မြေနတ်ဆိုးခန္ဓာအဆင့်သို့တက်လှမ်းခြင်း.....
Vol. 44 Ch. 612
လီလော့သည် စစ်သူကြီးအဆင့်သို့ တက်လှမ်းရန်အတွက် ပြင်ဆင်မှုအားလုံးကို အပြီးသတ်ရန် နှစ်ရက်ကြာခဲ့သည်။
ဤနှစ်ရက်အတွင်းတွင်၊ သူသည် စိတ်အခြေအနေကို အထွတ်အထိပ်သို့ရောက်အောင် ချိန်ညှိကာ ပဲ့တင်ထပ်သံစွမ်းအားများကိုလည်း အစွမ်းကုန်ထုတ်သုံးန်ိုင်အောင်ဖြည့်တင်းထားသည်။
အားလုံးပြီးပြီးချင်း၊ တုံ့ဆိုင်းမနေတော့ဘဲ အရေးကြီးဆုံးသော အောင်မြင်မှုများဆီသို့ တိုက်ရိုက် ချိုးဖောက်ရန်စတင်ခဲ့သည်။
လီလော့ ကောင်းကင်ရွှေခန်းမ၏ အလယ်တည့်တည့်တွင် ထိုင်နေသည်။
အခန်းအပြင်ဘက်မှာ အဖော်လေးယောက်ဖြစ်တဲ့ ကျန်းချင်းအာ၊ ပေါင်ပေါင်၊ ချိုင်ဝေ နဲ့ ယန်လင်းချီတို့ရှိနေကြပြီး သူတို့အားလုံးသည် လီလော့ ၏နောက်ထပ်အဆင့်သို့တက်လှမ်းခြင်း၏အရေးကြီးမှုကိုရှင်းလင်းစွာသိရှိသောကြောင့်အသေးအဖွဲကိစ္စများကိုဘေးဖယ်ထားခဲ့ကြသည်။
"ဒီကောင်က ကြယ်တစ်ပွင့်ကျောင်းသားဘဝနဲ့ စစ်သူကြီးအဆင့်ရောက်ဖို့ စီစဉ်နေတယ်.... သူက တကယ်ကို ရည်မှန်းချက်ကြီးတာပဲ.... အောင်မြင်ရင် ခေတ်အဆက်ဆက်မှာ သမိုင်းတခုရေးထိုးနိုင်လိမ့်မယ်.... "
ယန်လင်းချီ သည် အခန်းတွင်း၌ ထိုင်နေသော လူငယ်အား စူးစူးဝါးဝါး စူးစိုက်စိုက်ကြည့်နေသည်ကို သတိပြုမိသဖြင့် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။
"ဟုတ်တယ်... သူ့ရဲ့ကျင့်ကြံမှု အရှိန်က ငါ ကြယ်တစ်ပွင့်ခန်းမမှာ ရှိတုန်းကထက် အဆပေါင်းများစွာ သာလွန်တယ်"
ကျန်းချင်းအာ၏မှတ်ချက်ကြောင့် ယန်လင်းချီ မျက်လုံးပြူးသွားသည်။
"နင်လည်း အတူတူပါပဲ....သိပ်မကြာခင် အမာခံခုနှစ်ယောက်ကိုစိန်ခေါ်တော့မလို့ဆို.....နင်လဲ ကောင်းကင်နစ်မြုပ်ခြင်းအဆင့်ကိုတက်လှမ်းတော့မလို့လား..."
"ဟုတ်တယ်လေ...အမာခံခုနှစ်ယောက်ကိုစိန်ခေါ်တာဘာများခက်ခဲနေလို့လဲ ..."
ကျန်းချင်းအာက ခြောက်ကပ်စွာ ပြန်ဖြေခဲ့သည်။
"ကျန်းချင်းအာ၊ နည်းနည်းလောက် နှိမ့်ချနေရင် သေသွားမှာစိုးလို့လား... အမာခံခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်ဖို့ ကောလိပ်မှာရှိတဲ့ ကျောင်းသားတိုင်း အိမ်မက်မက်နေကြတာ..... ဒါကိုနင်က မခက်ခဲဘူးဆိုတော့ ဘယ်သူကို စိန်ခေါ်ဖို့ ကြံစည်နေတာလဲ...အညံ့ဆုံးက စီထျန်းမင်ဆိုတော့ သူ့ကိုစိန်ခေါ်မလို့လား.... "
အမာခံခုနှစ်ယောက်ဆိုသည်မှာ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ၏ သင်္ကေတတစ်ခုမျှသာမဟုတ်ပေ။ ထိုဂုဏ်ပုဒ်ကို ကိုင်ဆောင်ထားသူများအား မြင်သာထင်သာသော အကျိုးကျေးဇူးများ ပေးဆောင်ခဲ့သည်။ ကြယ်လေးပွင့်ခန်းမမှ ဘွဲ့ရပြီးသည့်နောက် ကောလိပ်တွင် နောက်ထပ်တစ်နှစ် ဆက်လက်နေထိုင်ခွင့်ရပြီး ကောလိပ်မှ များပြားလှသော အရင်းအမြစ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။ ၎င်းတို့သည် အချို့သောအဆင့်မြင့်ရေးရာများတွင်လည်း ပါဝင်ခွင့်ရမည်ဖြစ်ပြီး၊ လေးစားရသော ရွှေအဆင့်နည်းပြများထက် ပိုမြင့်မားသောအဆင့်အတန်းကို ပေးအပ်မည်ဖြစ်သည်။
ဤသည်မှာ ကြယ်လေးပွင့်ခန်းမရှိ ထူးချွန်သော ကျောင်းသားအများအပြားသည် အမာခံခုနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်လာရန်အိမ်မက်မက်နေကြခြင်းဖြစ်သည်။
သို့ပေသိ အရာရာတွင် ထိုက်သင့်သောတန်ဖိုးရှိစမြဲပင်.....
ကောလိပ်သည် ဤကျောင်းသားများ၏ အလားအလာကို လေးစားမှုဖြင့် ထိန်းသိမ်းထားပြီး ၎င်းတို့အား ကျောင်း၏အခြေခံအုတ်မြစ်ကို ပိုမိုအားကောင်းလာစေရန်အတွက် နည်းပြများအဖြစ်ခန့်အပ်ရန် မျှော်လင့်ထားသည်။
ခရမ်းအဆင့်နည်းပြ များ၏ ထက်ဝက်ကျော်သည် အမာခံခုနှစ်ဉီးအဖွဲ့ဝင် ဂုဏ်ပုဒ်များကို ကိုင်ဆောင်ထားသောကြောင့် ၎င်းနှင့်ပတ်သက်၍ အံ့သြစရာမရှိပေ။
"အမာခံခုနှစ်ယောက်ထဲမှာ အတွေ့အကြုံပိုရှိတဲ့ ကျောင်းသားတွေကို ရှောင်ရှားတာ အကောင်းဆုံးဖြစ်မယ်..." ဟု ယန်လင်းချီက သူမအား သတိပေးလိုက်သည်။
ကုန်းရှန်ကျွင်းနှင့်မင်းသမီးတို့သည် ထိုအဖွဲ့ထဲတွင် အသန်မာဆုံးနှင့် စီနီယာအကျဆုံးသူများဖြစ်သည်။ သူတို့ဟာ ကြယ်လေးပွင့်ခန်းမမှာ ကြီးထွားရှင်သန်ဖို့ အချိန်ရခဲ့တဲ့ ကျောင်းသားတွေဖြစ်ကြပြီး ထူးထူးခြားခြား ခွန်အားတွေ ပိုင်ဆိုင်ထားကာ ကြယ်သုံးပွင့် ခန်းမမှာ ရှိနေစဉ်ကတည်းက အမာခံခုနှစ်ဉီးအဖွဲ့ဝင် ဖြစ်လာကြသူများဖြစ်သည်။
ကြယ်လေးပွင့်ခန်းမတွင် စီထျန်းမင်နှင့်ရဲချန်ယင်းတို့လည်း ရှိခဲ့သည်။ ကျန်တဲ့ သုံးယောက်ကတော့ ကြယ်လေးပွင့်ခန်းမထဲမှာ အချိန်အတော်ကြာနေခဲ့တဲ့ ကျောင်းသားဟောင်းတွေဖြစ်ကြသည်။
ယန်လင်းချီ၏ ရည်ရွယ်ချက်မှာ ကျန်းချင်းအာအနေဖြင့် ကုန်းရှန်ကျွင်းနှင့်မင်းသမီး တို့ကို စိန်ခေါ်ခြင်းမှ ရှောင်ကြဉ်ရန် ဖြစ်သည်။ ကျန်နှစ်ယောက်သည် ပို၍သင့်လျော်သော ပစ်မှတ်များဖြစ်သည်။
ကျန်းချင်းအာ၏ အကြည့်များ အနည်းငယ် တုန်ခါသွားသော်လည်း သူမသည် မည်သူကို စိန်ခေါ်မည်ကို ထုတ်မပြောခဲ့ပေ။
"နောက်မှစဉ်းစားကြတာပေါ့...."
"ချင်းအာ... သခင်လေး အောင်မြင်မယ်လို့ထင်လား...."
ချိုင်ဝေက စိုးရိမ်တကြီး မေးလိုက်သည်။
"အမှန်အတိုင်းပြောရရင် နည်းနည်းတော့အမပြေဖြစ်နိုင်တယ်...သူ့မှာ ပဲ့တင်ထပ်သံ နှစ်ခု ရှိပေမယ့် နောက်ထပ် လအနည်းငယ်ကြာမှအဆင့်တက်မယ်ဆို လုပ်ငန်းစဉ်က သံသယရှိစရာမလိုအောင် ချောမွေ့လာလိမ့်မယ်..."
"... တကယ်လား ဒါဆို ဘယ်လိုလုပ်ကြမလဲ... " ချိုင်ဝေ ဒါကိုကြားတော့ စိတ်ပူနေလေပြီ.....
"ရွေးချယ်စရာ များများစားစား မရှိဘူးလေ..... အိမ်တော်စုဝေးပွဲက တစ်လအတွင်းရောက်လာတော့မှာမို့ လီလော့က အဲဒီမတိုင်ခင် အောင်မြင်ချင်မှာ သေချာတယ်....သူအောင်မြင်မှသာလျှင် အထောက်အကူဖြစ်နိုင်မှာ..."
ယန်လင်းချီ သက်ပြင်းချလိုက်သည်။
" အဆိုးမြင်နေဖို့ မလိုပါဘူး....လီလော့ က ကံကောင်းတဲ့လူပါ....အမြူတေသလင်းကျောက်ကြောင့် သူ့ရဲ့ အောင်မြင်မှု အခွင့်အလမ်းက သိသိသာသာ တိုးလာမှာသေချာတယ်... သူ့ရဲ့ အဆင့်မြှင့်ထားတဲ့ ပဲ့တင်ထပ်သံနှစ်ခုနဲ့ဆို ပဲ့တင်ထပ်သံ စွမ်းအားက လုံလောက်အောင် သိပ်သည်းနေသင့်ပါတယ်... သူ့မှာရှိတဲ့စွမ်းအားက ဆရာသခင်အဆင့်ရဲ့ အထွတ်အထိပ်ကို ကျော်လွန်နေပြီ” ဟု ကျန်းချင်းအာက နှစ်သိမ့်ခဲ့သည်။
"ငါ့မှာ နောက်ထပ် အမြူတေသလင်းကျောက်နဲ့ လုချင်းအာ ပေးထားတဲ့ဆေးလုံးရှိတယ်.... ဆေးလုံးကငါ့အတွက် သိပ်အသုံးမဝင်တာမို့ အရန်အစီအစဉ်အဖြစ် သုံးလို့ရတယ်...."
ကျန်းချင်းအာ၏ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းချက်က ချိုင်ဝေကို သက်တောင့်သက်သာ ခံစားရစေသည်။
သူတို့သုံးယောက် စကားစမြည်ပြောနေစဉ် လီလော့ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည်။ ငြိမ်သက်နေသော ရေကန်ကဲ့သို့ နားမလည်နိုင်သောနက်နဲမှုနှင့်အတူ ငြိမ်သက်မှု အရိပ်အယောင်ကို မြင်တွေ့နိုင်သည်။
"ကဲ... အချိန်တန်ပြီ"
လီလော့က သူ့ကိုယ်သူ သတိပေးလိုက်သည်။ ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများက ချိန်မရွေးပေါက်ကွဲတော့မည့် မီးတောင်တခုသဖွယ် ပွက်ပွက်ဆူဝေနေသည်။
ကျန်းချင်းအာတို့ကို နောက်ဆုံးတစ်ချက်ကြည့်လိုက်ပြီး တုံ့ဆိုင်းမနေတော့ဘဲ လက်ဟန်သင်္ကေတတချို့ ဖန်တီးလိုက်တော့သည်။
ဘန်းးးးးးး
ထိုအချိန်တွင်၊ သူ၏ သိမ်မွေ့သော ပဲ့တင်ထပ်သံများသည် ပြီးပြည့်စုံသော အရှိန်အဟုန်သို့ ရောက်ရှိသွားကာ သက်ဆိုင်ရာစွမ်းအားများကလည်း ပြင်းထန်သော အင်အားများဖြင့် တောက်လောင်နေလေသည်။ စွမ်းအားကြိုးမျှင်များ ထွက်ပေါ်လာပြီးနောက် ပဲ့တင်ထပ်သံနန်းတော်များကို အကြိမ်ကြိမ် ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။
ဝုန်းးးးးး
ပဲ့တင်ထပ်သံ စွမ်းအားများသည် ၎င်းတို့နှင့်သက်ဆိုင်သော ပဲ့တင်ထပ်သံနန်းတော်များဆီသို့ ဆက်လက် လွင့်ပျံသွားခဲ့သည်။ ဆက်တိုက်ဆိုသလို ထိုးနှက်ပြီးနောက်၊ ပဲ့တင်ထပ်သံနန်းတော်များသည် ၎င်းတို့၏ အတွင်းအင်္ဂါများကို ကြမ်းတမ်းစွာ နှိပ်စက်နေသကဲ့သို့ တုန်လှုပ်လာသည်။ထို့နောက် နီညိုရောင်များ နန်းတော်များအနှံ့ ပျံ့နှံ့လာသည်။
နာကျင်မှုကြောင့် လီလော့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေ၏။ ပဲ့တင်ထပ်သံနန်းတော်များသည် သူ့ခန္ဓာကိုယ်၏ အရင်းမြစ်ဖြစ်ပြီး ယခုအခါတွင် စွမ်းအားများအပြင်းအထန်လည်ပတ်နေသောကြောင့် မခံမရပ်နိုင်အောင်နာကျင်နေရသည်။
သို့သော်လည်း ဤသည်မှာ စစ်သူကြီးအဆင့်သို့ ဝင်ရောက်ရန် ရှောင်လွှဲ၍မရသော လုပ်ငန်းစဉ်ဖြစ်ကြောင်း သူနားလည်ခဲ့သည်။
မြေနတ်ဆိုးခန္ဓာအဆင့်၏ ပထမအဆင့်မှာ နတ်ဆိုးနန်းတော်အဆင့် အဆင့်ဖြစ်သည်။
ထိုအဆင့်သို့ရောက်လျှင် လူတစ်ဦး၏ ပဲ့တင်ထပ်သံနန်းတော်ကို နတ်ဆိုးနန်းတော်ဟုခေါ်တွင်ကြသည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ၎င်းသည် ပဲ့တင်ထပ်သံနန်းတော် အရွယ်အစားကို သိသာထင်ရှားစွာ တိုးမြှင့်ကာ စွမ်းအားများပိုမိုသိုလှောင်နိုင်အောင်တွန်းအားပေးမည်ဖြစ်သည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ၊ တုန်ခါမှုဖြစ်စဉ်သည် ပဲ့တင်ထပ်သံနန်းတော်ထဲသို့ မြေနတ်ဆိုးစွမ်းအင်များ ဝင်ရောက်လာမှုကို လိုက်လျောညီထွေဖြစ်စေရန် ထိန်းညှိပေးခြင်းဖြစ်သည်။
မြေနတ်ဆိုးစွမ်းအင်သည် မြေနတ်ဆိုးခန္ဓာအဆင့် လေ့ကျင့်သူ၏ အမှတ်အသားဖြစ်သည်။
ဤသည်မှာ လောကသဘာဝစွမ်းအင်မှ သီးခြားတည်ရှိသော ထူးခြားသောစွမ်းအင်တစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်၏ ခွန်အား အဆင့်တစ်ခုသို့ရောက်သောအခါ၊ ၎င်းတို့သည် ၎င်းတို့ပတ်ဝန်းကျင်မှ ဤစွမ်းအင်ကို ပိုင်းခြားသိမြင်နိုင်ပြီး ထုတ်ယူနိုင်မည်ဖြစ်သည်။ မြေနတ်ဆိုးစွမ်းအင်သည် ထူးထူးခြားခြား ရူးသွပ်ဖွယ်ကောင်းသော်လည်း ၎င်းသည် ပဲ့တင်ထပ်သံနန်းတော်များကို သန့်စင်ပေးနိုင်စွမ်းရှိသည်။ ထို့ကြောင့် မြေနတ်ဆိုးခန္ဓာအဆင့်သို့ဝင်ရောက်လိုသူများသည် ပထမဦးစွာ ဤစွမ်းအင်ကို သိရှိနားလည်ရမည်ဖြစ်ပြီး၊ ၎င်းကို ထုတ်ယူကာ ပဲ့တင်ထပ်သံနန်းတော်များကို အားကောင်းစေပြီး ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်စေရမည်။
"မလုံလောက်ဘူး!"
ထုံးစံအတိုင်း၊ လီလော့သည် မြေနတ်ဆိုးစွမ်းအင်ဿိ အာရုံခံရန် အာရုံပြုနေသော်လည်း ဘာမျှမခံစားနိုင်ပေ။ ဆိုလိုသည်မှာ သူ၏ ပဲ့တင်ထပ်သံနန်းတော်က လုံလောက်အောင်ခံနိုင်ရည်မရှိသေးသည့်သဘောပင်... မြေနတ်ဆိုးစွမ်းအင်ကို ပထမဆုံးအကြိမ် ခံစားမိသောအခါ၊ ၎င်းတို့သည် ပဲ့တင်ထပ်သံနန်းတော်ကို ဝန်းရံထားသော တံတိုင်းများကို အလိုအလျောက် ပျက်စီးစေကာ အသစ်ရောက်ရှိလာသော စွမ်းအင်များကို ရှိရင်းစွဲ စွမ်းအားဖြင့် ပေါင်းစပ်ခွင့်ပြုကာ ပျက်စီးခြင်းမှတဆင့် ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်ကို ပြီးမြောက်စေမည်ဖြစ်သည်။
လီလော့ သက်ပြင်း ချလိုက်ပြီး လျှာအောက်တွင် သိမ်းထားသော အမြူတေသလင်းကျောက်ကို ကိုက်ဝါးလိုက်သည်။
သလင်းကျောက် ကွဲအက်သွားသည့်အခိုက်တွင်၊များပြားလှသော အသန့်စင်ဆုံး စွမ်းအင်ပမာဏများသည် မရပ်တန့်နိုင်သော ဆူနာမီလှိုင်းလုံးများသဖွယ် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။
ဤစွမ်းအင်သည် နူးညံ့သိမ်မွေ့ပြီး ၎င်းကို အသုံးပြုရန်အတွက် သန့်စင်ရန် မလိုအပ်ပေ။ အတွေးသက်သက်ဖြင့် ၎င်းကို ပဲ့တင်ထပ်သံနန်းတော်ဆီသို့ လမ်းညွှန်နိူင်ခဲ့သည်။ ၎င်းသည် ရှိရင်းစွဲ ပဲ့တင်ထပ်သံစွမ်းအားများနှင့် ရောနှောကာ ပဲ့တင်ထပ်သံနန်းတော်၏အကာအရံများကို ပြင်းထန်စွာ ချေမှုန်းခဲ့သည်။ ပဲ့တင်ထပ်သံနန်းတော်များက ဤပြင်းထန်သော ထိုးနှက်ချက်များအောက်တွင် တစ်ဖန် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး အနီညိုရောင်သည် ပို၍ပို၍ပြင်းထန်လာသည်။
မခံမရပ်နိုင်သော နာကျင်မှုလှိုင်းလုံးများက လီလော့၏ အာရုံကြောများကို တပြိုင်နက် ရိုက်ခတ်သွားကာ အေးစက်သော ချွေးများကျဆင်းစေခဲ့သည်။
သို့သော် နာကျင်မှုကို သည်းခံနိုင်မှဖြစ်မည်။ သူ့ကိုယ်သူ ပြန်တွေးရင်း ပဲ့တင်ထပ်သံ စွမ်းအား၏ စည်းချက်ကျကျ လှုပ်ရှားမှုများကြောင့် ပဲ့တင်ထပ်သံ နန်းတော်အကာအရံမည်သည့်အချိန် ပျက်စီးမည်ကိုသာအာရုံစိုက်ထားခဲ့သည်။
ဤလုပ်ငန်းစဉ်က အဆုံးမရှိ ဆက်လက်ဖြစ်ပွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်ရွှေခန်းမအပြင်ဘက်တွင် ကျန်းချင်းအာနှင့် ကျန်လူများက စိတ်မသက်မသာဖြင့် လီလော့ကို စိုက်ကြည့်နေကြသည်။ သူ့နဖူးပေါ်မှ ချွေးသီးများ ဖြည်းညှင်းစွာ စီးကျလာသည်ကိုမြင်နေရပြီး တည်ငြိမ်သော အမူအယာကို ထိန်းထားသော်လည်း ကျန်းချင်းအာက ထိုင်ခုံဘေးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏ ခံစားချက်အစစ်အမှန်ကို ဖော်ပြနေသည်။
ဖြစ်စဉ်မျိုးကို သူမလည်းတွေ့ကြုံခဲ့ဖူးသည့်အတွက် လီလော့၏နာကျင်မှုကို စာနာနားလည်ခဲ့သည်။ ကျင့်ကြံခြင်းသည် ကောင်းကင်ကိုဆန့်ကျင်ခြင်းပင်...ထို့ကြောင့် အဆင်ပြေချောမွေ့နေမည်မဟုတ်ပေ။ အထွတ်အထိပ်သို့ စဉ်ဆက်မပြတ် တက်လှမ်းခြင်း နှင့် အဆက်မပြတ် တိုးတက်ခြင်းမှတဆင့် ချို့ယွင်းချက်ကို အောင်နိုင်မှသာလျှင် တိုးတက်နိုင်မည်ဖြစ်သည်။
အချိန်တွေကြာလာတာနဲ့အမျှ အခြေအနေတွေက ရှေ့မတိုးသာနောက်မဆုတ်သာ ဖြစ်နေပုံရသည်။
သို့သော် လီလော့ အနည်းငယ် မူးဝေလာသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်တွင်း၌ တစ်စုံတစ်ခု ပြောင်းလဲသွားသဖြင့် နှလုံးခုန်သံမြန်ဆန်လာသည်။ စိတ်အာရုံကလည်း ကြည်လင်လာပြီး တဖြည်းဖြည်း ကျယ်ပြန့်လာကာ၊ ရှိရင်းစွဲ သဘာဝစွမ်းအင်များအတွင်းမှ စွမ်းအင်ပုံစံအသစ်ကို ရုတ်တရက် ခံစားသိရှိနိုင်ခဲ့သည်။
ဤစွမ်းအင်ကြိုးမျှင်သည် လှပသော ကြက်သွေးရောင်ရောင်ဖြစ်ပြီး တိမ်တိုက်များအတွင်း ကူးခတ်နေသော မြွေနဂါးများနှင့်ဆင်တူသည်။
ကြိုးစားမှု၏ အသီးအပွင့်ကို နောက်ဆုံးမြင်လိုက်ရသောအခါ လီလော့၏စိတ်ထဲတွင် ကြည်နူးမှုကိုသာ ခံစားနေရသည်။
အချိန်အတော်ကြာ စောင့်မျှော်ခဲ့ရတဲ့ မြေနတ်ဆိုးစွမ်းအင်ကို အာရုံခံနိုင်ခဲ့ချေပြီ.....
ခြေလှမ်းသစ်စတင်ဖို့လည်း အချိန်တန်ခဲ့ပြီ.........