← Chapters

စောင့်ကြည့်နေသော ကျန်းချင်းအာ၏ မျက်ဝန်းတစ်စုံ.....

Vol. 44 Ch. 606

စောင့်ကြည့်နေသော ကျန်းချင်းအာ၏ မျက်ဝန်းတစ်စုံ.....

Vol. 44 Ch. 606

လီလော့တစ်ယောက် ရက်အနည်းငယ်ခန့် သက်တောင့်သက်သာရှိစွာ ဖြတ်သန်းခဲ့သည်။

နေ့ခင်းဘက်မှာတော့ပြီးခဲ့တဲ့လက စုစည်းထားတဲ့ အိမ်တော်ရဲ့ စီမံခန့်ခွဲရေးတာဝန်တွေကို ကျန်းချင်းအာနှင့်အတူ ကူညီလုပ်ကိုင်ပေးခဲ့သည်။ ညနေခင်းများတွင် သူသည် မကြာသေးမီက ဖော်စပ်ထားသည့် အံ့ဖွယ်ဆေးအနှစ်ကို လိမ်းကျံရသည်။

"အာ့..အာ့ အရမ်းထိတယ် ချင်းအာရဲ့....."

လီလော့၏ အိပ်ခန်းအတွင်းမှ ညတိုင်း အဆက်မပြတ် ညည်းညူသံများကို ကြားနေရသည်။ ကံကောင်းထောက်မစွာဖြင့် ထူးဆန်းသောအသံများကို အနီးတစ်ဝိုက်တွင် မည်သူမျှမကြားနိုင်ခဲ့ပေ။ သို့မဟုတ်လျှင် အရှုပ်တော်ပုံအတင်းအဖျင်းများ ဟိုးလေးတကြော်ကြော်ပျံနှံကုန်လိမ့်မည်။

အခန်းတွင်းမှ ကျယ်လောင်စွာ အော်ဟစ်သံများ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

"ပါးစပ်ပိတ်လို့မရဘူးလား...?"

လီလော့၏အဝတ်ဗလာပုခုံးပေါ်မှ သူမ၏လက်ဖဝါးကို ပြန်ဆွဲယူရင်း ကျန်းချင်းအာ ခတ်ဆတ်ဆတ်လေးအော်လိုက်သည်။

"ဘာလို့ ထူးဆန်းတဲ့ အသံတွေ ထွက်လာတာလဲ...."

လီလော့သည် ဘောင်းဘီတိုမှလွဲ၍ ဘာမှမ၀တ်ထားဘဲ ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ထူးထူးခြားခြား တောက်ပနေသော စိမ်းပြာရောင်ဆေးအနှစ်များ လိမ်းကျံထားသည်။ ကျန်းချင်းအာသည် သူ့နောက်တွင် ထိုင်နေပြီး သူမ၏ နူးညံ့သော လက်ဖဝါးများမှ တောက်ပသော ပဲ့တင်ထပ်သံ အလင်းတန်းများ ထွက်လာကာ အံ့ဖွယ်ဆေးအနှစ်၏ ဆေးဖက်ဝင်စွမ်းအားကို လှုံ့ဆော်ပေးနေသည်။

အံ့ဖွယ်ဆေးအနှစ်၏ ကုသနိုင်သောဂုဏ်သတ္တိများ ပိုမိုအစွမ်းထက်လာသောအခါ ရွှဲရွှဲဟိုမြနေသော မြသားရောင်များသည် လီလော့၏ အရေပြားမျက်နှာပြင်အထက်တွင် လွင့်ပျံလာသည်။ သူတို့သည် ကိုယ်ပိုင်အသိစိတ်ရှိသကဲ့သို့ ချွေးပေါက်များတဆင့် သွေးကြောထဲသို့ စိမ့်ဝင်သွားကြသည်။

"ချင်းအာ... ဒါ ငါ့အပြစ်မဟုတ်ဘူး! အံ့ဖွယ်ဆေးအနှစ်ရဲ့ အာနိသင်တွေက အရမ်းအစွမ်းထက်တယ်.... အဲ့တာကြောင့်မို့လွှတ်ကနဲအော်မိတာပါ....!"

လီလော့သည် သူ့အား အလိုအလျောက် ညည်းတွားမိစေသော အံ့ဖွယ်ဆေးအနှစ်၏ အစွမ်းသတ္တိကြောင့် အနည်းငယ် မှားယွင်းသွားသည်ဟု ခံစားမိသည်။ သူ၏ ဦးရေပြားနှင့် ခြေချောင်းများဆီသို့ တိုက်ရိုက်လွှင့်ထုတ်လိုက်သည့် လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုသည် သူ့ခန္ဓာကိုယ်အနှံ့ ချွေးပေါက်များကို သဘာဝအတိုင်း ချဲ့ထွင်နေသကဲ့သို့ ခံစားရသည်။ သူမရှေ့တွင် မြင်နေရသည့် သန်မာတောင့်တင်းသည့်

ကြွက်သားများကို စိုက်ကြည့်ရင်း ကျန်းချင်းအာ နှုတ်ခမ်းတွန့်လိုက်မိသည်။

"မိုးကြိုးနတ်ဘုရားကို ဖန်တီးပြီးကတည်းက ဒီလူရဲ့ ခန္ဓာကိုယ်က တောင့်တင်းလာပြီး ထိတွေ့ရတာ အတော်လေးကို ကြည်နူးကောင်းသားပဲ" ဟု တိတ်တဆိတ်မှတ်ချက်ချလိုက်လေသည်။

သူမ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း တွေးတောနေသည့်အရာကို ဘယ်သေယအခါမှထုတ်ပြောမည်မဟုတ်ပေ။ထိုအစား အလင်းစွမ်းအင်များကိုဂရုတစိုက်ပို့လွှတ်ပြီး လီလော့ ၏ ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း အံ့ဖွယ်ဆေးအနှစ်၏အာနိသင်ပိုမိုကောင်းမွန်လာအောင်ကူညီပေးနေသည်။

အံ့ဖွယ်ဆေးအနှစ်၏နောက်ဆုံးအငွေ့အသက်များ လီလော့၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်လာသောအခါ ကျန်းချင်းအာက လက်ခုပ်တီးကာ ကုသမှုပြီးဆုံးကြောင်း အချက်ပြခဲ့သည်။

ထို့နောက် ကုတင်ပေါ်ကဆင်းလာပြီး လက်ဖက်ရည်စားပွဲတွင်ဝင်ထိုင်ကာ ရေနွေးတစ်ခွက်ငှဲ့သောက်နေခဲ့သည်။

လီလော့က အဝတ်အစား အမြန်ဝတ်လိုက်သည်။ အရေထူသော်လည်း ကျန်းချင်းအာ ၏ရှေ့တွင် ကိုယ်လုံးတီးနီးပါးဖြစ်နေသည့်အတွက် ရှက်နေသေးသည်။

သူတို့နှစ်ဦးဟာ သာမန်မဟုတ်တဲ့ ဆက်ဆံရေးကို မျှဝေခဲ့ကြပေမယ့် အခုလိုအနေအထားကတော့ ထူးဆန်းနေသည်မှာအမှန်ပင်.....

သို့သော်လည်း လီလော့ ခံစားရသော ရှက်ရွံ့မှုမှာ ခဏတာမျှသာဖြစ်ပြီး ကျန်းချင်းအာ သည် သူ့ဗလာကိုယ်ထည်ကို မြင်တွေ့နေရသော်လည်း ဂရုမစိုက်ကြောင်း သိလိုက်သည်နှင့် ခံစားချက်များကို စွန့်လွှတ်လိုက်ရလေသည်။

အဝတ်အစားဝတ်ပြီးနောက် ဝမ်းသာအားရဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည့်အခါ အသွေးအသားနှင့်အရိုးများ ဆူပွက်လုမတတ် ခံစားနေရသည်။ အံ့ဖွယ်ဆေးအနှစ်သည် ကျင့်ကြံမှုကို သိသာထင်ရှားစွာ မတိုးတက်စေခဲ့သော်လည်း၊ ယခင်ကလစ်ဟာနေသည့် အမြုတေ တစ်ခုလုံးကို ပြည့်စုံသွားစေသည်ကိုတော့ ခံစားရသည်။

သူ၏အခြေခံအုတ်မြစ်ကို ပြန်လည်ဖြည့်တင်းနေပြီဖြစ်ကြောင်း သိလိုက်သည်။

ဒုတိယမြောက်ပဲ့တင်ထပ်သံကို တုပဖန်တီးခြင်းအတွက် ပေးဆပ်ရမည့် အကြွေး ကျေသွားခဲ့ပြီဟုဆိုနိူင်သည်။

"ဒါတွေအားလုံးက ဉီးလေးပေါင်ရဲ့ ကျေးဇူးကြောင့်ပဲ.... အံ့ဖွယ်ဆေးအနှစ်က ငါ့အတွက် အဖိုးမဖြတ်နိုင်ဘူးဆိုတာ သံသယဖြစ်နေစရာတောင်မလိုဘူး.... ငါ့အခြေခံအုတ်မြစ်ကို ပြုပြင်ဖို့ လိုအပ်တဲ့ ရတနာတွေကိုရှာဖို့ အချိန်နဲ့ အရင်းအမြစ်တွေ ဘယ်လောက်ကုန်ခဲ့ရတယ်ဆိုတာ သူသိတယ်...."

လီလော့ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။

လူတစ်ဦး၏အခြေခံအုတ်မြစ်သည် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ၎င်းကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်သော ရုပ်ပိုင်းဆိုင်ရာဝေဒနာများနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ပေါင်ပေါင်၏ ဂရုတစိုက် စစ်ဆေးခြင်းကြောင့်သာ မဟုတ်ပါက၊ ဒုတိယမြောက် ပဲ့တင်ထပ်သံကို တုပဖန်တီးခြင်းကြောင့် ဆုံးရှုံးသွားခဲ့သောအရာများကို သိရှိနိုင်မည်မဟုတ်ပေ။

ထိုအရာများက အချိန်ကြာလာသည်နှင့်အမျှ လီလော့အတွင် အန္တရာယ်ပိုများလာမည်သာ.....

ကျန်းချင်းအာက သူမရဲ့ လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး..... "အံ့ဖွယ်ဆေးအနှစ်

ဖန်တီးနည်းကို ဆရာတို့လင်မယား

မထွက်ခွာခင်မှာ အကြီးအကျယ် သုတေသနပြုခဲ့တာပဲ ဖြစ်မယ်...."

လီလော့ ထိုသို့ သံသယဝင်နေသော်လည်း ဤကျိုးကြောင်းဆင်ခြင်မှုသည် ပိုတွေးလေလေ အဓိပ္ပါယ်ရှိလေလေဖြစ်သည်။ သူ့ရဲ့ လက်ရှိ ကျင့်ကြံမှုလမ်းကြောင်းကို သူ့မိဘတွေက အတိအကျ ချမှတ်ထားခဲ့တာဖြစ်လို့ ကြုံတွေ့ရမယ့် အန္တရာယ်တွေအတွက် သေချာပေါက် ကြိုတင်ပြင်ဆင်ထားကြလိမ့်မည်။

လီလော့ ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး လော့လန်အိမ်တော် မြင်ကွင်းကို စိုက်ကြည့်နေသည်။

" ချင်းအာ... ငါ့မိဘတွေက ရှပြည်ထောင်စုက မဟုတ်ဘူးလို့ ဉီးလေးပေါင်က ပြောဖူးတယ်....ဒါဆို ဘာလို့ ဝေးလံခေါင်သီးတဲ့ဒီနေရာကိုရောက်လာကြတာလဲ....."

ကျန်းချင်းအာက ပြတင်းပေါက်နားတွင်ရပ်နေသည့် လီလော့ နံဘေးသို့ လျှောက်လာခဲ့သည်။ သူမ၏ ကြည်လင်တောက်ပသော ရွှေရောင်မျက်ဝန်းအိမ်ထဲတွင် လော့လန်အိမ်တော်၏ အဆောက်အဦများနှင့်မဏ္ဍပ်ပုံရိပ်များ ထင်ဟပ်နေပါသည်။

"ငါ့အတွက်တော့ သူတို့ရဲ့ မူလအစက အရေးမကြီးဘူး.... ရှပြည်ထောင်စုမှာရှိတဲ့ လော့လန်အိမ်တော်က ဆရာကြီးတို့ဇနီးမောင်နှံတည်ထောင်ခဲ့တာမို့ ငါ့ရဲ့အိမ်ပဲ....."

လီလော့၏မိဘနှစ်ပါး ဘယ်ကလာသည်ကို ကျန်းချင်းအာ ဂရုမစိုက်ကြောင်း ထင်ရှားနေသည်။ အကြောင်းမှာ လော့လန်အိမ်တော်ကသာ သူမအတွက် အဓိပ္ပါယ်အရှိဆုံးနေရာဖြစ်သည်။

လီလော့ ရယ်မောလိုက်သည်။သူ့မိဘနှစ်ပါးက ရှပြည်ထောင်စုတွင်အခြေချဖို့ရွေးချယ်ခဲ့ပြီး သူ့ကိုဒီနေရာမှာမွေးဖွားခဲ့သည့်အတွက် လော့လန်အိမ်တော်နဲ့ ပတ်သက်ပြီး သူလည်း အလားတူ ခံစားရသည်။ နောက်ဆုံးတွင် ဘုရင်အဆင့်ဖြစ်သည့် ဖန်ချန်ယွမ်ပင်လျှင် လီတိုင်ရွှမ်နှင့်တိုင်တန်လန်တို့ကို ရိုသေလေးစားနေသည်။

ကောင်းကင်ဧကရာဇ်လီ၏ သွေးဆက်.....

ထိုစကားလုံးများ မည်မျှလေးနက်သည်ကို လီလော့ နားမလည်နိုင်သေးပေ။ရှပြည်ထောင်စု၊ ရွှေနဂါးဘဏ်တိုက်နှင့် ကြယ်တာယာခရီးရှည်ကောလိပ်တို့သည်ပင် ကောင်းကင်ဧကရာဇ်မင်းတစ်ပါး၏ တန်ခိုးနှင့် မနှိုင်းယှဉ်နိုင်ဟုသာ တွေးကြည့်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းအုပ်ကြီးဖန်ချန်ယွမ်ပင်လျှင် ထိုသို့နှိုင်းယှဉ်ရန် အရည်အချင်းမပြည့်မီသောကြောင့်ဖြစ်သည်။

ဘိုးဘွားဇာစ်မြစ်ကို အနည်းငယ် သိချင်နေသော်လည်း ကျန်းချင်းအာ ပြောခဲ့သည့်အတိုင်း လော့လန်အိမ်တော်ကသာ သူ့အိမ်ဖြစ်သည်မှာ သေချာသည်။

"လူယုတ်မာဖေဟောင်က အရိပ်ထဲမှာ ပုန်းနေပြန်ပြီ.... သူ ဘယ်ပျောက်ကွယ်သွားမှန်းမသိဘူး"

လီလော့က ခပ်ချဉ်ချဉ်လေသံဖြင့် ပြောလိုက်သည်။

“သူက ပျော်တော်ဆက်ရုပ်သေးရုပ်သာသာပါပဲ.... သူ့ကို ကျောထောက်နောက်ခံပေးထားတဲ့ အမှောင်အင်အားစုတွေကြောင့်သာမဟုတ်ရင် အရင်တစ်ခါ တွေ့တုန်းကတည်းကသေနေလောက်ပြီ..." ဟု ကျန်းချင်းအာက အမှုမဲ့ အမှတ်မဲ့ ပြန်ဖြေ

ခဲ့သည်။ သို့သော် သူမ၏ စကားနောက်ကွယ်တွင် သတ်ဖြတ်လိုစိတ်များပြင်းထန်နေသည်။

"နင်က ပြီးခဲ့တဲ့နှစ်ကတည်းက ကြောက်စရာကောင်းလောက်အောင် မြန်မြန်ဆန်ဆန် တိုးတက်ခဲ့တယ်၊ ဒါကြောင့် အခုနေ နင့်ရဲ့ အဆင့်ကိုးပဲ့တင်ထပ်သံစွမ်းအားကို ရင်ဆိုင်ရမှာကို ကြောက်လို့နေမှာပေါ့...." ဟု လီလော့က မှတ်ချက်ပေးခဲ့သည်။

ဖေဟောင်သည် လွန်ခဲ့သော တစ်နှစ်ခန့်က စီးပွားရေးကိစ္စ ဆွေးနွေးရန် နန်ဖန်းမြို့တွင် ကျန်းချင်းအာနှင့် တွေ့ဆုံခဲ့ပြီး ကျင့်ကြံမှုတွင် သူမထက် ခြေတစ်လှမ်းသာနေသည်ကို သူ မှတ်မိနေသေးသည်။ သို့သော်၊ မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကျော်သွားခဲ့ပြီး ကျန်းချင်းအာသည် ယခုအခါ အလှမ်းဝေးသော နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်တွင် ရှိနေခဲ့ပြီဖြစ်သည်။

ဖေဟောင်သည် ဤအတောအတွင်းကောင်းကင်ပုလဲအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပါက ကျန်းချင်းအာ၏လက်ထဲတွင် ဝမ်းနည်းဖွယ်အဆုံးသတ်ကို ကြုံတွေ့ရမည်မှာ မုချဧကန်ပင်။

"ဖေဟောင်ကို ငါ့ပြိုင်ဘက်လို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူး။ လာမဲ့အိမ်တော်စုဝေးပွဲမှာ သူ့ကို အဆုံးသတ်ဖို့ နင်အပေါ်ပဲ မူတည်တယ်"

ကျန်းချင်းအာက လီလော့ကို တည့်တည့်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ...ငါက?" လီလော့ စကားထစ်ကုန်ပြီ.....

"အေးလေ....နင်ပဲ ဖြစ်ရမှာပေါ့.... လော့လန်အိမ်တော်ရဲ့ အမွေဆက်ခံသူ အစစ်အမှန်ကို အိမ်တော်စုဝေးပွဲမှာ ဆုံးဖြတ်ကြမှာ.... ငါတို့ သုံးယောက်ကသာ အဲ့လို တောင်းဆိုဖို့ အရည်အချင်းပြည့်မီတယ်..ဒါပေမယ် ငါကတော့ဝင်ပါဖို့ဆန္ဒမရှိဘူး... ဒါကြောင် နင်တို့နှစ်ယောက်တည်းဆက်ခံသူနေရာအတွက်ယှဉ်ပြိုင်ရမှာ.... နင် သူ့ကိုသတ်နိုင်ရင် လော့လန်အိမ်တော်ရဲ့ ရုန်းရင်းဆန်ခတ်မှာတွေ ငြိမ်သွားလိမ့်မယ်....ပြီးတော့ နင့်နာမည်လည်း ဒီထက်မက ကျော်ကြားလာလိမ့်မယ်"

"ဒါပေမယ့် သူက နတ်ဆိုးခန္ဓာပြီးဆုံးခြင်းအဆင့်လေ..."

"သူက ဒီ့ထက်တောင် ပိုနေနိုင်တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သူ့ကို ကျောထောက်နောက်ခံပြုပေးနေတဲ့သူတွေကလည်း ဒီအတိုင်း ငြိမ်နေကြမှာမဟုတ်ဘူး....."

လီလော့ ငိုင်ကျသွားလေသည်။

"ချင်းအာ....တကယ်တော့... အိမ်တော်သခင်ရာထူးကို ရယူဖို့ ဘေးထွက်နေစရာမလိုပါဘူး.... အရာအားလုံးကို မင်းရဲ့ခွန်အားနဲ့ အလွယ်တကူ ဖြေရှင်းနိုင်တာမို့ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိန်းထားဖို့ မလိုအပ်ဘူး"

ထိုသို့ပြောရင်း သူ့ဘေးနားရှိ မိန်းကလေး၏ လှပသောမျက်နှာကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည်။

လီလော့ နန်ဖန်းတွင် ရှိနေကတည်းက အိမ်တော်အရေးကိစ္စများကို ကျန်းချင်းအာကသာ စီမံခဲ့သဖြင့် သူမသာ အိမ်တော်သခင်ရာထူးနှင့်အထိုက်တန်ဆုံးဖြစ်သည်။

သို့သော် ကျန်းချင်းအာသည် ဤအဆိုပြုချက်ကို စိတ်မဝင်စားသည်မှာ သိသိသာသာပင်၊ သို့မဟုတ်၊ သူမ လီလော့ကို လွှမ်းမိုးမနေချင်တော့တာကြောင့်လည်းဖြစ်နိုင်သည်။

"ဒီလောက်နှစ်တွေကြာအောင် ထမ်းပိုးခဲ့ပြီးပြီလေ....ဆက်ပြီးထမ်းပိုးခိုင်းဉီးမလို့လား...."

ကျန်းချင်းအာက အနည်းငယ် ပြုံးပြီး နောက်ပြောင်လိုက်သည်။

ထို့နောက် သူမ ခေါင်းယမ်းလိုက်ပြီး....

"လီလော့၊ ကိုယ့်ကိုကိုယ် ထပ်မနှိမ့်ချပါနဲ့တော့.... အိမ်တော်သခင်ရာထူးက နင်နဲ့ပိုထိုက်တန်တယ်.... ငါ နောက်ကနေ ပံ့ပိုးပေးနေမှာပါ"

လီလော့ကို ဆက်လက် စိုက်ကြည့်ရင်း သူမ၏ အကြည့်များက ပို၍ လေးနက်လာသည်။

"အိမ်တော်သခင်ရာထူးက သာမညပါ.... ငါလိုချင်တာက လူတိုင်းရှေ့မှာ ဖေဟောင်ကိုအနိုင်ယူပြီး အမှီအခိုကင်းကင်းရပ်တည်နိုင်ကြောင်း လူတိုင်းကို သက်သေပြစေချင်တယ်....."

လီလော့ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ကျန်းချင်းအာက သူ့ကို အိမ်တော်သခင်လို့ ခေါ်ပိုင်ခွင့်အစား ဖေဟောင်ကို လက်စားချေဖို့ ပိုလိုလားနေသလိုသာ ခံစားနေရသည်။

ကျန်းချင်းအာက ဖေဟောင်ကို လီလော့ထက်ပင် ပို၍မုန်းတီးနေပုံရသည်။

ကျန်းချင်းအာရဲ့ ဒီဘက်ခြမ်းကို သူ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းပင်.....

သူမ သူ့ကို တစ်ချက်ကြည့်ပြီး နှုတ်ခမ်းကို အသာအယာ ဖိလိုက်ကာ ...."နင် ဖေဟောင် ကို သတ်နိုင်ရင် ငါတို့ရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းခွင့်ပြုမယ်"

ထိုစကားကြောင့် လီလော့ထံမှကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ လွင့်ပျံလာသည်။

ထို့နောက်မာနကြီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"လေးပိုင်းပိုင်းပေးရမလား...တချက်တည်းရိုက်သတ်ပေးရမလား....?"

All Chapters