖြစ်ဖြစ် လင်းဝမ်က အော့တို နည်းပညာ၏ ဒါရိုက်တာ ဖြစ်သည်။ ချန်းယောင်ထက် ရာထူး ပိုမြင့်ပါသည်။
လင်းဝမ်သာ အော့တိုနည်းပညာကို မကိုင်တွယ်ဘူး ဆိုလျှင် လုပ်ငန်းကျရှုံးသွားရင်တောင် လင်းဝမ်က ရှုံးနိမ့်သွားသလို ခံစားရမှာ မဟုတ်ပါ။ ဒါဆို သူမ ထန်းတာ့က ထွက်သွားပြီး မိသားစုလုပ်ငန်း ပြန်ဦးစီးနိုင်ခြေ ပိုပြီး လျော့နည်းသွားပါလိမ့်မည်။
ဖေးချမ့်၏ မဟာ ရည်ရွယ်ချက်မှာ အော့တိုနည်းပညာအတွက် လင်းဝမ် အများကြီး အထောက်အကူပြုခဲ့သည်ဟု သူမကို ခံစားသွားစေချင်ခြင်း ဖြစသည်။ ဒါမှ ထုတ်ကုန်တွေ ကျရှုံးသည့်အခါ သူမ ဒီအလုပ်နဲ့ ပါရမီ မပါဘူးဟု လင်းဝမ် လေးလေးနက်နက် ခံစားသွားရမှာ ဖြစ်သည်။ ရှန်းယန်ဂိမ်း၏ မကြာခင်ဖြစ်လာမည့် ကျရှုံးမှုအပြင် ဒါနဲ့ပါဆို လင်းဝမ် အလွန် အသည်းကွဲသွားနိုင်ပါသည်။
"ချန်းယောင်နဲ့ပတ်သတ်ပြီး... လူ့အဖွဲ့အစည်းမှာ အထူးသဖြင့် ဒီနယ်ပယ်အတွင်းက လူတွေက သူ့ကို မကောင်းမြင်ကြတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်..."
ဖေးချမ့် စိတ်ထဲတွင် စိုးရိမ်သွားမိသည်။ လင်းဝမ်နဲ့ ချန်းယောင်တို့သာ အကြောမတည့်ပါက လုပ်ငန်းကျရှုံးရခြင်း၏ တာဝန်အားလုံးကို သူ့ဆီသို့ လာပုံချနိုင်သည်။ နောက်တစ်ဖန် သူမရဲ့ မိသားစု လုပ်ငန်းကို ပြန်ဦးစီးမှာ မဟုတ်ပါ။
လင်းဝမ်က ခေါင်းကို မသိမသာ ခါလိုက်။ "ဘော့စ်ဖေး စိတ်မပူပါနဲ့ရှင်။ ဘော့စ်ဖေးကိုယ်တိုင် ရွေးခန့်ထားတာဆိုတာ သူထူးချွန်တာ တစ်ခုခုရှိလို့နေမှာပါ"
"ကျွန်မတို့က အင်တာနက်ခေတ်ကို ရောက်နေပြီ။ အချက်အလက်တွေပေါင်းစုံ ဆက်တိုက် ဝင်လာနေတာ။ ဒါပေမယ့် ယုံကြည်ရတဲ့ အချက်အလက်တွေ အရှားပါးဆုံး အချိန်ကိုလည်း မြင်နေရပြီ။ ညတွင်းချင်း တစ်ကမ္ဘာလုံးကို ကောလဟာလတွေ ပြန့်သွားနိုင်တယ်။ ဒါပေမယ့် အွန်လိုင်းပေါ်မှာ တွေ့နိုင်သေးတဲ့ သက်သေပြမှုတွေကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး"
"အဲ့လိုပဲ။ လူတစ်ယောက်ရဲ့ အတိတ်အမည်းစက် အသေးစိတ်အချက်အလက်တွေက ညတွင်းချင်း တောမီးလို ပျံ့နှံ့သွားနိုင်တယ်။ အဲ့တာတွေကို ဖတ်ပြီး လူတွေက အဲ့လူအကြောင်းကိုပဲ အတွင်းကျကျသိနေသလို လုပ်ကြတယ်။ အွန်လိုင်းပေါ်က အချက်အလက် ဖောင်းပွမှုတွေမှာ အဲ့ဒီလူရဲ့ တကယ့်စိတ်ရင်းနဲ့ ပတ်သတ်တာတွေကျတော့ ကွယ်ပျောက်နေတတ်တယ်"
"တခြား အရာတွေ အများကြီးမှာ ကျွန်မအဖေကို ကျွန်မ မထောက်ခံပေမယ့် အင်တာနက်အကြောင်း သူပြောပြဖူးတာကိုတော့ ထောက်ခံတယ်။ အင်တာနက်က အလုံးစုံ သိမြင်နိုင်တဲ့ အရာမဟုတ်ဘဲ အချက်အလက် ဖောင်းပွမှုတွေက လူတစ်ယောက်ကို မျက်ကန်းဖြစ်သွားစေတယ်တဲ့"
"ဘော့စ်ဖေးလည်း ဒုဥက္ကဌချန်းကို အော့တိုနည်းပညာကို ဦးဆောင်ခိုင်းခဲ့တုန်းက ကိုယ်ပိုင် စဉ်းစားချင့်ချိန်မှုတွေ ရှိမယ်ဆိုတာ ကျွန်မ ယုံကြည်တယ်"
"ဘော့စ်ဖေး သူ့ကို ယုံကြည်မှတော့ ကျွန်မလည်း သေချာပေါက် ယုံကြည်ပါတယ်"
ဖေးချမ့် ခေတ္တ ဆွံ့အသွားသည်။ သူဘာမှတောင် မပြောရသေးပါ။ လင်းဝမ်က သူ့နှုတ်ခမ်းဝက စကားလုံးများကို ခိုးယူသွားခဲ့သည်။
"အဲ... ဟုတ်ပါတယ်။ အဲ့တာကောင်းပါတယ်။ ဒါပေမယ့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ နင်ကလည်း အော့တို နည်းပညာအတွက် အရေးပါတယ်။ ရုပ်ပုံကားချပ်ထဲကနေ နင်ရှောင်ထွက်နေလို့ မရဘူးနော်"
ဖေးချမ့်က လင်းဝမ်ကို ဆဲလ်ဖုန်းလုပ်ငန်းမှာ ပိုပြီး ပတ်သတ်မှုရှိဖို့ အရိပ်အမြွက်ပေးနေခြင်းဖြစ်သည်။ ဒါမှ သူမ အထောက်အကူပြုသူ တစ်ယောက်လို ခံစားရမှာ ဖြစ်သည်။
ဒီလိုဆို ဆဲလ်ဖုန်းလုပ်ငန်း ကျရှုံးသွားတာနဲ့ လင်းဝမ် တာဝန်ကြီးကြီးမားမား ရှိသလို ခံစားရမည်။ သူမ အိပ်ပြန်ပြီး မိသားစုစီးပွားရေးကိုပဲ ဦးစီးချင်စိတ်များ ပေါ်လာနိုင်ပါသည်။
လင်းဝမ် ခေါင်းငြိမ့်လိုက်၏။ "စိတ်မပူပါနဲ့ဘော့စ်ဖေး။ ကျွန်မ အော့တို နည်းပညာကို အကြံပေးဦးဆောင်သွားမှာပါ။ အရမ်းကြီး ဝင်မပါမိအောင် ရှောင်မယ်ဆိုပေမယ့် သူတို့အတွက် အနာဂတ်ဦးတည်ချက်ကိုလည်း သေချာပေါက် သတ်မှတ်ပေးမှာပါ။ သူတို့ ထန်းတာ့နဲ့ ဆင်တူတဲ့ ခံယူချက်မျိုး ဖြစ်ပေါ်လာပြီး သူတို့ကို မျှော်လင့်ထားတဲ့အတိုင်း ဆောင်ရွက်အောင်လည်း သေချာပေါက် ဦးဆောင်သွားပါ့မယ်"
ဖေးချမ့် အလွန် ကျေနပ်သွား၏။ သူ့ဝန်ထမ်းတွေက သူနဲ့ အလွန်လိုက်လျောညီထွေးဖြစ်လာပြီး အခြေအနေတစ်ခုလုံး သူ့လက်ဖဝါးပေါ်မှာ ဆုပ်ကိုင်ထားနိုင်ပြီဟု ခံစားလိုက်ရပါသည်။
ဘော့စ်ဖေးပြန်သွားပြီးနောက် ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ အလုပ်စားပွဲဆီ ပြန်လာကြပြီး ဦးနှောက် ထပ်စားလိုက်ကြပြန်ပါသည်။
ဒါက ခက်ခဲလွန်းပါသည်။
ဘော့စ်ဖေးက သူတို့ကို ကန့်သတ်ချက်များစွာ ပေးခဲ့၏။ သူတို့ ဂိမ်းကို ဘယ်လိုတောင် ဒီဇိုင်းဆွဲရတော့မှာလဲ။
'ဝက်ဘ်ဆိုက်ဂိမ်း' ဖန်တီးရမည်ဟူသည့် ကန့်သတ်ချက်က ရှင်းဖို့ အခက်ဆုံးဖြစ်သည်။ ထို့အပြင် သူတို့ကို ဇာတ်လမ်းတစ်ခု ဖန်တီးခွင့်လည်း ပေးမထားပါ။ တစ္ဆေသရဲတွေ၊ မွန်းစတားတွေကို အသုံးပြုခွင့် မရှိသလို အားကောင်းသည့် လက်နက်စနစ်ကိုလည်း ဒီဇိုင်းဆွဲခွင့်မပေးပါ။
သူတို့ လုံးဝ မှင်သက်နေကြ၏။ ဘော့စ်ဖေးထံမှ ယခင်ကလည်း တာဝန်တွေ လက်ခံဖူးပါသည်။ သို့သော်လည်း သူတို့ တာဝန်များက အတော်လေး ရိုးရှင်းခဲ့ကြသည်။
ဥပမာအားဖြင့် တစ်ခေါက်တုန်းက ဘော့စ်ဖေး သူတို့ကို Bloody Battle Song ရှိ ဝယ်ယူနိုင်သည့် ပစ္စည်းအားလုံးကို ဖယ်ထုတ်ပြီး တစ်ခုသာ ထားဖို့ စေခိုင်းခဲ့သည်။ အများကြီး စဉ်းစားပြီးနောက် ယဲ့ကျစ်ကျိုးက 'ရွေးချယ်ခံ' စနစ်ကို နောက်ဆုံး တွေးမိသွားခဲ့ပါသည်။
ဒါကလည်း ဂိမ်းမှာ ပြီးပြည့်စုံသည့် ပုံစံကွက် ရှိနေပြီးသားဖြစ်သောကြောင့်ပင်။ ယဲ့ကျစ်ကျိုးက အသေးစား ပြောင်းလဲမှုတွေသာ လုပ်ဖို့ လိုအပ်ခဲ့ပါသည်။
Bloody Battle Song မိုဘိုင်းဗားရှင်းကို ဖန်တီးခဲ့တုန်းကလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ဂိမ်းရဲ့ ပုံစံကွက် ဘာမှ ပြောင်းလဲမှု မရှိပါ။ သူတို့ ဆင်တူသည့် ကုန်ကြမ်းမျိုးနဲ့ပဲ အလုပ်လုပ်ခဲ့ရသဖြင့် အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဒီတစ်ခေါက်ကတော့ လုံးဝ ခြားနားပါသည်။
ထိတ်လန့်ဖွယ်ဂိမ်းများနဲ့ သီးခြားဂိမ်းများက သူတို့ ကုမ္ပဏီအတွက် မကြုံစဖူး နယ်ပယ်များဖြစ်သည်။ ဘော့စ်ဖေးကလည်း အလွန်ဝေဝါးသည့် ဦးတည်ချက်များသာ ပေးသွားခဲ့သည်။ သူတို့ အမှောင်ထဲ စမ်းတဝါးဝါး ဖြစ်နေသလို ခံစားနေရပါသည်။
ဘယ်လို ဆက်လုပ်ရမှန်း မသိတော့သဖြင့် သူတို့နှစ်ယောက် လင်းဝမ်ဘက်ကို လှည့်လိုက်ရပါသည်။ ရှန်းယန်ဂိမ်းက အားလုံးနီးပါးက ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက် အစစ်အမှန်ကို ခန့်မှန်းရာတွင် အတွေ့အကြုံ မရှိကြသေးပါ။
"ဒါရိုက်တာလင်း ကျွန်တော်တို့နဲ့ ဦးနှောက်လာစားပေးပါဦး။ ဘော့စ်ဖေး ကျွန်တော်တို့ကို ဘယ်လို ဂိမ်းမျိုး ဖန်တီးခိုင်းတာလဲ"
လင်းဝမ်က အေးအေးဆေးဆေး ထိုင်ခုံတစ်လုံးကို ဆွဲယူလိုက်ပြီး ထိုင်လိုက်ပါသည်။ သူမ ခေတ္တ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ "တကယ်တော့ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေကို ခန့်မှန်းတဲ့နေရာမှာ ကျွန်မလည်း အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ တခြား စီနီယာကြီးတွေနဲ့ ယှဉ်ရင် အဝေးကြီးလိုသေးတယ်"
"ဒါပေမယ့် ပေါင်ရှုဆီကနေ အများကြီး သင်ယူခဲ့ဖူးတယ်။ ကျွန်မ ရှင်တို့နဲ့ သင်ခန်းစာ မျှဝေပေးလို့ရပါတယ်"
ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ သူတို့မှတ်စုစာအုပ်များကို ထပ်ထုတ်လိုက်ကြပြန်ပြီး လင်းဝမ်ကို အနီးကပ် နားထောင်လိုက်ကြသည်။
လာပြီ အရေးကြီးတဲ့ သင်ယူစရာ ရောက်လာပြီ
ထန်းတာ့ရဲ့ ဝန်ထမ်းတွေအကြား အချက်အချာကျတဲ့ ယှဉ်ပြိုင်စွမ်းအားက ဘာလဲ။
ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်များကို ခန့်မှန်းနိုင်စွမ်း ဖြစ်သည်။
ထန်းတာ့ကော်ပိုရေးရှင်း၏ အဓိက ခေါင်းဆောင်ဖြစ်သည့်အလျောက် ဘော့စ်ဖေးက ရည်မှန်းချက်ကြီးမားက အမြော်အမြင်လည်း အလွန်ရှိပါသည်။ တစ်ချိန်တည်းမှာပင် ဂိမ်းစျေးကွက်နဲ့ ဂိမ်မာများ၏ စိတ်အပေါ် ထူးခြား၊ လေးနက်ပြီး၊ တိကျသည့် နားလည်မှုလည်း ရှိသည်။ မကြာခဏဆိုသလို ဘော့စ်ဖေးက သူတို့ကို ဂိမ်းတစ်ခု ဖန်တီးဖို့ တာဝန်ပေးသည့်အခါ အဆုံးသတ်မှာ ဂိမ်းက ဘယ်လိုပုံစံဖြစ်လာမလဲ၊ စျေးကွက်က ဘယ်လို တုန့်ပြန်မှုရှိမလဲဆိုတာ ကြိုတင် မှန်းဆထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ပရောဂျက်တစ်ခု အောင်မြင်နိုင်ခြင်း မအောင်မြင်နိုင်ခြင်းက ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေအပေါ် ဝန်ထမ်းတွေ ဘယ်လောက် နားလည်နိုင်စွမ်းရှိသလဲဆိုတဲ့အပေါ်မှာသာ မူတည်နေပါသည်။
ယခု ဒါရိုက်တာလင်းက ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်များအား ခန့်မှန်းနည်းကို အားလုံးနဲ့ မျှဝေပေးတော့မည်။ သံသယ ဖြစ်စရာ မလိုဘဲ ဒါက ရတနာတစ်ပါးလို တန်ဖိုးကြီးမားလွန်းပါသည်။
လင်းဝမ်က ထန်းတာ့ဂိမ်းတွင် သူမ အလုပ်လုပ်ခဲ့စဉ်တုန်းက အချိန်နဲ့ ဘော့စ်ဖေးရဲ့ လုပ်ရပ်တွေကို ပေါင်ရှု အများကြီး ရှင်းပြခဲ့သည့် အချိန်ကို ပြန်တွေးကြည့်လိုက်သည်။ ဒီသင်ခန်းစာတွေကို အကျဉ်းချုပ်ချင်ခဲ့တာ ကြာပါပြီ။ အခုတော့ သင့်တော်သည့် အခိုက်အတန့်မျိုးကို တွေ့ခဲ့ပါပြီ။
"ပထမဆုံး ဘော့စ်ဖေးရဲ့ ဦးတည်ချက်တွေက အမြဲတမ်းမှန်ကန်တယ်ဆိုတာကို ကျွန်မတို့ ယုံကြည်ချက်ထားရမယ်။ ကျွန်မတို့ ပေးဆပ်ရမှာ အားလုံးကို ဂရုမစိုက်ဘဲ အဲ့ဒီဦးတည်ချက်တွေ အတိုင်း လိုက်ရမယ်။ ဒါက မတိကျသလို ဖြစ်နေတယ်လို့ ထင်နိုင်ပေမယ့် ရှင်တို့အားလုံးရဲ့ ကောက်ချက်ချမှုတွေအတွက် အခြေခံအုတ်မြစ်တစ်ခုပဲ"
"ဘော့စ်ဖေးပြသတဲ့ အချက်တွေကို မေးခွန်းထုတ်စရာမလိုဘဲ မှန်ကန်တယ်လို့ ယူဆထားရမယ်။ အဲ့ဒါတွေကို အခြေပြုပြီး ရှင်တို့ ကောက်ချက် စချလို့ ရပြီ"
ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ အနည်းငယ် ခေါင်းမူးသွားပါသည်။ သူတို့ ဒဿနိကဗေဒကို အစက ပြန်သင်နေရသည့် ကျောင်းသားလေးတွေလို ခံစားလိုက်ရသည်။
သို့သော်လည်း ဖြစ်သင့်ပါသည်။ ဒါတွေက အရေးပါသည့် အကြောင်းအရာတွေ ဖြစ်သည်။ နားလည်ရလွယ်ကူနေမှ ထူးဆန်းနေပါလိမ့်မည်။
နှစ်ယောက်စလုံး သေချာ နားစွင့်နေကြ၏။ လင်းဝမ် ထပ်ပြောလိုက်ပါသည်။ "ပေါင်ရှု သမုဒ္ဒရာရဲတိုက်ကို ဖန်တီးခဲ့တုန်းက ဘော့စ်ဖေးရဲ့ အဆိုတွေကို စမှတ်အဖြစ် အသုံးချခဲ့တယ်။ ဘော့စ်ဖေးရဲ့ ကန့်သတ်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ အကြောင်းအရာတွေကို ပယ်ချပြီး ကိုက်ညီတာတွေကိုပဲ ပေါင်းထည့်ခဲ့တယ်။ နောက်ဆုံးတော့ ဂိမ်းရဲ့ ရှေ့ပြေးနမူနာကို ဖန်တီးပြီးဆုံးသွားခဲ့တယ်"
"အခုလည်း ကျွန်မတို့ အဲ့လိုပဲ လုပ်လို့ရတယ်"
"ကျွန်မတို့ အရေးကြီးဆုံးဖြစ်တဲ့ ပထမအချက်ကို ကောက်ချက်ချကြမယ်။ ထိတ်လန့်ဖွယ်ဂိမ်းက ဝက်ဘ်ဆိုက်ဂိမ်းတစ်ခု ဖြစ်ရမယ်တဲ့။ ကစားသမား အများကြီးကို တစ်ပြိုင်တည်း ဝင်ကစားခွင့်ပေးနိုင်ပြီး ပူးပေါင်းဖို့ သို့မဟုတ် တိုက်ခိုက်ဖို့ အတွက်ပဲ ဆောင်ရွက်နိုင်မယ့် ဂိမ်းမျိုး။ ကစားသမားတွေက ကွန်ပျူတာဇာတ်ကောင်နဲ့ ချလို့ရသလို တခြား ကစားသမားတွေနဲ့ ချလို့လည်း ရတယ်။ ကွန်ပျူတာဇာတ်ကောင်နဲ့ ချမယ်ဆိုတော့ ကစားသမားတွေ အချင်းချင်း အတူတူ ပူးပေါင်းပြီး ပဟေဠိတွေ ဖြေရှင်းရတာမျိုး ပါမယ်။ ကစားသမား အချင်းချင်း ချမယ်ဆိုရင်တော့ စစ်ပွဲဂိမ်းတွေနဲ့ ဆင်တူသွားမယ်။ ကျွန်မတို့ ဇာတ်လမ်းမစဉ်းစားရဘူးလိုု့ ဘော့စ်ဖေးက သေချာပြောသွားတာ ဆိုတော့ ကျွန်မတို့ လူနှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုတဲ့လူတွေ ပဟေဠိ အတူတူ စဉ်းစားတာမျိုးလည်း ခွင့်ပြုလို့ မရဘူး"
"ဆိုလိုတာက ကစားသမားတွေ အတူတူ ပူးပေါင်းရင်ပူးပေါင်း၊ ဒါမှ မဟုတ် အချင်းချင်းချလို့ပဲရမယ့် ဂိမ်းမျိုးကို ကျွန်မတို့ ဒီဇိုင်းဆွဲရမယ်"
"ဆိုလိုတာက ကျွန်မတို့ဂိမ်းက တခြား စားပွဲတင်ဂိမ်းတွေပုံစံမျိုး ယူလို့ရတယ်ဆိုတဲ့သဘောပဲ။ အချိန်အကန့်အသတ် ၁၀ မိနစ်သို့မဟုတ် ၂ နာရီလောက် သတ်မှတ်လို့ ရတယ်။ ကစားသမားအရေအတွက်ပေါ်မူတည်ပြီး မတူညီတဲ့ တာဝန်တွေ ရှိမယ်။ ကစားသမားတွေအကြားထဲ ပူးပေါင်းလို့ကော၊ အချင်းချင်း တိုက်ခိုက်လို့ကော ရမယ့် မော်ဒယ်မျိုး သုံးလို့ ရတယ်"
ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ ခေါင်းငြိမ့်လိုက်ကြပါသည်။
ထိုဆန်းစစ်ချက်ကြောင့် အရာများစွာ ရှင်းလင်းသွား၏။ အရေးအကြီးဆုံးက သူတို့ဂိမ်းကို စားပွဲတင်ဂိမ်းတွေအပေါ် အခြေခံဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ယခုတော့ ဂိမ်းက ဘယ်လို ပုံစံမျိုးဖြစ်မလဲဆိုတာကို နှစ်ယောက်စလုံး အကြမ်းဖျင်း စိတ်ကူးပုံဖော်ကြည့်နိုင်ပါပြီ။
လင်းဝမ်က သူတို့ကို ကြည့်ကာ ပြောလိုက်ပါသည်။ "ကျန်တာကို ရှင်တို့ပဲ ဆက်စဉ်းစားကြည့်လိုက်"
ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ အချင်းချင်း ကြည့်လိုက်ကြ၏။ ဆရာမ တစ်ယောက်က မေးခွန်းဖြေခိုင်းဖို့ သူတို့ကို နာမည်ခေါ်လိုက်သလိုမျိုး ခံစားလိုက်ရပါသည်။ မေးခွန်းက တစ်ဝက်လောက် ဖြေပြီးပြီဖြစ်ကာ ကျောင်းသားတွေက ကျန်အဖြေကို ဆက်ရှာရမည်။
ယဲ့ကျစ်ကျိုးခေတ္တ စဉ်းစားကြည့်လိုက်ပြီး ပြောလိုက်၏။ "သရဲတစ္ဆေတွေနဲ့ မွန်းစတားတွေ ထည့်လို့ မရဘဲ အလွန်ဆုံး စိတ္တဇဖြစ်နေတဲ့ လူတွေကိုပဲ ထည့်လို့ရတယ်တဲ့။ အဲ့တာလည်း အရေးကြီးတဲ့ သဲလွန်စ နောက်တစ်ခုပဲ"
"တခြားဂိမ်းတွေမှာ ဥပမာကောင်းကောင်းမရှိပေမယ့် ရုပ်ရှင်တွေကို ကြည့်လိုက်မယ်ဆိုရင်ကော"